ကိုယ့်အရည်အချင်းတွေ ကိုယ့်လုပ်ရည်ကိုင်ရည်တွေ မြင့်လာရင် ကိုယ့်ကိုယ်ကို
ယုံကြည်မှု တိုးလာပြီးတော့ အဆင်ပြေတာ ပိုများလာမှာပါ။ ဒါကြောင့်
စိတ်ဓါတ်မကျချင်ရင် အရည်အချင်းကို အမြဲတန်း မြှင့်ပေးပါ။နှောင်ကြိုးမပါပဲ၊
ဘာမှ ပြန်ပြီး မမျှော်လင့်တဲ့ စေတနာနဲ့ အများအကျိုးကို ဆောင်ရွက်နိုင်ရင်
အဲဒီလွတ်လပ်တဲ့မေတ္တာဟာ အင်မတန်ကောင်းတဲ့ ဆေးဖြစ်ပါတယ်။ ဂရုဏာဟာလည်း
စိတ်ရဲ့မြင့်မြတ်တဲ့ အရည်အသွေးတစ်မျိုးဖြစ်လို့ တကယ်စစ်မှန်တဲ့ဂရုဏာ
ထားနိုင်ရင် စိတ်ရဲ့ကျန်းမာရေးအတွက် အထောက်အကူ ဖြစ်ပါတယ်။ ကိုယ်ကြောင့်
သူများဒုက္ခ မရောက်ရအောင် သတိနဲ့ဥာဏ်နဲ့ ထိန်းသိမ်းမယ်ဆိုရင် အဲဒီစိတ်စေတနာ
မြင့်မားမှုကြောင့် ကိုယ့်မှာ စိတ်အေးချမ်းတယ်။သူများ အဆင်ပြေနေတာ၊
ကြီးပွားနေတာ၊ ပျော်ပျော်ရွှင်ရွင် နေကြတာမြင်ရ ကြားရရင် မနာလိုဝန်တိုစိတ်
မဖြစ်ဘူး။ ငြူစူ စောင်းမြောင်းပြီး မပြောဘူး၊ သူတစ်ပါးရဲ့အဆင်ပြေမှုကို
ဝမ်းသာအားရတဲ့စိတ် ဖြစ်တယ်။ အဲဒီလို မုဒိတာစိတ်ဟာလည်း စိတ်ကျန်းမာရေးအတွက်
ဆေးပါပဲ။ကိုယ်တတ်နိုင်သလောက် ကိုယ့်အတွက်ကော အများအတွက်ပါ အဆင်ပြေအောင်
ကြိုးစားပြီးတော့ ကိုယ်မတတ်နိုင်တဲ့ အဆင်မပြေမှုတွေ တွေ့ရတဲ့အခါ စိတ်မညစ်ပဲ
ဥပေက္ခာစိတ်နဲ့ နေနိုင်ရင်လည်း အဲဒီဥပက္ခာ စိတ်အတွက်ဆေးဖြစ်ပါတယ်။မေတ္တာ၊
ဂရုဏာ၊ မုဒိတာ၊ ဥပက္ခာနဲ့ သတိပဌာန်တရားတွေကို ဘ၀ထဲရောက်လာအောင်
လုပ်နိုင်ရင်၊ ကျင့်သုံးနိုင်ရင် depression မဖြစ်ဘူး။တချို့လူတွေဟာ
လူတစ်ယောက်နဲ့ အဆင်မပြေရင် အဲဒီလူကို အဆက်ဖြတ်တယ်။ နောက်တစ်ယောက်နဲ့
အဆင်မပြေရင် အဲဒီလူကိုလည်း အဆက် ဖြတ်တယ်။ အဲဒီလိုလုပ်တဲ့သူဟာ ကြာရင်
တစ်ယောက်တည်း ဖြစ်သွားလိမ့်မယ်။ ကိုယ့်လောကကြီးဟာ ကြာလေ ကျဉ်းလေ ဖြစ်လာတယ်။
