Tuesday, December 20, 2011

သောကတွေများလို့ စိတ်ပင်ပန်းနေတာ

သောကတွေများလို့ စိတ်ပင်ပန်းနေတာ

ပြင်ပလောကကြီးကို ကိုယ်လိုချင်သလိုဖြစ်အောင် ပြောင်းလဲယူဖို့ မရနိုင်ပါဘူး။ အင်မတန်ကြိုးစားရင် နည်းနည်းလောက်များ ရမလား မပြောတတ်ဘူး။ သို့သော် ကိုယ့်စိတ်ကိုကိုယ် သိပြီးတော့ သတိလေးနဲ့ ဥာဏ်လေးနဲ့ ကြည့်ပြီး ပြုပြင်နိုင်မယ်ဆိုရင်တော့ တဖြည်းဖြည်း စိတ်တည်ငြိမ်မှု၊ စိတ်အေးချမ်းမှု၊ ရင့်ကျက်မှုဟာ ပိုပြီးတော့ ရလာနိုင်မှာ အမှန်ပဲ။

အင်မတန်ရှုပ်ထွေးပြီးတော့ ပရမ်းပတာဖြစ်နေတဲ့ ခေတ်ကာလကြီးထဲမှာပဲ စိတ်ကြည်လင်မှု၊ အေးချမ်းမှု ရှိအောင် ဘယ်လိုနေသွားကြမလဲ။ မသေချာတဲ့မရေရာတဲ့ အလုပ်တွေ လုပ်နေကြရင်းနဲ့ကိုပဲ စိုးရိမ်မှု ပူပန်မှု နည်းအောင် ဘယ်လိုနေသွားကြမလဲ။ ဒါဟာ နည်းလမ်းရှာမှ ဖြစ်မယ်နော်။
ဖြစ်ချင်တိုင်း ဖြစ်နေတဲ့၊ အပြောင်းအလဲတွေ အင်မတန် မြန်နေတဲ့ခေတ်ကြီးမှာ စိတ်တည်ငြိမ်အောင် အေးချမ်းအောင် တစ်နည်းနည်းနဲ့ မလုပ်ဘဲနဲ့ ဒီအတိုင်းသာ ဆက်သွားနေမယ်ဆိုရင် ဒီဒဏ်ကို ဒီစိတ်ဟာ ခံနိုင်မှာ မဟုတ်တော့ဘူး။ သောကတွေ များလာလို့ ကိုယ့်ကိုကိုယ် ယုံကြည်မှု မရှိတာမျိုး ဖြစ်သွားနိုင်တယ်။ တစ်နေ့နေ့တော့ ဒီစိတ်ဟာ ချုံးချုံးကျသွားနိုင်တယ်။

ပရမ်းပတာဖြစ်နေတဲ့ မသေချာ မရေရာမှုတွေ အပြည့်ရှိနေတဲ့ အထဲမှာ ကိုယ်က လမ်းရှာပြီး သွားလို့ရတယ်။ ဥပမာ-အင်မတန် ရေစီးသန်ပြီး ကျောက်ဆောင်တွေ အချွန်အတက်တွေ အကွေ့အကောက်တွေပေါတဲ့ မြစ်ကြီးထဲမှာ လူတွေ မျောပါနေကြတယ်။ တချို့လူတွေက တကိုယ်လုံး မြုတ်ပြီးမျောနေတယ်။ သူတို့ဟာ အချွန်အတက်တွေနဲ့ တိုးမိမယ်။ အကွေ့အကောက် ရှိနေရင်လည်း တိုက်မိမယ်။ ရေစီးသန်သန်နဲ့ မျောပါလာတဲ့ သစ်တုံးကြီးတွေနဲ့ ၀င်ဆောင့်မိမယ်။ တချို့ကတော့ ခေါင်းလေးဖော်ပြီး မျောနေတယ်။ သူတို့က အန္တရာယ်ကို ရှောင်နိုင်တယ်။ အဝေးကနေ ကွင်းပြီးရှောင်လို့ရတယ်။ ဒါကြောင့် မျောနေတာချင်းအတူတူ ခေါင်းလေးဖော်ပြီး မျောနေတဲ့သူက အင်မတန်သက်သာတယ်။ ခေါင်းဖော်ပြီး မျောတက်ဖို့လိုပါတယ်။

အရင်ခေတ်ကလူတွေရဲ့ဘ၀ဟာ ဘာနဲ့တူသလဲဆိုတော့ မြို့ပတ်ရထားလမ်းပေါ်မှာ သွားနေတဲ့ရထားနဲ့တူတယ်။ မြို့ပတ်ရထားလမ်းပေါ်မှာ သွားနေတဲ့ ရထားဟာ ပုံမှန်ဒီဘူတာက ထွက်တာ နောက်ဆုံး ပြန်လာရင် ဒီဘူတာကြီးပဲ ပြန်ဆိုက်တယ်။ ပုံမှန်နေတယ်။
ခုခေတ်လူတွေရဲ့ဘ၀ဟာ Hang Glider စီးရတာနဲ့ တူနေတယ်နော်။ စက်မပါပဲနဲ့ တောင်ပံကြီးက ငှက်လို တောင်ပံကြီးလုပ်ထားတာ။ စက်မပါတဲ့အတွက်ကြောင့် ကိုယ်လိုချင်တဲ့ဘက်ကို ချက်ချင်းသွားလို့မရဘူး။ လေကြောင်းကို ကြည့်ပြီးတော့ အဆင်ပြေသလို ခုန်ပြီးတော့ တက်သွားလိုက်ရတယ်နော်။ လေကြောင်းနဲ့ တည့်နေလို့ရှိရင် ၀ဲလို့ရတယ်။ တဖြည်းဖြည်း ၀ဲရင်း ၀ဲရင်းနဲ့ အမြင့်ကို တက်လို့ရတယ်။ ပြီးမှ ကိုယ်လိုတဲ့ဘက်ကို ဦးတည်ပြီးတော့ ထိုးချလိုက်ရင် ရောက်သွားနိုင်တယ်။
အခုအဲလိုခေတ်မျိုးဖြစ်နေပါပြီ။ လေကြောင်းကို အင်မတန် ဥာဏ်ကြီးကြီးနဲ့ အကဲခတ်ရလိမ့်မယ်။ ပတ်ဝန်းကျင် အခြေအနေ ခေတ်အခါ အခြေအနေကို အင်မတန်သတိထားပြီး အကဲခက်ရလိမ့်မယ်။ အဲဒီလို အကဲခတ်ပြီးတော့ အဆင်ပြေသလို ကြည့်ပြီးတော့ နေသွားမှဖြစ်မယ်။ ငါလုပ်ချင်သလို လုပ်လို့မဖြစ်ပါ့လား လို့စိတ်ညစ်နေလို့ မဖြစ်တော့တဲ့ ခေတ်ပါနော်။
ဒါကြောင့် အခုခေတ်၊ အထူးသဖြင့် လူငယ်တွေကို ပြောချင်တာ၊ ပေါ့ပေါ့နေလို့ မရတော့ဘူး။ အစွမ်းအစတွေအများကြီး ထုတ်ရလိမ့်မယ်။ အကြံဥာဏ်တွေ အများကြီး ထုတ်ရလိမ့်မယ်။ အလုပ်တွေကို အမျိုးမျိုးလုပ်ရလိမ့်မယ်၊ လုပ်နိုင်ရမယ်။ အမျိုးမျိုါ် စမ်းပြီးတော့ လုပ်ကြည့်ရမယ်။ ပြီးမှ ကိုယ်နဲ့ အဆင်ပြေတာလေး တွေ့ချင်တွေ့မယ်၊ အဲဒီအဆင်ပြေတာလေးနဲ့တွေ့ရင်တောင်မှ ဒီအလုပ်လးနဲ့ငါတစ်သက်လုံး လုပ်ကိုင်စားသောက် သွားရလိမ့်မယ် လို့ မမျှော်လင့်နဲ့၊ ပြောင်းသင့်ရင် ပြောင်းရဦးမှာ။
မမျှော်လင့်တဲ့ပြောင်းလဲမှုတွေ ဖြစ်လာတဲ့အခါမှာ ကြိုတင်ပြင်ဆင်ထားနိုင်တဲ့သူမှသာ ဘ၀ကိုအဆင်ပြေပြေနေနိုင်မယ်။ ဘ၀ဆိုတာ ကိုယ့်ရဲ့ဥာဏ်ပညာ လုံ့လ၀ီရိယ လုပ်ရည်ကိုင်ရည် ဘယ်လောက်ရှိတယ် ဆိုတာကို စမ်းတဲ့စာမေးပွဲပဲလို့ သဘောထားပြီးတော့ ကိုယ့်အစွမ်းအစတွေကို အမြဲတမ်း မြှင့်တင်ရင်း နေသွားရမယ်။

ရှေ့လျှောက်ကိုယ့်ဘ၀ကို အဆင်ပြေပြေနေသွားချင်တယ်ဆိုရင် စိတ်ငြိမ်းချမ်းမှုကို မပျက်အောင် ထိန်းပြီးနေနိုင်တဲ့ အရည်အချင်း ရှိမှဖြစ်မယ်။
သောကဖြစ်စရာတွေရှိနေပေမဲ့ လုပ်သင့်တာတွေကို ဆက်ပြီးလုပ်နိုင်အောင် ဘယ်လိုသဘောထားရမယ်၊ ကိုယ့်ရဲ့အင်အားတွေ ကိုယ့်ရဲ့ စိတ်တည်ငြိမ်မှုတွေ ကိုယ့်ဘ၀ရဲ့အဓိပ္ပာယ်တွေ ပျောက်မသွားအောင် ဘယ်လိုနေရမယ် စိတ်ဓါတ်မကျဖို့ ကိုယ့်ကိုယ်ကို ယုံကြည်မှု ကျမသွားဖို့ ဘယ်လိုလုပ်ရမယ်ဆိုတာကို လေးလေးနက်နက် သိထားရမယ်၊ လေ့လာရမယ်။

လိုချင်တာ ရတာမရတာနဲ့ပတ်သက်ပြီးတော့ စိတ်လှုပ်ရှားမှုသိပ်မဖြစ်ပဲ လုပ်စရာရှိတာကို ဆက်လုပ်နိုင်တဲ့သူ၊ စိတ်မပျက်တဲ့သူက ရေရှည်မှာ လိုချင်တာ ပိုရပါတယ်။

ပင်ပန်းနေတဲ့အခါ၊ အလုပ်တွေများပြီးတော့ မနိုင်မနင်းဖြစ်နေတဲ့အခါမျိုးမှာ တရားထိုင်ဖို့ အလိုအပ်ဆုံးပဲ။ ခန္စာကိုယ်ဆိုတာက သိဖို့ရာလွယ်ကူပါတယ်။ ဒါကြောင့် ခန္စာကိုယ်မှာ ထင်ရှားတာကို ရသလောက် သတိကပ်ပြီးတော့ နေဖို့၊ စိတ်ထဲမှာ စိတ်ညစ်စရာ၊ သောကဖြစ်စရာ၊ ပူပန်စရာတွေကို တွေးလာပြီဆိုရင်လည်း အဲဒါကို မြန်မြန် သတိလေးနဲ့ကပ်ပြီးတော့ သိလိုက်ဖို့က ပထမအဆင့်ပဲ။
သတိနဲ့နေတဲ့ အလေ့အကျင့်ကို များများလုပ်လာလို့ရှိရင် စိတ်က ကြည်လင်အေးချမ်းမှုရှိလာတဲ့အတွက်ကြောင့် ကိစ္စတစ်ခုခုကို ဘယ်လိုလုပ်ရင်ကောင်းမလဲ၊ ပြောစရာရှိရင်လည်းပဲ ဘယ်လိုပြောရင် ကောင်းမလဲဆိုတာကို စိတ်ကြည်ကြည်လင်လင်လေးနဲ့ စဉ်းစားလို့ရှိရင် ပိုပြီးတော့ သင့်တော်တဲ့ဝဘာဝကျတဲ့ မျှတတဲ့ အစီအစဉ်လေး တွေ့ပါလိမ့်မယ်။ စိတ်ကြည်လင်အေးချမ်းနေတဲ့ အချိန်မှာ ဖြစ်ပေါ်လာတဲ့၊ ရလာတဲ့ စိတ်ကူးဟာ ပိုပြီးတော့ အဆင်ပြေဖို့ များပါတယ်။

အရေးကြီးတာကို အရေးကြီးတာမှန်းလည်း မသိဘူး။ အရေးမကြီးတာကို အရေးမကြီးတာမှန်းလည်း မသိဘူး။ မသိဘဲနဲ့ အရေးမကြီးတာတွေရော၊ အရေးကြီးတာတွေရော ရောလိုက်ပြီးတော့ အားလုံးကိုပဲ အရေးကြီးတယ် ထင်နေကြလို့ ဒီလောက် စိတ်ရှုပ်ပြီးတော့ ဒီလောက် စိတ်ပင်ပန်းနေတာပါ။

ကိုယ့်စိတ်ထဲမှာ သောကများနေရင် စာရွက်လေးတစ်ရွက်ယူပြီးတော့ ငါ ဘယ်ကိစ္စတွေနဲ့ သောကများတယ်ဆိုတာကို နံပါတ် ၁၊ ၂၊ ၃၊ ၄၊ ၅၊ ၆၊ ၇၊ ၈၊ ၉၊ ၁၀ ထိုးပြီးတော့ ရေးချကြည့်စမ်းပါ။ ရေးချပြီးတော့ ပြန်စဉ်းစားကြည့်စမ်းပါ။ ဒီကိစ္စတွေအတွက်နဲ့ ငါ စိတ်ဆင်းရဲနေခဲ့တာ ဘယ်လောက် ကြာပြီလဲ၊ ပူနေတာ ဘယ်လောက်ကြာပြီလဲ။ ဒီကိစ္စကို အဆင်ပြေအောင် ငါဘယ်လိုနည်းနဲ့ လုပ်ရင်ရမလဲ၊ နည်းလမ်းရှာလိုက်ပါ။ ထပ်ခါတလဲလဲ မပြီးနိုင်အောင် တွေးနေတာက ပိုပြီးတော့ အင်အားကို ကုန်ခမ်းသွားစေတယ်နော်။

နေ့စဉ်နဲ့အမျှ ဒေါမနသလို့ခေါ်တဲ့ မကျေနပ်မှုတွေ တစ်နေ့ကို အကြိမ်ပေါင်းများစွာ ဖြစ်နေမယ်ဆိုရင် ဒီဒေါမနသကြောင့် ဖြစ်ပေါ်လာတဲ့၊ ကြမ်းတမ်းတဲ့၊ ပူလောင်တဲ့ စိတ္တဇရုပ်တွေကြောင့် ခန္စာပျက်စီးမှုနှုန်းဟာ များလာတယ်။ အဲဒါ မကြောက်ဘူးလား၊ ကြောက်စရာ မကောင်းဘူးလား။
အဲဒီလို တစ်ကိုယ်လုံးမှာ ဖြစ်နေတဲ့ တင်းကျပ်မှု၊ စိတ်ထဲမှာ တင်းကျပ်မှု၊ အလိုမကျမှု၊ စိတ်ညစ်ညူးမှု၊ စိတ်နောက်ကျိမှုတွေများလေလေ အားကုန်လေလေပဲ။ အားကုန်ရုံတင်မကဘူး၊ ဒီခန္စာကိုယ်နဲ့ ဒီစိတ် ပျက်စီးမှု ပိုများလာတယ်။ မြန်မြန်အိုသွားတယ်။ စိတ်ဓါတ်အင်အားတွေ ကုန်သွားလို့ အေးအေးဆေးဆေးနက်နက်နဲနဲ စဉ်းစားရမယ့်ကိစ္စကျတော့ အားမရှိတော့ဘူး။ တရားအားထုတ်ဖို့ဆိုတာ ကျန်းမာဖို့၊ အားရှိဖို့ အများကြီး လိုတယ်နော်။
ဒါကြောင့် ကိုယ့်ခန္စာကိုယ်အားနဲ့ စိတ်အားကို ချွေတာဖို့ အလွန့်အလွန်အရေးကြီးပါတယ်။ ဒီအင်အားက ပိုက်ဆံပေးပြီးတော့ ၀ယ်ချင်တိုင်းဝယ်လို့မရဘူး။ တစ်နေ့ကျရင် ဒီလိုပူလောင်မှုတွေက များပြီးတော့ ခန္စာကိုယ်ရော စိတ်ရော လုံးလုံးပုံကျသွားတဲ့ အခါမှာ ပြန်ပြီးတော့ နာလန်ထူဖို့ဟာ ထင်သလောက် မလွယ်ပါဘူး။

အခုခေတ်လူတွေက အလုပ်အင်မတန်များလွန်းလို့ မနက်နိုးနိုးချင်းပဲလူက ယောက်ယက်ခတ်နေတယ်။ စိတ်က မအေးချမ်းဘူး။ စိတ်ထဲမှာ တင်းကျပ်မှုတွေ ရှိနေတယ်။ အဲဒီတင်းကျပ်မှုက အင်မတန်ကြောက်ဖို့ကောင်းတယ်။ အဲဒါကို အမြဲတမ်း သတိထားပြီး လျှော့ချထားဖို့ လိုပါတယ်။ တင်းကျပ်မှု (tension) များရင် အင်မတန် အားကုန်တယ်။
မကျေနပ်မှုအခံဓါတ် (Recidual Frustration) ရှိနေရင် တစ်ခုခုဖြစ်တိုင်း အဲဒီအခံဓါတ်က ကြီးကြီးလာတယ်။ ကိုယ့်စိတ်ကိုကြည့်ပြီးတော့ အဲဒီအခံဖြစ်နေတဲ့ မကျေနပ်မှုလေးကို သိနေပြီး ရှုမှတ်နေရင် ပြေသွားတယ်။ ဒေါသရဲ့ သဘာဝ သူ့အကြောင်းကောင်းကောင်းသိသွားရင် သူ အစွမ်းမပြနိုင်တော့ဘူး။
အခုလို အမြဲတမ်း ဒေါသကို ဖြေထားနိုင်တဲ့လူဟာ တော်ရုံတန်ရုံ စိတ်ဆိုးစရာ တွေ့ပေမဲ့ ပေါက်ကွဲတဲ့အဆင့်ကို မရောက်တော့ဘူး။ အဲဒီလို မပေါက်ကွဲတဲ့အတွက်ကြောင့် ကိုယ့်မှာ သက်သာမှုရှိတယ်။ တစ်ဖတ်သားမှာလည်း ကိုယ့်ကြောင့် စိတ်ဆင်းရဲမှု မဖြစ်ဘူး။ လုပ်ရမယ့်ကိစ္စကိုလည်း စိတ်အေးအေးနဲ့၊ သတိနဲ့၊ ဥာဏ်နဲ့ယှဉ်ပြီးတော့ လုပ်လိုက်ရတဲ့အတွက်ကြောင့် အကောင်းဆုံးသတိနဲ့၊ ဥာဏ်နဲ့ယှဉ်ပြီးတော့ လုပ်လိုက်ရတဲ့အတွက်ကြောင့် အကောင်းဆုံး အရည်အသွေးတွေ ထွက်နေတယ်။ ပိုပြီးတော့ အဆင်ပြေတယ်။

တချို့ခေတ်ကာလမှာ လူတွေဟာ စိတ်အေးချမ်းမှု မရှိဘူး။ စိတ်ချလက်ချ လုံလုံခြုံခြုံ နေနိုင်မှု မရှိဘူး။ ကြောက်နေရတယ်။ စိုးရိမ်နေရတယ်။ အထူးသဖြင့် လူလူချင်း ကြောက်နေရတယ်။ အဲဒီလို ကြောက်နေရတဲ့ လူ့အသိုင်းအ၀ိုင်းမှာ လူတွေရဲ့ အမွန်မြတ်ဆုံး စိတ်နေသဘောထားတွေဟာ ထွက်ပေါ်မလာနိုင်ဘူး။ က္ကုနြေ္ဒရရ သိက္ခာရှိရှိ မနေနိုင်ကြဘူး။ တစ်ယောက်ကိုတစ်ယောက် မယုံကြည်ရ၊ စိတ်မချရလို့ ဦးတဲ့သူက အနိုင်ကျင့်တတ်တဲ့ စိတ်ထားတွေ ဖြစ်လာတယ်။ လူလူချင်း အခွင့်အရေးယူတာတွေ များတယ်။ ခြိမ်းခြောက်တာတွေ များတယ်။ လူတွေ တစ်ကိုယ်ကောင်း ဆန်တယ်။

ကိုယ့်အကြောင်းကိုကိုယ် ပိုသိမယ်၊ ကိုယ့်ပတ်ဝန်းကျင် လောကကြီးအကြောင်းကိုလည်း ပိုသိမယ်ဆိုရင် အခက်အခဲတွေ အပြောင်းအလဲတွေက ကိုယ့်ကို လွှမ်းမိုးသွားတာကို ခံရတာ နဲမယ်။ ကိုယ်ခံအား ကောင်းတဲ့သူဟာ ရောဂါပိုးကူးစက်မှုကို ပိုပြီးခံနိုင်သလိုပဲ။ ဒါကြောင့် စိတ်မှာ immunity ကောင်းအောင် လုပ်ရမယ်။
ကိုယ့်ပတ်ဝန်းကျင်မှာ ရှုပ်ထွေးနေတာတွေကို မရေရာတာတွေကို ခံနိုင်ရည်ရှိဖို့အတွက် ကိုယ့်ရဲ့အတွင်းမှာပဲ အင်အားပိုကောင်းလာအောင် လုပ်ရမယ်။ အပြင်ကို အားကိုးလို့ကတော့ ဘယ်လိုနည်းနဲ့မှ မရနိုင်တော့ဘူး။ အားကိုးရာ အားထားရာကို အတွင်းမှာ ဖြစ်လာအောင် လုပ်ရမယ်။

အတွေးတွေက စည်းကမ်းရှိလာတဲ့အခါ စိတ်ပင်ပန်းမှု တော်တော်နဲသွားမယ်။ အချိန်ကုန် သက်သာမယ်။ တစ်ဆင့်ပြီးတစ်ဆင့် စနစ်တကျတွေးလို့ရမယ်။ အတွေး လမ်းချော်မသွားဘူး။ တခါတလေ အတွေးလမ်းချော်သွားရင် သိပြီးတော့ လမ်းကြောင်းပေါ် ပြန်တင်လို့ရတယ်။
ဘယ်လောက် အရေးကြီးတဲ့ကိစ္စကို တွေးနေတာဖြစ်ပါစေ ကြားမှာ ခဏလောက် ဘာမှမတွေးပဲ စိတ်ကို အနားပေးတတ်တဲ့ အလေ့အကျင့်ကို လေ့ကျင့်ဖို့လိုတယ်။ တစ်နာရီမှာ တစ်မိနစ်လောက် အေးချမ်းတဲ့စိတ်နဲ့နေနိုင်တယ်ဆိုရင်ပဲ ဒီလူဟာ စိတ်အခြေအနေ ပုံမှန်နေလို့ ရနိုင်တယ်။ စိတ်ကြည်လင်မှုရအောင် နေလို့ရတယ်။

စိတ်ဆိုတာ ၀မ်းသာစရာထက် ပူစရာကို ပိုပြီးတော့ တွေးတတ်တယ်။ အဆင်ပြေတဲ့ကိစ္စထက် အဆင်မပြေတဲ့ကိစ္စကို ပိုတွေးတယ်။ အဲဒီတော့ အတွေးထဲမှာ နေတဲ့သူဟာ စိတ်ဆင်းရဲနေတဲ့သူပဲ။

