Monday, May 21, 2012

သူ့လက်ထဲက လိပ်ပြာတောင်ပံတစ်စ

ညို့မှိုင်းလာတဲ့ တိမ်တစ်စကိုတွယ်
လေပြည်တချက်အသယ်နဲ့
သူ့ယာခင်းအစပ်က သစ်လုံးအိမ်တံစက်မြိတ်အောက
ကျနော် ရောက်ခဲ့တယ်။

ခြေသံဖွဖွ အသာမလျက်
မျက်ဝန်းကစား အသာရှာကြည့်တော့
မှန်မီးအိမ်အလင်းအောက်
စာအုပ်ဖွင့်ကာ အာရုံစိုက်စူးစိုက်နေတဲ့
သူ့ပါးပြင်အထက်မှာ
ဖွဖွခိုးနမ်းကာ ပြန်အထွက်
ဖတ်ကနဲ လာထိတဲ့သူ့လက်ဖ၀ါး
ကျနော်တောင်ပံတစ်စ ပျက်ကျသွားခဲ့တယ်..။ ။

ချိုခ

Thursday, March 8, 2012

ဘယ်သူ့ကိုမှလည်း အပြစ်မတင်ရက်တော့ပါ

ကျနော့် မွေးရပ်မြေရွာလေးတွင် မူလတန်းကျောင်း စတုတ္ထတန်းအထိပဲရှိသည်။ စတုတ္ထတန်းအောင်တော့ ကျနော်တို့ရွာနဲ့တစ်ဆက်တည်းဖြစ်သည့်ရွာ (အလယ်တန်းကျောင်း)တွင် အဋ္ဌမတန်းအထိ ပညာသင်ခွင့်ရသည်။ ထိုမှ အောင်မြင်ပြီးနောက် ဒေးဒရဲမြို့ သို့မဟုတ် ကျိုက်လက်မြို့တို့တွင် အထက်တန်းကျောင်းကို သွားရောက်တက်ကြရသည်။

ကျနော် ရှစ်တန်းအောင်ပြီး ကျိုက်လက်မြို့ အထက(၁) တွင် ဆက်တက်ရသည်။ ကျနော်တို့အတန်းအား Bio သင်သည့် ဆရာသည် အဖေ့ ညီမ၀မ်းကွဲ၏ အမျိုးသားဖြစ်သည့်အတွက် ကျနော်တို့ရဲ့ Bio ဆရာသည် ကျနော့် ဦးလေး အော်တိုမက်တစ် ဖြစ်သွားခဲ့သည်။ ကျနော်အား သူ့ရဲ့ကျူရှင်ဝိုင်းတွင် Bio ဘာသာရပ်ကို သင်ယူရပြီး၊ ကျောင်းတွင် မသင်ရသေးသည့် အခန်းတွေအား ကျနော်က သင်ပြီးသားဖြစ်နေပြီး အတန်းထဲတွင် Bio ဆရာကြီးဖြစ်နေတော့သည်။ ကျူရှင်တက်သည့် ကျောင်းသားအားလုံးထဲတွင်တော့ ဆရာရဲ့တူမဆိုပြီး ကျနော်က အာကျအတုယူဖွယ်အဖြစ့် မြောက်ကြွကြွပေါ့။ ကျနော့်ရဲ့ အဲဒီမြောက်ကြွကြွပုံစံအား ရိုက်ချိုးခံရသည့်နေ့...

ဆရာရှေ့တွင် စာရှင်းပြနေသည့်အချိန် အားလုံးမှလည်း ဆရာာအား အာရုံစိုက်လျက်ရှိနေချိန်
ကျနော် ညတုန်းက စားထားသည့် ပဲလှော်အရှိန်ကြောင့် လေလည်ချင်ခဲ့သည်။ အသံမမြည်အောင် ကြမ်းပြင်ပေါ်တွင် ပိပိရိရိထိုင်နေသည့် တင်ပါးအား အနည်းငယ်ကြွလျက် အသာအယာလွှတ်လိုက်သည်။ ကျနော့်မျက်နှာသည် တော်တော်လေးကျေနပ်သွားသည့် အပြုံးမျိုး။ လူမသိ သူမသိ ကိစ္စရှင်းလိုက်နိုင်လို့ဖြစ်သည်။ ဒုတိယ တစ်ကြိမ် လေလည်မှုကိုလည်း ကျနော် ပထမနည်းအတိုင်း ဖြေရှင်းခဲ့ပြီး အန္တာရာယ်စက်ကွင်းမှလွတ်မြောက်သည့် အပြုံးလေးဖြင့် အိနြေ္ဒရရနေနိုင်ခဲ့သည်။

ကျနော့်အား ဒုက္ခပေးမည့် တတိယအလုံး...
ကျနော့်ကိုယ် ကျနော် သတိမထားမိလိုက်ခင် အလိုလျောက်ထွက်သွားသည့်အသံကြီး ((( ဘူ...........)))အားလုံးသော မျက်လုံးများသည် ဆရာစာသင်သည့် ကျောက်သင်ပုန်းပေါ်မှ ခွာလျက် ကျနော့်ထံသို့စုပြုံကျရောက်လာခဲ့သည်။ ကျနော် မျက်နှာတစ်ခုလုံး ရဲတွက်လျက် မျက်ရည်တွေပါ ၀ိုင်းတက်လာခဲ့သည်။ ကျနော် ငိုတော့မယ်ဆိုတာ သိသည့်ဆရာသည် သူ့ရဲ့ ရယ်ချင်နေသည့် မျက်နှာကြီးကို ထိန်းလျက်..ကျနော့် အဒေါ် သူ့အမျိုးသမီးအား ခေါ်လျက် ''အိမ်အောက်က ၀က်မကြီး မောင်းထုတ်လိုက်စမ်းပါ" ရုတ်တရက် စာသင်နေရာမှ ၀က်မောင်းခိုင်းသည့် ဆရာအား ကျနော့်အဒေါ်မှာ နားမလည်နိုင်သည့် မျက်ဝန်းဖြင့်ကြည့်နေခြင်းကြောင့် ဆရာက " ဒီမှာ ကလေးတွေ စာသင်နေတာ အနှောက်အယှက်ဖြစ်လို့" ဟူသည့် အကြောင်းပြချက်ပေးလိုက်ရသည်။ ဆရာ့အမျိုးသမီး ကျနော့်အဒေါ်ထွက်သွားတော့ ဆရာဆက်ပြောသည်မှာ
" အဲဒီ ၀က်မ တော်တော်ဆိုးတယ်။ ဘယ်အိမ်က ၀က်မလည်းမသိဘူး။ အိမ်အောက်လာလာအိပ်ပြီး အရမ်းအီးပေါက်တာ" ဟုပြောတော့မှ ကျနော့်ထံသို့ ရောက်နေသည့် အကြည့်အားလုံးသည် အိမ်အောက်မှာ အိပ်နေသည့် ၀က်မကြီးထံသို့ရောက်သွားတော့သည်

ထို့နောက် ရှက်ရှက်နှင့် ငိုချင်လျက်လက်တို့ဖြစ်နေသည့် ကျနော့်အခြေအနေကြောင့် စာသင်ခြင်းအလုပ်ကို ထိုနေရာတွင် ဖြတ်လျက် မနက်ဖန် မှဆက်သင်မည်ဟု မှာကြားလျက် အားလုံးကို ပြန်လွှတ်လိုက်တော့သည်။