လောကကြီးတင်မကပါဘူး။ စိတ်ပါ ကြာလေကျဉ်းလေဖြစ်လာတယ်။ သဘောထားတွေ
သေးသိမ်လာတယ်။ လောကကြီးကို အပြစ်မြင်လာတယ်၊ စိတ်ပျက်လာတယ်။
ကိုယ့်ကိုယ်ကိုလည်း အားမရဖြစ်ပြီး အားငယ်လာတယ်၊ သိမ်ငယ်လာတယ်၊
စိတ်ဓါတ်ကျလာတယ်။သူ့စိတ်ထဲမှာရှိတဲ့ သိနိုင်တဲ့အင်အားတွေ၊ ကောင်းတာကို
လုပ်နိုင်တဲ့ အင်အားတွေ၊ ယုံကြည်နိုင်တဲ့ အင်အားတွေက လုပ်ရမည့်အလုပ်ကို
မလုပ်ရတဲ့အတွက်ကြောင့် စိတ်ရောဂါ ဖြစ်သွားတယ်။လူရဲ့စိတ်ဓါတ်အင်အားတွေ
အသိဥာဏ်အင်အားတွေဟာ ကောင်းတာကို လုပ်နေရင် ကောင်းတဲ့ဘက်ကို သွားနေတယ်၊
ကောင်းတာမလုပ်ရရင် ဆိုးတာကို လုပ်တော့တာပဲ။ လူဆိုတဲ့သတ္တ၀ါဟာ မကောင်း မဆိုး
ဆိုတာ တော်တော်ရှားတယ်၊ ကောင်းရင် ကောင်း၊ မကောင်းရင်တော့
ဆိုးတော့မှာပဲ။စိတ်ဝေဒနာတွေရဲ့ အကြောင်းရင်းခံက ဘာလဲဆိုတော့
ကိုယ်တကယ်လိုချင်တာ ဘာလဲဆိုတာကို မသိတာပဲ။ ကိုယ့် personality
ကိုယ့်စရိုက်ဝါသနာနဲ့ကိုက်တာ ဘာလဲဆိုတာ မသိဘူး၊ ကိုယ့်ရဲ့ပါရမီနဲ့ကိုက်တာ
ဘာလဲဆိုတာ မသိဘူး။ကိုယ့်စိတ်ထဲမှာ အဆိုးတွေကိုတွေးတိုင်း
အဲဒီအဆိုးတွေးတာကို မြင်အောင်ကြည့်ပါ။ ငါ အခု ဘာတွေးနေသလဲ၊
ငါ့တွေးပုံတွေးနည်းက ဘယ်လို တွေးပုံတွေးနည်းလဲ ဆိုတာ သတိထားပြီးကြည့်တဲ့
အကျင့်ကို လုပ်ပါ။အဆိုးတစ်ခုခု ဖြစ်တော့မယ်လို့ ယုံကြည်ထားရင်
အဲဒီယုံကြည်မှုက ကိုယ့်စိတ်ကို လွှမ်းမိုးပြီးတော့ အဆိုးဖြစ်လာအောင်
ဖန်တီးပေးတတ်တယ်။ ယုံကြည်မှုဟာ စွမ်းအား အင်မတန်ကြီးပါတယ်။ ဖြစ်လာတဲ့အခါ
ငါပြောသားပဲဆိုပြီး ကိုယ့်အဆိုးဟောကိန်း မှန်ကြောင်း အထောက်အထား
ဖြစ်တတ်တယ်။ အဲဒါမျိုးကို self-fulfilling prophecy လို့ခေါ်တယ်။ ကြိုတင်
ဟောကိန်းထုတ်လို့ ဖြစ်ရတာ။တချို့ အတိတ်ကောက်တာ နိမိတ်ကောက်တာ