အာရုံတစ်ခုနဲ့ ကိုယ့်စိတ်နဲ့တွေ့ဆုံတဲ့အခါမှာ ကိုယ့်စိတ်ရဲ့ပူးပေါင်းဆောင်ရွက်မှုကို မရပဲနဲ့ ခံစားမှုမဖြစ်နိုင်ဘူး။ ကိုယ့်စိတ်က ကိုယ်လိုချင်တဲ့အဓိပ္ပာယ်ကို ကောက်မှ ခံစားမှုက ဖြစ်လာမယ်။
ဝမ်းနည်းစရာကိုလည်း ခံစားတတ်ရမယ်၊ ၀မ်းသာစရာလည်း ခံစားတတ်ရမယ်။ ၀မ်းနည်းစရာ ကြုံပါလျက်နဲ့ ၀မ်းမနည်းတတ်တဲ့သူဟာ ( တရားထူးရပြီးလို့ ၀မ်းမနည်းတော့တာ မဟုတ်ရင်) စိတ်ဓါတ်ချို့တဲ့မှု ရှိနေတယ်လို့ ဆိုနိုင်တယ်။ ခံစားမှု သေနေတာနဲ့ တူတယ်။ ဒါပေမယ့် ခံစားမှု လွန်ကဲလွန်းရင်လည်း စိတ်ရောဂါလို့ ဆိုနိုင်တယ်။ ဖြစ်လာတဲ့ အခြေအနေ အတွေ့အကြုံနဲ့ လိုက်လျောမှုရှိတဲ့ ခံစားမှုမျိုးဖြစ်ရင် ပုံမှန်စိတ် ရှိတယ်လို့ ဆိုနိုင်တယ်။

ကိုယ့်ဘ၀မှာ စိတ်ဆင်းရဲမှု တစ်ခုခု ကြုံလာတဲ့အခါမှာ ကိုယ့်ဘက်က ပူးပေါင်းဆောင်ရွက်မှု ပါနေတယ် ဆိုတာကို သဘောပေါက်ဖို့ လိုတယ်။ လူတစ်ယောက်ရဲ့ဘ၀မှာ အခက်အခဲတွေ ဒုက္ခတွေ ထပ်ခါတလဲလဲ ကြုံရပြီဆိုရင် အဲဒီလူဟာ သူ့ဟာသူစဉ်းစားဖို့ ကောင်းပြီ။ ငါ့မှာဒုက္ခတွေ ဒီလောက်များအောင် ငါကိုယ်တိုင်က ဘယ်လောက်ပူးပေါင်းဆောင်ရွက်ပြီးတော့ လုပ်ပေးနေသလဲ။
ကိုယ့်ဘ၀မှာ စိတ်ဆင်းရဲမှု ကိုယ်ဆင်းရဲမှု အမျိုးမျိုးဖြစ်ဖို့၊ အဆင်မပြေဖြစ်ဖို့၊ မအောင်မြင်ဖို့၊ မကြီးပွားဖို့ လုပ်နေတဲ့ အကြောင်းတရားဟာ ကိုယ့်စိတ်ထဲမှာပဲ ရှိတယ်။ ဒါကြောင့် တရားအားထုတ်ပြီးတော့ ကိုယ့်စိတ်ကို ကိုယ်ကြည့်ပြီးတော့ မိမိကိုယ်တိုင် အဲဒီလို ကိုယ့်ဟာကိုယ် ဒုက္ခရောက်အောင် မတိုးတတ်အောင် မကြီးပွားအောင် လုပ်နေတာတွေကို မြင်ပြီးတော့ သိပြီးတော့ ရပ်တန့်လိုက်မယ်ဆိုရင်၊ ဖယ်ရှားလိုက်မယ်ဆိုရင် ကိုယ့်ဘ၀ဟာ ပိုပြီးတော့ လမ်းချောသွားလိမ့်မယ်။

အားနဲချက်တစ်ခုကို ဖုံးဖို့ကြိုးစားလေလေ ဘာကို ဖုံးဖို့ကြိုးစားနေတယ်ဆိုတာ လူသိလေလေပဲ။ ၀န်ခံလိုက်တဲ့ အားနဲချက်ကို ပြုပြင်ရတာ လွယ်သွားတယ်။ ၀န်ခံလိုက်တာနဲ့ပဲ အဲဒီအားနဲချက်ဟာ အရင်လောက် မဆိုးတော့ဘူး။
စိတ်ဓါတ်ရင့်ကျက်လာလေလေ ကိုယ့်အားနဲချက်ကို ၀န်ခံရမှာ မကြောက်လေလေပဲ။ ၀န်ခံနိုင်တဲ့စိတ်ဟာ မကြောက်တဲ့စိတ် ဖြစ်တယ်။ ၀န်ခံနိုင်တဲ့စိတ်ဟာ သတ္တိရှိတဲ့စိတ် ဖြစ်တယ်။ ၀န်ခံနိုင်တဲ့စိတ်ဟာ ရိုးသားတဲ့စိတ်ဖြစ်တယ်။ ၀န်ခံနိုင်တဲ့စိတ်ဟာ ကိုယ့်ကိုယ်ကို ယုံကြည်မှုရှိတဲ့သူရဲ့စိတ် ဖြစ်တယ်။ ၀န်ခံနိုင်တဲ့စိတ်ဟာ ပိုပြီးလွတ်လပ်မှု ရှိတဲ့စိတ် ဖြစ်တယ်။ ၀န်ခံလိုက်ပြီးရင် ပိုပြီး ကောင်းတာတွေကို လုပ်နိုင်တယ်။
ဝန်မခံနိုင်ရင် စိတ်ထဲမှာ တင်းကျပ်မှု (stress) ဖြစ်တယ်။ ဒီတင်းကြပ်မှု (stress) ကြောင့် အားအင်ကုန်ခမ်းတယ်။ တခြားကောင်းတဲ့ကိစ္စတွေကို အဲဒီအချိန်မှာ မစဉ်းစားနိုင်ဘူး။ မလုပ်နိုင်ဘူး။

သိပ်ပင်ပန်းလွန်းတဲ့အခါ စိတ်မရှည်ဘူး။ မလွှဲသာမရှောင်သာ ပင်ပန်းလွန်းတဲ့အခြေအနေကို ကြုံရရင် စကားများများ မပြောပါနဲ့။ ကိုယ့်လုပ်ဖော်ကိုင်ဖက်တွေကိုလည်း ပြောစရာရှိတာကို နောက်မှ အေးအေးဆေးဆေးပြောမယ်ဆိုတဲ့အကြောင်း မှာထားပြီး အနားယူပါ။

စိတ်အေးချမ်းတဲ့သူ အဖို့တော့ သစ်ပင်တွေကြားထဲမှာ လေတိုးသွားတဲ့ အသံလေးကိုက စိတ်ကို တစ်မျိုး အေးချမ်းစေတယ်။ မြို့ကြီးပြကြီးတွေမှာ အလုပ်အကိုင်တွေနဲ့ သောကများပြီး စိတ်ရှုပ်နေကြတဲ့သူတွေအဖို့ ဒါတွေကို ခံစားနိုင်ဖို့ သိပ်မလွယ်ဘူး။


ဆရာတော် ဦးဇောတိက


Friday, December 16, 2011

ချည်တိုင်

 နီးစပ်ဖို့
ကြိုးနဲ့ချည်

 ခွာမသွားဖို့
ကြိုးနဲ့ချည်

မျောမသွားဖို့
ကြိုးနဲ့ ချည်


ထွက်မသွားဖို့
ကြိုးနဲ့ ချည်


ကြိုးမပါ


စကားလုံး ဗလာ


မှော်အတတ်နဲ့ ချည်စရာမလိုပဲ

 ငါ့ရင်ကို နှောင်ဖွဲ့ထားပုံများ

ဖျက်ကနဲ မျက်ဝန်းအဖွင့်

ဖတ်ကနဲ သွားသွားကပ်ပုံများ ...




ချိုခ

ချည်တိုင်

**ဆွဲစေ့မိသည့် တံခါးချက်**

ကောင်းကင်ကြီးတခုလုံး မှုန်မှိုင်းအုံ့ဆိုင်းနေပြီ
ခပ်ကြမ်းကြမ်းလေအေးတချက်အတိုက်မှာ
ရင်ဘတ်တခု ကျကွဲသွားသံ
နားနဲ့ ဆတ်ဆတ် ကြားလိုက်ရတယ် အမေ။


တိမ်မည်းမည်းတွေ ခရီးသွားနေကြပြီ
တိမ်တိုက်တစ်ခု အဖြတ်
လစ်ဟာသွားတဲ့ ကောင်းကင်မှာ
မချိပြုံးနဲ့သွားဖြဲပြနေတဲ့ ကြယ်တွေ
မ၀ံ့မရဲနဲ့ လင်းလိုက်မှိန်လိုက် ရဲရဲမပြုံးနိုင်ရှာဘူးအမေ။

ဟိုး ..... ခပ်ဝေးဝေးမှ
လမင်းကတော့ သူတတ်နိုင်သလောက်အလင်းနဲ့
ကြယ်တွေကို ခွန်အားပေးနေပေမဲ့
သူ့ကိုယ်သူ အားမရတဲ့ ဟန်နဲ့
လူမသိ သူမသိ
သက်ပြင်းတွေ ခိုးခိုးရှိုက်နေတယ်အမေ။

ခရီးသွားနေတဲ့ တိမ်ဆိုင်တွေ
ကျနော့်ခေါင်းထက် တထောက်နား
သူတို့ပေါက်ကွဲမှုတွေကို မိုးရေအဖြစ်ရွာသွန်းနေကြပြီအမေ။

ပေါက်ကွဲမှုမိုးရေကြား မိနစ်အနည်းငယ် ငေးရင်း
ခေါင်းတစ်ချက်အငုံ့
စွေးစွေးနီရဲ ခပ်ဟဟ ဖြစ်နေတဲ့
ကျနော့်ရင်ဘတ်တံခါး
ခပ်ပါးပါးလေး ဆွဲစေ့ပြီး ဥပက္ခာအပြု
ပေါက်ကွဲမှုမိုးရေနဲ့ရောပြီး ကျနော့်ပါးပြင်ထက်
နွေးရှရှ ဖြတ်သန်းသွားခဲ့တယ် အမေ..။


ချိုခ

စစ်မှန်တဲ့ စိတ်ချမ်းသာမှုကို လိုချင်ရင် စိတ်သန့်ရှင်းရမယ်

စစ်မှန်တဲ့ စိတ်ချမ်းသာမှုကို လိုချင်ရင်

ဘယ်လိုကိစ္စမျိုးတွေ လုပ်မိတဲ့အခါမှာ guilt ဆိုတဲ့ နောင်တရတာမျိုး၊ shame ဆိုတဲ့ ရှက်သွားတာမျိုး ဖြစ်တတ်သလဲ။
သူများကို ထိခိုက်သွားတဲ့ ကိစ္စမျိုး။

အဓိကက အဲဒါမျိုး ဖြစ်တယ်နော်။ သူများ ပစ္စည်းခိုးတာ၊ သူများအကျိုးစီးပွား ကြီးကြီးမားမား ထိခိုက်သွားအောင် လိမ်လိုက်တာ။ သူများရသင့်တာကို ကိုယ်က ကြားကနေ ရအောင်လှည့်ယူလိုက်တာ၊ သူများ သားမယားကို ပြစ်မှား လွန်ကျူးတာ၊ သူများ ဂုဏ်သိက္ခာကျအောင် မဟုတ်မတရားပြောတာ၊ သူများ အသက်ကို သတ်တာ၊ သတ်ခိုင်းတာ၊ အဲဒါမျိုးတွေ လုပ်မိတဲ့အခါ ရှက်ရတယ်။ နောင်တရတယ်။ အကျဉ်းချုံးပြီးပြောရင် သီလပျက်တာနော်။ သီလ ပျက်ရင် ကိုယ့်ကိုယ်ကို လေးစားမှု မရှိတော့ဘူး။ စေတနာဆိုးနဲ့ လုပ်တာတွေ အားလုံးဟာ ကိုယ့်စိတ်ထားကို အောက်တန်းကျသွားစေတယ်။
ဒါကြောင့် (guilt) နောက်တ ပူပန်မှု ဖြစ်ရတာ၊ (shame) ရှက်ရတာမျိုး မဖြစ်အောင်ဆိုရင် စောင့်စည်းမှု ရှိရမယ်။ သီလကို စောင့်ထိန်းရမယ်။

သူတပါးအသက်ကို မသက်ဘူး။ သူတစ်ပါးပစ္စည်းကို မခိုးဘူး။ လိမ်လည်လှည့်ဖြားပြီး မယူဘူး။ သူတစ်ပါးသားမယားကို မပြစ်မှားဘူး။ လိမ်ညာပြီး မပြောဘူး။ မဟုတ်မမှန်တဲ့ အယူအဆ အတွေးအခေါ်ကို မပြောဘူး။ အရက်တို့၊ မူးယစ် ထိုင်းမှိုင်းစေတဲ့ ဆေးတွေကို မသုံးဘူး၊ စောင့်စည်းတယ်၊ ထိန်းသိမ်းတယ် ဆိုရင် (guilt) နောင်တ ပူပန်မှု ဖြစ်ရတာ၊ (shame) ရှက်ရတာမျိုး မဖြစ်ဘူး။

အရက်တို့ မူးယစ် ထုံထိုင်းဆေးတို့၊ စိတ်ကြွဆေးတို့ကို စွဲနေတဲ့သူတွေကို တွေ့ဖူးတယ်။ သူတို့ရဲ့ အမူအရာတွေဟာ ကြည့်လို့မကောင်းဘူး။ သူတို့မျက်နှာမှာ ကြည်လင်မှု၊ အေးချမ်းမှု မရှိတာတွေ တွေ့ရတယ်။ ညှိုးနွမ်းနေတယ်။ ကျန်းမာရေး မကောင်းတဲ့လက္ခဏာတွေ တွေ့ရတယ်။ သူတို့ကိုယ်ကို သူတို့ ယုံကြည်မှု၊ လေးစားမှု မရှိတော့ဘူး။ ပတ်ဝန်းကျင် အသိုင်းအ၀ိုင်းကလည်း သူတို့ကို တကယ် မလေးစားဘူး။

သူတို့ကိုကြည့်ရတာ ပျော်တဲ့အမူအရာလည်း မရှိဘူး။ ကြုံလို့ တစ်ခါက သူတို့နေတဲ့နေရာကို ရောက်ဖူးတယ်။ သူတို့နေတဲ့နေရာဟာ ညစ်ပတ်နံစော်နေတယ်။ သန့်ရှင်းမှု သပ်ရပ်မှု မရှိဘူး။ ရှုပ်နေတယ်။ အရက်မူးပြီးတော့ ကိုယ်ကိုယ်ကိုတောင် သန့်ရှင်းအောင် သပ်ရပ်အောင် မလုပ်နိုင်တဲ့သူ။ ကိုယ့်အိမ်၊ ကိုယ်အခန်းကိုတောင်မှ သန့်ရှင်းအောင် မထားနိုင်တဲ့သူများ ကိုယ့်ကိုယ်ကို လေးစားမှု (self-respect) ဘယ်ရှိနိုင်မှာလဲ။ ဘယ်လိုမှ မရှိနိုင်ဘူး။

ကိုယ့်ကိုယ်ကို လေးစားမှုမရှိတဲ့သူ၊ သူများကလည်း ကိုယ့်ကို မလေးစားဘူးလို့ ခံစားရတဲ့သူဟာ အဲဒါကို ခံရခက်လို့ ကိုယ်ကို သူများကြောက်အောင် ဒေါသကြီးကြီးနဲ့ ပြောဆို ဆက်ဆံတတ်တယ်။ ကြောက်တာဟာ လေးစားမှုအတု တစ်မျိုးဖြစ်တယ်။ လေးစားမှု အစစ် မဟုတ်ဘူး။ သူဟာ အဲဒီလေးစားမှု အတုဖြစ်တဲ့ ကြောက်တာကိုပဲ ရအောင် လုပ်တော့တယ်။ အတုလောက်နဲ့ပဲ ကျေနပ်ရတော့တယ်။ အစစ်ကိုတော့ မရနိုင်ဘူး။

ကိုယ့်ကိုယ်ကို လေးစားတဲ့သူ၊ သူတစ်ပါးရဲ့ လေးစားမှုကိုလည်း ထိုက်ထိုက်တန်တန် ရတဲ့သူဟာ စိတ်ချမ်းသာတယ်။ စိတ်အေးချမ်းတယ်။ ဒါကြောင့် အများနဲ့ ဆက်ဆံတဲ့အခါမှာ နူးညံ့တယ်၊ စိတ်ရှည်တယ်၊ ကြောက်တာကို သူ မလိုချင်ဘူး။

အရက်တို့ မူးယစ်ထုံထိုင်းဆေးတို့ စွဲနေတဲ့သူဟာ အလုပ်ကိုလည်း မှန်မှန်ကန်ကန် မလုပ်နိုင်ဘူး။ တချို့မိသားစုရှိတယ်။ မိသားစုကို ကောင်းကောင်းမွန်မွန် ရှာမကျွေးနိုင်ဘူး။ မထောက်ပံ့နိုင်ဘူး။ မနေသာတဲ့ သူတွေက သူတို့ကို ပြန်ပြီး ထောက်ပံ့နေရသေးတယ်။

ကိုယ့်တာဝန် ကိုယ်မယူနိုင်တဲ့သူ၊ ကိုယ့်မိသားစုကို ကိုယ်ရှာမကျွေးနိုင်တဲ့သူဟာ ကိုယ့်ကိုယ်ကို ဘယ်လိုလုပ် လေးစားမှုရှိနိုင်မလဲ။ ရှက်နေမယ်၊ အားငယ်နေမယ်၊ တချို့ အဲဒီလို ရှက်နေတာ အားငယ်နေတာကို မေ့ထားနိုင်ဖို့ မူးအောက် သောက်ပြန်တယ်။

မလုပ်သင့်တာတွေကို လုပ်နေတဲ့သူတွေဟာ သူတို့ (guilt) အပြစ်ရှိတဲ့သူတစ်ယောက်ဖြစ်နေတဲ့အတွက် ပူလောင်တဲ့ ခံစားမှု၊ (shame) ရှက်တဲ့ခံစားမှု ရှိတယ်။

ဒါကြောင့် စစ်မှန်တဲ့ စိတ်ချမ်းသာမှုကို လိုချင်ရင် ပထမဦးဆုံး (self-respect) မိမိကိုယ်ကို တကယ်လေးစားမှုကို ရအောင် လုပ်ရမယ်။ သူများကိုယ့်ကို မလေးစားတာက ကိုယ်မတတ်နိုင်တဲ့ကိစ္စ ဖြစ်တယ်။ တချို့က ကောင်းတဲ့လူကိုတောင် မလေးစားတာ ရှိသေးတာပဲ။ ဒါ သူတို့နဲ့ပဲ ဆိုင်တယ်လို့ ထားလိုက်လို့ရသေးတယ်။ ဒါ သူ့သဘောပေါ့။ များအားဖြင့်တော့ ကောင်းကောင်းမွန်မွန် နေတဲ့လူကို လေးစားကြပါတယ်။ ကောင်းကောင်းမွန်မွန် နေတဲ့လူကို မလေးစားတဲ့သူဟာ သူကိုယ်တိုင်က မကောင်းတဲ့သူ၊ ကိုယ့်ကိုယ်ကို မလေးစားနိုင်တဲ့သူ ဖြစ်နေလို့ပဲ။

ကောင်းကောင်းနေတဲ့သူ၊ ကိုယ့်ကိုယ်ကို လေးစားတဲ့သူဟာ ကောင်းကောင်းနေတဲ့လူကို လေးစားနိုင်ပါတယ်။ အင်မတန် လေးစားပါတယ်။ စိတ်ကောင်းရှိတဲ့လူဟာ စိတ်ကောင်းရှိတဲ့လူကို သိပ်လေးစားပါတယ်။ အကျင့်စာရိတ္တကောင်းတဲ့သူဟာ အကျင့်စာရိတ္တ ကောင်းတဲ့သူကို လေးစားပါတယ်။

စိတ်ကောင်းရှိတဲ့လူ၊ ကောင်းကောင်းမွန်မွန်နေတဲ့သူကို မလေးစားနိုင်တဲ့လူဟာ သူ့ကိုယ်သူ မလေးစားနိုင်လို့ ခံရခက်နေတာ၊ ရှက်နေတာကို react လုပ်တာ၊ တုန့်ပြန်တာပဲ။ သူကိုယ်တိုင်က မကောင်းတော့ ကောင်းတဲ့လူကို မြင်ရတဲ့အခါ သူမကောင်းတာ ပိုပြီးတော့ ထင်ရှားလာလို့ အဲဒီ ကောင်းတဲ့လူကိုပဲ မကျေမနပ်ဖြစ်တယ်။ တချို့တော့ ကိုယ်က ကောင်းကောင်းမနေပေမဲ့ ကောင်းကောင်းနေတဲ့လူကို လေးစားနိုင်တယ်။ အဲဒီလိုလူဟာ တစ်နေ့မှာ လူကောင်းတစ်ယောက် ဖြစ်လာနိုင်သေးတယ်။ ကောင်းတဲ့လူကို မလေးစားနိုင်တဲ့ လူဟာ သူကိုယ်တိုင် ကောင်းတဲ့လူ ဖြစ်မလာနိုင်ဘူး။

သူများရဲ့ ကောင်းတဲ့ဂုဏ် (quality) ကို မလေးစားရင် ကိုယ့်မှာ အဲဒီကောင်းတဲ့ဂုဏ် (quality) မျိုး မဖြစ်ပေါ်နိုင်ဘူး။ ဒါကြောင့် သူများမှာ ကောင်းတဲ့ ဂုဏ် တစ်ခုခုရှိရင် အဲဒါကို လှိုက်လှိုက်လှဲလှဲ လေးစားနိုင်တဲ့သူဖြစ်ရမယ်။ ဒါမှ အဲဒီဂုဏ် (quality) မျိုးကို ကိုယ်လည်း ရလာမယ်။ သူများရဲ့ ကောင်းတဲ့ဂုဏ်ကို မလေးစားနိုင်ရင် ကိုယ့်မှာ အဲဒီဂုဏ်မျိုး မရနိုင်အောင် မဖြစ်နိုင်အောင် လမ်းပိတ်လိုက်သလိုဖြစ်သွားတယ်။

စိတ်သန့်ရှင်းရမယ်

လုပ်သင့်တာကို မလုပ်တဲ့အခါမှာလည်း ကိုယ့်ကိုယ်ကို လေးစားမှု (self-respect) နည်းသွားတယ်။ အဲဒါ သူများတော့ မသိဘူး။ ကိုယ်ပဲ သိတယ်။

ဟုတ်တယ်၊ လုပ်သင့်တာကို လုပ်နိုင်ပါလျက်နဲ့၊ သိပါလျက်နဲ့ မလုပ်ဘဲ နေရင်လည်း ကိုယ့်ကိုယ်ကို လေးစားမှု နည်းသွားတယ်။ ဒါကြောင့် လုပ်သင့်တာကိုလည်း လုပ်ရမယ်။ မလုပ်သင့်တာကိုလည်း မလုပ်မိအောင် ထိန်းသိမ်းစောင့်စည်းရမယ်။ ဒါမှသာ မိမိကိုယ်ကို လေးစားနိုင်မယ်။