ကျနော့်ကြောင့် အရှက်တကွဲဖြစ်သွားရှာသည့် ၀က်မကြီး~~
ဝက်မကြီးဖြစ်သွားသည့် ကျနော်~~
ကျနော့်အောက်တည့်တည့်တွင် လာအိပ်နေသည့် ကံဆိုးရှာသည့် ၀က်မကြီး~~
ကျနော့်အား သူတို့ရွာမှလက်ဆောင်အဖြစ်ယူလာပေးသည့် သူငယ်ချင်း~~
ပေးသမျှ အကုန်စားသည့်ကျနော်~~
ဘယ်သူ့ကိုမှလည်း အပြစ်မတင်ရက်တော့ပါလေ.......။

Friday, February 10, 2012

အကြောက်တရား

သူတစ်ပါး ကျနော့်ခြေအစုံကို ရိုက်ချိုးမှာထက်
ကျနော့်ခြေကို ကျနော် ရိုက်ချိုးမိမှာကိုပဲ ကြောက်တာပါ မေမေ။

သူတစ်ပါး ကျနော့်ကို ငြိုငြင်မှာထက်
ကျနော့်ကိုယ် ကျနော် ငြိုငြင်သွားမှာကိုသာ ကြောက်တာပါ မေမေ။

သူတစ်ပါး ကျနော့်ကို မုန်းမှာထက်
ကျနော့်ကိုယ် ကျနော် မုန်းမိမှာကို ကြောက်တာပါမေမေ။

သူတစ်ပါး ကျနော်ကို ထားခဲ့မှာထက်
ကျနော့်ကိုယ် ကျနော် ထားခဲ့မိမှာကို ကြောက်တာပါမေမေ။

သူတစ်ပါး ကျနော့်ကို ပစ်ပယ်တာထက်
ကျနော့်ကိုယ် ကျနော် ပစ်မယ်မိမှာကို ကြောက်တာပါမေမေ။

သူတစ်ပါး ကျနော့်ကို ဥပေက္ခာ ပြုတာထက်
ကျနော့်ကိုယ် ကျနော် ဥပေက္ခာပြုမိမှာကို ကြောက်တာပါမေမေ။

သူတစ်ပါး ကျနော့်ကို လက်ညှိုးထိုး အပြစ်ဖို့မှာထက်
ကျနော့်ကိုယ် ကျနော် လက်ညှိုးထိုး အပြစ်ဖို့မိမှာကို ကြောက်တာပါမေမေ။

သူတစ်ပါး ကျနော့်ကို ချုပ်နှောင်တာထက်
ကျနော့်ကိုယ် ကျနော် ချုပ်နှောင်မိမှာကို ကြောက်တာပါမေမေ။

သူတစ်ပါး ကျနော့်ကို သတ်မှာထက်
ကျနော့်ကို ကျနော်ပြန်သတ်မိမှာကို ကြောက်တာပါမေမေ။

နောက်ဆုံး နိဂုံးအဖြစ် ပြောရမယ်ဆိုရင်
ကျနော့်စိတ်က ကျနော်ကို သတ်မှာ အကြောက်ဆုံးပဲ မေမေ။

ချိုခ

ကျနော် ချစ်သူများနေ့နှင့် နဖာကလော်

ချစ်သူများနေ့တဲ့…… အဲဒီ့အသံကို ကြားလျှင် ကျနော့်မျက်နှာသည် အလိုလိုနေရင်း ပြောင်စပ်စပ်ဖြစ်ဖြစ်သွားရသည်။

2008 ခုနှစ် ဖေဖော်ဝါရီ (၁၄ ) ရက်နေ့
ကျနော်အလုပ်လုပ်သည့် ရုံးတွင်းရှိ ၀န်ထမ်းများသည် ဖဲကြိုးလှလှလေးနှင့်စည်းနှောင်ထားသည့် နှင်းဆီပန်းလှလှ၊ ပါကင်ထုတ်လေးများ၊ ချောကလက်တောင့်များဖြင့် ကြည်နူးပျော်ရွှင်နေသည့် မျက်နှာများဖြင့်.. အပြုံးကိုယ်စီဖြင့်..
 သူအလုပ်အားချိန်တိုင်း ကျနော့်အခန်းထဲရောက်ရောက်လာသည့် ကျနော်နှင့်ရွယ်တူ သူဌေးရဲ့တူ ကိုအောင်ထိုက်။
ကျနော် ထိုရုံးသို့ အလုပ်မ၀င်ခင် အချိန်က သူရည်းစားစကားသွားပြောကာ အဖြေတောင်းထားသည့် နွယ်နှောင်း ဆိုသည့် ကောင်မလေး။

ချစ်သူများနေ့ ညနေတွင် နွယ်နှောင်းတို့အိမ်တွင် ရုံးမှ ရွယ်တူများ စုလျက် စားပွဲလုပ်ထားပြီး အဲဒီစားပွဲတွင် အဖြေပေးဖို့အသင့်ဖြစ်နေသည့် နွဲ့နှောင်း။

ဒီနေ့ ကိုအောင်ထိုက် လက်ထဲတွင်လည်း နှင်းဆီပန်း ပန်းဆီရောင်လှလှတစ်ပွင့်၊ ပါကင်ထုတ်လေးတစ်ခု နဲ့ချောကလက်တောင့်တစ်ခု ဖြင့် ကျနော့်အခန်းထဲ ၀င်လာပါသည်။ အားလုံးက ပြောထားသဖြင့် သူနဲ့နွယ်နှောင်းအကြောင်း ကျနော် အစအဆုံးသိထားပြီးဖြစ်ပါသည်။
သူဝင်လာတော့ အစအနောက်သန်သည့် ကျနော်က စပ်ဖြဲဖြဲမျက်နှာဖြင့် ..
‘’ငါသိတယ်နော် ကိုအောင်ထိုက်‘’  လို့နောက်တော့

‘’ကိုယ်တောင် မပြောရသေးဖူး မင်းကသိနေတယ် ဟုတ်’’

သူကလည်း ပြုံးဖြီးဖြီးမျက်နှာဖြင့် ကျနော့်အားပြန်နောက်သည်။

‘’နင်မပေးရဲလည်း ငါကူညီပါ့မယ်ဟာ’’
ကျနော်ပြောတော့ သူ့မျက်နှာသည် နီမြန်းလျက် ကျနော့်စားပွဲပေါ်တွင် သူ့လက်ထဲမှ နှင်းဆီပန်း၊ ပါကင်အထုတ်လေးနှင့်အတူ ချောကလက်တောင့်အားတင်လျက် ခြေလှမ်းသွက်သွက်ဖြင့် အခန်းထဲမှ ပြန်ထွက်သွားခဲ့သည်။

ကျနော်ကလည်း သူထွက်သွားသွားချင်း သူတင်ခဲ့သည့် အရာများကို ယူလျက် နွယ်နှောင်းထံသို့ ကိုအောင်ထိုက် နင့်ကိုမပေးရဲလို့ ငါ့ကိုအကူအညီတောင်းပြီး ပေးခိုင်းတာဟု ဆိုလျက်နွဲ့နှောင်း ထံပေးကာ ပြန်ထွက်လာခဲ့သည်။ နွယ်နှောင်းလည်း မျက်နှာနီမြန်းမြန်းလေး ဖြစ်လျက် ရှက်ပြုံးလေးဖြင့် ကျန်ခဲ့သည်။ ထိုအချိန်ထိ အားလုံးသည် အေးအေးဆေးဆေး အပြုံးကိုယ်စီဖြင့် အလုပ်လုပ်နေခဲ့ကြသည်။