ဝါသနာပါတဲ့သူတွေ၊ ယုံတဲ့သူတွေဟာ တစ်ခုခုမြင်ရကြားရရင် အဓိပ္ပာယ်ကောက်ပြီး၊
အဆိုးအဓိပ္ပာယ်ကောက်မိရင် စိတ်ပူပြီး၊ စိတ်ဆင်းရဲပြီး ဘာမှ အဓိပ္ပာယ်
မကောက်တဲ့သူမှာ ဘာမှ ခံစားမှု မဖြစ်ဘူး။ အဲဒီလိုပဲ လူတစ်ယောက်ရဲ့
အမူအရာနဲ့စကားကို တခြားတစ်ယောက်က အဓိပ္ပာယ်ကောက်တယ်။ အဆိုးကိုမှ ပိုပြီး
အဓိပ္ပာယ်ကောက်ချင်တဲ့သူ ဆိုရင်တော့ မကြာမကြာ
စိတ်ဆင်းရဲရမယ်။လောကရဲ့သဘာဝဆိုတာ အကောင်းလည်းရှိတာပဲ၊ အဆိုးလည်း ရှိတာပဲ။
အဆိုးမြင်တတ်တဲ့သူဟာ ဒီလိုအဆိုးမြင်တာမှ သဘာဝကျတယ်လို့ ထင်တတ်တယ်။
အဆိုးမြင်တာမှ အမှန်အတိုင်းမြင်တာလို့ ထင်တတ်တယ်။ ဘ၀မှာ တစ်ခါတလေ
အကောင်းဖြစ်တာ ရှိတယ်၊ တခါတလေ အဆိုးဖြစ်တာ ရှိတယ်၊ ရာသီဥတုလိုပဲပေါ့။
အဆိုးဖြစ်ပြီးရင် အကောင်းပြန် ဖြစ်တာပဲ။ တစ်ခါတလေ အဆိုးထဲက
အကောင်းပြန်ထွက်လာတတ်သေးတယ်။ အဆိုးနဲ့ကြုံလိုက်ရလို့ အကြံဥာဏ်တွေရပြီးတော့
ကောင်းတာကို လုပ်နိုင်တဲ့သူ ဖြစ်သွားတယ်။အကောင်းအဆိုး နှစ်မျိုးလုံးကို
နားလည်လက်ခံပြီး ခံနိုင်ရည်ရှိမှ ပိုပြီးရင့်ကျက်တဲ့သူဖြစ်မယ်။
အဆိုးနဲ့လုံးဝမကြုံဘူးတဲ့သူဟာ ပိုပြီး ခံနိုင်ရည်ရှိမှ
ပိုပြီးရင့်ကျက်တဲ့သူဖြစ်မယ်။ အဆိုးနဲ့လုံးဝမကြုံဘူးတဲ့သူဟာ ပိုပြီး
ရင့်ကျက်လာဖို့ရာ မလွယ်ဘူး။ အမှန်တော့ ဘ၀နဲ့ ပတ်သက်ပြီး
အလေးနက်ဆုံးအသိဥာဏ်ကို အဆိုးနဲ့ကြုံရပြီး ဒီအဆိုးကို ခံနိုင်ရည်ရှိပြီးတော့
အဆိုးထဲက အသိဥာဏ်ရပြီး လွန်မြောက်လာတဲ့သူတွေကမှ ရတယ်။
အဆိုးနဲ့မကြုံဖူးတဲ့သူ၊ အဆိုးထဲက အသိဥာဏ်မရတဲ့သူ၊ မလွန်မြောက်ဘူးတဲ့သူဟာ
အသိဥာဏ်လေးနက်မှုကို မရနိုင်ဘူး။ကိုယ့်ကိုယ်ကို အထင်မသေးတဲ့သူဟာ
ကိုယ့်ချို့ယွင်းချက်၊ အမှားနဲနဲပါးပါး အသေးစားလောက်လေးနဲ့ ကိုယ့်ကိုယ်ကို
စိတ်ပျက်တဲ့အတွေးမျိုး မတွေးဘူး။တခြားလူတွေကို ကြည့်တဲ့အခါ အပြစ်ကို