မလုပ်သင့်တာ လုပ်မိလို့ ရှက်နေတယ်။ နောင်တ ဖြစ်နေတယ်ဆိုရင် စိတ်မှာ ကြည်လင် အေးချမ်းမှု မရှိဘူး။ စိတ် မချမ်းသာဘူး။ ကိုယ့်အမှားကို ကိုယ် ထပ်ခါ ထပ်ခါ တွေးနေမယ်။ သို့မဟုတ်ရင် မေ့ဖို့ကြိုးစားတဲ့အနေနဲ့ တခြားကို စိတ်လမ်းလွှဲနေရင် သူ့စိတ်ဟာ လွတ်လပ်မှုမရှိဘူး။ သူ့စိတ်က မလွတ်လပ်တော့လို့ တခြားတန်ဖိုးရှိတဲ့ ကိစ္စတွေ လုပ်ဖို့ စိတ်မအားတော့ဘူး။ တန်ဖိုးရှိတဲ့၊ လေးနက်တဲ့၊ သိမ်မွေ့တဲ့ ကိစ္စတွေ လုပ်ဖို့ စိတ်မှာ အင်အား မရှိဘူးတော့ဘူး။ ပညာရေးနဲ့ ပတ်သက်တာတွေကို လုပ်ဖို့ စိတ်မှာ အင်အားမရှိဘူး။ နောက်တနဲ့ ရှက်ရတဲ့အထဲမှာပဲ သူ့စိတ်က ချောင်ပိတ်မိနေပြီ။

ကိုယ့်ကိုယ်ကို လေးစားမှုရှိဖို့ဆိုတာ အကျင့်သီလနဲ့ ပတ်သက်ပြီးတော့ စင်ကြယ်မှု ရှိရမယ်။ စင်ကြယ်မှု လို့ ဆိုကတည်းက သန့်ရှင်းမှုဆိုတဲ့ အဓိပ္ပါယ်နော်။ ကိုယ်အမှု၊ နှုတ်အမှုတွေမှာ အပြစ်ကင်းတယ်၊ သန့်ရှင်းတယ်ဆိုရင်ပဲ ကိုယ့်ကိုယ်ကို လေးစားနိုင်ပါတယ်။ ဒီထက်တစ်ဆင့်မြှင့်ရရင် စိတ်သန့်ရှင်းဖို့လည်း လိုတယ်။

စိတ်ထဲမှာ ဖြစ်နေတဲံအတွေးတွေက မကောင်းတာတွေ၊ မတွေးသင့်တာတွေ ဖြစ်နေရင်၊ အဲဒီလိုအတွေးမျိုးတွေ တွေးနေလို့ကိုပဲ '' ငါမတွေးသင့်တာတွေ တွေးနေပါလား'' ဆိုပြီး (guilt) ပူပန်မှုဖြစ်တယ်။ '' ငါ့စိတ်က မသန့်ရှင်းဘူး '' ဆိုပြီး ရှက်တယ်။ ဒါကြောင့် စိတ်ကို သန့်ရှင်းအောင် ထားတတ်ဖို့လိုတယ်။ ကိုယ့်စိတ်ထဲမှာ ဘာတွေတွေးနေသလဲဆိုတာ နည်းနည်း သတိထားထားပြီး ကြည့်တဲ့အလေ့အကျင့်လေး ရှိရမယ်။ စိတ်ကို သိနေရင်၊ အတွေးတွေကို သိနေရင် မသန့်ရှင်းမှုက တဖြည်းဖြည်း နည်းသွားနိုင်တယ်။ ဖြစ်ကြော မရှည်တော့ဘူး။ သန့်ရှင်းပြီး ကြည်လင်အေးချမ်းနေတဲ့ စိတ်ဖြစ်တာများလာမယ်။

ဆရာတော်ဦးဇောတိက (မဟာမြိုင်တောရ)
လေးစားပါတယ်
ဘ၀တန်ဘိုး
အထီးကျန်ဘ၀မှ လွတ်မြောက်ခြင်း (စာအုပ်မှာ) ကောက်နှုတ်ဖော်ပြပါသည်။
(သတ္တ၀ါ အားလုံး ဘေးအန္တရာယအပေါင်းမှ ကင်းဝေးကြပါစေ။)

ခွင့်လွှတ်ခြင်း

 အတိတ်က ဘာပဲဖြစ်ခဲ့ဖြစ်ခဲ့ အဲဒါကို နားလည်ဖို့လိုတယ်၊ ခွင့်လွှတ်ဖို့လိုတယ်။ အတိတ်ကဖြစ်ခဲ့တဲ့ လွဲခဲ့တာတွေ မှားခဲ့တာတွေကို ခွင့်လွှတ်နိုင်ခြင်းအားဖြင့် နောင်အနာဂတ်မှာ ကောင်းတာတွေ လုပ်နိုင်ဖို့အတွက် အုတ်မြစ်ကောင်းကောင်းကို ရသွားတယ်နော်။ အတိတ်က အကြောင်းတွေကို ထပ်ခါတလဲလဲ တွေးနေ ပြောနေပြီးတော့ အဲဒီအတိတ်မှာပဲ ချောင်ပိတ်မိနေလို့ရှိရင် ထောင်ချောက်ကြီးထဲ ရောက်နေသလို ဖြစ်တယ်။
ခွင့်လွှတ်ခြင်းအားဖြင့် အကျိုးတွေအများကြီး ရှိလာတယ်။ စိတ်ရှင်းသွားတယ်။ လွတ်လပ်သွားတယ်။ အမှုကိစ္စတွေ အများကြီး ပြီးသွားပါတယ်။

ခွင့်လွှတ်ခြင်းဆိုတာ မှန်ကန်တဲ့အမြင်၊ မှန်ကန်တဲ့ အသိမှာ အခြေခံမှ ဖြစ်နိုင်တယ်။ ပြီးတော့ သူတစ်ပါးကိုချည်း ခွင့်လွှတ်ရုံနဲ့ မရသေးဘူး။ မပြည့်စုံသေးဘူး။ မိမိကိုယ်ကိုပါ ခွင့်လွှတ်နိုင်မှ ပြည့်စုံတယ်။

ကိုယ်လုပ်ခဲ့သမျှကို ပြည်ကြည့်ပြီးတော့ မှားတာကိုတော့ မှားပါတယ်လို့ ရိုးရိုးသားသား တိတိကျကျ ၀န်ခံဖို့လိုတယ်။ သင်ခန်းစာလည်း ယူဖို့လိုတယ်။ ပြီးရင် ငါ့ကိုယ်ကိုလည်း ငါ ခွင့်လွှတ်လိုက်မယ်။ ရှေ့လျှောက် ငါကောင်းတာတွေ လုပ်တော့မယ်။ နောင်တရပြီးတော့ တစ်နေ့တစ်နေ့ အချိန်မကုန်စေချင်တော့ဘူး။
ကိုယ့်ကိုယ်ကိုလည်း ခွင့်လွှတ်တတ်ဖို့လိုတယ်။ နောင်တရတဲ့စိတ် အားကြီးလွန်းရင် သူကပဲပိတ်ပင်ထားလို့ တရားအသိဥာဏ် အဆင့်မြင့်မြင့်ကို မရနိုင်ဘူး။

ခွင့်လွှတ်နိုင်တဲ့အခါ လောကကြီးကို ကြည့်လိုက်ရင် လောကကြီးက ကြည့်လို့ကောင်းနေတယ်။ သာယာနေတယ်။ အရာရာတိုင်းဟာ လှနေတယ်၊ အဓိပ္ပာယ်ရှိနေတယ်။ ဒါတွေကို ကြည့်နိုင်ဖို့၊ မြင်နိုင်ဖို့၊ အာရုံပြုနိုင်ဖို့၊ သိနိုင်ခံစားနိုင်ဖို့ သူ့စိတ်ကို ပေးနိုင်တယ်။
ခွင့်မလွှတ်နိုင်တဲ့သူဟာ ဒါတွေအတွက် သူ့စိတ်မှာ နေရာမပေးနိုင်ဘူး၊ အချိန်မပေးနိုင်ဘူး။ သူ့မျက်စိက ဖွင့်ထားပေမယ့် သူ မမြင်နိုင်ဘူး။ သူ့နားထဲကို အသံတွေ ၀င်ရောက်လာပေမဲ့ သူ အာရုံမပြုနိုင်ဘူး။ မကြားနိုင်ဘူး။ သူ တန်ဖိုးမထားနိုင်ဘူး။

ခွင့်လွှတ်နိုင်တဲ့စိတ်ဟာ မြင့်မြတ်တဲ့ စိတ်ဖြစ်တယ်။ ရင့်ကျက်တဲ့ ခိုင်မာတဲ့ စိတ်ဖြစ်တယ်။ သဘောထားကြီးတဲ့စိတ် (big mind) ဖြစ်တယ်။ (powerful mind ) အင်အားကြီးတဲ့စိတ် ဖြစ်တယ်။ ဒါကြောင့် ခွင့်လွှတ်နိုင်တဲ့သူဟာ စိတ်ဓါတ်ကျမနေတော့ဘူး။

ကိုယ့်ဘ၀ကို အသိဥာဏ်အလင်းနဲ့ နေသွားချင်တဲ့သူ၊ နေသွားနိုင်တဲ့သူ ဟုတ်သလား? မဟုတ်ဘူးလား?ဆိုတာသိအောင် ခွင့်လွှတ်နိုင်တဲ့သူလား? ခွင့်မလွှတ်နိုင်တဲ့သူလား? ဆိုတဲ့ စာမေးပွဲ အစစ်ခံရသလို ဖြစ်တယ်နော်။။

ကိုယ့်ဘ၀မှာ အဆိုးနဲ့ကြုံတိုင်း အမြဲတမ်း ကောင်းတာကို လုပ်ဖို့ကြိုးစားပါ။

သူလုပ်သလို ပြန်လုပ်ခြင်းအားဖြင့် သူ့ထက်သာတဲ့သူ မဖြစ်နိုင်ဘူး။

ခွင့်လွှတ်တယ်ဆိုတာ မေ့လိုက်တာမဟုတ်ဘူး။
တွေ့ကြုံခဲ့တဲ့ အတွေ့အကြုံတွေဟာ၊ ဒီအတွေ့အကြုံတွေနဲ့ ပတ်သက်တဲ့ စိတ်ဆင်းရဲမှု၊ ကိုယ်ဆင်းရဲမှုတွေအားလုံးဟာ ကိုယ့်အတွက် အင်မတန်ကြီးမားတဲ့ သင်ခန်းစာယူစရာတွေ ဖြစ်ပါတယ်။ ဒီအထဲက ပညာယူရမယ်နော်။ မေ့လိုက်ရင် ပညာမရတော့ဘူး။ ဒါကြောင့် မေ့ဖို့မသင့်ဘူး။ ဒါကိုနားလည်ဖို့ ကြိုးစားရမယ်။
ခွင့်လွှတ်တယ်ဆိုတာဟာ သူလုပ်ခဲ့တဲ့ကိစ္စကို လျှော့လျှော့ပေါ့ပေါ့ တွက်လိုက်တာ မဟုတ်ဘူးနော်။ မမှားပါဘူး၊ ကောင်းပါတယ်လို့ ပြောတာမဟုတ်ဘူး။ ကိုယ်လုပ်ခဲ့တဲ့ကိစ္စကိုလည်း လျှော့လျှော့ပေါ့ပေါ့တွက်တာ မဟုတ်ဘူး။
သူ့ကိုခွင့်လွှတ်လိုက်တယ်ဆိုတာဟာ သူလုပ်ခဲ့တဲ့ကိစ္စဟာ လက်ခံနိုင်ပါတယ်၊ အရေားမကြီးပါဘူး၊ သိပ်မဆိုးပါဘူးလို့ မဆိုလိုဘူး။ သူလုပ်ခဲ့တဲ့ကိစ္စကြောင့် ကိုယ့်မှာထိခိုက်သွားတာဟာ အရေးမကြီးပါဘူးလို့ ပြောတာမဟုတ်ဘူး။
ခွင့်လွှတ်တယ်ဆိုတာ အတိတ်ကဖြစ်ခဲ့တဲ့ ဖြစ်ရပ်တွေကြောင့် ကိုယ့်မှာ နာကျည်းနေတာ၊ သူ့ကို ပြန်ပြီးတော့ ဂလဲ့စားချေမယ်ဆိုတဲ့ အတွေးမျိုးတွေ တွေးနေရတာကို ကိုယ်က လွှတ်လိုက်တာ၊ လျှော့လိုက်တာနော်။ ဒီအတွေးတွေက ကိုယ့်ရဲ့ပစ္စုပ္ပန်နဲ့အနာဂတ်ကို အကျိုးသက်ရောက်မှု ဖြစ်စေတယ်။ စိတ်ချမ်းသာမှု တကယ် မရနိုင်ဘူး။ ဒါပေမဲ့ ခွင့်လွှတ်လိုက်တာဟာ မှားတာကို မှန်ပါတယ်လို့ လုပ်လိုက်တာ မဟုတ်ဘူး။
ခွင့်လွှတ်နိုင်ရင် ဒဏ်ရာဟောင်း ကျက်လွယ်တယ်။ စိတ်နေ သဘောထား မြင့်မားလာတယ်။ ခွင့်လွှတ်တယ်ဆိုတာဟာ အင်မတန်မြင့်မြတ်တဲ့ကိစ္စ ဖြစ်ပါတယ်။
ခွင့်လွှတ်နိုင်တဲ့အချိန်ကနေစပြီး စိတ်ဟာ ငြိမ်းချမ်းသွားပြီ၊ လွတ်လပ်သွားပြီတဲ့။ ခွင့်လွှတ်တယ်ဆိုတာ ကိုယ့်စိတ်ကို သက်သာမှုရအောင် ကိုယ်လုပ်လိုက်တာပါနော်။
ကိုယ့်စိတ်ကို ဒီ မုန်းတီးမှု၊ နာကြည်းမှု၊ ကလဲ့စားချေချင်တယ်ဆိုတဲ့ အတွေးတွေက နှောင်ဖွဲ့ထားတာကို လွှတ်လိုက်တာပဲ။ သူများအပေါ်မှာ နာကြည်းနေရတာ၊ သူတစ်ပါးကို လက်စားချေမယ်လို့ တွေးနေရတာတွေဟာ အမှန်တော့ ကိုယ့်ဘ၀ကို ပုံပျက်ပန်းပျက် ဖြစ်သွားစေတယ်။ ကိုယ်တကယ်လုပ်သင့်တဲ့၊ ကိုယ့်အတွက်အကျိုးရှိမယ့် ကိစ္စတွေကို လုပ်ခွင့်မရတော့ဘူး။ ဒါကြောင့် ခွင့်လွှတ်လိုက်တာဟာ ကိုယ့်စိတ်ကို လွတ်လပ်မှုပေးလိုက်တာပဲ။ ကိုယ့်စိတ်ကို ငြိမ်းချမ်းခွင့်ပေးလိုက်တာပဲ။
ရန်ငြိုးဖွဲ့နေရတာ၊ မုန်းတီးနေရတာ၊ မကျက်သေးတဲ့ဒဏ်ရာဟောင်းတွေကို ပြုစုနေရတာနဲ့ ကုန်နေရတဲ့အင်အားတွေကို ပိုပြီးတော့ကောင်းတဲ့နေရာမှာ အသုံးပြုနိုင်အောင် လွတ်လပ်အောင် လုပ်တာဟာ ခွင့်လွှတ်တာပဲ။
အဲဒီလို နာကြည်းနေရတဲ့အတွက် စိတ်ဓါတ်အင်အားတွေ၊ ခန္စာကိုယ်အင်အားတွေ၊ အချိန်တွေ ကုန်မယ့်အစား အဲဒီအချိန်နဲ့အင်အားတွေကို ပစ္စုပ္ပန်မှာလည်း အကျိုးများအောင် အနာဂတ်မှာလည်း အကျိုးများအောင် ကောင်းတဲ့ကိစ္စတွေကို လုပ်ရင်းနဲ့ အသုံးချချင်တယ်။ ဒါကြောင့် သူ့ကို ခွင့်လွှတ်တာ။
ခွင့်လွှတ်လိုက်တယ်ဆိုတဲ့ အဓိပ္ပာယ်က သူ့ကိုနာကြည်းနေရတာကို ငါလုပ်နေဖို့ မလိုတော့ဘူး။ အဲဒါ ငါ့အတွက် မလိုအပ်တော့ဘူး၊ အဲဒါ ငါ့အတွက် အသုံးမကျတော့ဘူး၊ အကျိုးမရှိဘူးလို့ သိသွားတာ။
အမှန်တော့ Forgiveness is power ခွင့်လွှတ်ခြင်းဟာ စွမ်းအား ဖြစ်ပါတယ်။ ခွင့်လွှတ်တယ်ဆိုတာ စိတ်ဓါတ်ရော အသိဥာဏ်ပါ ကြီးမားတဲ့သူရဲ့ လုပ်ရပ်ဖြစ်တယ်။ ခွင့်မလွှတ်နိုင်တာဟာ စိတ်ဓါတ်အင်အား၊ အသိဥာဏ်အင်အား နည်းတဲ့သူရဲ့ အလုပ်ဖြစ်တယ်။
ခွင့်လွှတ်တယ်ဆိုတာ စာရင်းဟောင်းတွေကို ရှင်းပစ်လိုက်တာပဲ။ '' ငါ ဒီခွင့်မလွှတ်နိုင်ခြင်းဆိုတဲ့ ခံစားမှုထဲမှာ ထောင်ကျခံပြီး မနေတော့ဘူး'' ဆိုပြီး ကိုယ့်ထောင်တံခါးကို ကိုယ် ဖွင့်လိုက်တာပဲ။

ဘယ်သူ့ကိုမှ ဘယ်တော့မှ အပြစ်မတင်တော့တဲ့သူ ဖြစ်ချင်တယ်။ ခွင့်လွှတ်တယ်ဆိုတာ ဘာဖြစ်လို့လဲဆိုတော့ အပြစ်ယူခဲ့လို့၊ အပြစ်တင်ခဲ့လို့၊ ခွင့်လွှတ်နေရတာနော်။ အပစ်မတင်တော့ဘူးဆိုရင် ခွင့်လွှတ်နေဖို့လည်း မလိုတော့ဘူး။ ခွင့်လွှတ်စရာ မလိုတော့ဘူးဆိုရင် ဘယ်လောက် လွတ်လပ်ပြီးော့ ဘယ်လောက် အေးချမ်းသွားမလဲနော်။

ဆရာတော် ဦးဇောတိက

Thursday, December 15, 2011

ကိုယ့်စိတ်က ကိုယ့်မိတ်ဆွေ၊ သတိပဋ္ဌာန်အဖော်

ကိုယ့်စိတ်က ကိုယ့်မိတ်ဆွေ

ကိုယ့်ဟာ့ကိုယ် တရာအားးထုတ်ပြီးနေရင် ကိုယ့်စိတ်က ကိုယ့်မိတ်ဆွေ ဖြစ်နေတယ်။ ကိုယ့်ကို အများဆုံး စိတ်ဆင်းရဲအောင် လုပ်တာဟာ သူများမဟုတ်ပါဘူး။ ကိုယ့်စိတ်ပါ။ ကိုယ့်အတွေးပါ။ ကိုယ့်သဘောထား မှားနေလို့၊ ကိုယ့်အတွေးအခေါ်တွေ မှာနေလို့၊ ကိုယ့်စိတ်ကို ကိုယ်နားမလည်လို့၊ ကိုယ့်စိတ်ကို ကိုယ်တည်ငြိမ်အောင်၊ အေးချမ်းအောင် မထားတတ်လို့ အဲဒီစိတ်က အတွေးတွေ အမျိုးမျိုး တွေးပြီးတော့ ကိုယ့်ကိုယ်ကို ပြန်နှိပ်စက်နေတာပါ။

အဲဒီတော့ ကိုယ့်ကိုယ်ကို အပြစ်မတင်ပါနဲ့။ ငါ မကောင်းဘူး၊ ငါ ဆိုးတယ်၊ ငါ အသုံးမကျဘူး၊ အဲဒီလိုတော့ မတွေးပါနဲ့။ ငါ မတတ်နိုင်တဲ့ကိစ္စရှိတယ်။ ငါ တတ်နိုင်တဲ့ကိစ္စ ရှိတယ်။ ငါ ဆိုးတဲ့အပိုင်းရှိသလို ငါ ကောင်းတဲ့အပိုင်းလည်း ရှိတယ်ဆိုတာ လက်ခံပြီးထားပါ။ ကောင်းတာတွေကို တစ်နေ့တခြား ပိုပိုပြီးတော့ လုပ်သွားပါ။

နေ့စဉ်နေ့တိုင်း ကိုယ့်စိတ်ကို ကိုယ်သိပြီးတော့ နေသွားမယ်ဆိုရင် အလိုအလျောက်ပဲ ကောင်းတဲ့ဘက်က တိုးတက်လာတယ်။ ဆိုးတဲ့ဘက်က လျော့သွားတယ်။ သတိပဋ္ဌာန်တရားကို ထိထိမိမိ အားထုတ်တယ်ဆိုရင် ယုတ်စွအဆုံး ဆေးလိပ်ပြတ်သွားတယ်၊ အရက်ပြတ်သွားတယ်၊ အပျော်အပါးနဲနဲ နဲသွားတယ်၊ TV, Video ကြည့်သည့် အချိန် နဲသွားတယ်။

လူအတော်များများဟာ ဒုက္ခတွေအများကြီး ကြုံရတာ ဘာလို့တုံးဆိုတော့ မလုပ်သင့်တာတွေကို လုပ်နေတယ်။ လုပ်သင့်တာကို မလုပ်ဘူး။ အဲဒါကြောင့် ဒုက္ခတွေအများကြီး ကြုံရတာ ဘာလို့တုံးဆိုတော့ မလုပ်သင့်တာတွေကို လုပ်နေတယ်။ လုပ်သင့်တာကို မလုပ်ဘူး။ အဲဒါကြောင့် ဒုက္ခတွေများနေတာ။ သတိပဋ္ဌာန် တရား အားထုတ်လာတဲ့အခါမှာ အသိအမြင်တစ်မျိုး လေးနက်ရင့်ကျက်လာတဲ့အတွက်ကြောင့် ရွေးချယ်နိုင်တဲ့စွမ်းအား ကြီးလာတယ်။

နိုင်ငံခြားမှာနေတဲ့ တပည့်တစ်ယောက်က ပြောတယ်၊ နိုင်ငံခြားမှာ internet ကို လွယ်လွယ်ကူကူ သုံးလို့ရတယ်၊ ကြိက်တဲ့ information, ကြိုက်တဲ့ entertainment ကို ခလုတ်ကလေး သုံးလေးခု နှိပ်လိုက်ရုံနဲ့ ချက်ချင်းရတယ်။ အရင် တရားအားမထုတ်ခင်တုန်းက internet ခေါ်ပြီး ပေါ်လာသမျှကို စိတ်ဝင်စားနေတာ မဆုံးနိုင်တော့ဘူး။ ပိုက်ဆံလည်း အများကြီး ကုန်တယ်၊ အချန်လည်း အများကြီး ကုန်တယ်။ အခုတော့ တရားကို ကြိုးစားပြီး အားထုတ်လာတဲ့အခါမှာ မြင်ရသမျှ၊ ကြားရသမျှအပေါ်ကို ဥာဏ်လေးနဲ့ သုံးသပ်အကဲခတ်ပြီးသား ဖြစ်နေတယ်။ တန်ဖိုးမရှိဘူး၊ အကျိုးမရှိဘူး၊ အပျင်းပြေရုံသက်သက်၊ အပျော်သက်သက် ဖြစ်နေရင် ချက်ခြင်း ပိတ်ပစ်လိုက်တယ် တဲ့။