ညနေ ၄း၀၀ အချိန်တွင် ရုံးမှ ၀န်ထမ်းအားလုံးသည် မနက်ကတည်းက အပိုထည့်လာသည့် အ၀တ်အစားအိတ်ကိုယ်စီဖြင့် နွယ်နှောင်းအိမ်သို့ချီတက်ရန် ဖယ်ရီပေါ်တွင် အသီးသီးနေရာယူလျက်..။

ကျနော်ကတော့ မွေးကတည်းက အပျော်အပါးနဲ့အံမ၀င်တာလား မပြောတက် လူများများစုလျင် ကျနော်မနေတက်ပါ။ နားရှုပ်၊ မျက်စိရှုပ်လည်း လုံးဝမခံနိုင်ပါ။ ထိုကြောင့် အဖွဲ့လိုက်သွားသည့် နေရာတိုင်းအား ကျနော်ရှောင်သည့်အတွက် ကျနော် အိမ်ပြန်ပါမည်။

အိမ်မပြန်ခင် ကျနော်အကြံတစ်ခုရသွာသည်။ ကျနော်သည် မြစ်ဝကျွန်းပေါ်သူဖြစ်သည့်အတွက် ရထားလုံးဝမစီးဖူးပါ။
ထို့ကြောင့် ဖယ်ရီနဲ့သာပြန်နေကျဖြစ်သည့် ကျနော်သည် ထိုနေ့အဖို့ ဖယ်ရီဖြင့် ပြန်လျှင် နောက်ကျမည့်အတူတူ ရထားစီးရန် ဆုံးဖြတ်လိုက်သည်။
ရထားမည်သို့မည်ပုံစီးရမည်ကို ကျနော်လုံးဝမသိသော်လည်း ဘူတာရုံက လက်မှတ်ရောင်းသည့် သူအားမေးလျက် တစ်ကြိမ်တစ်ခါမှ စီးဖူးခြင်းမရှိသည့် ရထားအား စီးရန်ဆုံးဖြတ်လိုက်သည်။ ကျနော်ခြေလှမ်းများသည် ဘူတာရဆီသို့ …

ကျနော့်နောက်မှ ဖိနပ်သံတဖျတ်ဖျတ်ဖြင့် ပြေးလိုက်လာသည့် ခြေသံကြောင့် နောက်သို့လှည့်ကြည့်လိုက်တော့ ကိုအောင်ထိုက် မျက်နှာပေါ်တွင် ချွေးသီးများစို့လျက်၊ ရှက်ကိုးရှက်ကန်းမျက်နှာဖြင့်..

‘’ကျနော်တို့ တစ်ခုခုသွာစားရအောင်’’ ဟုဆိုလာခဲ့ပါသည်။

‘’ ဟင်..နင် နွယ်နှောင်းတို့အိမ်ကို လိုက်မသွားဖူးလား‘’ ဟု ကျနော်မေးတော့

‘’ ဘာဆိုင်လို့ လိုက်ရမှာလဲ..ကျနော်လိုက်ရမှာက ခင်ဗျားနောက်ကိုလေ‘’ ဘုရားသခင်အား တမိလျက် ကျနော့်ပါးစပ်အဟောင်းသားဖြင့် ပြန်မေးတော့..

‘’ ကျုပ်ပေးတာတော့ လက်ခံပြီး ခင်ဗျားနော် ‘’ ကျနော့် မျက်လုံးသည်ပိုမို ပြူးကျယ်လာပြီးအံ့အားသင့်သွားသည်ကို သူက ဆက်ပြောသည်မှာ..

‘’  ကျနော့်ကို ကြိုက်လို့ ကျနော်ပေးတာလက်ခံထားပြီးပြီလေ .. ခု ခင်ဗျားနဲ့ ကျနော် ချစ်သူဖြစ်သွားပြီလေ‘’

ဟိုက်.. သေပြီဆရာ ဟု စိတ်ထဲက ရေရွက်လျက်..ကျနော် ကောင်းကောင်း သဘောပေါက်သွားခဲ့သည်။ ထို့ကြောင့် သူ့အား နွယ်နှောင်းအားပေးလိုက်ကြောင်းနဲ့ နွယ်နှောင်းထံမှ သူအဖြေတောင်းထားခြင်းအား သိပြီးသားဖြစ်ကြောင်း ရှင်းပြလိုက်တော့မှ..

‘’ အဲတုန်းက သူ့ကို ကျနော်ကြိုက်တာတော့ ဟုတ်တယ် .. ခု သူ့ကို ကျနော်မကြိုက်တော့ဖူး‘’ ဟု သူဖြေတော့ ကျနော် ဟက်ဟက်ပက်ပက် အော်ရယ်ပစ်လိုက်သည်။
ကျနော် ရယ်နေခြင်းအား သူလုံးဝ ဂရုမစိုက်ပဲ ကျနော်စီးရမည့် ရထားပေါ်သို့သူက လိုက်ပါလာခဲ့သည်။ ရထားပေါ်တွင် အနံ့အသက်မျိုးစုံ၊ လူမျိုးစုံဖြင့် ရထားတစ်ခါမှ စီးဖူးခြင်းမရှိသည့် ကျနော့်အတွက်တော့ တကယ့်အထူးအဆန်းပင်ဖြစ်သည်။ ဘေးနားမှာ ပါလာသည့် ကိုအောင်ထိုက် ကလည်းဘာတွေပြောမှန်းမသိ။ သူပြောသည့် စကားတလုံးမှ ကျနော့်နားထဲမရောက် .. ဈေးသည်အသံ၊ ရထားပေါ်မှ လူများအသံ၊ ရထားခုတ်မောင်းသံတို့ဖြင့် အားလုံးဟာ ကျနော့်အတွက် အထူးအဆန်းတွေကြီးပင်..

ကျနော်တို့ရှေ့တွင် လည်ပင်းတွင် လက်သည်းညှပ်၊ နဖာကလော်၊ သွားကြားထိုးတံ စသတို့အား စုံစုံလင်လင်လင်ပါသည့် ဈေးဗန်းချိတ်လျက် အော်ရောင်းနေသည့် သူကို ကိုအောင်ထိုက်ကခေါ်လိုက်ပြီး အရိုးတံပန်းရောင်လေးနှင့်နားဖာကလော် နှစ်ချောင်းကိုဝယ်ကာ ကျနော့်အား တစ်ချောင်းပေးပါသည်။ သူပြောသမျှ မကြားရသည့် ကျနော်က သူ့အား အသံအကျယ်ကြီးဖြင့်အော်လျက်


‘’ ဘာလုပ်ဖို့လဲ‘’ ဟုအော်မေးရာ သူက လည်း ကျနော်ကို ပြန်အော်သည်…..

