နောင်တ မရစေဖို့ သတိထားရန် အချက်များ…
from အရှင်ဉာဏဒီပ (ဓမ္မရတနာ) by nyanadipa
နောင်တ တရားကြီး (၁၀) ပါး (သို့မဟုတ်) ကုက္ကုစ္စ (၁၀) ပါး…
(၁)
ငယ်ရွယ်စဉ်က ပညာသင်ကြားရန် အခွင့်အရေး ရပါလျက် ပညာကို မသင်ကြားဘဲ
ဆိုးပေတေကာ ကျောင်းပြေးလုပ်၍ နောင်အခါမှ အသက်မွေးမှု မပြည့်စုံခြင်းကြောင့်
နောင်တကြီးစွာ ရခြင်း။
(ငယ်စဉ်က ပညာ မသင်ခဲ့မိခြင်း)
(၂) ငယ်ရွယ်စဉ် အခါက ပစ္စည်းဥစ္စာ မရှာမိခဲ့၍ အိုမင်းရင့်ရော် နောင်သောအခါမှ မရှိဆင်းရဲ မွဲပြာကျသောကြောင့် နောင်တကြီးစွာ ရခြင်း။
(ဒုတိယ အရွယ်က ဥစ္စာ မစုခဲ့မိခြင်း)
(၃)
ကောက်ကျစ်စဉ်းလဲ ကုန်းချောစကားဖြင့် ရန်တိုက်ပေးခဲ့ မိသောကြောင့်
သေရာညောင်စောင်း လဲလျောင်းမိသောအခါ ငါပြုခဲ့မိတာမှားလေခြင်း ဟု
နောင်တကြီးစွာ ရခြင်း။
(သူတစ်ပါး၏ ချစ်ခင်မှုများကို ဖျက်ဆီးခဲ့မိခြင်း)
(၄)
သတ္တ၀ါများအား သနားမဖက် ရက်စက်ကြမ်းကြုတ်စွာ သတ်ခဲ့မိခြင်းကြောင့် သက်ရွယ်
ကြီးရင့်လာသောအခါ ယူကြုံးမရ ဖြစ်ကာ နောင်တကြီးစွာ ရခြင်း။
(သူ့အသက်ကို သတ်၍ စားခဲ့မိခြင်း)
(၅) မသွားလာအပ်သော သူ့မယားနှင့် သမီးများကို သွားလာပေါင်းသင်း ဖျက်ဆီးမိခြင်းကြောင့် မိမိသားသမီးများ ရလာပါက နောင်တတဖန် ပူပန်ရခြင်း။
(သူတစ်ပါး သားမယားကို ဖျက်ဆီးခဲ့မိခြင်း)
(၆)
များစွာသော ပစ္စည်းဥစ္စာ ဂုဏ်အင်္ဂါနှင့် ပြည့်စုံခဲ့ပါလျက် ဒါနတည်း ဟူသော
လှူဒါန်းပေးကမ်းရန် သတိမရဘဲ မွဲပြာကျကာမှ ငါမလှူခဲ့မိတာ မှားလေခြင်းဟု
နောင်တကြီးစွာ ရခြင်း။
(ပစ္စည်းရှိလျက် အလှူဒါန မစွန့်ကြဲခဲ့မိခြင်း)
(၇)
မိဘို၊ ဖအိုများကို ကျွေးနိုင်မွေးနိုင် ဥစ္စာအင်အား ရှိပါလျက်
အသက်ထင်ရှား ရှိစဉ်က ကျွေးမွေးရန် သတိမရဘဲ သေလွန်သွားပါမှ ငါမကျွေးခဲ့မိတာ
မှားလေခြင်းဟု နောင်တကြီးစွာ ရခြင်း။
(မွေးမိ၊ မွေးဘတို့ကို မကွယ်လွန်မီ မပြုစုခဲ့ရခြင်း)
(၈) မွေးသည့် မိခင်၊ ဖခင် ကျေးဇူးရှင်တို့အား မထေမဲ့မြင် ပြုခဲ့ ပြောခဲ့ မိသောကြောင့် နောင်သောအခါမှ ရင်ထုမနာ ဖြစ်ရခြင်း။
(ကျေးဇူးရှင်များအား ကျေးဇူးကန်းခဲ့မိခြင်း)
(၉)
သီလ၊ သမာဓိ၊ ပညာနှင့် ပြည့်စုံသော ရဟန်းကောင်း၊ ရဟန်းမြတ် လူပုဂ္ဂိုလ်များ
ရှိပါလျက် မဆည်းကပ် မကိုးကွယ် မိခြင်းကြောင့် နောင်တကြီးစွာ ရခြင်း။
(သူတော်ကောင်း၊ ပညာရှိတို့၏ ဆုံးမစကား နည်းနာများကို မနာယူမိခဲ့ခြင်း)
(၁၀)
ငြိမ်သက်သော အကျင့်၊ ခြိုးခြံသောအကျင့်သည် ကောင်း၏ဟု သူတော်ကောင်းများ
ဟောကြားခဲ့ပါလျက် တွေဝေသည့်အတွက် မကျင့်ကြံခဲ့မိသောကြောင့် အခါနှောင်းကာမှ
နောင်တကြီးစွာ ရခြင်း။
(၀ိပဿနာ တရားများ ကျင့်ကြံအားထုတ်မှု မရှိခဲ့ခြင်း)
ဤ နောင်တတရား စာစုကို ဖတ်ရှုခြင်းဖြင့် ကုသိုလ်ကောင်းမှုများ ပွားများ အားထုတ်နိုင်ကြပါစေ။
လွန်ဆွဲပွဲ... ပေးစာ (၂၅)...