အဲသလို မလုပ်သင့်တာတွေကို မလုပ်ဘဲနဲ့ လုပ်သင့်တာတွေကို ပိုပြီး လုပ်လာတဲ့အခါမှာ ကိုယ့်ကိုယ်ကို လေးစားမှု၊ ချစ်ခင်မှု၊ တိုးလာတယ်။ ကိုယ့်ကိုယ်ကိုယ် ယုံကြည်မှု တိုးလာတယ်။ အကျိုးမရှိတာတွေ လုပ်နေတဲ့သူမှာ ကိုယ့်ကိုယ်ကို လေးစားမှု၊ ချစ်ခင်မှု မရှိနိုင်ဘူး။

ဘ၀ကို အဓိပ္ပာယ်ရှိရှိ၊ အနှစ်သာရပြည့်ပြည့် နေသွားချင်တယ်ဆိုရင် တရားအားထုတ်ပါ။ လုပ်သင့်တာတွေ လုပ်ပါ။ ဒါဆိုရင် ကိုယ့်ကိုယ်ကို လေးစားလာမယ်။ ချစ်လာမယ်။ ကိုယ့်ကိုယ်ကို တန်ဖိုးထားလာမယ်။ ကိုယ့်ကိုယ်ကို အထင်မသေးတော့ဘူး။ ကိုယ့်ဘ၀ ကိုယ်ကျေနပ်ပြီး ကြည်လင်ရွှင်လန်းတဲ့သူ ဖြစ်နေမယ်။

လူတိုင်း လူတိုင်း ကိုယ့်ကိုယ်ကို မိတ်ဆွေကောင်းဖြစ်အောင် ကြိုးစားပါ။
တရားအားထုတ်လာပြီး သတိ၊ သမာဓိ၊ ဥာဏ်ပညာ ရင့်ကျက်လာတဲ့အခါမှာ အနားမှာ ဘယ်သူမှမရှိပေမဲ့ အဖော်မဲ့လို့ အားငယ်နေတဲ့သဘောမျိုး မဖြစ်ဘူး၊ အဖော်ကို အပြင်မှာ မရှာတော့ဘူး၊ ကိုယ့်ကိုယ်ကို ကျေနပ်နေတဲ့စိတ်ဟာ ကိုယ့်အဖော်ဖြစ်နေတယ်။ သတိဟာ ကိုယ့်အဖော် ဖြစ်နေတယ်၊ ငါ့မှာ အဖော်မရှိပါလားဆိုပြီးတော့ အားမငယ်ဘူး၊ မကြောက်တော့ဘူး။

သတိပဋ္ဌာန်အဖော်

သတိပဋ္ဌာန်အဖော်ကို အဖော်ကောင်း ဖြစ်လာအောင် သေသေချာချာ ကြိုးစားရမယ်။ တကယ်တော့ နောက်ဆုံးအချိန်မှာ ဘယ်သူအဖော်ဖြစ်နိုင်မလဲ။ နောက်ဆုံးအချိန်မှာ သတိပဋ္ဌာန်အဖော်နဲ့ပဲ လက်တွဲပြီးတော့ ဘ၀သံသရာခရီးကို သွားရမှာပဲ။

ဒီဘုန်းကြီးလည်း အရင်တခါ အကြီးအကျယ် နေမကောင်းဖြစ်လိုက်တယ်။  တစ်သက်လုံး ပြင်းပြင်းထန်ထန် နေမကောင်းဖြစ်တာ ဒီတခါပဲရှိတယ်။ ဘယ်လောက်ထိအောင် အားနဲသွားလဲဆိုရင် မျက်စိဖွင့်လို့ မရတော့ဘူး။ စကားတခွန်း ပြောဖို့ကို တော်တော် ပင်ပန်းတယ်။ ခန္စာကိုယ် တစ်ကိုယ်ယလုံး ရောင်နေတယ်။ အသက်ရှုလို့ မ၀ဘူး၊ အကျိတ်တွေလည်း ရောက်နေတာ လည်ပင်းကြီးကို ဖုထွက်နေတယ်။ ခေါင်းအင်မတန် ကိုက်တယ်၊ ပျို့ချင်အန်ချင်တယ်၊ လုံးဝ မထနိုင်တော့ဘူး။ အိပ်ရာမှာ အိပ်နေရတယ်၊ အသားအဆီ မရှိတော့ဘူး။ အရိုးတွေနဲ့ အရေပဲ ကျန်တယ်။ ရေကို ဇွန်းနဲ့ထည့်ပေးရတယ်။ သွေးအား အလွန်နဲသွားတယ်၊ ဘယ်လောက်ထိအောင် ပင်ပန်းသလဲဆိုရင် ဟိုဘက်၊ သည်ဘက် စောင်းချင်တာတောင် မပြောနိုင်ဘူး။ အဲဒီအချိန်မှာ ဘယ်သူ့ကို အဖော်လုပ်မလဲ၊ အနားမှာ ထိုင်နေတဲ့လူတွေ၊ ပြုစုပေးတဲ့လူတွေ၊ အများကြီး ရှိပါတယ်။ ဒါပေမဲ့ ကိုယ်ခံစားနေရတာကို သူတို့မသိနိုင်ဘူး။ အဲဒီအခါ တရားကိုပဲ သေသေချာချာ ထိထိမိမိ ဖြစ်အောင် ရှုမှတ်ရတာပဲ။

ခန္စာကိုယ် နာနေတာလည်း သိတယ်။ စိတ်ကလည်း နာလိုက်တာလို့ ပြောနေတာ သိတယ်။ သတိလေးနဲ့ အဲဒီသဘောတွေကို မြင်အောင် ကြည့်ရင်း ကြည့်ရင်းနဲ့ အတွေးတွေ တိတ်သွားတဲ့အခါ စိတ်မှာ ဒေါမနဿ မရှိတော့ဘူး။ ဥပေက္ခာပဲ ဖြစ်နေတယ်။ ဥပေက္ခာဆိုတာ ၀မ်းသာ၊ ၀မ်းနဲမှုမရှိဘူး။ ဟိုလိုဖြစ်ချင်တယ်၊ ဒီလိုဖြစ်ချင်တယ်ဆိုတဲ့ တောင့်တမှုလည်းမရှိဘူး။ စိတ်က လုံးဝညီမျှနေတယ်။ ငြိမ်နေတယ်။ အားလုံးကို လက်ခံထားတဲ့ အခြေအနေမျိုးဖြစ်သွားတယ်။ သူဖြစ်စရာအကြောင်းရှိလို့ဖြစ်တာ၊ လုပ်သင့်တာတွေ လုပ်ထားတယ်။ ပျောက်သင့်တဲ့အချိန်မှာ ပျောက်လိမ့်မယ်ဆိုပြီး စိတ်ကို လျှော့ချထားပြီး သိရုံကလေးပဲ သိနေတယ်။ ဘုရားဟောတဲ့ " ကိုယ်မှာပင် နာသော်လည်း စိတ်မှာ မနာအောင်နေ " ဆိုတာ ကောင်းကောင်း နားလည်သွားတယ်။

အဲဒါကြောင့် ဒကာ၊ ဒကာမတွေအားလုံး ကြိုကြိုတင်တင် သတိပဋ္ဌာန် တရားကို ကိုယ်နဲ့မကွာ အမြဲတမ်းပါတဲ့ မိတ်ဆွေကောင်းဖြစ်အောင် လေ့ကျင့်ပြုစုပျိုးထောင်ထားပါ။ အဓိကအနေနဲ့ အထပ်ထပ် အခါခါ ပြောတာ ဒါပါပဲ။

ဘယ်အသက်အရွယ် ရောက်နေနေ လုပ်ပါ။ အခုက စ လုပ်ပါ။ ဘယ်ယသောအခါမှ နောက်မကျပါဘူး။ ကိုယ့်ကိုယ်ကို အဖော်လုပ်ပါ။ ဒီစကားကြားရင်တော့ ထူးဆန်းနေမယ် ထင်ပါတယ်။ လူတွေထင်တာက အဖော်ဆိုတာ နောက်တစ်ယောက်ရှိမှ လို့ ထင်ကြတာ။ နောက်လူတစ်ယောက် မဟုတ်ရင်တောင်မှ Radio, TV, Video စသည်ဖြင့် ပစ္စည်းကို အဖော်လုပ်ကြတယ်။ တယ်လီဖုန်းကို အဖော်လုပ်ကြတယ်။ နိုင်ငံခြားမှာဆိုရင် အဖော်မဲ့ အထီးကျန် ဖြစ်လွန်းလို့၊ အားငယ်လွန်းလို့၊ ပျင်းလို့ တယ်လီဖုန်း တစ်ယောက်နဲ့တစ်ယောက် ဆက်ကြတဲ့ လူတွေ အများကြီးရှိတယ်။ သူတို့နိုင်ငံမှာ အားငယ်တဲ့သူတွေ ဖုန်းဆက်လို့ရတဲ့ ဌာနရှိတယ်။

ကိုယ်က အားငယ်နေလို့၊ ကြောက်နေလို့ ဖုန်းဆက်ရင်တောင်မှ တစ်ဖက်က အချိန်ပေးပြီး နာမထောင်နိုင်ကြဘူး။ အလုပ်တွေက အင်မတန်များကြတယ်။ အဲဒီတော့ TV, Video တွေနဲ့ အဖော်လုပ်ကြပြန်တယ်။ တစ်ခါတလေ TV ရှေ့မှာထိုင်နေပေမဲ့ ဘာပြနေမှန်း မသိတော့ဘူး။ စိတ်က တွေးချင်ရာတွေး၊ ငေးချင်ရာငေးနေ တော့တာပဲ။

ဇနီးခင်ပွန်းနှစ်ယောက် တစ်အိမ်ထဲမှာ အတူနေကြတယ်၊ မိန်းမက TV ကြည့်ရင်းနဲ့ သူ့အိပ်ခန်းထဲမှာ ထိုင်လျက်ကြီး သေနေတာကို ယောက်ျားက သုံးရက်ကြာမှ သိတယ်တဲ့။ အဲဒီလောက်ထိအောင် ကင်းကွားသွားကြတာ ရှိတယ်နော်။ ဘယ်လောက် အဖော်မဲ့အထီးကျန် ဖြစ်လိုက်မလဲဆိုတာ စဉ်းစားကြည့်ပါ။

ဒါကြောင့် တစ်ကိုယ်တည်းဖြစ်နေတဲ့အချိန်မှာ ငါဟာ ငါနဲ့အတူတူ ရှိနေအောင် ကြိုးစားပါ။ ငါနဲ့ ငါပဲ အဖော်ရနေအောင်၊ ကိုယ့်စိတ်ကို အဖော်ကောင်းဖြစ်အောင်၊ ကိုယ့်ရဲ့ ကြည်လင်ရွှင်လန်းပြီး မေတ္တာစိတ်ဖြစ်နေတဲ့ စိတ်ကလေးကိုပဲ အဖော်ဖြစ်ပြီး နေတတ်အောင် ကြိုးစားကြပါ။ သတိပဋ္ဌာန် တရားကို ကိုယ်နဲ့မကွာ အမြဲတမ်းပါတဲ့ အဖော်ကောင်းဖြစ်အောင် လုပ်ပါ။ မိတ်ဆွေကောင်း လိုချင်ရင် ကိုယ်ကိုယ်တိုင်ကပဲ မိတ်ဆွေကောင်း၊ အဖော်ကောင်း ပီသအောင် နေလိုက်ပါ။

သတိဆိုသည့် အဖော်ကောင်းနဲ့ အမြဲတမ်းအဖော်လုပ်ပြီး နေနိုင်ကြပါစေ။

ဆရာတော်ဦးဇောတိက(မဟာမြိုင်တောရ)
လေးစားပါတယ်၊ ဘ၀တန်ဘိုး၊ အထီးကျန်ဘ၀မှ လွတ်မြောက်ခြင်း စာအုပ်မှ ကောက်နုတ်တင်ပြပါသည်။

**သတ္တ၀ါအားလုံး ဘေးအန္တရာယ်အပေါင်းမှ ကင်းငြိမ်းကြပါစေ။**

တကယ့်အဖော်

လူတွေဟာ အဖော်ကို အများကြီးရှာတယ်။ ကိုယ့်စိတ်ကို သိပြီး နေနိုင်တဲ့လူဟာ ပြင်ပအဖော်ကို ရှာဖို့ မလိုတော့ဘူး။ ကိုယ့်စိတ်ထဲမှာပဲ သတိ၊ သမာဓိ၊ ပညာတွေ ဖြစ်နေတဲ့လူဟာ အဲဒါလေးကို သိပြီးတော့ အဖော်လုပ်ပြီးတော့ နေလို့ရတယ်။ပြင်ပအဖော်ဆိုတာဟာ ကိုယ်နဲ့ အတူတူ အမြဲတမ်း မပါနိုင်ဘူး။ အပေါ်ယံအဖော်ပဲ ဖြစ်မယ်။ ခဏ အဖော်ပဲ ဖြစ်မယ်။ တကယ့် တကယ် ဒုက္ခနဲ့တွေ့တဲ့အခါ အခက်အခဲနဲ့ တွေ့တဲ့အခါမှာ အဲဒီ ပြင်ပအဖော်က ကိုယ့်ကို ဘာမှ ထိထိရောက်ရောက် အကူအညီမပေးနိုင်ဘူး။ နဲနဲပါးပါးတော့ ပေးနိုင်မှာပေါ့။

မိတ်ဆွေတွေ၊ သူငယ်ချင်းတွေ၊ ဆွေမျိုးတွေက ကိုယ့်ဒုက္ခရောက်တဲ့အခါမှာ သူတို့ တတ်နိုင်သလောက်တော့ အကူအညီ ပေးမယ်ပေါ့။ ဒါပေမဲ့ ကိုယ့်စိတ်ထဲမှာ ခံစားနေရတာကို ပျောက်သွားအောင်တော့ သူတို့ ဘာမှ မလုပ်ပေးနိုင်ဘူး။ ပိုက်ဆံ ပေးချင်ပေးမယ်။ နေမကောင်းတဲ့အခါ ဆေးဝါးပေးမယ်။ စားစရာ သောက်စရာ ပေးမယ်။ မိသားစုဆိုလည်း နှိပ်ပေးမယ်။ တစ်ခုခုပေါ့။ သက်သာအောင် လုပ်ပေးမယ်။ ဒါလောက်ပဲ သူတို့ တတ်နိုင်တယ်။ တကယ် ကိုယ့်စိတ်ထဲမှာ ခံစားနေရတာကိုတော့ ဘယ်သူမှ ကူပြီးတော့မျှပြီးတော့ အဖော်အဖြစ် မခံစားပေးနိုင်ဘူး။

အဆိုးဆုံး အခြေအနေကို ပြောရမယ်ဆိုရင် သေခါနီးအချိန် ရောက်ပြီးဆိုပါတော့။ ပါးစပ်ကလည်း ဘာမှ မပြောနိုင်တော့ဘူး။ မျက်စိကလည်း ကြည့်လို့ ကောင်းကောင်း မမြင်ရတော့ဘူး။ မှုန်ဝါးလာပြီ။ နားကလည်း ကောင်းကောင်း မကြားရတော့ဘူး။ ခန္ဓာကိုယ် ထိတွေ့မှုကလည်းပဲ ကောင်းကောင်းမသိတော့ဘူး။ ထုံကုန်ပြီဆိုပါတော့။ စိတ်ကတော့ သိနေသေးတယ်။ ဘေးက ကြည့်နေတဲ့သူတွေကတော့ မျောနေပြီလို့ ထင်မှာပဲနော်။ တကယ်တော့ မျောချင်မှ မျောတာ။

လူတစ်ယောက် သူ့ကိုယ်တွေ့ကို ပြောပြတာကတော့၊ သူတို့ဘေးက လူတွေက မျောသွားပြီလို့ ပြောနေကြတယ်။ ဒါပေမယ့် ပြောနေတဲ့အချိန်မှာ အဲဒီပြောသံကို သူကြားနေရတယ်တဲ့။ အဲဒီအချိန်မှာ နားက မချုပ်သေးဘူး။ တကယ်သေတာမှ မဟုတ်ဘဲကိုး။ မျက်စိကတော့ မဖွင့်နိုင်ဘူး။ ပါးစပ်ကလည်း ပြန်မပြောနိုင်ဘူး။ တခြားလည်းပဲ အမူအရာနဲ့ သူဘာမှ လုပ်မပြနိုင်တော့ဘူး။ တစ်ကိုယ်လုံးက ငြိမ်ပြီးတော့ နေတာကိုး။ နားကတော့ ကြားနေသေးတယ်တဲ့။ ကာယပသာဒ အရင်ချုပ်တယ်။ ပြီးတော့ မျက်စိချုပ်တယ်။ နှာခေါင်းချုပ်တယ်။ လျှာထဲမှာဖြစ်တဲ့ အရာသာတွေကို မသိတော့ဘူး။ ချုပ်သွားပြီ။ ပတ်ဝန်းကျင်ကလူတွေက သူ့ကို မျောနေပြီလို့ ပြောပေမယ့် သူကတော့ သိနေသေးတယ်တဲ့။ သူမမျောပါဘူးတဲ့။ အဲဒီအချိန်မှာ တစ်ခုခုတော့ ပြန်ပြောချင်တယ်။ ဒါပေမဲ့ ပြောလို့ မရဘူးတဲ့။

အဲဒီတော့ အားငယ်တတ် ကြောက်တတ်တဲ့သူဆိုရင် အဲလိုအချိန်မှာ သူ့စိတ်ထဲ ဘယ်လိုနေမလဲ။ တော်တော်ကို အားငယ်နေလိမ့်မယ်။ တော်တော်ကို ကြောက်နေလိမ့်မယ်နော်။ ကိုယ့်စိတ်ကိုယ် သိသူ၊ တရားကို အားထုတ်ပြီး နေတဲ့သူဆိုရင် အဲဒီအချိန်မှာ စိတ္တာနုပဿနာ အားထုတ်ပြီး နေလို့ရတယ်။ ကိုယ့်စိတ်လေး ကိုယ်သိပြီး နေလို့ရတယ်။ စိတ်ထဲမှာ ဖြစ်နေတဲ့ လှုပ်ရှားမှုတွေကို သိပြီး နေလို့ရတယ်။ အကယ်၍ လှုပ်ရှားမှုမရှိဘူးဆိုရင်လည်း အဲဒီလှုပ်ရှားမှု မရှိတာကိုဘဲ သိပြီးတော့ နေလို့ရတယ်။ အဖော်မလိုတော့ဘူးနော်။နောက်ဆုံးအချိန်မှာ အဖော်မရှိပါဘူး။ နောက်ဆုံးအချိန်မှာ ကိုယ့်စိတ်ကိုယ် သိနေကျလူဆိုရင်တော့ အဲဒီသိနေတဲ့ ကိုယ့်ရဲ့ ဘာဝနာလေးက ကိုယ်ရဲ့ တကယ့်အဖော်ဖြစ်လိမ့်မယ်နော်။ တကယ်တော့ ဘ၀သံသရာခရီးကို တစ်ကိုယ်တည်း သွားနေရတာပါ။ အဖော် မရှိပါဘူး။ ခဏ ဆုံမိကြတာပါ။ ဒီဘ၀မှာ ခဏလာဆုံပြီးတော့ ပြီးရင် လမ်းခွဲပြီး ကိုယ့်ခရီးကိုယ် ဆက်သွားကြရဦးမှာပါ။သံသရာတစ်လျှောက်လုံး လိုက်ပြီး အဖော်လုပ်ပေးမဲ့သူ မရှိပါဘူး။


ဆရာတော်ဦးဇောတိက(မဟာမြိုင်တောရ)
လေးစားပါတယ်၊ ဘ၀တန်ဘိုး၊ အထီးကျန်ဘ၀မှ လွတ်မြောက်ခြင်း စာအုပ်မှ ကောက်နုတ်တင်ပြပါသည်။

**သတ္တ၀ါအားလုံး ဘေးအန္တရာယ်အပေါင်းမှ ကင်းငြိမ်းကြပါစေ။**

ဘယ်အာရုံနဲ့တွေ့တွေ့တုန်လှုပ်မှု မရှိပဲ စိတ်ချမ်းသာအောင် နေတတ်ခြင်းဟာ စိတ်ကျန်းမာရေးပါပဲ

အရှင်ဆန္ဒာဓိကရဲ့ ဆုံးမစာလေးပါ

ဘယ်သူကဲ့ရဲ့ကဲ့ရဲ့ ဘုရားမကဲ့ရဲ့အောင်နေ၊
စိတ်မှာအသိဥာဏ်နည်းရင် ရိုင်းတယ်၊
စိတ်မှာအသိဥာဏ်များရင် ယဉ်ကျေးတယ်။

ဆဲဆိုတာသူ့အလုပ် သည်းခံတာကိုယ့်တာဝန်၊
ကဲ့ရဲ့တာသူ့အလုပ် သည်းခံတာကိုယ့်တာဝန်၊
ချစ်စရာကောင်းတာသူ့အလုပ်၊ မချစ်မိအောင်သည်းခံတာကိုယ့်တာ
ဝန်၊
မုန်းစရာကောင်းတာသူ့အလုပ်၊ မမုန်းမိအောင်သည်းခံတာကိုယ့်တာဝန်။

စိတ်မပူလောင်ချင်ရင် ဘယ်သူ့ကိုမှမချစ်ပါနဲ့၊
စိတ်မဆင်းရဲချင်ရင် ဘယ်သူ့ကိုမှမမုန်းပါနဲ့။
ကိုယ့်ကိုကိုယ်စိတ်ကောင်းရှိတယ်
၊ သဘောထားကြီးတယ်လို့ ယူဆထားရင်၊
ကြီးတဲ့အပြစ်သေးအောင်၊ သေးတဲ့အပြစ် ပပျောက်အောင် ပြုလုပ်နိုင်စွမ်းရှိရမယ်။
သူတစ်ပါးရဲ့အမှားချို့ယွင်းချက်
ကို အပြစ်မြင်၊ အပြစ်တင်မယ်ကြံတိုင်း၊
ငါ့မှာရော အမှားလုံးဝမရှိဘူးလား လို့ ဆင်ခြင်နှလုံးသွင်းနိုင်မယ်ဆို
ရင်တော့၊
သူတစ်ပါးရဲ့လုပ်ရပ်တွေအပေါ် သည်းခံခွင့်လွှတ်နိုင်စွမ်း တိုးပွားလာမှာအမှန်ပဲ။
ဘယ်အာရုံနဲ့တွေ့တွေ့တုန်လှုပ်မှု
မရှိပဲ စိတ်ချမ်းသာအောင် နေတတ်ခြင်းဟာ စိတ်ကျန်းမာရေးပါပဲ။
စိတ်ကျန်းမာရေး ချို့ယွင်းသူတွေရဲ့ အဓိကအားနည်းချက်ကတော့၊ အရာရာကို နားလည်မှု ခွင့်လွှတ်မှုခေါင်းပါးခြင်းပဲ။
ကောင်းတဲ့အခြေအနေနဲ့ပဲတွေ့တွေ့၊ ဆိုးတဲ့အခြေအနေနဲ့ပဲတွေ့တွေ့၊ ကောင်းတဲ့အချက်ကို မရရအောင်ရှာကြံတွေးပြီး စိတ်ချမ်းသာအောင်ထားတတ်တာကိုစိတ်ထားတတ်တယ်လို့ခေါ်တယ်။ စိတ်မထားတတ်ရင် စိတ်ချမ်းသာစရာနဲ့ တွေ့နေတာတောင်မှ စိတ်ဆင်းရဲနေတတ်ပါတယ်။