‘’ ချစ်သူများနေ့လက်ဆောင် သူများကို ပေးလို့ကတော့ ခင်ဗျားမလွယ်ဘူးမှတ်‘’ ……. ဟု သူကလည်းပြန်အော်လေသည်။

ရထားပေါ်မှ လူများ ၀ိုင်းကြည့်နေသည့်အတွက် ကျနော်လည်း ဘာမှ ပြန်မပြောတော့ပဲ မယူပဲနေလျှင်လည်း လူကြားထဲ အော်ကြီးဟစ်ကျယ် ထပ်ပြီးပြောနေမည်စိုးသဖြင့် သူကမ်းပေးသည့် နဖာကလော်အား ယူလိုက်ပြီး ကျောပိုးအိတ်ထဲ အသာထည့်ထားလိုက်သည်။ အဲဒီ့အချိန်တုန်းက သုဝဏ္ဏတွင်အဖွားနဲ့အတူနေသည့်အတွက် ကားပြောင်းစီးဖို့အနီးဆုံးမှတ်တိုင်ဖြစ်သည့် ပုဇွန်တောင်ဘူတာတွင် ဆင်းကာ ထိုမှတဆင့် သုဝဏ္ဏသို့ကားစီးပြီးပြန်ခဲ့သည်။ ကိုအောင်ထိုက် ကိုတော့ ဆက်မလိုက်ရန် ပြောသည့်အတွက် သူလည်းစိတ်ပျက်ကာ ဆက်မလိုက်ပဲ ကားငှားကာ ပြန်သွားခဲ့သည်။

နောက်နေ့မနက်ရုံးသို့ရောက်သည့်အချိန်တွင် နွယ်နှောင်းကတော့ ညကအဖြေပေးဖို့ အတွက် ရုံးမှလူအားလုံးလည်းသိပြီး စောင့်နေရင်းရောက်မလာသည့် ကိုအောင်ထိုက်ကြောင့် ရုံးသို့ရောက်မလာတော့ပေ။

ရုံးမှလူအားလုံးသည် ကျနော်အား စိတ်ဝင်စားလျက်.. ကျနော်ရုံးရောက်ရောက်ခြင်း စာရင်းကိုင် အမကြီးက အရင်ဆုံးဝင်လာပြီး မနေ့က ကိုအောင်ထိုက် လိုက်လာသည့်အကြောင်းကိုစပ်စု ကြတော့သည်။

ကျနော့်မျက်နှာသည် စပ်ဖြဲဖြဲဖြစ်လျက် အိတ်ထဲမှ မနေ့က ကိုအောင်ထိုက် ပေးထားသည့် နားဖာကလော် လေးကို ထုတ်ယူလျက် ‘’  ငါ့ကို သူဒါလေးလက်ဆောင်ပေးတယ် ‘’ ဟုပြောလိုက်တော့ အားလုံးရယ်ကြသည်။ ထို့နောက် ရုံးကလူများအားလုံးသည် ကိုအောင်ထိုက်ထံသို့ စုပြုံပြီး နားဖာကလော် အကြောင်းစပ်စုကြတော့သည်။ ကိုအောင်ထိုက် မျက်နှာနီမြန်းလျက် ကျနော်အခန်းထဲသို့ ရောက်လာကာ သူပေးထားသည့် နားဖာကလော် အားပြန်တောင်းသွားတော့သည်။ သူလည်း ကျနော့်အခန်းထဲသို့ ဘယ်တော့အခါမှ လာလည်ခြင်း မပြုတော့ပေ။
ကျနော်လည်း ဘာမှန်းမသိ ပြန်ပေးလိုက်ရသော နားဖာကလော်လေးအကြောင်း ယနေ့ထိတွေးဆဲ...!


ချိုခ

Tuesday, December 20, 2011

သောကတွေများလို့ စိတ်ပင်ပန်းနေတာ

သောကတွေများလို့ စိတ်ပင်ပန်းနေတာ

ပြင်ပလောကကြီးကို ကိုယ်လိုချင်သလိုဖြစ်အောင် ပြောင်းလဲယူဖို့ မရနိုင်ပါဘူး။ အင်မတန်ကြိုးစားရင် နည်းနည်းလောက်များ ရမလား မပြောတတ်ဘူး။ သို့သော် ကိုယ့်စိတ်ကိုကိုယ် သိပြီးတော့ သတိလေးနဲ့ ဥာဏ်လေးနဲ့ ကြည့်ပြီး ပြုပြင်နိုင်မယ်ဆိုရင်တော့ တဖြည်းဖြည်း စိတ်တည်ငြိမ်မှု၊ စိတ်အေးချမ်းမှု၊ ရင့်ကျက်မှုဟာ ပိုပြီးတော့ ရလာနိုင်မှာ အမှန်ပဲ။

အင်မတန်ရှုပ်ထွေးပြီးတော့ ပရမ်းပတာဖြစ်နေတဲ့ ခေတ်ကာလကြီးထဲမှာပဲ စိတ်ကြည်လင်မှု၊ အေးချမ်းမှု ရှိအောင် ဘယ်လိုနေသွားကြမလဲ။ မသေချာတဲ့မရေရာတဲ့ အလုပ်တွေ လုပ်နေကြရင်းနဲ့ကိုပဲ စိုးရိမ်မှု ပူပန်မှု နည်းအောင် ဘယ်လိုနေသွားကြမလဲ။ ဒါဟာ နည်းလမ်းရှာမှ ဖြစ်မယ်နော်။
ဖြစ်ချင်တိုင်း ဖြစ်နေတဲ့၊ အပြောင်းအလဲတွေ အင်မတန် မြန်နေတဲ့ခေတ်ကြီးမှာ စိတ်တည်ငြိမ်အောင် အေးချမ်းအောင် တစ်နည်းနည်းနဲ့ မလုပ်ဘဲနဲ့ ဒီအတိုင်းသာ ဆက်သွားနေမယ်ဆိုရင် ဒီဒဏ်ကို ဒီစိတ်ဟာ ခံနိုင်မှာ မဟုတ်တော့ဘူး။ သောကတွေ များလာလို့ ကိုယ့်ကိုကိုယ် ယုံကြည်မှု မရှိတာမျိုး ဖြစ်သွားနိုင်တယ်။ တစ်နေ့နေ့တော့ ဒီစိတ်ဟာ ချုံးချုံးကျသွားနိုင်တယ်။

ပရမ်းပတာဖြစ်နေတဲ့ မသေချာ မရေရာမှုတွေ အပြည့်ရှိနေတဲ့ အထဲမှာ ကိုယ်က လမ်းရှာပြီး သွားလို့ရတယ်။ ဥပမာ-အင်မတန် ရေစီးသန်ပြီး ကျောက်ဆောင်တွေ အချွန်အတက်တွေ အကွေ့အကောက်တွေပေါတဲ့ မြစ်ကြီးထဲမှာ လူတွေ မျောပါနေကြတယ်။ တချို့လူတွေက တကိုယ်လုံး မြုတ်ပြီးမျောနေတယ်။ သူတို့ဟာ အချွန်အတက်တွေနဲ့ တိုးမိမယ်။ အကွေ့အကောက် ရှိနေရင်လည်း တိုက်မိမယ်။ ရေစီးသန်သန်နဲ့ မျောပါလာတဲ့ သစ်တုံးကြီးတွေနဲ့ ၀င်ဆောင့်မိမယ်။ တချို့ကတော့ ခေါင်းလေးဖော်ပြီး မျောနေတယ်။ သူတို့က အန္တရာယ်ကို ရှောင်နိုင်တယ်။ အဝေးကနေ ကွင်းပြီးရှောင်လို့ရတယ်။ ဒါကြောင့် မျောနေတာချင်းအတူတူ ခေါင်းလေးဖော်ပြီး မျောနေတဲ့သူက အင်မတန်သက်သာတယ်။ ခေါင်းဖော်ပြီး မျောတက်ဖို့လိုပါတယ်။