ရှာကြည့်တတ်တဲ့သူ၊ အဆင့်အတန်းကို ကြည့်တတ်တဲ့သူဟာ
ကိုယ့်မှာချို့ယွင်းချက်တစ်ခုခု ရှိနေရင် ကိုယ့်ကိုလူတွေ အပြစ်တင်နေပြီလို့
တွေးမယ်။ ကိုယ့်မှာ ကိုယ်အထင်ကြီးတဲ့ အဆင့်အတန်းမျိုး မရှိတော့ရင်
ကိုယ့်ကိုယ်ကို အထင်သေးပြီး သိမ်ငယ်စိတ်ဖြစ်မယ်။ သူများကို ကိုယ်က
တိုင်းတာတဲ့ အတိုင်းအတာအတိုင်းပဲ ကိုယ့်ကိုယ်ကို ပြန်ပြီး
တိုင်းတာရတော့တယ်။လူတွေကို ဂုဏ်တွေ၊ အဆင့်တွေ၊ ရာထူးတွေ၊ ရုပ်ရည်တွေ၊
အသာဖြူတာ၊ မဲတာ၊ ဘာလူမျိုး ညာလူမျိုး ဆိုတာတွေနဲ့ လုံးဝမတိုင်းတာပဲနဲ့
စိတ်နေသဘောထားကိုပဲ ကြည့်ပြီး တန်းဖိုးထားတတ်တဲ့လူဆိုရင် ကိုယ့်မှာ ဂုဏ်တွေ
အဆင့်အတန်းတွေ ရာထူးတွေ မရှိရင်လည်း စိတ်ဓါတ်မကျဘူး၊ အားမငယ်ဘူး။
စိတ်ထားကို တန်ဘိုးထားတတ်တဲ့သူဟာ စိတ်ချမ်းသာမယ်။ ရုပ်ကို
သိပ်တန်ဖိုးထားတဲ့သူ၊ ငွေကြေး၊ ဂုဏ်၊ အဆင့်အတန်း၊ ရာထူး၊ လူအထင်ကြီးမှု၊
ကျော်ကြားမှု အဲဒါတွေကို သိပ်တန်ဖိုးထားတဲ့သူဟာ ဧကန်မုချ depression
ဖြစ်မယ်။ငွေရှာနိုင်တာ တစ်ခုထဲနဲ့ ကိုယ့်တန်ဘိုးကို တိုင်းတာရင်
စီးပွားရေးကျတာနဲ့ စိတ်ဓါတ်ကျတာဟာ ကိုယ့်အတွက် ထပ်တူလို
ဖြစ်နေမယ်။အခုခေတ်မှာ ပစ္စည်းဂုဏ် ရာထူးဂုဏ်တို့ကို ပိုမက်လာကြတယ်ဈ
ရုပ်ဝတ္ထုပစ္စည်းကို တန်ဖိုးထားမှုကို ပိုပြီးအရေးပေးတယ်။ ကိုယ့်တန်ဖိုးကို
ရုပ်ရည်နဲ့တိုင်းတာတယ်၊ ဘွဲထူးတွေနဲ့ တိုင်းတာတယ်၊ ပိုင်ဆိုင်တဲ့
ပစ္စည်းဥစ္စာနဲ့ တိုင်းတာတယ်၊ ရာထူးအဆင့်နဲ့ တိုင်းတာတယ်။ ယှဉ်ပြိုင်မှုတွေ
ပိုများလာတယ်၊ ဂုဏ်တု ဂုဏ်ပြိုင် ပိုများလာတယ်။ကိုယ့်တန်ဖိုးကို
အကျင့်စာရိတ္တကောင်းတာ၊ မေတ္တာ ဂရုဏာ ထားနိုင်တာ၊ သည်းခံနိုင်တာ၊
ခွင့်လွှတ်နိုင်တာ၊ ရောင့်ရဲတင်းတိမ်နိုင်တာတို့နဲ့ တိုင်းတာမဟုတ်တော့ဘူး။