သူတစ်ပါးကောင်းတာ မကောင်းတာကို ဝေဖန်နေရမယ့် အချိန်မဟုတ်တော့ပါဘူး။ ကိုယ်ကောင်းအောင်ပဲ နေရမယ့်အချိန်ဖြစ်နေပါပြီ။
ဘာဖြစ်လို့လဲဆိုတော့ သေဖို့ရာ တဖြည်းဖြည်းနီးလာပြီလေ။
ကောင်းမှုကုသိုလ်အလုပ်ဆိုတာ လုပ်ချင်စိတ်ထက်ထက်သန်သန်ရှိတုန်း မြန်မြန်သွက်သွက် ထလုပ်လိုက်မှ ထမြောက်အောင်မြင်တတ်ပါတယ်။ အကြောင်းတစ်ခုခုပြပြီး အချိန်ဆွဲမယ်ဆိုရင် မလုပ်ဖြစ်တော့ပဲ လွဲချော်သွားတတ်ပါတယ်။
စိတ်ညစ်တယ် စိတ်ဓာတ်ကျတယ်ဆိုတာ တစ်ကယ်တော့ လောကသဘာဝကို မသိလို့သာဖြစ်တယ်။ လောကမှာ ဘယ်အရာမှ ကြာရှည်တည်တံ့တယ်ဆိုတာ မရှိပါဘူး။ ရှုံးလို့စိတ်ဓာတ်ကျနေတာ၊ နိုင်လို့သွေးနားထင်ရောက်နေတာ၊ အားလုံးဟာလောကဓမ္မတာကိုသဘောမပေါက်လို့ဖြစ်ပါတယ်။ တကယ်တော့ ဘယ်အရာမဆို ရေပွက်ပမာပါပဲ။ နိုင်ခြင်းနဲ့ရှုံးခြင်း၊ ပျော်ရွှင်ခြင်းနဲ့စိတ်ညစ်ခြင်း၊ ထောင်လွှားခြင်းနဲ့နိမ့်ကျခြင်း၊ ရှင်ခြင်းနဲ့သေခြင်းဆိုတာတွေရဲ့ကြားမှာ ခြားထားတဲ့စည်းကြောင်းက ပါးပါးသေးသေးမျှင်မျှင်လေးဖြစ်တယ်။ တစ်ဖက်ကတစ်ဖက်ကိုရုတ်တရပ်ချက်ချင်းကြီး ကူးပြောင်းရောက်ရှိသွားနိုင်ပါတယ်။ နိုင်ချိန်မှာ မီးကုန်ယမ်းကုန်ပျော်မြူးပြီး မာနထောင်လွှားတာဟာ အသိဥာဏ်နည်းသူများရဲ့ လက္ခဏာဖြစ်တယ်။ အဲဒီအနိုင်က ဘယ်လောက်ကြာကြာခံမှာမို့လို့လဲ။ တစ်သက်လုံးနိုင်တဲ့နေရာကချည်းနေရမယ်များ ထင်နေလား။ ရှုံးနိမ့်သူက ရှုံးလို့ဆိုပြီး စိတ်ဓာတ်တွေကျဆင်းကာ ဘ၀ပျက်သလို ခံစားနေရတာဟာ လူညံ့ ဖြစ်ကြောင်းပြတဲ့ လက္ခဏာဖြစ်တယ်။ ရှုံးပေမယ့် မညံ့ရင် အနိုင်ဘက်ကို ကူးပြောင်းရောက်ရှိသွားနိုင်တယ်။ အခွင့်ထူးဆိုတာ မြင်တတ် ကြည့်တတ်တဲ့သူတွေအတွက်တော့ အခါမလပ်ရှိနေပါတယ်။ ယူတတ်ဖို့ ယူရဲဖို့လိုတယ်။ လူညံ့ဖြစ်နေရင်တော့ တစ်သက်လုံးအရှုံးချောက်ကမ်းပါးက တက်ဖွယ်မရှိဘူး။
စိတ်ညစ်စရာနဲ့ ကြုံတွေ့ရင် တစ်ကိုယ်ရေတိတ်တိတ်လေး ကျိတ်ကျိတ်မဆွေးပါနဲ့။ ဖြစ်လာတာဟာ ကောင်းဖို့ဖြစ်လာတာပဲလို့ နှလုံးသွင်းပါ။
လူတွေမှာ တစ်ခါတစ်လေ တစ်ယောက်ကိုတစ်ယောက် အနိုင်ယူချင်တဲ့စိတ်ဖြစ်တတ်တယ်။ သားသမီးအပေါ်၊ ခင်ပွန်း ဇနီးအပေါ်ကိုသာမက အလုပ်ခွင်မှာလည်း တစ်ယောက်ကိုတစ်ယောက် အနိုင်ယူချင်တဲ့စိတ်ရှိနေရင်တော့ စိတ်မချမ်းသာမှုမရှိနိုင်ပါဘူး။ နိုင်တဲ့သူလည်းစိတ်မအေးချမ်းဘူး။ရှုံးတဲ့သူလည်း စိတ်မအေးချမ်းဘူး။ အနိုင်အရှုံးမရှိဘဲ တစ်ယောက်နဲ့တစ်ယောက် လေးလေးစားစားဆက်ဆံပြောရတာပိုပြီး စိတ်ချမ်းသာတယ်။

အရှင်ဆန္ဒာဓိက
(မေးလ်မှရသည့် ပို့စ်အားပြန်လည်ဝေမျှခြင်းဖြစ်ပါသည်။)

နောင်တ မရစေဖို့ သတိထားရန် အချက်များ နှင့် လွန်ဆွဲပွဲ… (မေးလ်မှရသည့် ပိုစ့်အား မျှဝေခြင်းဖြစ်ပါသည်)

နောင်တ မရစေဖို့ သတိထားရန် အချက်များ…
from အရှင်ဉာဏဒီပ (ဓမ္မရတနာ) by nyanadipa
နောင်တ တရားကြီး (၁၀) ပါး (သို့မဟုတ်) ကုက္ကုစ္စ (၁၀) ပါး…
(၁) ငယ်ရွယ်စဉ်က ပညာသင်ကြားရန် အခွင့်အရေး ရပါလျက် ပညာကို မသင်ကြားဘဲ ဆိုးပေတေကာ ကျောင်းပြေးလုပ်၍ နောင်အခါမှ အသက်မွေးမှု မပြည့်စုံခြင်းကြောင့် နောင်တကြီးစွာ ရခြင်း။
(ငယ်စဉ်က ပညာ မသင်ခဲ့မိခြင်း)
(၂) ငယ်ရွယ်စဉ် အခါက ပစ္စည်းဥစ္စာ မရှာမိခဲ့၍ အိုမင်းရင့်ရော် နောင်သောအခါမှ မရှိဆင်းရဲ မွဲပြာကျသောကြောင့် နောင်တကြီးစွာ ရခြင်း။
(ဒုတိယ အရွယ်က ဥစ္စာ မစုခဲ့မိခြင်း)
(၃) ကောက်ကျစ်စဉ်းလဲ ကုန်းချောစကားဖြင့် ရန်တိုက်ပေးခဲ့ မိသောကြောင့် သေရာညောင်စောင်း လဲလျောင်းမိသောအခါ ငါပြုခဲ့မိတာမှားလေခြင်း ဟု နောင်တကြီးစွာ ရခြင်း။
(သူတစ်ပါး၏ ချစ်ခင်မှုများကို ဖျက်ဆီးခဲ့မိခြင်း)
(၄) သတ္တ၀ါများအား သနားမဖက် ရက်စက်ကြမ်းကြုတ်စွာ သတ်ခဲ့မိခြင်းကြောင့် သက်ရွယ် ကြီးရင့်လာသောအခါ ယူကြုံးမရ ဖြစ်ကာ နောင်တကြီးစွာ ရခြင်း။
(သူ့အသက်ကို သတ်၍ စားခဲ့မိခြင်း)
(၅) မသွားလာအပ်သော သူ့မယားနှင့် သမီးများကို သွားလာပေါင်းသင်း ဖျက်ဆီးမိခြင်းကြောင့် မိမိသားသမီးများ ရလာပါက နောင်တတဖန် ပူပန်ရခြင်း။
(သူတစ်ပါး သားမယားကို ဖျက်ဆီးခဲ့မိခြင်း)
(၆) များစွာသော ပစ္စည်းဥစ္စာ ဂုဏ်အင်္ဂါနှင့် ပြည့်စုံခဲ့ပါလျက် ဒါနတည်း ဟူသော လှူဒါန်းပေးကမ်းရန် သတိမရဘဲ မွဲပြာကျကာမှ ငါမလှူခဲ့မိတာ မှားလေခြင်းဟု နောင်တကြီးစွာ ရခြင်း။
(ပစ္စည်းရှိလျက် အလှူဒါန မစွန့်ကြဲခဲ့မိခြင်း)
(၇) မိဘို၊ ဖအိုများကို ကျွေးနိုင်မွေးနိုင် ဥစ္စာအင်အား ရှိပါလျက် အသက်ထင်ရှား ရှိစဉ်က ကျွေးမွေးရန် သတိမရဘဲ သေလွန်သွားပါမှ ငါမကျွေးခဲ့မိတာ မှားလေခြင်းဟု နောင်တကြီးစွာ ရခြင်း။
(မွေးမိ၊ မွေးဘတို့ကို မကွယ်လွန်မီ မပြုစုခဲ့ရခြင်း)
(၈) မွေးသည့် မိခင်၊ ဖခင် ကျေးဇူးရှင်တို့အား မထေမဲ့မြင် ပြုခဲ့ ပြောခဲ့ မိသောကြောင့် နောင်သောအခါမှ ရင်ထုမနာ ဖြစ်ရခြင်း။
(ကျေးဇူးရှင်များအား ကျေးဇူးကန်းခဲ့မိခြင်း)
(၉) သီလ၊ သမာဓိ၊ ပညာနှင့် ပြည့်စုံသော ရဟန်းကောင်း၊ ရဟန်းမြတ် လူပုဂ္ဂိုလ်များ ရှိပါလျက် မဆည်းကပ် မကိုးကွယ် မိခြင်းကြောင့် နောင်တကြီးစွာ ရခြင်း။
(သူတော်ကောင်း၊ ပညာရှိတို့၏ ဆုံးမစကား နည်းနာများကို မနာယူမိခဲ့ခြင်း)
(၁၀) ငြိမ်သက်သော အကျင့်၊ ခြိုးခြံသောအကျင့်သည် ကောင်း၏ဟု သူတော်ကောင်းများ ဟောကြားခဲ့ပါလျက် တွေဝေသည့်အတွက် မကျင့်ကြံခဲ့မိသောကြောင့် အခါနှောင်းကာမှ နောင်တကြီးစွာ ရခြင်း။
(၀ိပဿနာ တရားများ ကျင့်ကြံအားထုတ်မှု မရှိခဲ့ခြင်း)
ဤ နောင်တတရား စာစုကို ဖတ်ရှုခြင်းဖြင့် ကုသိုလ်ကောင်းမှုများ ပွားများ အားထုတ်နိုင်ကြပါစေ။

လွန်ဆွဲပွဲ... ပေးစာ (၂၅)...
from အရှင်ဉာဏဒီပ (ဓမ္မရတနာ) by nyanadipa

မြန်မာနိုင်ငံက မြို့တွေ၊ ရပ်ကွက်တွေ၊ ကျေးလက် တောရွာတွေမှာ လွန်ဆွဲပွဲကို သားတို့ သမီးတို့ မြင်ဖူးကြမှာပါ။ အဲဒီမှာ ဆိုရင် အသင်း နှစ်သင်း ရှိတယ်လေ။ အသင်းနှစ်သင်းကတော့ အနိုင်ရရှိရေးအတွက် အပြိုင်အဆိုင် အင်အားထုတ်ပြီး ဆွဲနေကြတာ။

ဘုန်းဘုန်းက သားတို့၊ သမီးတို့ကို ပြောပြချင်တဲ့ လွန်ဆွဲပွဲမှာလည်း အသင်းနှစ်သင်း ရှိတယ်။ အဲဒီ အသင်းနှစ်သင်းရဲ့ နာမည်က ကုသိုလ်စိတ်အသင်းနဲ့ အကုသိုလ်စိတ်အသင်း အကြောင်းပါပဲ။
အကုသိုလ်စိတ် အသင်းမှာက လောဘ၊ ဒေါသ၊ မောဟ အစရှိတဲ့ စိတ်တွေက အသင်းဝင်တွေပေါ့။ ကုသိုလ်စိတ် အသင်းက အဖွဲ့ဝင်တွေက အလောဘ၊ အဒေါသ၊ အမောဟ တွေပါ။
ကုသိုလ်စိတ်နဲ့ အကုသိုလ် စိတ်တွေဟာ လူတိုင်းလူတိုင်း အားလုံးရဲ့ စိတ်ထဲမှာ ရှိနေကြတယ်။ ရဟန္တာ ဖြစ်မှသာ စိတ်ထဲမှာ အကုသိုလ်စိတ်တွေ အားလုံး မရှိတော့တာလေ။ ဒါကြောင့် သားတို့၊ သမီးတို့ရဲ့ စိတ်ထဲမှာလည်း ကုသိုလ်လုပ်ချင်တဲ့ စိတ်လည်း ရှိနေသလို အကုသိုလ်လုပ်ချင်တဲ့ စိတ်လည်း ရှိနေကြတယ်။
ဒါဆိုရင် စိတ်ထဲမှာ အဲဒီ ကုသိုလ်စိတ်နဲ့ အကုသိုလ် စိတ်တွေ အလုပ်လုပ်ပြီး လွန်ဆွဲနေကြတာကို ဘယ်လိုလုပ်ပြီး သိနိုင်မလဲ လို့ ပြောရရင် သတိနဲ့ ဉာဏ်ပညာ ကို အသုံးချရင် သိလာမှာပါ။
သတိက စိတ်တွေ ပြောင်းလဲနေတာကို မြင်အောင် ကြည့်ပေးလိမ့်မယ်။ စိတ်တွေ ပြောင်းလဲနေတာ ဆိုတာက တစ်ခါတလေ စိတ်က ကောင်းတဲ့စိတ်လည်း ဖြစ်နေတယ်။ တစ်ခါတလေ ကျတော့လည်း မကောင်းတဲ့ စိတ်တွေ ဖြစ်နေကြပြန်ရော။
သတိနဲ့ ကြည့်ပေးထားတဲ့ စိတ်ကို ဉာဏ်ပညာက ဆက်ပြီးတော့ အခု ဖြစ်နေတဲ့ စိတ်ဟာ ကောင်းတဲ့ စိတ်လား မကောင်းတဲ့ စိတ်လား ဆိုတာကို ခွဲခြမ်းစိတ်ဖြာ ပေးလိမ့်မယ်။
ဥပမာ - အရိပ်တစ်ခုကို တွေ့လိုက်တယ် ဆိုပါစို့။ အဲဒီ အရိပ်ဟာ လူလား၊ တိရစ္ဆာန်လား ဘာအရိပ်လဲ ဆိုပြီးတော့ ထပ်ပြီး သုံးသပ်ကြသလိုပါပဲ။ အရိပ် ဆိုပြီး သိလိုက်တာက သတိ။ ဘာအရိပ်လဲ လို့ ထပ်ပြီး စိစစ် သုံးသပ် တာက ဉာဏ်ပညာ ပေါ့။
အဲဒီလိုပဲ ဉာဏ်ပညာရဲ့ အကူအညီကို ယူပြီး ကောင်းတဲ့ စိတ်နဲ့ မကောင်းတဲ့ စိတ်တို့ကို သားတို့၊ သမီးတို့က ခွဲခြား သိသွားပြီ ဆိုတော့ မကောင်းတဲ့ စိတ်တွေကို အဖြစ်မခံဘဲ ကောင်းတဲ့ စိတ်တွေကိုသာ ရှိနေစေဖို့ ၀ီရိယ အားထုတ်သွားရင် ဖြစ်တဲ့ စိတ်တိုင်းမှာ ကုသိုလ်စိတ်တွေပဲ ဖြစ်နေတော့မှာလေ။
ဒါဆိုရင် ကုသိုလ်စိတ်နဲ့ အကုသိုလ်စိတ် အသင်းနှစ်သင်း လွန်ဆွဲပွဲမှာ ကုသိုလ်စိတ် အသင်းက နိုင်သွားပြီ။
တစ်ခါတလေတော့လည်း အကုသိုလ်စိတ် အသင်းက သားတို့၊ သမီးတို့ရဲ့ စိတ်ထဲမှာ အနိုင်ယူပြီး ဗိုလ်ကျ စိုးမိုးတတ်ကြသေးတယ်။ မသိမှု အ၀ိဇ္ဇာ ရှိနေကြတဲ့ ပုထုဇဉ်တွေပဲလေ။ ဖြစ်တတ်ကြမှာပဲ။ ကောင်းတဲ့စိတ်နဲ့ မကောင်းတဲ့စိတ် အပြိုင်အဆိုင် တစ်လှည့်စီ အနိုင်ယူနေကြတာ။ လှူချင်တဲ့ စိတ်ဖြစ်နေတဲ့ အချိန်မှာ ကောင်းတဲ့စိတ် ဖြစ်နေပြီး ချက်ချင်း ဆိုသလို မလှူချင်တော့ဘဲ လောဘ ပြန်ဖြစ်သွားတာလည်း ရှိတတ်တယ်လေ။
သားတို့၊ သမီးတို့က မကောင်းတဲ့စိတ်မှာပဲ အားသန်နေတဲ့ အခါ ဆိုရင် အ၀ိဇ္ဇာနဲ့ တဏှာက ဦးစီးပြီး လောဘ၊ ဒေါသ၊ မောဟ အကုသိုလ် အသင်းကို နိုင်အောင် လုပ်လိမ့်မယ်။
တကယ်လို့ ကောင်းတဲ့ စိတ်မှာပဲ အားသန်နေတဲ့ အချိန် ဆိုရင် သတိနဲ့ ဉာဏ်ပညာက ဦးဆောင်ပြီး အလောဘ၊ အဒေါသ၊ အမောဟ ကုသိုလ်အသင်းကို နိုင်အောင် ကြိုးစားအားထုတ် လိမ့်မယ်။
အသင်းနှစ်သင်း လွန်ဆွဲပွဲမှာ သားတို့၊ သမီးတို့ရဲ့ တာဝန်က ကောင်းတဲ့စိတ် အသင်းကိုပဲ နိုင်အောင် သတိနဲ့ ဉာဏ်ပညာကို ပူပေါင်းပြီး ၀ိုင်းကူကြရမှာ။
အဲဒီတော့ ကောင်းတဲ့စိတ်နဲ့ မကောင်းတဲ့စိတ် နှစ်ခု လွန်ဆွဲပွဲ ဖြစ်နေတဲ့ မိမိရဲ့စိတ်ကို သတိနဲ့ စောင့်ကြည့်ရမယ်။ ကောင်းတဲ့စိတ်တွေပဲ ဖြစ်နေအောင် ဉာဏ်ပညာကို အသုံးချပြီး မိမိလုပ်နေတဲ့ အလုပ်တိုင်းမှာ ကုသိုလ်ဖြစ်နေအောင် သားတို့၊ သမီးတို့ ကြိုးစားကြပေါ့ကွယ်…..

လူတွေ တကယ်လိုချင်တာ ဘာလဲ? '' စိတ်ချမ်းသာမှု ''

လူတွေ တကယ်လိုချင်တာ ဘာလဲ?
စိတ်ချမ်းသာမှု။

ဟုတ်ပြီ၊ စိတ်ချမ်းသာမှုကို လိုချင်တယ်။ ဘာပဲလုပ်လုပ် စိတ်ချမ်းသာမှု ရမယ်ထင်လို့ လုပ်တာ။ ဥပမာ-ပိုက်ဆံရှာတယ်။ ဘာဖြစ်လို့ ပိုက်ဆံရှာသလဲဆိုတော့ ပိုက်ဆံရှိရင် စိတ်ချမ်းသာမယ် ထင်လို့ပဲ။ T.V တွေ Video တွေ ကြည့်တယ်။ ဘာကြောင့်ကြည့်သလဲဆိုတော့ အဲဒီလိုကြည့်နေရရင် စိတ်ချမ်းသာတယ် ထင်လို့ပဲ။ စိတ်ချမ်းသာမယ်ထင်လို့ တခြားလည်း အမျိုးမျိုးလုပ်တယ်။ တချို့ စိတ်ဆင်းရဲမှုကို ဖုံးချင်လို့၊ မေ့ထားချင်လို့ လုပ်တယ်။

လူတွေ နေ့စဉ်လုပ်နေတဲ့ အလုပ်တွေကို အခြေခံကျကျ ကြည့်ရင် သူတို့လိုချင်တဲ့ စိတ်အခြေအနေလေး ဖြစ်အောင် ဖန်တီးယူနေတာပဲဆိုတာ တွေ့ရတယ်။ mood တစ်ခု ဖန်တီးယူနေတယ်။ mental state တစ်ခု ဖန်တီးယူနေတယ်။ အမှန်တော့ ကိုယ် တကယ်ပြန်ခံစားနေရတာ ကိုယ့်ရဲ့ စိတ်အခြေအနေ၊ ကိုယ့်ရဲ့ mood ဖြစ်တယ်။

ကြည်လင်အေးချမ်းတဲ့ စိတ်ကို လိုချင်လို့၊ ကြည်လင်အေးချမ်းတဲ့ စိတ်ကို ခံစားချင်လို့၊ ကြည်လင်အေးချမ်းအောင် လုပ်တယ်။ ပျော်ရွှင်မြူးတူးတဲ့စိတ်ကို လိုချင်လို့ ပျော်ရွှင်မြူးတူးစေမယ့် အကြောင်းတွေကို လုပ်တယ်။ နောက်ဆုံး တကယ်လိုချင်တာ ဘာလဲလို့ ဆိုတော့ စိတ်အခြေအနေလေးပဲ။

တကယ်တော့ ကိုယ့်စိတ်ကို ကိုယ် ခံစားတာပါ။ ကိုယ့်စိတ်ကို ကိုယ်အရသာခံတာပါ။ we enjoy our consciousness လို့ ပြောရမယ်။

တကယ်လေးနက်တဲ့ စိတ်ချမ်းသာမှုကို လိုချင်ရင် ကိုယ့်ကိုယ်ကို လေးစားတဲ့သူဖြစ်အောင် နေဖို့လိုတယ်။ ကိုယ့်ကိုယ်ကို လေးစားတဲ့ စိတ်ဟာ ချမ်းသာတဲ့စိတ် ဖြစ်တယ်။ ကိုယ့်ကိုယ်ကို ကိုယ့်ကိုယ်ကို မလေးစားနိုင်တဲ့သူဟာ စိတ်ချမ်းသာနိုင်မလား။ စစ်မှန်တဲ့ စိတ်ချမ်းသာမှုမျိုးကို ဘယ်လိုမှ မရနိုင်ဘူးနော်။ self-respect ဟာ တော်တော်ကျေနပ်မှု ရတယ်။