အရင်ခေတ်ကလူတွေရဲ့ဘ၀ဟာ ဘာနဲ့တူသလဲဆိုတော့ မြို့ပတ်ရထားလမ်းပေါ်မှာ သွားနေတဲ့ရထားနဲ့တူတယ်။ မြို့ပတ်ရထားလမ်းပေါ်မှာ သွားနေတဲ့ ရထားဟာ ပုံမှန်ဒီဘူတာက ထွက်တာ နောက်ဆုံး ပြန်လာရင် ဒီဘူတာကြီးပဲ ပြန်ဆိုက်တယ်။ ပုံမှန်နေတယ်။
ခုခေတ်လူတွေရဲ့ဘ၀ဟာ Hang Glider စီးရတာနဲ့ တူနေတယ်နော်။ စက်မပါပဲနဲ့ တောင်ပံကြီးက ငှက်လို တောင်ပံကြီးလုပ်ထားတာ။ စက်မပါတဲ့အတွက်ကြောင့် ကိုယ်လိုချင်တဲ့ဘက်ကို ချက်ချင်းသွားလို့မရဘူး။ လေကြောင်းကို ကြည့်ပြီးတော့ အဆင်ပြေသလို ခုန်ပြီးတော့ တက်သွားလိုက်ရတယ်နော်။ လေကြောင်းနဲ့ တည့်နေလို့ရှိရင် ၀ဲလို့ရတယ်။ တဖြည်းဖြည်း ၀ဲရင်း ၀ဲရင်းနဲ့ အမြင့်ကို တက်လို့ရတယ်။ ပြီးမှ ကိုယ်လိုတဲ့ဘက်ကို ဦးတည်ပြီးတော့ ထိုးချလိုက်ရင် ရောက်သွားနိုင်တယ်။
အခုအဲလိုခေတ်မျိုးဖြစ်နေပါပြီ။ လေကြောင်းကို အင်မတန် ဥာဏ်ကြီးကြီးနဲ့ အကဲခတ်ရလိမ့်မယ်။ ပတ်ဝန်းကျင် အခြေအနေ ခေတ်အခါ အခြေအနေကို အင်မတန်သတိထားပြီး အကဲခက်ရလိမ့်မယ်။ အဲဒီလို အကဲခတ်ပြီးတော့ အဆင်ပြေသလို ကြည့်ပြီးတော့ နေသွားမှဖြစ်မယ်။ ငါလုပ်ချင်သလို လုပ်လို့မဖြစ်ပါ့လား လို့စိတ်ညစ်နေလို့ မဖြစ်တော့တဲ့ ခေတ်ပါနော်။
ဒါကြောင့် အခုခေတ်၊ အထူးသဖြင့် လူငယ်တွေကို ပြောချင်တာ၊ ပေါ့ပေါ့နေလို့ မရတော့ဘူး။ အစွမ်းအစတွေအများကြီး ထုတ်ရလိမ့်မယ်။ အကြံဥာဏ်တွေ အများကြီး ထုတ်ရလိမ့်မယ်။ အလုပ်တွေကို အမျိုးမျိုးလုပ်ရလိမ့်မယ်၊ လုပ်နိုင်ရမယ်။ အမျိုးမျိုါ် စမ်းပြီးတော့ လုပ်ကြည့်ရမယ်။ ပြီးမှ ကိုယ်နဲ့ အဆင်ပြေတာလေး တွေ့ချင်တွေ့မယ်၊ အဲဒီအဆင်ပြေတာလေးနဲ့တွေ့ရင်တောင်မှ ဒီအလုပ်လးနဲ့ငါတစ်သက်လုံး လုပ်ကိုင်စားသောက် သွားရလိမ့်မယ် လို့ မမျှော်လင့်နဲ့၊ ပြောင်းသင့်ရင် ပြောင်းရဦးမှာ။
မမျှော်လင့်တဲ့ပြောင်းလဲမှုတွေ ဖြစ်လာတဲ့အခါမှာ ကြိုတင်ပြင်ဆင်ထားနိုင်တဲ့သူမှသာ ဘ၀ကိုအဆင်ပြေပြေနေနိုင်မယ်။ ဘ၀ဆိုတာ ကိုယ့်ရဲ့ဥာဏ်ပညာ လုံ့လ၀ီရိယ လုပ်ရည်ကိုင်ရည် ဘယ်လောက်ရှိတယ် ဆိုတာကို စမ်းတဲ့စာမေးပွဲပဲလို့ သဘောထားပြီးတော့ ကိုယ့်အစွမ်းအစတွေကို အမြဲတမ်း မြှင့်တင်ရင်း နေသွားရမယ်။

ရှေ့လျှောက်ကိုယ့်ဘ၀ကို အဆင်ပြေပြေနေသွားချင်တယ်ဆိုရင် စိတ်ငြိမ်းချမ်းမှုကို မပျက်အောင် ထိန်းပြီးနေနိုင်တဲ့ အရည်အချင်း ရှိမှဖြစ်မယ်။
သောကဖြစ်စရာတွေရှိနေပေမဲ့ လုပ်သင့်တာတွေကို ဆက်ပြီးလုပ်နိုင်အောင် ဘယ်လိုသဘောထားရမယ်၊ ကိုယ့်ရဲ့အင်အားတွေ ကိုယ့်ရဲ့ စိတ်တည်ငြိမ်မှုတွေ ကိုယ့်ဘ၀ရဲ့အဓိပ္ပာယ်တွေ ပျောက်မသွားအောင် ဘယ်လိုနေရမယ် စိတ်ဓါတ်မကျဖို့ ကိုယ့်ကိုယ်ကို ယုံကြည်မှု ကျမသွားဖို့ ဘယ်လိုလုပ်ရမယ်ဆိုတာကို လေးလေးနက်နက် သိထားရမယ်၊ လေ့လာရမယ်။

လိုချင်တာ ရတာမရတာနဲ့ပတ်သက်ပြီးတော့ စိတ်လှုပ်ရှားမှုသိပ်မဖြစ်ပဲ လုပ်စရာရှိတာကို ဆက်လုပ်နိုင်တဲ့သူ၊ စိတ်မပျက်တဲ့သူက ရေရှည်မှာ လိုချင်တာ ပိုရပါတယ်။

ပင်ပန်းနေတဲ့အခါ၊ အလုပ်တွေများပြီးတော့ မနိုင်မနင်းဖြစ်နေတဲ့အခါမျိုးမှာ တရားထိုင်ဖို့ အလိုအပ်ဆုံးပဲ။ ခန္စာကိုယ်ဆိုတာက သိဖို့ရာလွယ်ကူပါတယ်။ ဒါကြောင့် ခန္စာကိုယ်မှာ ထင်ရှားတာကို ရသလောက် သတိကပ်ပြီးတော့ နေဖို့၊ စိတ်ထဲမှာ စိတ်ညစ်စရာ၊ သောကဖြစ်စရာ၊ ပူပန်စရာတွေကို တွေးလာပြီဆိုရင်လည်း အဲဒါကို မြန်မြန် သတိလေးနဲ့ကပ်ပြီးတော့ သိလိုက်ဖို့က ပထမအဆင့်ပဲ။
သတိနဲ့နေတဲ့ အလေ့အကျင့်ကို များများလုပ်လာလို့ရှိရင် စိတ်က ကြည်လင်အေးချမ်းမှုရှိလာတဲ့အတွက်ကြောင့် ကိစ္စတစ်ခုခုကို ဘယ်လိုလုပ်ရင်ကောင်းမလဲ၊ ပြောစရာရှိရင်လည်းပဲ ဘယ်လိုပြောရင် ကောင်းမလဲဆိုတာကို စိတ်ကြည်ကြည်လင်လင်လေးနဲ့ စဉ်းစားလို့ရှိရင် ပိုပြီးတော့ သင့်တော်တဲ့ဝဘာဝကျတဲ့ မျှတတဲ့ အစီအစဉ်လေး တွေ့ပါလိမ့်မယ်။ စိတ်ကြည်လင်အေးချမ်းနေတဲ့ အချိန်မှာ ဖြစ်ပေါ်လာတဲ့၊ ရလာတဲ့ စိတ်ကူးဟာ ပိုပြီးတော့ အဆင်ပြေဖို့ များပါတယ်။