from အရှင်ဉာဏဒီပ (ဓမ္မရတနာ) by nyanadipa
မြန်မာနိုင်ငံက
မြို့တွေ၊ ရပ်ကွက်တွေ၊ ကျေးလက် တောရွာတွေမှာ လွန်ဆွဲပွဲကို သားတို့
သမီးတို့ မြင်ဖူးကြမှာပါ။ အဲဒီမှာ ဆိုရင် အသင်း နှစ်သင်း ရှိတယ်လေ။
အသင်းနှစ်သင်းကတော့ အနိုင်ရရှိရေးအတွက် အပြိုင်အဆိုင် အင်အားထုတ်ပြီး
ဆွဲနေကြတာ။
ဘုန်းဘုန်းက သားတို့၊ သမီးတို့ကို ပြောပြချင်တဲ့
လွန်ဆွဲပွဲမှာလည်း အသင်းနှစ်သင်း ရှိတယ်။ အဲဒီ အသင်းနှစ်သင်းရဲ့ နာမည်က
ကုသိုလ်စိတ်အသင်းနဲ့ အကုသိုလ်စိတ်အသင်း အကြောင်းပါပဲ။
အကုသိုလ်စိတ်
အသင်းမှာက လောဘ၊ ဒေါသ၊ မောဟ အစရှိတဲ့ စိတ်တွေက အသင်းဝင်တွေပေါ့။
ကုသိုလ်စိတ် အသင်းက အဖွဲ့ဝင်တွေက အလောဘ၊ အဒေါသ၊ အမောဟ တွေပါ။
ကုသိုလ်စိတ်နဲ့
အကုသိုလ် စိတ်တွေဟာ လူတိုင်းလူတိုင်း အားလုံးရဲ့ စိတ်ထဲမှာ ရှိနေကြတယ်။
ရဟန္တာ ဖြစ်မှသာ စိတ်ထဲမှာ အကုသိုလ်စိတ်တွေ အားလုံး မရှိတော့တာလေ။
ဒါကြောင့် သားတို့၊ သမီးတို့ရဲ့ စိတ်ထဲမှာလည်း ကုသိုလ်လုပ်ချင်တဲ့ စိတ်လည်း
ရှိနေသလို အကုသိုလ်လုပ်ချင်တဲ့ စိတ်လည်း ရှိနေကြတယ်။
ဒါဆိုရင်
စိတ်ထဲမှာ အဲဒီ ကုသိုလ်စိတ်နဲ့ အကုသိုလ် စိတ်တွေ အလုပ်လုပ်ပြီး
လွန်ဆွဲနေကြတာကို ဘယ်လိုလုပ်ပြီး သိနိုင်မလဲ လို့ ပြောရရင် သတိနဲ့ ဉာဏ်ပညာ
ကို အသုံးချရင် သိလာမှာပါ။
သတိက စိတ်တွေ ပြောင်းလဲနေတာကို မြင်အောင်
ကြည့်ပေးလိမ့်မယ်။ စိတ်တွေ ပြောင်းလဲနေတာ ဆိုတာက တစ်ခါတလေ စိတ်က
ကောင်းတဲ့စိတ်လည်း ဖြစ်နေတယ်။ တစ်ခါတလေ ကျတော့လည်း မကောင်းတဲ့ စိတ်တွေ
ဖြစ်နေကြပြန်ရော။
သတိနဲ့ ကြည့်ပေးထားတဲ့ စိတ်ကို ဉာဏ်ပညာက
ဆက်ပြီးတော့ အခု ဖြစ်နေတဲ့ စိတ်ဟာ ကောင်းတဲ့ စိတ်လား မကောင်းတဲ့ စိတ်လား
ဆိုတာကို ခွဲခြမ်းစိတ်ဖြာ ပေးလိမ့်မယ်။
ဥပမာ - အရိပ်တစ်ခုကို
တွေ့လိုက်တယ် ဆိုပါစို့။ အဲဒီ အရိပ်ဟာ လူလား၊ တိရစ္ဆာန်လား ဘာအရိပ်လဲ
ဆိုပြီးတော့ ထပ်ပြီး သုံးသပ်ကြသလိုပါပဲ။ အရိပ် ဆိုပြီး သိလိုက်တာက သတိ။