ကိုယ့်ကိုယ်ကို ဘာကြောင့် မလေးစားနိုင်တာလဲ။
မလုပ်သင့်တာတွေ လုပ်မိလို့။

မလုပ်သင့်တာတွေကို လုပ်မိတဲ့အခါမှာ '' ငါ မှားသွားလေခြင်း '' ဆိုတဲ့ နောင်တ ဖြစ်တယ်။ လူတွေမှာ အမှားအမှန်ကို ခွဲခြားနိုင်တဲ့ အသိဥာဏ်ရှိပါတယ်။ ကလေးတွေတောင် တော်တော်သိတယ်။ ဒါကြောင့် မလုပ်သင့်တာ လုပ်မိတဲ့အခါမှာ ရှက်တယ်။ guilt ဖြစ်တယ်။ ကိုယ့်ကိုယ်ကို အထင်သေးသွားတယ်။ ကိုယ့်ကို သူများလည်း အထင်သေးတော့မှာပဲလို့ တွေးပြီးရှက်တယ်။ ကြောက်တယ်။ အဲဒါ တော်တော် ခံရခက်တယ်၊ အဲဒါ စိတ်ဆင်းရဲမှုပဲ၊ ဒုက္ခပဲ။ ရှက်နေရတာ၊ ကြောက်နေရတာ၊ ကိုယ့်ကိုယ်ကို မလေးစားတော့တာဟာ တော်တော်ကြီးတဲ့ စိတ်ဒုက္ခ ဖြစ်တယ်။

ဒါကြောင့် အမှားနည်းအောင် နေဖို့လိုတယ်။ ရှက်နေရတာ၊ ကြောက်နေရတာ နည်းအောင် ကိုယ် လုပ်တာ၊ ကိုင်တာ၊ ပြောတာ၊ ဆိုတာတွေမှာ အမှားနည်းအောင် သတိနဲ့နေတဲ့ အလေ့အကျင့်ကို လေ့ကျင့်ပြီး အမြဲသတိကပ်ထားသင့်တယ်။

မတော်တဆ နည်းနည်းပါးပါး မှားတာတော့ လူတိုင်း မကင်းပါဘူး။ တမင်တကာ စေတနာဆိုးနဲ့ လုပ်တာမျိုး မဖြစ်ဖို့ကိုပဲ အထူးသတိထားပြီး ထိမ်းသိမ်းဖို့ အရေးကြီးတယ်။ ကိုယ့်ကိုယ်ကို လေးစားမှုကို ပြင်းပြင်းထန်ထန် ဖျက်ဆီးမည့် ကိစ္စမျိုးဟာ ကြောက်စရာ အကောင်းဆုံးဖြစ်တယ်။


ဆရာတော် ဦးဇောတိက (မဟာမြိုင်တောရ)
လေးစားပါတယ်ဘ၀တန်ဘိုးအထီးကျန်ဘ၀မှ လွတ်မြောက်ခြင်း

တကယ့်စစ်မှန်တဲ့ မေတ္တာဆိုတာ နှောင်ကြိုးတွေမပါဘူး

Getting a return on their love is not what matters to them.
ကိုယ်က သူ့ကိုချစ်တယ်ဆိုပြီးတော့ အကျိုးရှိအောင် လုပ်ပြီးတော့ သူ့ဆီက တစ်စုံတစ်ခု ပြန်ရဖို့အရေးကို လုံးဝ မျှော်လင့်ချက်မထားဘူး။

တချို့ကတော့လည်း သူတစ်ပါးအတွက် အနစ်နာခံပါတယ် ဆိုပြီးတော့ သူတပါးရဲ့ဘ၀ကို အပိုင်စီးထားတာတွေ ရှိတယ်။ သတိထားကြည့်ရင် တွေ့လိမ့်မယ်။ '' ငါ နင်တို့အတွက် အနစ်နာခံရတာ၊ နင်တို့ကို ကယ်တင်ထားရတာ၊ နင်တို့အတွက် အနစ်နာခံထားရတာမို့လို့ ငါပြောတဲ့စကားကို နင်တို့ တသွေမတိမ်းလိုက်နာရမယ်။ နင်တို့ဥာဏ်နဲ့နင်တို့ မစဉ်းစားနဲ့တော့၊ ငါပြောတာ၊ ငါလုပ်ပေးတာကို လက်ခံလိုက်၊ ခေါင်းငြိမ့်လိုက်၊ ငါက ကောင်းတယ်ဆိုရင် ကောင်းတယ်လို့ပဲ ယူဆတော့၊ ငါက မကောင်းဘူးဆိုရင် မကောင်းဘူးလို့ဘဲ ယူဆလိုက်တော့။ ငါက နင်တို့ကို ကယ်တင်ထားရသည့်အတွက်ကြောင့် နင်တို့ဘ၀နဲ့ ပတ်သက်ပြီး အစစအရာရာ ဆုံးဖြတ်ပိုင်ခွင့်ရှိတယ်။'' လို့ သဘောထားမိတတ်တယ်။ တချို့ ဒီလိုသဘောထားမိတာတွေ ရှိတယ်နော်။ ဒီလိုပြောတတ်တာတွေလည်း အများကြီး ကြားဖူးပါတယ်။ ဒီလိုပြောတယ်ဆိုရင် တကယ့်မေတ္တာ မဟုတ်တော့ဘူး။

Truly unconditional love is both free and freeing.

တကယ်စစ်မှန်တဲ့ မေတ္တာ၊ နှောင်ကြိုးမဲ့မေတ္တာမျိုးဟာ လွတ်လပ်နေတယ်။ လွတ်လပ်မှုကိုလည်း ပေးတယ်။

မေတ္တာပေးတာမှာ တစ်ခုခု နှောင်ကြိုးပါနေရင် သူ့ဆီက တစ်ခုခုမျှော်လင့်နေရင် ကိုယ်က မျှော်လင့်နေရတာနဲ့ကိုပဲ မလွတ်လပ်တော့ဘူး။ ငါမျှော်လင့်တာ သူ့ဆီက ရပါ့မလား၊ ဘယ်တော့ရမလဲ၊ မရရင် ဘယ်လို လုပ်ရပါ့မလဲ၊ တွေးနေရတယ်၊ မလွတ်လပ်တော့ဘူး။ ငါ ဘာမှ မမျှော်လင့်ပါဘူး။ ငါတတ်နိုင်တာ လုပ်ပေးလိုက်ပြီးပြီ၊ ပြီးပြီ။ ဒါပဲ။ လွတ်လပ်သွားတယ်နော်။

ရတဲ့လူကလည်းပဲ သူ့ဆီက ငါ အကူအညီယူထားတယ်၊ ရထားတယ်။ သူက ငါ့ကို မေတ္တာ အင်မတန်ကြီးမားလွန်းလို့ ငါ့ကို အကူအညီတွေ အများကြီးပေးတယ်၊ ငါသူ့ကို  ကျေးဇူးပြန်ဆပ်ရဦးမှာပဲ၊ သူကတော့ တစ်ခုခု ပြန်မျှော်လင့်ဦးမှာပဲဆိုတဲ့ စိတ်ကလေး သူ့မှာရှိနေရင် မြင်တိုင်း မြင်တိုင်း အကြွေးရှင်ကို ပြန်မြင်ရတဲ့လူလို ဖြစ်နေတယ်။ အကြွေးမဆပ်သေးဘူးလားလို့ မေးတာကို ခံရသလို ဖြစ်နေတယ်။ ခံရသိပ်ခက်တယ်နော်။

ဒါကြောင့် တကယ်ချစ်ရင် နင် ငါ့ကျေးဇူးကို မသိပါဘူးလို့ မပြောပါနဲ့။ နင်တို့ ကျေးဇူးကန်းတယ်လို့ မပြောလိုက်ပါနဲ့။ ဘာကြောင့်တုန်းဆိုတော့ ဒီလိုပြောလိုက်ရင် အဓိပ္ပာယ်က နှောင်ကြိုးပါနေတယ်၊ လွတ်လပ်တဲ့ မေတ္တာ မဟုတ်တော့ဘူး။ ပေးနိုင်ရင် လွတ်လွတ်ကျွတ်ကျွတ်ပဲ ပေးလိုက်ပါ။ ဒီလို မပေးနိုင်ရင်လည်း မပေးနိုင်မှန်း သိလိုက်ပါ။ အပြစ်မတင်ပါနဲ့။ ဒါဟာ အတင်းကြီး ဖြစ်အောင် လုပ်လို့ရတာ မဟုတ်ဘူး။

မေတ္တာဆိုတာ ငါ မေတ္တာစစ်ထားမယ်ဆိုတာနဲ့လည်း ဖြစ်မသွားဘူး။ အင်မတန်အသိဥာဏ်ကြီးမှ အမြဲတမ်း ကိုယ့်စိတ်ကို သိနေ၊ ကြည့်နေမှ ဖြစ်လာတယ်။



ဆရာတော်ဦးဇောတိက (မဟာမြိုင်တောရ)
* မေတ္တာတရားလမ်းပျောက်ရာမှ လမ်းမှန်ပေါ်ရောက်လာသူ *

သူများ အပြစ်ကို မကြည့်ပါနဲ့၊ ကိုယ့်အပြစ် ကို မြင်အောင် ကြည့်(မေးလ်မှရသည့် ဆရာတော် အရှင်ဇနကာဘိဝံသ၏ သြ၀ါဒကို ပြန်လည်မျှဝေပါသည်။)

ကျေးဇူးတော်ရှင်မဟာဂန္ဓာရုံဆရာတော် အရှင်ဇနကာဘိဝံသ၏ တန်ဖိုးရှိသောသြ၀ါဒများ‏
၁။ လောကမှာ နာမည်ကြီး ဥစ္စာပေါတယ် အောင်မြင် ကျော်ကြားတယ် ဆိုတာ အလကား၊ သေတော့ ကိုယ့်ရဲ့ သီလ သမာဓိ ကိုယ်ကျင့်သိက္ခာတွေကိုပဲ အားကိုးစရာ ရှိတယ်၊

၂။ သာသနာဆိုတာ ဘုရားအဆုံးအမ ကိုခေါ်တယ်၊ ဘုရား အဆုံးအမ ဆိုတာကလဲ အနှစ်ချုပ်လိုက်ရင် သီလ သမာဓိ ပညာ သုံးပါးပဲ ရှိတယ်၊

၃။ ကိုယ်သိမ်မွေ့ပါ၊ နှုတ်ပြော ချိုသာပါ၊ စိတ်က ဖြောင့်မတ်ပါ၊


၎။ မိဘတွေက သားသမီးတွေကို အမွေပေးတယ် ဆိုတာ ကိုယ်က ဘုရင်ဖြစ်လျင် ဘုရင့်စီးစိမ်၊ သူဋ္ဌေးဖြစ်လျင် သူဋ္ဌေးစီးစိမ်၊ အနေနဲ့ တစ်ဘ၀ စာပဲ ပေးနိုင်ကြတယ်၊ ဗုဒ္ဓအမွေကတော့ တသံသရာလုံး ကောင်းဖို့ ညွှန်ပေးနိုင်ခဲ့တယ်။

၅။ သံသရာ ဆိုတာ သေပြီးမှ တဘ၀ ကူးတာ မဟုတ်ဘူး၊ နာမ်ရုပ်တွေ အဆက်မပြတ် ဖြစ်ပျက်နေတာကို ခေါ်တာပါ။

၆။ တစ်ဘ၀ ၏ ကိုယ့်အဖြစ်ကို မကြည့်ပါနှင့်၊ တစ်သံသရာ လုံးရဲ့ ကိုယ့်အဖြစ်ကို မြင်အောင် ကြည့်ပါ။

၇။ သတ္တ၀ါတွေဟာ ဒုက္ခရောက်တာကို ပြောနေကြတယ်၊ သွားနေတာက ဒုက္ခလမ်းပဲ၊ ဒီတော့ ဒုက္ခကြားက ဒုက္ခလောင်းဟာ ဒုက္ခကိုပဲ တွေ့ရတာပေါ့။


၈။ သံဝေဂ မပါလျင် တရားမရှာလေနဲ့၊ ရမှာ မဟုတ်ဘူး။


၉။ သတ္တ၀ါတွေဟာ ဒုက္ခ မရောက်သေးသမျှ မကြောက်ကြဘူး။


၁၀။လောကကြီးမှာ ဘယ်လောက် ကြီးကျယ် အောင်မြင် ကျော်ကြားနေပါစေ၊ သေခါနီးမှ မျက်ရည် လည်ရရင် လူဖြစ်ရှုံးတာပါပဲ။


၁၁။ အမှတ်မဲ့ နေသူရဲ့ စိတ်ဟာ အကုသိုလ်ဖက် သွားနေသလို အကုသိုလ်တွေ အကျိုးပေးဖို့အတွက်လဲ ထိုသူ့မှာ အဆင်သင့် ရှိနေတတ်တယ်။


၁၂။ဘုန်းကံ ဆိုတာ ရှေးက ပါခဲ့ပေမယ့် ယခု ဘ၀ ကြိုးစားမှု့ကလဲ ရှိရတယ်၊ စင်စစ်တော့ ကံ ဆိုတာ ရေလာ မြောင်းပေး လုပ်မှလည်း ကောင်းကျိုး ရှိရာ ကောင်းကျိုးလာပြီး မကောင်းမှု့ရှိရာ မကောင်းကျိုး လာမှာပဲ၊


၁၃။ စိတ်နေ စိတ်ထား ဆိုတာ သေးသိမ်တဲ့ နေရာမှာ နေပြီး သေးသိမ်တဲ့ အလုပ်တွေကို မြင်နေ ကြားနေရရင် ကိုယ့်စိတ်ကလဲ သေးသိမ်လာပြီး ကြီးကျယ်တဲ့ အလုပ်ကို မြင်ရ ကြားနေရမှ ဓာတ်ကူး ပြီး ကြီးကျယ်လာတတ်တယ်၊


၁၄။ လူတွေဟာ ကိုယ့်ဥာဏ်က မမှီလျင် သူတပါး သိတာတွေကိုလဲ မယုံကြည်ကြ အမှန် မထင်တတ်ကြဘူး၊

၁၅။ သူများ အပြစ်ကို မကြည့်ပါနဲ့၊ ကိုယ့်အပြစ် ကို မြင်အောင် ကြည့်ပါ၊

၁၆။ အရာရာမှာ ပထမ ဗဟုဿုတ ရှိဖို့၊ ဒုတိယ သတိထားဖို့၊ တတိယ မှန်သလား မမှန်သလား စုံစမ်းဖို့ နဲ့ စတုတ္ထက ၀ီရိယ နဲ့ အလုပ် လုပ်နေဖို့ပဲ၊

၁၇။ သန့်ရှင်းတဲ့ နား အကြားများတယ်၊ ကြည်လင်တဲ့ မျက်စိ အမြင် များတယ်၊ စင်ကြယ်တဲ့ စိတ်က အသိများတယ်၊


၁၈။လောကကြီးမှ ဂုဏ် ရှိဖို့ထက် ရှိပြီး ဂုဏ်ကို ထိမ်းသိန်း နိုင်ဖို့က ပိုခက်တယ်၊


၁၉။ ကိုယ့်ကို ပတ်ဝန်းကျင်က မချစ်ရင်တောင် မမုန်း ကြဖို့က ပိုအရေးကြီးတယ်၊

၂၀။ ကိုယ့်ကိုယ်ကို အထင်ကြီး စိတ်ကြီး ၀င်နေလျင် သူတပါးကို အထင်သေးတာ သဘာဝ ပဲ၊ ဒါကို သတိထားစေချင်တယ်။

မဟာဂန္ဓာရုံဆရာတော် အရှင်ဇနကာဘိဝံသ

စိတ်ချမ်းသာအောင် နေတတ်ကြပါစေ!

သတိဆိုတာ စိတ်ရဲ့နေအိမ်ပါပဲ။
သတိမရှိတဲ့စိတ်ဟာ အိမ်မရှိတဲ့လူလိုပဲ
ကြုံရာ ခြေဦးတည့်ရာ လျှောက်သွားနေတတ်တယ်။
ကြုံရာမှာ နေတတ်တယ်။
တည်ငြိမ်အေးချမ်းမှု၊ လုံခြုံမှု မရှိဘူး။
ဂုဏ်သိက္ခာမရှိဘူး.....
ဘ၀မှာ အပျော်ဆုံးလူဆိုတာ ဘယ်သူလဲ ?
ဘ၀မှာ အဆင်မပြေမှုတွေ ဒုက္ခတွေ အများကြီးရှိလျက်နဲ့
ငြိမ်းငြိမ်းချမ်းချမ်း နေနိုင်တဲ့သူတွေ ရှိတယ်။
အားလုံးအဆင်ပြေမှ စိတ်ချမ်းသာမယ်ဆိုရင်တော့
ဒီတစ်သက် စိတ်ချမ်းသာဖို့ မလွယ်တော့ဘူး။
အဆင်မပြေမှုတွေ ရှိနေပါလျက်
စိတ်ချမ်းသာအောင် နေတတ်မှ
တကယ်စိတ်ချမ်းသာအောင် နေတတ်တဲ့သူဖြစ်မယ်။
စိတ်ချမ်းသာအောင် နေတတ်ကြပါစေ။


ဆရာတော် ဦးဇောတိက

'' နောင်တော့ကောင်းကောင်းနေတော့မယ်'' ဆိုတာထက် '' ယခုပဲ ကောင်းကောင်းနေပါတော့မယ်'' ဆိုတာက နောင်ရေးစိတ်အေးရဖို့ ပိုသေချာပါတယ်။-(၂)

၂။ မအားဖူးလို့ မပြောပါနဲ့။ ရှိတာကိုသာ သိအောင်လုပ်ပါ။ လူ့ဘ၀ဆိုတာ တွန်းအားတွေလည်း များတယ်၊ အလုပ်ကိစ္စတွေလည်း မအားလပ်အောင် အလွန်ပင် များပြားပါတယ်။ အသိထူးခြားတယ်။ ဒါကြောင့် တရားနဲ့ထိုက်တန်တာပါ။ လူဆိုတာ နတ်များလို ကံဟောင်းကို ထိုင်စားနေတဲ့ဘ၀မဟုတ်တော့ တလှုပ်လှုပ်နဲ့ စားဝတ်နေရေးအတွက် အလုပ်လုပ်နေရပါတယ်။ အလုပ်များလို့လည်း လူနဲ့တရားထိုက်တန်တာဖြစ်လို့ အလုပ်များတာဟာ တရားဝင်ပေါက်တွေများနေတာပဲလို့ အားရှိစရာ တွက်တက်ဖို့လိုမှာပါ။ အလုပ်နဲ့တရား တွဲမိပေါင်းမိဖို့ ကြိုးစားရမှာဖြစ်တယ်။
သတိနဲ့စိတ်ပေါက်ကို ဖာထေးပိတ်ဆို့နိုင်သူဟာ ရှိတာကို သိနိုင်လောက်အောင် အသိရှင်းပါတယ်။ အလုပ်များပေမဲ့ မရှုပ်ပါဖူး။ အသိရှုပ်တာကိုပဲ အလုပ်ရှုပ်တယ်လို့ပြောနေကြတာပါ။ အသိရှင်းရင် ကံအရှိ ခန္စာအရှိ၊ ရုပ်နာမ်အရှိတွေဟာ ကြည့်နိုင်သလောက်မြင်ရပါတယ်။ မြင်သလောက်လည်း စွမ်းအားကို ယူတက်ပါတယ်။ စားဝတ်နေရေး၊ လူမှုရေး၊ စီးပွားရေး ကိစ္စမျိုးစုံတွေထဲမှာ ဒါန၊ သီလ၊ သမာဓိ၊ ၀ိပဿနာသမာဓိ စွမ်းအားတွေ ပါဝင်နေကြတာကို အားရှိစရာကောင်းလောက်အောင် တွေ့မြင်ရပြီး ပါးနပ်လိမ္မာကျွမ်းကျင်စွာ စုဆောင်းရယူတက်လာပါတယ်။ အရှိဟာ အသိနဲ့ထိန်းပေးနိုင်ရင် အားလုံးစွမ်းအားတွေကြီးပါပဲ။

၃။ ကုန်ဆုံးခြင်းရဲ့ရလဒ်ဟာ စွမ်းအားပဲဖြစ်တယ်။ ကုန်ဆုံးခြင်းရဲ့နောက်မှာ စွမ်းအား ရလာဒ်တခုခု ကျန်နေခဲ့ရမယ်။ လူ့ရဲ့လက်ထဲမှာရှိနေတဲ့ သက်ရှိသက်မဲ့အားလုံး ကိုယ်ရှိချင်သလောက် ရှိနေကြမှာမဟုတ်ပဲ သူရှိနိုင်သလောက်သာ ရှိနေပြီး ကန့်သက်ချိန်ပြည့်ရင် ကုန်ဆုံးပျောက်ကွယ်သွားကြမှာတွေကြီးပဲ။
ကုန်ဆုံးသွားရင် ထင်းတုံးတွေပုံထားပြီး မီးရှို့ပစ်လိုက်သလို အလကားကုန်သွားတာမျိုး မဖြစ်စေသင့်ဘူး။ အကုန်စာရင်းတွေပြပြီး မပူသင့်မမောသင့်ဘူး။ နေ့စဉ်ပစ္စည်းတွေ ရှာဖွေပြီး အိုဖို့ နာဖို့ သေဖို့ ပူဖို့ လောင်စာထည့်ပေးတာနဲ့ဘဲ ပစ္စည်းတွေ ကုန်မယ်ဆိုရင် သိပ်ရှုံးတာပေါ့။ တရားမပါတဲ့ လူရဲ့ စားဝတ်နေရေးဟာ ထင်းတုံးတွေပုံပြီး မီးရှို့ပစ်နေသလို လောင်လောင်ပြီး ကုန်ကုန်သွားကြတာဖြစ်လို့ သိပ်နှမြောစရာကောင်းတယ်။
ထင်းပုံကြီးကို ထမင်းဟင်းချက်သည့်အခါ ယူယူပြီး မီးဆိုက်အသုံးချလိုက်တော့ ထင်းတုံးတွေကုန်သွားပေမယ့် တဖက်က ထမင်းဟင်းကျက်လို့ စားရတာမျိုး ပြစရာကျန်ခဲ့တာမျိုး ဖြစ်သင့်ပါတယ်။
ကိုယ့်လက်ထဲမှာရှိတဲ့ ကိုယ်နဲ့ဆိုင်သည့်အရာတွေအားလုံး အချိန်စေ့ရင် တနည်းနည်းနဲ့ ကုန်သွားမှာချည်းပဲ။ ဘာတစ်ခုမှ ဆုပ်ကိုင်ထားလို့မရပါဘူး။ အချုပ်အားဖြင့် စားသုံးလို့ကုန်၊ ပေးလို့ကုန်၊ ပျောက်ပျက်လို့ကုန်တဲ့။ အကုန်သုံးမျိုးနဲ့ နေ့စဉ်ကုန်နေရတာချည်းပါ။ ဒီလိုကုန်ဆုံးသွားတဲ့အခါ ဒါနရနိုင်တဲ့နေရာမှာ ဒါနအားတွေ ကျန်ရစ်ခဲ့အောင် သဒ္စါနဲ့စိတ်ကို သန့်စင်၊ သတိနဲ့စိတ်ကိုထိန်း၊ ဥာဏ်နဲ့ ကျွမ်းကျင်ပါးနပ်စွာယူထားရမယ်။
ဝေယျာဝစ္စတွေ၊ သီလတွေရနိုင်တဲ့နေရာမှာ မလွတ်တမ်းဆွဲယူနိုင်ရမယ်။ သမာဓိရနိုင်သည့် နေရာရောက်ပြန်တော့ သတိဝရိယတွဲပြီး စူးစူးစိုက်စိုက် တည်တည်ငြိမ်ငြိမ် ခုလည်းသေချာ နောင်လည်း စိတ်အေးရအောင် တခါတည်း ယူထားသင့်ပါတယ်။ ဘာပဲလုပ်လုပ် စိတ်ပေါက်ကို လုံအောင်ဖာပြီး သေသေသပ်သပ် ပိပိရိရိ အေးအေးချမ်းချမ်းပဲလုပ်သင့်ပါတယ်။
ဝိပဿနာရနိုင်တဲ့ နေရာကျပြန်တော့  အသိကိုလျို့ဝှက်မထားပဲ အကုန်ထုတ်သုံးမှပဲ။  စိတ်ပေါက်ကို သတိနဲ့ဖာထားရင် အသိလည်းလုံနေလို့ ရှိတာကို တကယ်သိမြင်ရပါတယ်။ နေ့စဉ်ထမင်းနဲ့စားသောက်ဖွယ်ရာတွေစားနေတာကိုပဲ ကြည့်ပါ။ မနက်စားလိုက်တော့ ညနေစာတယ်။ ညနေစားလိုက်တော့ မနက်မှာ ဆာနေပြန်တယ်။  ဒါတွေဟာ ကြည့်တက်ရင် ၀ိပဿနာပဲ။ ကုန်သွားလို့ဆာတာဆိုတော့ ကုန်တာ ပြောင်းလဲဖောက်ပြန်တာဟာ အနိစ္စပဲ။ ဆာတာဟာ ဒုက္ခပဲ။ ခန္စာဟာ ကိုယ့်အလိုမလိုက်၊ ကိုယ်ကသာ ခန္စာနောက်လိုက်ပြီး ကျွေးရ၊ စားရမှဖြစ်လို့ အနတ္တပဲ။
အမှိုက်ပုံးထဲ နေ့စဉ်အမှိုက်ပစ်နေတာဟာ ၀ိပဿနာပဲ။ သုံးမဖြစ်အောင် အမှိုက်ထဲပစ်လိုက်ရအောင် ပြောင်းလဲဖောက်ပြန်သွားတာ ဖြစ်လို့ အနိစရှုရုံပဲ။ ဖြစ်ချင်တာမဖြစ်၊ မဖြစ်ချင်တာဖြစ်သွားလို့ ဒုက္ခပေါ့။ '' ဟဲ့အမှိုက်တွေ ပစ္စည်းကောင်းတွေ ပြန်ဖြစ်ကြစမ်း'' လို့ခိုင်းလို့မရ။ ကိုယ့်အလို သူမလိုက်တော့ အနတ္တဆိုတာ ရှင်းနေတာပဲ။
ပစ္စည်းတွေ သူခိုးခိုးခံရလို့ ပျောက်သွားတာတောင်မှ သတိနဲ့အသိကောင်းသူဟာ အပူမကျန်စေပဲ ၀ိပဿနာရှု့ပြီးအမြတ်ထုတ်ယူနိုင်ပါသေးတယ်။ အသိ သတိကောင်းသူအတွက် အများချုံးချငိုစရာ ပူလောင်စရာအားလုံးဟာ ပြုံးပြစရာ ငြိမ်းအေးစရာတွေချည်ဖြစ်နေတက်ပါတယ်။