အရေးကြီးတာကို အရေးကြီးတာမှန်းလည်း မသိဘူး။ အရေးမကြီးတာကို အရေးမကြီးတာမှန်းလည်း မသိဘူး။ မသိဘဲနဲ့ အရေးမကြီးတာတွေရော၊ အရေးကြီးတာတွေရော ရောလိုက်ပြီးတော့ အားလုံးကိုပဲ အရေးကြီးတယ် ထင်နေကြလို့ ဒီလောက် စိတ်ရှုပ်ပြီးတော့ ဒီလောက် စိတ်ပင်ပန်းနေတာပါ။

ကိုယ့်စိတ်ထဲမှာ သောကများနေရင် စာရွက်လေးတစ်ရွက်ယူပြီးတော့ ငါ ဘယ်ကိစ္စတွေနဲ့ သောကများတယ်ဆိုတာကို နံပါတ် ၁၊ ၂၊ ၃၊ ၄၊ ၅၊ ၆၊ ၇၊ ၈၊ ၉၊ ၁၀ ထိုးပြီးတော့ ရေးချကြည့်စမ်းပါ။ ရေးချပြီးတော့ ပြန်စဉ်းစားကြည့်စမ်းပါ။ ဒီကိစ္စတွေအတွက်နဲ့ ငါ စိတ်ဆင်းရဲနေခဲ့တာ ဘယ်လောက် ကြာပြီလဲ၊ ပူနေတာ ဘယ်လောက်ကြာပြီလဲ။ ဒီကိစ္စကို အဆင်ပြေအောင် ငါဘယ်လိုနည်းနဲ့ လုပ်ရင်ရမလဲ၊ နည်းလမ်းရှာလိုက်ပါ။ ထပ်ခါတလဲလဲ မပြီးနိုင်အောင် တွေးနေတာက ပိုပြီးတော့ အင်အားကို ကုန်ခမ်းသွားစေတယ်နော်။

နေ့စဉ်နဲ့အမျှ ဒေါမနသလို့ခေါ်တဲ့ မကျေနပ်မှုတွေ တစ်နေ့ကို အကြိမ်ပေါင်းများစွာ ဖြစ်နေမယ်ဆိုရင် ဒီဒေါမနသကြောင့် ဖြစ်ပေါ်လာတဲ့၊ ကြမ်းတမ်းတဲ့၊ ပူလောင်တဲ့ စိတ္တဇရုပ်တွေကြောင့် ခန္စာပျက်စီးမှုနှုန်းဟာ များလာတယ်။ အဲဒါ မကြောက်ဘူးလား၊ ကြောက်စရာ မကောင်းဘူးလား။
အဲဒီလို တစ်ကိုယ်လုံးမှာ ဖြစ်နေတဲ့ တင်းကျပ်မှု၊ စိတ်ထဲမှာ တင်းကျပ်မှု၊ အလိုမကျမှု၊ စိတ်ညစ်ညူးမှု၊ စိတ်နောက်ကျိမှုတွေများလေလေ အားကုန်လေလေပဲ။ အားကုန်ရုံတင်မကဘူး၊ ဒီခန္စာကိုယ်နဲ့ ဒီစိတ် ပျက်စီးမှု ပိုများလာတယ်။ မြန်မြန်အိုသွားတယ်။ စိတ်ဓါတ်အင်အားတွေ ကုန်သွားလို့ အေးအေးဆေးဆေးနက်နက်နဲနဲ စဉ်းစားရမယ့်ကိစ္စကျတော့ အားမရှိတော့ဘူး။ တရားအားထုတ်ဖို့ဆိုတာ ကျန်းမာဖို့၊ အားရှိဖို့ အများကြီး လိုတယ်နော်။
ဒါကြောင့် ကိုယ့်ခန္စာကိုယ်အားနဲ့ စိတ်အားကို ချွေတာဖို့ အလွန့်အလွန်အရေးကြီးပါတယ်။ ဒီအင်အားက ပိုက်ဆံပေးပြီးတော့ ၀ယ်ချင်တိုင်းဝယ်လို့မရဘူး။ တစ်နေ့ကျရင် ဒီလိုပူလောင်မှုတွေက များပြီးတော့ ခန္စာကိုယ်ရော စိတ်ရော လုံးလုံးပုံကျသွားတဲ့ အခါမှာ ပြန်ပြီးတော့ နာလန်ထူဖို့ဟာ ထင်သလောက် မလွယ်ပါဘူး။

အခုခေတ်လူတွေက အလုပ်အင်မတန်များလွန်းလို့ မနက်နိုးနိုးချင်းပဲလူက ယောက်ယက်ခတ်နေတယ်။ စိတ်က မအေးချမ်းဘူး။ စိတ်ထဲမှာ တင်းကျပ်မှုတွေ ရှိနေတယ်။ အဲဒီတင်းကျပ်မှုက အင်မတန်ကြောက်ဖို့ကောင်းတယ်။ အဲဒါကို အမြဲတမ်း သတိထားပြီး လျှော့ချထားဖို့ လိုပါတယ်။ တင်းကျပ်မှု (tension) များရင် အင်မတန် အားကုန်တယ်။
မကျေနပ်မှုအခံဓါတ် (Recidual Frustration) ရှိနေရင် တစ်ခုခုဖြစ်တိုင်း အဲဒီအခံဓါတ်က ကြီးကြီးလာတယ်။ ကိုယ့်စိတ်ကိုကြည့်ပြီးတော့ အဲဒီအခံဖြစ်နေတဲ့ မကျေနပ်မှုလေးကို သိနေပြီး ရှုမှတ်နေရင် ပြေသွားတယ်။ ဒေါသရဲ့ သဘာဝ သူ့အကြောင်းကောင်းကောင်းသိသွားရင် သူ အစွမ်းမပြနိုင်တော့ဘူး။
အခုလို အမြဲတမ်း ဒေါသကို ဖြေထားနိုင်တဲ့လူဟာ တော်ရုံတန်ရုံ စိတ်ဆိုးစရာ တွေ့ပေမဲ့ ပေါက်ကွဲတဲ့အဆင့်ကို မရောက်တော့ဘူး။ အဲဒီလို မပေါက်ကွဲတဲ့အတွက်ကြောင့် ကိုယ့်မှာ သက်သာမှုရှိတယ်။ တစ်ဖတ်သားမှာလည်း ကိုယ့်ကြောင့် စိတ်ဆင်းရဲမှု မဖြစ်ဘူး။ လုပ်ရမယ့်ကိစ္စကိုလည်း စိတ်အေးအေးနဲ့၊ သတိနဲ့၊ ဥာဏ်နဲ့ယှဉ်ပြီးတော့ လုပ်လိုက်ရတဲ့အတွက်ကြောင့် အကောင်းဆုံးသတိနဲ့၊ ဥာဏ်နဲ့ယှဉ်ပြီးတော့ လုပ်လိုက်ရတဲ့အတွက်ကြောင့် အကောင်းဆုံး အရည်အသွေးတွေ ထွက်နေတယ်။ ပိုပြီးတော့ အဆင်ပြေတယ်။