တိုင်းတာတာက ရုပ်ဖြစ်သွားတဲ့အတွက် စိတ်က ပိုပြီးခံရတယ်။မတတ်နိုင်လောက်အောင်
မြင့်လွန်းနေတာမျိုးကို မမှန်းပါနဲ့။ ကိုယ့်ရည်မှန်းချက်ဟာ
ကိုယ့်အခြေအနေနဲ့ ကိုက်ညီဖို့ လိုတယ်။ ကိုယ့်ရည်မှန်းချက်ကို နဲနဲချင်း
တဖြေးဖြေး မြှင့်ပါ။ရသလောက်နဲ့ စိတ်ချမ်းသာအောင် နှလုံးသွင်းပြီးတော့
နောက်ထပ်ရနိုင်သလောက်ရအောင် စိတ်ချမ်းချမ်းသာသာနဲ့ ကြိုးစားနိုင်မှ
နောက်ထပ်ရလာတဲ့ အခါ စိတ်ချမ်းသာမယ်၊ ရသလောက်ဆိုတာ ပြင်ပရုပ်ဝတ္ထုကိုတင်
မကဘူး၊ စိတ်ပိုင်းကိုပါ ပြောလိုတယ်။ပညာတက်ချင်တဲ့သူဟာ အခု
ရသလောက်ကိုသင်ထား၊ လေ့လာထားလိုက်၊ နောက်တဖြေးဖြေး ကိုယ်တတ်ထားတာအပေါ်
အခြေခံပြီးတော့ ထပ်ဆင့်သွားလို့ရတယ်။ အလုပ်လုပ်ချင်တဲ့သူဟာ အခု
လုပ်လို့ရတာ၊ လုပ်လို့ဖြစ်တာကို လုပ်နေ။ အတွေ့အကြုံရလာတဲ့အခါ ဒီထက်
အဆင့်မြင့်တာကို တဖြေးဖြေးတိုးပြီး လုပ်သွားပေါ့။ ဘာမှ မလုပ်ပဲနေရင် ဘာမှ
ဖြစ်မလာနိုင်ဘူး။ ရသလောက်ကို ယူထား၊ ဖြစ်သလောက်ကို လုပ်ထား၊ ပြီးမှ
တိုးတက်မှုရှိအောင် ဆက်ပြီးကြိုးစားပါ။လူတွေဟာ ရာခိုင်နှုန်းပြည့်
နေရာတိုင်းမှာ တော်တဲ့သူ မရှိဘူး။ တစ်နေရာမှာတော်မယ်၊ နောက်တစ်နေရာမှာ
သင့်ရုံပဲ၊ ကိုယ်အားသန်တဲ့ အလုပ်ကိုလုပ်ပြီး ကိုယ့်ဘ၀ကိုယ် အဆင်ပြေအောင်
စိတ်ချမ်းသာအောင် နေသွားနိုင်ဖို့ပဲ အရေးကြီးပါတယ်။တစ်ခါ မအောင်မြင်ရုံနဲ့၊
တစ်နေရာမှာ အထူးချွန်ရုံနဲ့ ဘယ်နေရာမှာမှ သုံးမရတော့ဘူး၊ ဘယ်တော့မှ
အဆင်မပြေနိုင်တော့ဘူး။ ဘယ်တော့မှ လူရာမ၀င်တော့ဘူးလို့ မတွေးသင့်ဘူး။
ကျောင်းမှာ ခြောက်တန်းလောက်ပဲ နေရတဲ့ Thomas Edison ဆိုတဲ့ လူဟာ ကမ္ဘာကျော်
တီထွင်သူ သိပ္ပံပညာရှင်ကြီး ဖြစ်လာတယ်။ကိုယ့်ကိုယ်ကို
အကျဉ်းအကျပ်ထဲရောက်အောင် မလုပ်သင့်ဘူး။ ကိုယ်မှန်းသလောက်