နေ့စဉ်လူတွေလုပ်နေကြတဲ့ စားဝတ်နေရေး၊ စီးပွားရေး၊ လူမှုရေးတွေအားလုံးဟာ အသိသတိခေါင်းတွဲ တပ်ဆင်ပေးလိုက်ရင် ဒါန၊ သီလ၊ သမာဓိ ၀ိပဿနာစွမ်းအားတွေချည်ပါပဲ။
ပြီးတော့ ရှင်လာရင် ဧကန်သေရမယ်။ ဖြစ်လာရင် ဘာမဆိုပျက်ရမယ်။ ရလာရင် အချိန်စေ့တော့ကုန်ဆုံးသွားရမယ်။ တွေ့ဆုံလာရင် ကန့်သပ်ချိန်ပြည့်တော့ ကွဲရမယ်။ ဒါဟာ ဘ၀သံသရာမှာ သွားနေကြ၊ ပုံမှန်လည်ပတ်နေရတဲ့ လမ်းရိုးကြီးပါ။ အသိ သတိမပါသူတွေ မူးလဲသွားကြပေမဲ့ အသိသတိအားကောင်းသူတွေအတွက်တော့ ဒါတွေဟာ '' အား'' တွေကြီးပါပဲ။
လူကို လောက ကနိုင်တယ်။ လောကကိုတော့ (တရား) ဓမ္မကနိုင်တယ်။ (တရား) ဓမ္မကိုနိုင်တာကတော့ သတိပညာပါ။ သတိပညာနဲ့ ဓမ္မကိုလက်ကိုင်ထားနိုင်ရင် လောကကို နိုင်ပီဖြစ်လို့ လူဟာ လောကအလယ်မှာ ကောင်းဆိုး ၂-တန် ဘယ်လောကဓံနဲ့တွေ့တွေ့နေရာတိုင်း အ၀င်ဆန့်သွားပါတယ်။

'' နောင်တော့ကောင်းကောင်းနေတော့မယ်'' ဆိုတာထက် '' ယခုပဲ ကောင်းကောင်းနေပါတော့မယ်'' ဆိုတာက နောင်ရေးစိတ်အေးရဖို့ ပိုသေချာပါတယ်။ (၁)

မသေချာ မရေရာတဲ့ ပစ္စုပ္ပန်တိုင်း အနာဂတ်ကို ခြိမ်းခြောက်ပါတယ်။
မကောင်းသည့် ပစ္စုပ္ပန်ဟာ မကောင်းသည့်အနာဂတ်ကို ဖန်တီးပါတယ်။
ကောင်းသည့် ပစ္စုပ္ပန်ဟာ ကောင်းသည့် အနာဂတ်ကို ဖန်တီပေးပါတယ်။
ပစ္စုပ္ပန်ကို တန်ဖိုးထားပြီး မြတ်မြတ်နိုးနိုးနဲ့ မလွတ်အောင် ထိန်းသိမ်းထားမယ်၊ အသိ၊ သတိနဲ့ အဖိုးတန်အောင် အသုံးချမယ်ဆိုရင် အနာဂတ်အတွက်လည်း စိတ်အေးရပါတယ်။
သေချာတဲ့ ပစ္စုပ္ပန်ဟာ အနာဂတ်အားလုံးကို တာဝန်ယူပါတယ်။
ဒါကြောင့် '' နောင်တော့ကောင်းကောင်းနေတော့မယ်'' ဆိုတာထက် '' ယခုပဲ ကောင်းကောင်းနေပါတော့မယ်'' ဆိုတာက နောင်ရေးစိတ်အေးရဖို့ ပိုသေချာပါတယ်။
ခုရော နောင်ပါ စိတ်အေးချမ်းလိုမှုကို လိုချင်လျှင်
၁။ အစီအစဉ်
၂။ လမ်းကြောင်း
၃။ ဦးတည်ချက် ဆိုသည့် မူ(၃) မျိုးကို လိုက်နာကျင့်သုံးဖို့လိုပါတယ်။ ဒီသုံးခုမရှိသည့် လူ့ဘ၀ဟာ ဘာမှ အဓိပ္ပာယ်မရှိပါဘူး။
နေ့စဉ် ထမင်း နှစ်နှပ်ကျွေးပြီး သေရမည့်ရက်ကို ထိုင်စောင့်နေတာနဲ့ပဲ တစ်ဘ၀ ကုန်ဆုံးသွားမှာပါ။
လှိုင်းထူထပ်နေသည့် ကမ်းမမြင် လမ်းမမြင် ပင်လယ်ထဲမှာ ထင်ရာခုတ်မောင်းနေသည့် သင်္ဘောလိုပဲ ရောက်ချင်သလိုရောက် မျောချင်သလိုမျော၊ မြုပ်ချင်သလို မြုပ်ပြီး ဒုက္ခပင်လယ်ဝေသွားမှာပါ။
မူ(၃) ခုဆိုတာ
၁။ ဘာမဆို အေးအေးဆေးဆေးလုပ်ပါ။ သတိ၊ သမာဓိရှိဖို့ပြောတာပါ။ လုပ်ငန်းတခု တာထွက်လိုက်တာနဲ့ မျက်ခြည်မပျက်ဖို့သေချာလုပ်ဖို့လိုပါတယ်။ အလုပ်လုပ်နေရင်းစူးစိုက်တည်ငြိမ်အေးချမ်းဖို့အရေးကြီးပါတယ်။ ဒါမှ ပစ္စုပ္ပန်သေချာမှာပါ။ သတိ၊ သမာဓိနဲ့ ထိန်းချုပ်ပေးတယ်ဆိုတာ လွတ်ထွက်ပေါက်ပြဲနေသည့် စိတ်ကိုလုံအောင် ချုပ်စပ်ပေးတာလည်း ဖြစ်ပါတယ်။ ပုထုဇဉ်ရဲ့စိတ်ဟာ လွတ်ထွက်သွားတာနဲ့ လောဘ၊ဒေါသ၊ မောဟတွေ ထိုးဖောက် ဆုတ်ပစ်တာခံရလို့ အပေါက်အပြဲ အစုတ်တွေချည်းဖြစ်နေပါတယ်။ စိတ်ပေါက်ပြဲရင် တရားထည့်လို့ သယ်ဆောင်လို့မရတော့ပါဘူး။ တရားစွမ်းအားတွေ အပေါက်ကနေ အကုန်ယိုဖိတ်ကုန်တယ်။ အပေါက်တွေများတော့ အပူ၊ အရှုပ်တွေလည်း ၀င်လာဖို့ လွယ်ကူသွားမယ်။ ပုန်းအပေါက်နဲ့ရေခက်ရင် အခေါက်များပေမဲ့ ရေမရသလို စိတ်အပေါက်အပြဲနဲ့ ပြေးလွှားရုန်းကန်နေရင် နေ့၊ရက်၊ လတွေနဲ့ နှစ်တွေများလာပေမဲ့ သေဖို့နီးလာတာကလွဲရင် ဘာအားကိုးစရာ တရားတွေမှ ရလာတိုးလာမှာမဟုတ်တော့ဘူး။
လုံချည်၊ အင်္ကျီအပေါက်အပြဲတွေဝန်ရင် မလုံခြုံသလိုပါပဲ၊ စိတ်အစုတ်အပြတ်ကြီးနဲ့အလုပ်လုပ်နေရင် အာရုံတွေကေ၀၀ါးပြီး ရှုပ်ထွေးပူလောင်နေမှာပါပဲ။ ဒါကြောင့် ဘာမဆို ပူပူလောင်လောင်၊ ပြာယာခက် ရှုပ်ရှက်ခက်မလုပ်ပဲ စိတ်ပေါက်ကို သတိနဲ့ဖာ၊ စိတ်စုတ်ကို သတိနဲ့ချုပ်ပြီး လုံခြုံတဲ့စိတ်နဲ့ အေးအေးချမ်းချမ်းလုပ်မယ်ဆိုရင် ခုရော နောင်မှာပါ အေးအေးချမ်းချမ်းနေရမည်ဖြစ်ပါတယ်။

စိတ်အတွက် နေစရာ

ကိုယ့်စိတ်ကိုကိုယ် သိတဲ့လူမှာ inner space ဆိုတာရှိတယ်။ ။သာမန်လူတွေရဲ့ စိတ်ဟာ ရှုပ်ထွေးပြီး နောက်နေတဲ့အတွက်ကြောင့် သူတို့မှာ inner space မရှိဘူး။ ရှုပ်ထွေးပြည့်ကျပ်နေတယ်။ သတိ သမာဓိ ရှိတဲ့သူ၊ ကြည်လင်အေးချမ်းတဲ့သူ၊ အသိဥာဏ် ခိုင်မာတဲ့သူမှာ inner space ဆိုတာ ရှိနေတယ်။ စိတ်ထဲမှာ ရှင်းနေတဲ့နေရာ ရှိတယ်။

ဟိုတနေ့ကပဲ ဒကာကြီးတစ်ယောက် ပြောတယ်၊ သူ့စိတ်ထဲမှာ အဲသလို inner space ရှိတယ်တဲ့။ အဲဒီ inner space ကလည်း ကြည်လင်အေးချမ်း နေတယ်တဲ့။ သူ ဘယ်သွားသွား၊ ဘာလုပ်လုပ် သူ့စိတ်ကိုသူ အဲဒီထဲမှာပဲ ထားတယ်။ အဲဒီစိတ်ကလေးနဲ့ပဲ သူအမြဲတမ်း ပြောတယ်။ တခါတလေမှာ အဆင်မပြေတာ တစ်ခုခု ကြုံတွေ့လာတဲ့အခါ ထစ်ကနဲတော့ စိတ်က ဖြစ်လိုက်တယ်။ ဖြစ်လိုက်ပေမဲ့ အဲဒီလို ဖြစ်တာကို စိတ်က သူ သိတယ်။ဒီလို ကြည်လင်အေးချမ်းတဲ့၊ အေးနေတဲ့ space ကလေးထဲမှာ နေတဲ့ အလေ့အကျင့် များလာတဲ့အခါမှာ ပူတာလေးတစ်ခု ဖြစ်လာရင် အဲဒီပူတာဟာ သိပ်သိသာလွန်းတယ်။ မခံနိုင်တော့ဘူး။ ဖြူစင်သန့်ရှင်းနေတဲ့ အ၀တ်မှာ အမဲစက်ကလေးတစ်စက် ထင်လိုက်သလိုပဲ။ အင်မတန် အေးတဲ့ရာသီဥတုမှာ နေတဲ့လူတစ်ယောက်ဟာ ဗြုန်းကနဲ ပူတဲ့ရာသီဥတု ရှိရာကို ရောက်လာရင် မခံနိုင်သလိုပဲ။စိတ်က ကြည်လင် အေးချမ်း သန့်ရှင်းတဲ့ နေရာမှာ အမြဲတမ်းနေလာတဲ့အခါကျတော့ အခြေအနေအရ ဗြုန်းကနဲ တစ်ခုခုဖြစ်လိုက်ရင် အင်မတန် ပူတယ်။ မခံနိုင်ဘူး။ မခံနိုင်တော့ သူဒါကို ချက်ချင်း ရှုမှတ်တယ်။ အကြွေး မထားဘူးနော်။ ဒီနေရာမှာ ဖြစ်လာတဲ့အပူစိတ်ကို ဒီနေရာတင် ချက်ခြင်းရှုတာ။ နေရာမရွှေ့တော့ဘူး။ အချိန်မရွှေ့တော့ဘူး။ အလေ့အကျင့်ကလည်း များနေတော့ သိပ်ကြာကြာကြီး မရှုရပါဘူး။ လေးငါးချက်လောက် သတိထားပြီး ရှုလိုက်တာနဲက ပြေသွားရော။ တာရှည် မဖြစ်ဘူး။ စိတ်က ပြန်ပြီး အေးချမ်းသွားပြီးတော့ ဆက်ပြီး အလုပ်လုပ်လို့ ရတယ်။အရင်တုန်းကဆိုရင် တစ်ခုခု ပူတာ လောင်တာ ကြုံတွေ့ရပြီဆိုရင် တော်တော်နဲ့မအေးနိုင်ဘူး။ ရက်ပေါင်းများစွာ ပါသွားတာပဲ။ ဒီနေရာမှာ ဖြစ်တဲ့ ဒေါမနဿ အပူဟာ တခြားနေရာတွေမှာ အားလုံး ကူးစက်ကုန်တယ်။။ အလုပ်မှာ အဆင်မပြေ ဖြစ်လာပြီးရင် အိမ်မှာ လာပြီးတော့ ဒေါသတွေ ကြီးတယ်။ ဒါတော်တော် မကောင်းဘူး။ တရားလည်း မတရားးပါဘူး။ တကယ်တော့ very unfair လိုက ပြောလို့ရမယ်။ သူ့အလုပ်မှာ ဖြစ်ခဲ့တဲ့ဒေါသကို သူ့အလုပ်မှာပဲ ရှင်းခဲ့ဖို့ ကောင်းတယ်။ အိမ်ရောက်လာမှ အိမ်မှာရှိတဲ့ ဒကာမကြီးတွေနဲ့ သားတွေသမီးတွေကို ဒုက္ခမပေးသင့်ဘူး။ ဒါ responsible ဖြစ်ဖို့ လိုတယ်နော်။စိတ်ခိုင်မာတဲ့သူဟာ သူ့မှာ inner space ရှိတယ်။ သူ့စိတ်ပင်ပန်းလာရင် သူ့မှာ နေစရာနေရာ ရှိတယ်။ အဲဒီစိတ်ဟာ သူ့အတွက် နေစရာနေရာပဲ။ သူ့စိတ်ကိုသူ tunning လုပ်ပြီးတော့ အသာလေး အဲဒီ inner space ထဲမှာပဲ နေလိုက်တယ်။ ဒီနေရာလေးက လွတ်လပ်တဲ့ နေရာလေး အေးချမ်းတဲ့ နေရာလေး။

                                                                                                                                                    ဆရာတော်ဦးဇောတိက                                                                                                                                                              (ဘ၀အဆင့်အတန်း၊ သဘောထားကြီးပါတယ်)