တချို့ခေတ်ကာလမှာ လူတွေဟာ စိတ်အေးချမ်းမှု မရှိဘူး။ စိတ်ချလက်ချ လုံလုံခြုံခြုံ နေနိုင်မှု မရှိဘူး။ ကြောက်နေရတယ်။ စိုးရိမ်နေရတယ်။ အထူးသဖြင့် လူလူချင်း ကြောက်နေရတယ်။ အဲဒီလို ကြောက်နေရတဲ့ လူ့အသိုင်းအ၀ိုင်းမှာ လူတွေရဲ့ အမွန်မြတ်ဆုံး စိတ်နေသဘောထားတွေဟာ ထွက်ပေါ်မလာနိုင်ဘူး။ က္ကုနြေ္ဒရရ သိက္ခာရှိရှိ မနေနိုင်ကြဘူး။ တစ်ယောက်ကိုတစ်ယောက် မယုံကြည်ရ၊ စိတ်မချရလို့ ဦးတဲ့သူက အနိုင်ကျင့်တတ်တဲ့ စိတ်ထားတွေ ဖြစ်လာတယ်။ လူလူချင်း အခွင့်အရေးယူတာတွေ များတယ်။ ခြိမ်းခြောက်တာတွေ များတယ်။ လူတွေ တစ်ကိုယ်ကောင်း ဆန်တယ်။

ကိုယ့်အကြောင်းကိုကိုယ် ပိုသိမယ်၊ ကိုယ့်ပတ်ဝန်းကျင် လောကကြီးအကြောင်းကိုလည်း ပိုသိမယ်ဆိုရင် အခက်အခဲတွေ အပြောင်းအလဲတွေက ကိုယ့်ကို လွှမ်းမိုးသွားတာကို ခံရတာ နဲမယ်။ ကိုယ်ခံအား ကောင်းတဲ့သူဟာ ရောဂါပိုးကူးစက်မှုကို ပိုပြီးခံနိုင်သလိုပဲ။ ဒါကြောင့် စိတ်မှာ immunity ကောင်းအောင် လုပ်ရမယ်။
ကိုယ့်ပတ်ဝန်းကျင်မှာ ရှုပ်ထွေးနေတာတွေကို မရေရာတာတွေကို ခံနိုင်ရည်ရှိဖို့အတွက် ကိုယ့်ရဲ့အတွင်းမှာပဲ အင်အားပိုကောင်းလာအောင် လုပ်ရမယ်။ အပြင်ကို အားကိုးလို့ကတော့ ဘယ်လိုနည်းနဲ့မှ မရနိုင်တော့ဘူး။ အားကိုးရာ အားထားရာကို အတွင်းမှာ ဖြစ်လာအောင် လုပ်ရမယ်။

အတွေးတွေက စည်းကမ်းရှိလာတဲ့အခါ စိတ်ပင်ပန်းမှု တော်တော်နဲသွားမယ်။ အချိန်ကုန် သက်သာမယ်။ တစ်ဆင့်ပြီးတစ်ဆင့် စနစ်တကျတွေးလို့ရမယ်။ အတွေး လမ်းချော်မသွားဘူး။ တခါတလေ အတွေးလမ်းချော်သွားရင် သိပြီးတော့ လမ်းကြောင်းပေါ် ပြန်တင်လို့ရတယ်။
ဘယ်လောက် အရေးကြီးတဲ့ကိစ္စကို တွေးနေတာဖြစ်ပါစေ ကြားမှာ ခဏလောက် ဘာမှမတွေးပဲ စိတ်ကို အနားပေးတတ်တဲ့ အလေ့အကျင့်ကို လေ့ကျင့်ဖို့လိုတယ်။ တစ်နာရီမှာ တစ်မိနစ်လောက် အေးချမ်းတဲ့စိတ်နဲ့နေနိုင်တယ်ဆိုရင်ပဲ ဒီလူဟာ စိတ်အခြေအနေ ပုံမှန်နေလို့ ရနိုင်တယ်။ စိတ်ကြည်လင်မှုရအောင် နေလို့ရတယ်။

စိတ်ဆိုတာ ၀မ်းသာစရာထက် ပူစရာကို ပိုပြီးတော့ တွေးတတ်တယ်။ အဆင်ပြေတဲ့ကိစ္စထက် အဆင်မပြေတဲ့ကိစ္စကို ပိုတွေးတယ်။ အဲဒီတော့ အတွေးထဲမှာ နေတဲ့သူဟာ စိတ်ဆင်းရဲနေတဲ့သူပဲ။

အာရုံတစ်ခုနဲ့ ကိုယ့်စိတ်နဲ့တွေ့ဆုံတဲ့အခါမှာ ကိုယ့်စိတ်ရဲ့ပူးပေါင်းဆောင်ရွက်မှုကို မရပဲနဲ့ ခံစားမှုမဖြစ်နိုင်ဘူး။ ကိုယ့်စိတ်က ကိုယ်လိုချင်တဲ့အဓိပ္ပာယ်ကို ကောက်မှ ခံစားမှုက ဖြစ်လာမယ်။
ဝမ်းနည်းစရာကိုလည်း ခံစားတတ်ရမယ်၊ ၀မ်းသာစရာလည်း ခံစားတတ်ရမယ်။ ၀မ်းနည်းစရာ ကြုံပါလျက်နဲ့ ၀မ်းမနည်းတတ်တဲ့သူဟာ ( တရားထူးရပြီးလို့ ၀မ်းမနည်းတော့တာ မဟုတ်ရင်) စိတ်ဓါတ်ချို့တဲ့မှု ရှိနေတယ်လို့ ဆိုနိုင်တယ်။ ခံစားမှု သေနေတာနဲ့ တူတယ်။ ဒါပေမယ့် ခံစားမှု လွန်ကဲလွန်းရင်လည်း စိတ်ရောဂါလို့ ဆိုနိုင်တယ်။ ဖြစ်လာတဲ့ အခြေအနေ အတွေ့အကြုံနဲ့ လိုက်လျောမှုရှိတဲ့ ခံစားမှုမျိုးဖြစ်ရင် ပုံမှန်စိတ် ရှိတယ်လို့ ဆိုနိုင်တယ်။

ကိုယ့်ဘ၀မှာ စိတ်ဆင်းရဲမှု တစ်ခုခု ကြုံလာတဲ့အခါမှာ ကိုယ့်ဘက်က ပူးပေါင်းဆောင်ရွက်မှု ပါနေတယ် ဆိုတာကို သဘောပေါက်ဖို့ လိုတယ်။ လူတစ်ယောက်ရဲ့ဘ၀မှာ အခက်အခဲတွေ ဒုက္ခတွေ ထပ်ခါတလဲလဲ ကြုံရပြီဆိုရင် အဲဒီလူဟာ သူ့ဟာသူစဉ်းစားဖို့ ကောင်းပြီ။ ငါ့မှာဒုက္ခတွေ ဒီလောက်များအောင် ငါကိုယ်တိုင်က ဘယ်လောက်ပူးပေါင်းဆောင်ရွက်ပြီးတော့ လုပ်ပေးနေသလဲ။
ကိုယ့်ဘ၀မှာ စိတ်ဆင်းရဲမှု ကိုယ်ဆင်းရဲမှု အမျိုးမျိုးဖြစ်ဖို့၊ အဆင်မပြေဖြစ်ဖို့၊ မအောင်မြင်ဖို့၊ မကြီးပွားဖို့ လုပ်နေတဲ့ အကြောင်းတရားဟာ ကိုယ့်စိတ်ထဲမှာပဲ ရှိတယ်။ ဒါကြောင့် တရားအားထုတ်ပြီးတော့ ကိုယ့်စိတ်ကို ကိုယ်ကြည့်ပြီးတော့ မိမိကိုယ်တိုင် အဲဒီလို ကိုယ့်ဟာကိုယ် ဒုက္ခရောက်အောင် မတိုးတတ်အောင် မကြီးပွားအောင် လုပ်နေတာတွေကို မြင်ပြီးတော့ သိပြီးတော့ ရပ်တန့်လိုက်မယ်ဆိုရင်၊ ဖယ်ရှားလိုက်မယ်ဆိုရင် ကိုယ့်ဘ၀ဟာ ပိုပြီးတော့ လမ်းချောသွားလိမ့်မယ်။