ရာခိုင်နှုန်းပြည့်ဖြစ်မှ၊ ကိုယ်စိတ်ကူးယဉ်ထားသလို ဖြစ်မှလို့ တွေးထားရင်
ကိုယ်တကယ် တွေ့ကြုံရတာတွေ၊ အခြေအနေတွေ၊ လူတွေ ( ဒီအထဲမှာ ကိုယ်လည်းပါတယ်)
ဟာ ကိုယ်မှန်းထားတာနဲ့ အံဝင်ခွင်ကျဖြစ်မှာ မဟုတ်တဲ့အတွက် စိတ်ဆင်းရဲရမယ်၊
ကိုယ့်ကိုယ်ကို အထင်သေးမယ်။အဲဒီတော့ လက်တွေ့မဆန်တဲ့ မြင့်လွန်းတဲ့အဆင့်ကို
မှန်းထားရင် မမီနိုင်တော့ဘူး။ ပေးရတဲ့ အချိန်နဲ့အင်အားလည်း မတန်တဆကုန်မယ်။
တတ်နိုင်မှာမဟုတ်ဘူး။ အဲသလိုဆိုရင် ကိုယ့်ကိုယ်ကို အကျပ်အတည်းထဲ
ရောက်အောင်၊ အပြစ်တင်စရာ မလွတ်အောင်၊ အကွက်ဆင်ပြီး ချောက်ချသလို
ဖြစ်နေပြီ။ကောင်းအောင် မကြိုးစားရဘူးလို့ မဆိုလိုဘူးနော်၊
စိတ်ချမ်းချမ်းသာသာနဲ့ လုပ်ဖို့လိုတယ်လို့ ပြောချင်တာပါ။
စိတ်ရောဂါအဖြစ်ခံပြီး မလုပ်သင့်ဘူးဆိုတာကို
သဘောပေါက်စေချင်တယ်။အတိတ်အနာဂတ်နဲ့ ပတ်သက်ပြီးတော့ အဆိုးတွေးတာ နဲပြီးတော့
ပစ္စုပ္ပန်မှာ လုပ်သင့်တာလေးတွေကို လုပ်ပြီးတော့ သိနေတဲ့အကျင့်ကို
လုပ်ပါ။အတိတ်ကို တွေးတဲ့အခါ သင်ခန်းစာယူတဲ့အနေနဲ့ တွေး။ သင်ခန်းစာကို
ကျေအောင် ပြန်နွေးတဲ့အနေနဲ့ တွေး။ ဒီအတွေ့အကြုံထဲက ငါဘာပညာရမလဲ
ဆိုတာမျိုးတွေးဖို့လိုတယ်။ အနာဂတ်ကိုတွေးတဲ့အခါလည်း အနာဂတ်မှာ အဆင်ပြေအောင်
အခု ဘာတွေ ကြိုလုပ်ထားသင့်သလဲဆိုတာ တွေးပါ။ ကြိုလုပ်ထားတဲ့အကျင့်ကို
လုပ်ပါ။တရားထိုင်တဲ့အလေ့အကျင့် ရှိနေတဲ့သူ၊ ကိုယ့်စိတ်ကိုယ်ကို
ကြည့်တတ်တဲ့သူဆိုရင်တော့ တရားထိုင်လိုက်လို့ နဲနဲ စိတ်တည်ငြိမ်လာတဲ့အခါ၊
အေးချမ်းလာတဲ့အခါ၊ လောဘ၊ ဒေါသ၊ မာန၊ မနာလို ၀န်တိုစတ်တွေ ကင်းနေတဲ့အခါမှာ
အသိဥာဏ်ရှင်းတယ်၊ သဘောထားမှန်တယ်။ အဲဒီအခါမှာ ငါလုပ်နိုင်သလောက် လုပ်မယ်၊
ဖြစ်သင့်သလောက် ဖြစ်မယ်၊ ဆုံးရှုံးမှုဆိုတာ မလွဲသာ မရှောင်သာ တစ်ခါမဟုတ်တစ်ခါ