ဘာအရိပ်လဲ လို့ ထပ်ပြီး စိစစ် သုံးသပ် တာက ဉာဏ်ပညာ ပေါ့။
အဲဒီလိုပဲ
ဉာဏ်ပညာရဲ့ အကူအညီကို ယူပြီး ကောင်းတဲ့ စိတ်နဲ့ မကောင်းတဲ့ စိတ်တို့ကို
သားတို့၊ သမီးတို့က ခွဲခြား သိသွားပြီ ဆိုတော့ မကောင်းတဲ့ စိတ်တွေကို
အဖြစ်မခံဘဲ ကောင်းတဲ့ စိတ်တွေကိုသာ ရှိနေစေဖို့ ၀ီရိယ အားထုတ်သွားရင်
ဖြစ်တဲ့ စိတ်တိုင်းမှာ ကုသိုလ်စိတ်တွေပဲ ဖြစ်နေတော့မှာလေ။
ဒါဆိုရင် ကုသိုလ်စိတ်နဲ့ အကုသိုလ်စိတ် အသင်းနှစ်သင်း လွန်ဆွဲပွဲမှာ ကုသိုလ်စိတ် အသင်းက နိုင်သွားပြီ။
တစ်ခါတလေတော့လည်း
အကုသိုလ်စိတ် အသင်းက သားတို့၊ သမီးတို့ရဲ့ စိတ်ထဲမှာ အနိုင်ယူပြီး
ဗိုလ်ကျ စိုးမိုးတတ်ကြသေးတယ်။ မသိမှု အ၀ိဇ္ဇာ ရှိနေကြတဲ့ ပုထုဇဉ်တွေပဲလေ။
ဖြစ်တတ်ကြမှာပဲ။ ကောင်းတဲ့စိတ်နဲ့ မကောင်းတဲ့စိတ် အပြိုင်အဆိုင် တစ်လှည့်စီ
အနိုင်ယူနေကြတာ။ လှူချင်တဲ့ စိတ်ဖြစ်နေတဲ့ အချိန်မှာ ကောင်းတဲ့စိတ်
ဖြစ်နေပြီး ချက်ချင်း ဆိုသလို မလှူချင်တော့ဘဲ လောဘ ပြန်ဖြစ်သွားတာလည်း
ရှိတတ်တယ်လေ။
သားတို့၊ သမီးတို့က မကောင်းတဲ့စိတ်မှာပဲ အားသန်နေတဲ့
အခါ ဆိုရင် အ၀ိဇ္ဇာနဲ့ တဏှာက ဦးစီးပြီး လောဘ၊ ဒေါသ၊ မောဟ အကုသိုလ်
အသင်းကို နိုင်အောင် လုပ်လိမ့်မယ်။
တကယ်လို့ ကောင်းတဲ့ စိတ်မှာပဲ
အားသန်နေတဲ့ အချိန် ဆိုရင် သတိနဲ့ ဉာဏ်ပညာက ဦးဆောင်ပြီး အလောဘ၊ အဒေါသ၊
အမောဟ ကုသိုလ်အသင်းကို နိုင်အောင် ကြိုးစားအားထုတ် လိမ့်မယ်။
အသင်းနှစ်သင်း
လွန်ဆွဲပွဲမှာ သားတို့၊ သမီးတို့ရဲ့ တာဝန်က ကောင်းတဲ့စိတ် အသင်းကိုပဲ
နိုင်အောင် သတိနဲ့ ဉာဏ်ပညာကို ပူပေါင်းပြီး ၀ိုင်းကူကြရမှာ။
အဲဒီတော့
ကောင်းတဲ့စိတ်နဲ့ မကောင်းတဲ့စိတ် နှစ်ခု လွန်ဆွဲပွဲ ဖြစ်နေတဲ့
မိမိရဲ့စိတ်ကို သတိနဲ့ စောင့်ကြည့်ရမယ်။ ကောင်းတဲ့စိတ်တွေပဲ ဖြစ်နေအောင်
ဉာဏ်ပညာကို အသုံးချပြီး မိမိလုပ်နေတဲ့ အလုပ်တိုင်းမှာ ကုသိုလ်ဖြစ်နေအောင်
သားတို့၊ သမီးတို့ ကြိုးစားကြပေါ့ကွယ်…..
No comments:
Post a Comment