အားနဲချက်တစ်ခုကို ဖုံးဖို့ကြိုးစားလေလေ ဘာကို ဖုံးဖို့ကြိုးစားနေတယ်ဆိုတာ လူသိလေလေပဲ။ ၀န်ခံလိုက်တဲ့ အားနဲချက်ကို ပြုပြင်ရတာ လွယ်သွားတယ်။ ၀န်ခံလိုက်တာနဲ့ပဲ အဲဒီအားနဲချက်ဟာ အရင်လောက် မဆိုးတော့ဘူး။
စိတ်ဓါတ်ရင့်ကျက်လာလေလေ ကိုယ့်အားနဲချက်ကို ၀န်ခံရမှာ မကြောက်လေလေပဲ။ ၀န်ခံနိုင်တဲ့စိတ်ဟာ မကြောက်တဲ့စိတ် ဖြစ်တယ်။ ၀န်ခံနိုင်တဲ့စိတ်ဟာ သတ္တိရှိတဲ့စိတ် ဖြစ်တယ်။ ၀န်ခံနိုင်တဲ့စိတ်ဟာ ရိုးသားတဲ့စိတ်ဖြစ်တယ်။ ၀န်ခံနိုင်တဲ့စိတ်ဟာ ကိုယ့်ကိုယ်ကို ယုံကြည်မှုရှိတဲ့သူရဲ့စိတ် ဖြစ်တယ်။ ၀န်ခံနိုင်တဲ့စိတ်ဟာ ပိုပြီးလွတ်လပ်မှု ရှိတဲ့စိတ် ဖြစ်တယ်။ ၀န်ခံလိုက်ပြီးရင် ပိုပြီး ကောင်းတာတွေကို လုပ်နိုင်တယ်။
ဝန်မခံနိုင်ရင် စိတ်ထဲမှာ တင်းကျပ်မှု (stress) ဖြစ်တယ်။ ဒီတင်းကြပ်မှု (stress) ကြောင့် အားအင်ကုန်ခမ်းတယ်။ တခြားကောင်းတဲ့ကိစ္စတွေကို အဲဒီအချိန်မှာ မစဉ်းစားနိုင်ဘူး။ မလုပ်နိုင်ဘူး။

သိပ်ပင်ပန်းလွန်းတဲ့အခါ စိတ်မရှည်ဘူး။ မလွှဲသာမရှောင်သာ ပင်ပန်းလွန်းတဲ့အခြေအနေကို ကြုံရရင် စကားများများ မပြောပါနဲ့။ ကိုယ့်လုပ်ဖော်ကိုင်ဖက်တွေကိုလည်း ပြောစရာရှိတာကို နောက်မှ အေးအေးဆေးဆေးပြောမယ်ဆိုတဲ့အကြောင်း မှာထားပြီး အနားယူပါ။

စိတ်အေးချမ်းတဲ့သူ အဖို့တော့ သစ်ပင်တွေကြားထဲမှာ လေတိုးသွားတဲ့ အသံလေးကိုက စိတ်ကို တစ်မျိုး အေးချမ်းစေတယ်။ မြို့ကြီးပြကြီးတွေမှာ အလုပ်အကိုင်တွေနဲ့ သောကများပြီး စိတ်ရှုပ်နေကြတဲ့သူတွေအဖို့ ဒါတွေကို ခံစားနိုင်ဖို့ သိပ်မလွယ်ဘူး။


ဆရာတော် ဦးဇောတိက


Friday, December 16, 2011

ချည်တိုင်

 နီးစပ်ဖို့
ကြိုးနဲ့ချည်

 ခွာမသွားဖို့
ကြိုးနဲ့ချည်

မျောမသွားဖို့
ကြိုးနဲ့ ချည်


ထွက်မသွားဖို့
ကြိုးနဲ့ ချည်


ကြိုးမပါ


စကားလုံး ဗလာ


မှော်အတတ်နဲ့ ချည်စရာမလိုပဲ

 ငါ့ရင်ကို နှောင်ဖွဲ့ထားပုံများ

ဖျက်ကနဲ မျက်ဝန်းအဖွင့်

ဖတ်ကနဲ သွားသွားကပ်ပုံများ ...




ချိုခ

ချည်တိုင်

**ဆွဲစေ့မိသည့် တံခါးချက်**

ကောင်းကင်ကြီးတခုလုံး မှုန်မှိုင်းအုံ့ဆိုင်းနေပြီ
ခပ်ကြမ်းကြမ်းလေအေးတချက်အတိုက်မှာ
ရင်ဘတ်တခု ကျကွဲသွားသံ
နားနဲ့ ဆတ်ဆတ် ကြားလိုက်ရတယ် အမေ။


တိမ်မည်းမည်းတွေ ခရီးသွားနေကြပြီ
တိမ်တိုက်တစ်ခု အဖြတ်
လစ်ဟာသွားတဲ့ ကောင်းကင်မှာ
မချိပြုံးနဲ့သွားဖြဲပြနေတဲ့ ကြယ်တွေ
မ၀ံ့မရဲနဲ့ လင်းလိုက်မှိန်လိုက် ရဲရဲမပြုံးနိုင်ရှာဘူးအမေ။

ဟိုး ..... ခပ်ဝေးဝေးမှ
လမင်းကတော့ သူတတ်နိုင်သလောက်အလင်းနဲ့
ကြယ်တွေကို ခွန်အားပေးနေပေမဲ့
သူ့ကိုယ်သူ အားမရတဲ့ ဟန်နဲ့
လူမသိ သူမသိ
သက်ပြင်းတွေ ခိုးခိုးရှိုက်နေတယ်အမေ။

ခရီးသွားနေတဲ့ တိမ်ဆိုင်တွေ
ကျနော့်ခေါင်းထက် တထောက်နား
သူတို့ပေါက်ကွဲမှုတွေကို မိုးရေအဖြစ်ရွာသွန်းနေကြပြီအမေ။

ပေါက်ကွဲမှုမိုးရေကြား မိနစ်အနည်းငယ် ငေးရင်း
ခေါင်းတစ်ချက်အငုံ့
စွေးစွေးနီရဲ ခပ်ဟဟ ဖြစ်နေတဲ့
ကျနော့်ရင်ဘတ်တံခါး
ခပ်ပါးပါးလေး ဆွဲစေ့ပြီး ဥပက္ခာအပြု
ပေါက်ကွဲမှုမိုးရေနဲ့ရောပြီး ကျနော့်ပါးပြင်ထက်
နွေးရှရှ ဖြတ်သန်းသွားခဲ့တယ် အမေ..။


ချိုခ