တွေ့ရတာပဲ။ ဒီတစ်ခါ ဆုံးရှုံးတာနဲ့ပဲ တစ်သက်လုံး ဘာမှလုပ်လို့
မဖြစ်တော့ဘူး၊ မျှော်လင့်ချက်မရှိတော့ဘူး၊ ငါအသုံးမကျတော့ဘူးလို့
တွေးနေဖို့ မလိုဘူး။ ဆိုတဲ့ မှန်ကန်တဲ့အမြင်ကို ပြန်ရနိုင်တယ်။ အဲဒီလို
အမြင်မှန်သွားရင် စိတ်ဓါတ်ကျနေတာထဲက ပြန်ထွက်နိုင်တယ်။တစ်ခါ အဆင်မပြေတာနဲ့
ကြုံရင် ဒီအတွေ့အကြုံထဲက ပညာ ယူပြီးတော့ နောက်တခါ အဆင်ပြေအောင်
ကြိုးစားမယ်ဆိုတဲ့ စိတ်မျိုး မွေးရမယ်။ကိုယ့်စိတ်ထဲမှာ တစ်ခုခု
ခံစားနေရတဲ့အခါ ဘယ်လို အကြောင်းအရာကို ဘယ်လိုရှုထောင့်ကနေ တွေးနေသလဲ
ဆိုတာကို သတိထားပြီးကြည့်တဲ့ အလေ့အကျင့်လုပ်ပါ။ အတွေးကြောင့် ၀မ်းသာ၊
ဝမ်းနည်းဖြစ်တယ်။ အတွေးကြောင့် အားငယ်တာ၊ စိတ်ဓါတ်ကျတာဖြစ်တယ်။ ဘာအတွေးမှ
မရှိတဲ့အခါ ၀မ်းသာ၊ ၀မ်းနည်းခံစားမှုမရှိဘူး။တရားအားထုတ်တာ
အလေ့အကျင့်ရလာလို့ ကိုယ့်စိတ်ကိုကိုယ်ကောင်းကောင်း သိလာတဲ့အခါ တစ်ခါတလေ
အတွေးတွေရပ်ပြီး တိတ်နေတဲ့စိတ်၊ ကြည်လင်နေတဲ့စိတ်ကို တွေ့ရမယ်။ အဲဒီ
တိတ်နေတဲ့စိတ်ကိုပါ သိနေနိုင်ရင် ပိုပြီးတော့ တည်ငြိမ်လာတယ်။ သတိအား
ပိုကောင်းလာတယ်။ အဲဒီအခါမှာ ခံစားမှုတွေကို အတွေးက ဖန်တီးတယ်ဆိုတာ
ကောင်းကောင်းသဘောပေါက်တယ်။စိတ်အတက်အကျဆိုတာ လူတိုင်းဖြစ်တယ်။ ဒါသဘာဝပါပဲ။
တချို့က တက်တဲ့အခါမှာ သိပ်တက်ပြီးတော့ ကျတဲ့အခါမှာ သိပ်ကျတယ်။ တချို့က
အတက်အကျနဲတယ်။ ပုံမှန်နေတယ်။ ကိုယ့်စိတ်ကို ကိုယ် ကောင်းကောင်းသိတဲ့သူဟာ
စိတ်ကို အတက်အကျနဲအောင် ထားနိုင်တယ်။တရားကို စွဲစွဲမြဲမြဲ ထိထိရောက်ရောက်
အားထုတ်လို့ ကိုယ့်စိတ်ကိုကိုယ် ကောင်းကောင်းမြင်နိုင်တဲ့သူဟာ တဖြေးဖြေး
စဉ်းစားပုံ တွေးခေါ်ပုံ သဘာဝပိုကျလာတယ်။ ရင့်ကျက်လာတယ်။ ဘ၀မှာ
တန်ဖိုးထားရမည့်အရာဟာ မှန်ကန်လေးနက်မြင့်မြတ်တဲ့ အသိဥာဏ်ပဲဆိုတာ
နားလည်လာတယ်။ စိတ်အေးအေး ချမ်းချမ်း နေနိုင်ဖို့ ဦးတည်ချက်ထားတယ်။ ဒီလို
အသိဥာဏ်ကို ဦးတည်ချက်ထားလိုက်ရင် နေ့စဉ် တွေ့ရသမျှ လုပ်ရသမျှ ကိစ္စတွေထဲက
အသိဥာဏ်တွေ ရနေမယ်။ အသိဥာဏ်ရနေရင် ဘ၀ကို ကျေနပ်နေမယ်။
တရားမှန်မှန်အားထုတ်တဲ့ အလေ့အကျင့် များလာရင် တရားအားထုတ်တိုင်း
စိတ်အေးချမ်းမှု ရတယ်။ စိတ်အေးချမ်းနေရင် ဘ၀ကို တစ်မျိုးကျေနပ်တယ်။တချို့က
တရားနဲနဲအားထုတ်ပြီးတော့ အဲဒီလို စိတ်ဓါတ်ကျတဲ့ စကားတွေပြောတတ်တယ်။ တကယ်
တရားအသိဥာဏ် ရင့်ကျက်တဲ့သူဟာ စိတ်ဓါတ်မကျဘူး။ ဒုက္ခကို ပုဂ္ဂိုလ် သတ္တ၀ါနဲ့
မရောလို့ ဒုက္ခကို မြင်ပေမယ့် စိတ်မညစ်ဘူး။ ဒုက္ခကိုမြင်တဲ့ အသိဥာဏ်ဟာ
လွတ်လပ်တဲ့ အသိဥာဏ် လွတ်လပ်တဲ့အသိဥာဏ် ဖြစ်တယ်။ ပြီးတော့ ဒုက္ခနဲအောင်
သဘောထားမှန်မှန်နဲ့ လုပ်သင့်တာတွေ လုပ်ပြီးတော့ အေးအေးချမ်းချမ်း
နေနိုင်တယ်။ အနတ္တဥာဏ် ရင့်ကျက်တဲ့သူဟာ စိတ်မညစ်ဘူး။ အနတ္တဥာဏ်နဲ့
စိတ်ညစ်လို့ မရဘူး။ အတ္တစွဲ ကြီးလွန်းရင် စိတ်ညစ်မယ်။တရားအသိအမြင်
လေးနက်လာရင် စိတ်ကြည်လင်အေးချမ်းနေတယ်။ ကိုယ်ဖြစ်ချင်သလို မဖြစ်ရလို့
စိတ်ဓါတ်ကျတာမျိုး မဖြစ်ဘူး။ ဟိုဟာလည်း မကောင်းဘူး၊ ဒီဟာလည်း မကောင်းဘူး
ဆိုပြီး ညည်းညည်းညူညူ ပြောနေတာဟာ တရားအသိအမြင် ရင့်ကျက်လို့ ပြောတဲ့စကား
မဟုတ်ဘူး။ စိတ်ဓါတ်ကျနေတာကိုပဲ ဂုဏ်ယူစရာလို့ ယူဆရင် တော်တော်ဒုက္ခကြီးတဲ့
ဂုဏ်ပဲလို့ ဆိုရမယ်။စိတ်ဓါတ်ကျနေတဲ့အခါ တစ်ယောက်ထဲကြိတ်ပြီးတော့
မနေသင့်ဘူး။ တစ်ယောက်ပဲ ကြိတ်ပြီးတော့ တွေးလေလေ ပိုဆိုးလေလေပဲ။
ကိုယ့်စိတ်ဓါတ်ကို ကိုယ်တစ်ယောက်ထဲ ပြန်ပြီး မြှင့်တင်နိုင်ရင်
ကောင်းပါတယ်။ သို့မဟုတ်ရင်တော့ မိတ်ဆွေကောင်းနဲ့ဆွေးနွေးမှ
ဖြစ်မယ်။
ဆရာတော်
ဦးဇောတိက
No comments:
Post a Comment