ဘ၀ အဓိပ္ပာယ်

ရာထူးရှိတယ်၊ ပိုက်ဆံရှိတယ်၊ မိသားစု ဆက်ဆံရေးမှာ ရင်းနှီးမှု ပွင့်လင်းမှု ရိုးသားမှု မရှိဘူး။ မိသားစုဝင်တွေ မကြာခဏ စိတ်ဓါတ်ကျတယ်။ ဘ၀ဟာ အဓိပ္ပာယ်မရှိဘူလို့ ခံစားရတယ်။ တစ်ယောက်မဟုတ် တစ်ယောက် တစ်ခါတလေ သေချင်စိတ်ဖြစ်တယ်။ ဒီလိုလူတွေ အခုခေတ်မှာ ပိုများလာတယ်။လူသားဆိုတာ ဘ၀အဓိပ္ပာယ်ကို ရှာတဲ့ သတ္တ၀ါဖြစ်တယ်။ ကိုယ့်ဘ၀ အဓိပ္ပာယ်မရှိတော့ဘူးလို့ ခံစားရရင် သေချင်စိတ် ဖြစ်တယ်။ ဘ၀အဓိပ္ပာယ်ကို တွေ့ရင် ဒုက္ခခံရမှာကို မကြောက်ဘူး။အဓိပ္ပာယ်ရှိတဲ့ ဒုက္ခမျိုးကို ခံချင်တယ်။ အဓိပ္ပာယ်ရှိတဲ့ ကိစ္စအတွက် အနစ်နာခံရမှာ ကိုယ်ကျိုးစွန့်ရမှာ ၀န်မလေးဘူး။ တချို့ကိစ္စအတွက် အသက်ကိုတောင စွန့်ရမှာ ၀န်မလေးဘူး။ အဓိပ္ပာယ် မရှိတော့ဘူး ဆိုရင်တော့ အသက်ရှင်နေရတာကို မလိုချင်တော့ဘူး။အပေါ်ယံမှာ ပစ္စည်းဥစ္စာပြည့်စုံနေတယ်။ လိုချင်တာ အားလုံးရနေတယ်ဆိုပေမဲ့ ဘ၀အဓိပ္ပာယ်မရှိတော့ဘူးဆိုရင် ဘာအတွက် အသက်ရှင်နေရတာလဲလို့ မေးရတော့မယ်။သေချင်တယ်ဆိုတဲ့လူတွေ တော်တော်များများကို မေးကြည့်တော့ ဆယ်ယောက်မှာ ရှစ်ယောက်က ဘ၀အဓိပ္ပာယ် မရှိဘူး၊ ဘာမှ အဓိပ္ပာယ်မရှိဘူး၊ ဒါကြောင့် သေချင်တာလို့ ပြောကြတယ်။ အဲဒီလို သေချင်တယ်ဆိုတဲ့ သူတွေဟာ စားဝတ်နေရေး ပြည့်စုံနေကြတဲ့သူတွေများတယ်။ စားဝတ်နေရေး မပြည့်စုံလို့ သေချင်တယ် ဆိုတဲ့သူက နဲပါတယ်။There is a healing force in meaning.အဓိပ္ပာယ်ရှိတဲ့ ဘ၀အမြင်ဟာ စိတ်ရောဂါကို ပျောက်စေနိုင်တယ်။The frustration of man's search for meaning may also cause neurosis.အဓိပ္ပာယ်ကို ရှာလို့ မရရင် စိတ်ရောဂါ ဖြစ်နိုင်တယ်။ဒီပြဿနာကို မြင်လို့ ပညာရှင်တွေက သတိပေးကြတယ်။ လူတော်တော်များများဟာ ဘ၀အဓိပ္ပာယ်မဲ့နေတယ်လို့ ခံစားရလို့ စိတ်မပျော်မရွှင်တဲ့ ရောဂါတစ်မျိုး ဖြစ်နေတယ်။ နောင် မကြာခင်မှာ ဒီပြဿနာဟာ ပိုဆိုးလာမှာသေချာတယ်။ဒါကြောင့် ကလေးဘ၀ကတည်းက အဓိပ္ပာယ်ရှိတာကို လုပ်နိုင်အောင် အခြေအနေကို ဖန်တီးပေးမှ ဖြစ်မယ်။ အခြေအနေဆိုးလာမှ ဖြေရှင်းနေရရင် ရောဂါသက်သာဖို့တောင် တော်တော်မလွယ်ဘူး။ စိတ်ဓါတ်အင်အားပြည့်တဲ့သူ ဖြစ်လာဖို့ တော်တော်ခက်မယ်။အသက်ရှင်နေရတာ ဘာအဓိပ္ပာယ်ရှိသလဲ ဆိုတဲ့ မေးခွန်းဟာ အရေးအကြီးဆုံး မေးခွန်းဖြစ်ပါတယ်။ တိရစ္ဆာန်တွေဟာ ဒီမေးခွန်းကို မမေးကြဘူး။ လူသားကတော့ ဒီမေးခွန်းကိုမေးတယ်။ ဒါကြောင့် ဒီမေးခွန်းဟာ လူသားရဲ့ ထူးခြားတဲ့ မေးခွန်းလို့ ဆိုနိုင်တယ်။ လူပီသတဲ့သူတိုင်း ဒီမေးခွန်းကို မေးကြတယ်။ဒီမေးခွန်းဟာ အခုခေတ်မှာ တချို့လူတွေကို တော်တော်ခြောက်ခြားစေတဲ့ မေးခွန်းဖြစ်တယ်။ မေးရမှာ ကြောက်တယ်။ မမေးပဲလည်း မနေနိုင်ဘူး။အခုခေတ်မှာ ပစ္စည်းအမျိုးမျိုးရနိုင်ဖို့မခက်ဘူး။ ဒါပေမဲ့ အဓိပ္ပာယ်ရှိတဲ့ဘ၀၊ အဓိပ္ပာယ်ရှိတဲ့ဆက်ဆံရေးကို ရဖို့တော့ တော်တော်မလွယ်ပါဘူး။ ခေတ်မီပစ္စည်းအမျိုးမျိုး တည်ထွင်ပြီးတော့ လူတွေရဲ့ဆန္ဒကို ဖြည့်ဆည်းပေးနိုင်ပေမဲ့ လူတွေတောင့်တတဲ့ အဓိပ္ပာယ်ကိုတော့ ဘယ်သူမှ ဖြည့်ဆည်းမပေးနိုင်ဘူးနော်။အထူးသဖြင့် ရုပ်ပိုင်းလိုအပ်ချက်တွေ ပြည့်စုံနေတဲ့သူက ဘ၀အဓိပ္ပာယ်မဲ့တာကို  ပိုပြီး ပြင်းပြင်းထန်ထန် ခံစားရတယ်။ ဘာကြောင့်လဲ။ ဘာမှ လုပ်စရာမလိုတော့အောင် ပြည့်စုံနေတဲ့သူမျိုးက ပိုပြီးတောင် ဘ၀အဓိပ္ပာယ် မဲ့သွားနိုင်တယ်။စားဝတ်နေရေးပြည့်စုံရုံနဲ့ လူရဲ့လိုအပ်ချက်ဟာ မပြည့်စုံသေးဘူး။ လူငယ်တွေက လူကြီးတွေထက်ပိုပြီး ဘ၀အဓိပ္ပာယ်မဲ့တဲ့ ခံစားမှုဖြစ်တာ များတယ်။ ဘာလုပ်ရလုပ်ရ အဓိပ္ပာယ်မရှိဘူလို့ ခံစားနေရတယ်။ဘ၀နဲ့ပတ်သက်ပြီး လေးနက်တဲ့ခံယူချက် မရှိရင် ကိုယ့်ဘ၀ကို အဓိပ္ပာယ်ရှိတယ်လို့ခံစားရမှာ မဟုတ်ဘူး။လူငယ်တွေ စိတ်ကျရောဂါဖြစ်တာ ပိုများလာတယ်။ ဆိုးသွမ်းတာ၊ ရမ်းကားတာ ပိုများလာတယ်။ မူးယစ်ဆေးဝါးစွဲတာ အရက်စွဲတဲ့သူ ၂၀ မှာ ၁၈ ယောက်က သူတို့ဘ၀ အဓိပ္ပာယ်မရှိဘူး။ လုပ်နေရတဲ့ အလုပ်တွေဟာ အဓိပ္ပာယ်မရှိဘူးလို့ ပြောကြတယ်။ငါလုပ်နေတဲ့အလုပ်ဟာ ဘာအဓိပ္ပာယ်ရှိသလဲလို့ မေးလိုက်တာကိုက ငါဟာ လူသားတစ်ယောက်ဖြစ်တယ်လို့ ခိုင်ခိုင်မာမာ ဖော်ပြလိုက်တာပဲ။The search for meaning is a distinctive characteristic of being human.အဓိပ္ပာယ်ကိုရှာတာ လူရဲ့ထူးခြားတဲ့လက္ခဏာဖြစ်တယ်။ လူပီသတဲ့ လက္ခဏာဖြစ်တယ်။ ဘယ်တိရစ္ဆာန်မှ ဘ၀ရဲ့အဓိပ္ပာယ်ကို မမေးဘူး။ မစဉ်းစားဘူး။Man is always reaching out for meaning, always setting out on his search for meaning.အဓိပ္ပာယ်ကို မရှာရင် လူမပီသတော့ဘူး။ ဒါကြောင့် အသိဥာဏ်အဆင့် မြင့်လာရင် အဓိပ္ပာယ်ပိုပြီး စဉ်းစားတယ်။ ဘ၀ကိုက ဘ၀ကို အဓိပ္ပာယ်ရှိအောင်နေဖို့ တောင်းဆိုတယ်လို့ ဆိုချင်ပါတယ်။ အဲဒီလို တောင်းဆိုတာကို ပြည့်အောင် ဖြည့်ဆည်းဖို့လိုတယ်။ဒါကြောင့် ခေတ်အဆက်ဆက် လူတွေဟာ စားဝတ်နေရေးလောက်နဲ့ရပ်မနေပဲ လုပ်သမျှအလုပ်တွေကို တစ်မျိုးထူးအောင် လုပ်တယ်။ စားတာလည်း အဓိပ္ပာယ်ရှိအောင်နေဖို့ တောင်းဆိုတယ်လို့ ဆိုချင်ပါတယ်။ အဲဒီလို တောင်းဆိုတာကို ဖြည့်ဆည်းဖို့လိုတယ်။ဒါကြောင့် ခေတ်အဆက်ဆက်လူတွေဟာ စားဝတ်နေရေးလောက်နဲ့ရပ်မနေပဲ။ လုပ်သမျှအလုပ်တွေကို တစ်မျိုးထူးအောင် လုပ်တယ်။ စားတာလည်း အဓိပ္ပာယ်ရှိအောင်၊ ၀တ်တာလည်း အဓိပ္ပာယ်ရှိအောင်၊ နေတာထိုင်တာပြောတာဆိုတာ အဓိပ္ပာယ်ရှိအောင် ကြိုးစားတယ်။ မွေးလာတာအဓိပ္ပာယ်ရှိအောင်လုပ်တယ်။ အိမ်ထောင်ပြုတာ အဓိပ္ပာယ်ရှိအောင်လုပ်တယ်။ ဒါဟာ အလုပ်မရှိ အလုပ်ရှာပြီး အပိုအလုပ်တွေလုပ်တာ မဟုတ်ဘူး။လူမှာ မြင့်မြတ်တဲ့သဘာဝ ရှိပါတယ်။ ဒီအချက်ကို လေးလေးနက်နက် သဘောပေါက်ဖို့ လက်ခံဖို့လိုပါတယ်။ ဘာလုပ်လုပ် အဲဒီမြင့်မြတ်တဲ့သဘာဝကို ရှေ့တန်းတင်ပြီးမှ စဉ်းစားသင့်တယ်။စီးပွားရေး လုပ်တာမှာလည်း ရောင်းသူ ၀ယ်သူ နှစ်ဦးနှစ်ဖက်လုံဟာ စိတ်ကောင်းကောင်းနဲ့ ရောင်းမှ ၀ယ်မှ လူရဲ့မြင့်မြတ်မှုကို နေရာ ပေးရောရောက်မယ်။ ဒါမှလည်း စိတ်ချမ်းသာမယ်။ ကိုယ်လုပ်တဲ့အလုပ်ဟာ ကိုယ်ရဲ့မြင့်မြတ်တဲ့သဘာဝကို ထိခိုက်သွားရင် လုပ်ရကျိုးနပ်တယ်လို့ မဆိုနိုင်ဘူး။ကျောင်းဆရာအလုပ်လည်း ထို့အတူပါပဲ။ ဆရာတပည့် နှစ်ဦးနှစ်ဖက် စိတ်ထားမြင့်မားလာအောင် ရည်ရွယ်ချက်ထားပြီး လုပ်မှ ပညာရေးဟာ အဓိပ္ပာယ်ရှိမယ်။နိုင်ငံကောင်းဖို့ လုပ်တာမှာလည်း စိတ်ထားမြင့်မားဖို့ဆိုတဲ့ ရည်ရွယ်ချက်ထားပြီး လုပ်ရင် ပိုပြီးအဆင်ပြေမယ်၊ လေးနက်မယ်။စိတ်ထားတွေနိမ့်ရင် ဘာလုပ်လုပ် ကောင်းမှာမဟုတ်ဘူး။လူငယ်တွေရဲ့စိတ်ထားကို လျှော့မတွက်ပါနဲ့၊ လူငယ်တွေမှာအဓိပ္ပာယ်ရှိတဲ့ပညာကို လေးလေးစားစားသင်ချင်စိတ် ရှိပါတယ်။ အဓိပ္ပာယ်ရှိတဲ့ အလုပ်ကို လေးလေးစားစား လုပ်ချင်တဲ့စိတ် ရှိပါတယ်။အဲဒီလိုပညာမျိုး အဲဒီလိုအလုပ်မျိုးကို လုပ်နိုင်အောင် ဘယ်လို အကူအညီပေးရမလဲ ဆိုတာကို လူကြီး မိဘတွေ ၀ိုင်းစဉ်းစားဖို့ လိုတယ်။ အဓိပ္ပာယ်ရှိတဲ့ပညာ အဓိပ္ပာယ်ရှိတဲ့အလုပ်ကို မလုပ်ရရင် ခံစားချက်ပြင်းပြင်းနဲ့ပေါက်ကွဲတတ်တယ်။ လူကြီးတွေကိုလည်း အထင်မကြီးတဲ့စိတ် ဖြစ်တတ်တယ်။ ဘယ်သူ့ကိုမှ အထင်မကြီးတော့ဘူး၊ ဘာကိုမှ တန်ဖိုးမထားတော့ဘူး ဆိုရင် သူ့ဘ၀ကိုသူ ဖျက်ဆီးလိမ့်မယ်။ စိတ်ဓါတ်ကျတာ၊ ရမ်းကားတာ၊ အရက်မူးယစ်ဆေးဝါးစွဲတာတွေဟာ ဘ၀အဓိပ္ပာယ်ပျောက်နေလို့ လုပ်ကြတာပါ။ ကိုယ့်ဘ၀မှာ အဓိပ္ပာယ်ရှိတာကို လုပ်နေရရင် ကိုယ့်ကိုယ်ကိုကိုယ် မဖျက်ဆီးပါဘူး။တချို့ကိုယ့်ကိုကိုယ် သတ်သေတာလည်း များသောအားဖြင့် ဘ၀အဓိပ္ပာယ် မဲ့နေတယ်လို့ခံစားရလို့ပါ။ ဘာမှ အဓိပ္ပာယ်မရှိတဲ့ ဘ၀မျိုးကို ဘယ်သူ နေချင်ပါ့မလဲ။
ဘုန်းကြီးရေးတဲ့စာတွေကို လူငယ်တွေအများဆုံးဖတ်ကြတယ်လို့သိရတယ်။ အဲဒီလို သိရတာ ဘုန်းကြီး ၀မ်းသာတယ်။ ဘာဖြစ်လို့ လူငယ်တွေဘုန်းကြီးရဲ့စာတွေကို ဖတ်ကြတာလဲ။ ပထမအချက်က သူတို့ကို ဘုန်းကြီးတန်ဖိုးထားတယ်။ သူတို့မှာ စိတ်ကောင်း ရှိတယ်၊ ကောင်းတာကို လုပ်ချင်တယ်ဆိုတာကို ဘုန်းကြီးသိတယ်။ ဒါကို သိဖို့က သိပ်မခက်ပါဘူး။ ဘုန်းကြီးလည်း တစ်ချိန်တုန်းက လူငယ်လေးဖြစ်ခဲ့ပါတယ်။ တစ်ချိန်းတုန်းက ဆိုတာ သိပ်မကြာသေးပါဘူးနော်။ ဘုန်းကြီးကို ဆိုးတယ်လို့ တချို့လူကြီးတွေက ပြောကြတယ်။ သူတို့ ဘုန်းကြီးအကြောင်းကို မသိပဲ ပြောတာ။ ဘုန်းကြီးကောင်းတာတွေလုပ်ဖို့ ဘယ်လောက်ကြိုးစားတယ်ဆိုတာ သူတို့မသိကြပါဘူး။နောက်တစ်ချက်က ဘုန်းကြီးရဲ့ စာတွေက သူတို့စိတ်ကို သူတို့သိဖို့နဲ့ သူတို့ဘ၀ကို သူတို့တန်ဖိုးထားဖို့ လမ်းပြပေးထားတယ်။ သူတို့ပိုကောင်းတဲ့သူတွေ ဖြစ်ချင်လို့သာ ဘုန်းကြီးစာတွေကို ဖတ်ကြတာပါ။ တခြားအကြောင်းမရှိပါဘူး။ ဘုန်းကြီးစားတွေက အပျင်းပြေဖတ်လို့မရပါဘူး။ ဒါကိုကြည့်ရင်ပဲ လူငယ်တွေဟာ သိပ်ကောင်းချင်ကြတယ်ဆိုတာ ပေါ်လွင်ပါတယ်။အဓိပ္ပာယ်ရှိတဲ့ ဘ၀အမြင်ကို လူတိုင်း လိုချင်ကြပါတယ်။ တချို့ကြိုးကြိုးစားစား ရှာတယ်။ အဲဒီလို အဓိပ္ပာယ်ရှိတဲ့ ဘ၀အမြင်ကို ရထားတဲ့သူဟာ ဘယ်လောက် ဒုက္ခတွေနဲ့ကြုံရကြုံရ ခံနိုင်တယ်။ ဒုက္ခနဲ့တွေ့ရလို့ စိတ်ဓါတ်မကျဘူး။ နင်လားဟဲ့ လောကဓံ ဆိုပြီး ကြံ့ကြံ့ခံပြီး ရင်ဆိုင်တယ်။ လောကဓံကို အရှုံးမပေးဘူး။ ကိုယ့်ရဲ့မြင့်မြတ်တဲ့ စိတ်ထားကို အပျက်မခံဘူး။ ဘ၀ကို ရောင်းမစားဘူး။ ကိုယ့်ကိုယ်ကို တန်ဖိုးမချဘူး။ အားလုံးကို ခံနိုင်ရည်ရှိအောင် မြင့်မြတ်တဲ့စိတ်က ခံနိုင်ရည်ကို ပေးတယ်။လူတွေဟာ အဆင့်မြင့်တဲ့ ရည်မှန်းချက်နဲ့ အဓိပ္ပာယ်ရှိတဲ့ဘ၀ကို လိုချင်ကြတယ်။ အလုပ်လုပ်တဲ့အခါမှာလည်း ငွေရရုံလောက်နဲ့ မကျေနပ်ဘူး။ စိတ်ထားနဲ့အသိဥာဏ်ကို မြှင့်ပေးနိုင်တဲ့ အလုပ်မျိုး၊ အရည်အချင်းကောင်းတွေထွက်လာတဲ့ အလုပ်မျိုး၊ ကိုယ့်အရည်အချင်းကို ပြည့်ပြည့်၀၀ သုံးရတဲ့အလုပ်မျိုးကို လုပ်ချင်တယ်။ငွေရပြီး ကိုယ့်ကိုယ်ကို ရောင်းစားရတဲ့ အလုပ်မျိုး၊ ကိုယ့်ခံယူချက်ကို သစ္စာဖောက်ရတဲ့အလုပ်မျိုးကို လုပ်ရရင် စိတ်ရောဂါဖြစ်တယ်။ ဒါကြောင့် တချို့လူတွေ ငွေရပြီး စိတ်မချမ်းမသာဖြစ်နေကြတယ်။ ကိုယ်ဘာလုပ်တယ်၊ ဘာကြောင့်လုပ်တယ်ဆိုတာကို ကိုယ်သိတယ်။ သူများလည်း သိသလောက်တော့ သိပါတယ်။ကိုယ့်ကိုယ်ကို ညာနေရတာ ပင်ပန်းပါတယ်။ ဟန်လုပ်နေရတာပင်ပန်းပါတယ်။ သူများကို ညာနေရတာလည်း ပင်ပန်းပါတယ်။ မယုံပဲနဲ့ ယုံချင်ဟန်ဆောင်ပေးနေရတာလည်း ပင်ပန်းပါတယ်။ အဲဒီလို ပင်ပန်းတာတွေကလည်း ဖိဆီးမှု(stress)တွေ များလာတဲ့ အခါ (depression) စိတ်ကျရောဂါ ဖြစ်ပါတယ်။ကိုယ့်ကိုယ်ကို လေးစားမှုမရှိတဲ့သယဟာ တကယ်စိတ်ချမ်းသာတဲ့သူ မဖြစ်နိုင်ဘူး။ ဆက်ဆံရေးတွေမှာ ဟန်လုပ်နေရတဲ့သူဟာ စိတ်ချမ်းသာမှု အစစ်ကို မရနိုင်ဘူး။ ဒါကြောင့် စိတ်ထားကောင်းကောင်းနဲ့ အားလုံးအတွက် အကျိုးများတဲ့ အဓိပ္ပာယ်ရှိတဲ့ အလုပ်ကို လုပ်မှသာ လူပီသတဲ့လူဖြစ်ပြီး စိတ်ချမ်းသာမယ်၊ စိတ်ကျန်းမာမယ်၊ နေပျော်တဲ့ဘ၀ကိုရမယ်။လူရဲ့အဆင့်မြင့်တဲ့ ရည်မှန်းချက်ဟာ အဆင့်အတန်းမြင့်တဲ့စိတ်ထားနဲ့ လေးနက်တဲ့ မြင့်မြတ်တဲ့ မှန်ကန်တဲ့ ဘ၀အမြင် အသိဥာဏ်ရဖို့ပဲ။ ကျန်တာတွေအားလုံးဟာ အဲဒီရည်မှန်းချက် အကောင်အထည်ပေးဖို့ လုပ်ရတာပဲ။ ပညာရေးဟာလည်း အဲဒီကိုပဲ ဦးတည်ရမယ်။ စားဝတ်နေရေး အဆင့်မြင့်ဖို့လောက် ငွေရတဲ့အလုပ်ကို လုပ်တက်ရုံလောက်ဆိုရင် အဆင့်နိမ့်တဲ့ ရည်မှန်းချက် ဖြစ်နေလို့ စိတ်ကျေနပ်မှု သိပ်ရမှာမဟုတ်ဘူး။ဒါကြောင့် အသက်နဲနဲကြီးလာတဲ့အခါမှာ "ငါသိထားတာတွေဟာ အပေါ်ယံ ဆန်လိုက်တာ၊ ဘ၀တန်ဖိုး ဘ၀အဓိပ္ပာယ်ကို ငါဘာမှ မ သိသေးပါလား" လို့တွေါ်မိတတ်တယ်။ အဲဒီလို တွေးမိတယ်ဆိုရင် တော်သေးတယ်။တကယ်လေးနက်တဲ့ အသိဥာဏ် မြင့်မြတ်တဲ့အသိဥာဏ်ကို လိုချင်ရင် ရနိုင်ပါတယ်။ တချို့ အဲဒီလိုတောင်မတွေးမိလို့ တစ်သက်လုံး ငွေနဲ့ အပေါ်ယံအပျော်အပါးလောက်နဲ့ နေသွားကြတယ်။ လူဖြစ်ကျိုး မနပ်လိုက်တာ။ ကိုယ့်ဟာကိုယ် ပျော်ပျော်နေသွားတယ်ဆိုရင် တော်သေးတယ်။ ကိုယ်ပျော်ဖို့ သူများကို အသုံးချတယ်။ ကိုယ့်ကြောင့် သူများဘ၀ နစ်မွန်းသွားရတယ်ဆိုရင် လူမဆန်ဘူးလို့ ဆိုရတော့မယ်။စီးပွားရေးဟာလည်း စိတ်ထားမြင့်မားရေးအတွက် အထောက်အကူပေးနိုင်မယ်။ စီးပွားရေးလုပ်ရင်း စိတ်ထားအဆင့်အတန်း နိမ့်တဲ့သူ ဖြစ်သွားရင် ဘာအဓိပ္ပာယ်ရှိမလဲ။ ငါလုပ်နေတဲ့ စီးပွားရေးလုပ်ငန်းနဲ့ ငါနေတဲ့လောကကို အကျိုးပြုမယ်လို့ ရည်ရွယ်ချက်ထားပြီး လုပ်ရင် စိတ်ထားမြင့်မြတ်လို့ အဓိပ္ပာယ်ရှိတယ်လို့ ခံစားရမယ်။ဘာသာရေးဟာလည်း ထို့အတူပါပဲ ထုံးစံအတိုင်းလုပ်ရတဲ့ အလုပ်မဟုတ်ဘူး။ ကိုယ့်စိတ်ထား တစ်နေ့တခြား မြင့်မားလာအောင် ဥာဏ်နဲ့ကြည့်ပြီး လုပ်သွားနေရမယ်။ အဆင့်အမြင့်ဆုံးစိတ်ထားမျိုး၊ အဆင့်အမြင့်ဆုံး အသိဥာဏ်မျိုး ရအောင် လုပ်မယ်လို့ ရည်မှန်းချက် ထားရမယ်။ ဒါမှ တကယ် အဓိပ္ပာယ်ရှိမယ်။လူမှုဆက်ဆံရေးမှာလည်း ကိုယ့်ရဲ့အကောင်းဆုံးစိတ်ထားကို ဖော်ထုတ်ဖို့ဆိုတဲ့ ရည်ရွယ်ချက် ထားမှသာ အဲဒီဆက်ဆံရေးဟာ ကိုယ့်အတွက်ကော အများအတွက်ပါ အကျိုးများမယ်။ ကျေနပ်စရာ ကောင်းမယ်။ စိတ်ချမ်းသာစရာ ကောင်းမယ်။ များသောအားဖြင့် ကိုယ့်အတွက် အသုံးချဖို့ဆိုတဲ့ ရည်ရွယ်ချက်နဲ့ ဆက်ဆံနေကြလို့ ဆက်ဆံရေးတွေဟာ ကျေနပ်စရာမဖြစ်ဘူး။ အသုံးချတာကို ခံနေရတဲ့သူဟာ ကိုယ့်ကို လူတယောက်အဖြစ် တန်ဖိုးထားတာကို မခံရဘူး။ အဲဒါ အင်မတန် ခံရခက်တယ်။ကိုယ်က သူများကို အဆင့်နှိမ့်လိုက်ရင် ကိုယ်ပါ အဆင့်နှိမ့်သွားတယ်။သူ့ကို လူလို သဘောမထားရင် ကိုယ်လည်းလူမဟုတ်တော့ဘူး။ လူမှန်ရင် လူကို လူလို မြင်ရမယ်။ လူလို ဆက်ဆံရမယ်။ လူကို တန်ဖိုးချတဲ့ဆက်ဆံရေးဟာ လောကကို ဖျက်ဆီးတဲ့ ဆက်ဆံရေးဖြစ်တယ်။"အူမ တောင့်မှ သီလစောင့်မယ်" ဆိုတဲ့စကားကို ဘုန်းကြီး လက်မခံပါဘူး။ အစကတည်းက ကိုယ်ကျင့်တရားကို တန်ဖိုးမထားတဲ့သူဟာ အူမဘယ်လောက်တောင့်တောင့် သီလမစောင့်ပါဘူး။ စည်းစိမ်ဥစ္စာ ကြွယ်ဝချမ်းသာပြီး ကိုယ်ကျင့်တရား မရှိတဲ့သူတွေ အများကြီးတွေ့ရပါတယ်။"အူမ တောင့်မှ သီလစောင့်မယ်" ဆိုတဲ့စကားဟာ ဘုရားဟောနဲ့လည်း မညီပါဘူး။ ဘုရားက အသက်ကိုစွန့်ရမယ်ဆိုရင် စွန့်လိုက်ပါ သီလကို မစွန့်ပါနဲ့လို့ဟောပါတယ်။ကိုယ့်ကိုယ်ကို အဆင့်အတန်းမြင့်မားတဲ့လူသားလို့ ပြည့်ပြည့်၀၀ ခိုင်ခိုင်မာမာ ခံယူထားတဲ့သူဟာ အူမတောင့်ဖို့အရေးကိုလည်း သီလ မပျက်တဲ့နည်းနဲ့ လုပ်မှာပဲ။ သမ္မာအာဇီဝ ဆိုတာ မဂ္ဂင်ရှစ်ပါးထဲမှာ တစ်ပါးအပါအ၀င်ဖြစ်ပါတယ်။ ဒါကြောင့် အူမတောင့်မှ သီလစောင့်မယ် ဆိုတဲ့စကားဟာ လူကို လျှော့ဈေးပေးထားတဲ့ စကားဖြစ်ပါတယ်။ တနည်းအားဖြင့်တော့ လူကို စော်ကားတဲ့စကား ဖြစ်ပါတယ်။ဆင်းရဲရင် ခိုးမှာပဲလို့တော့ ပုံသေတွက်လို့မရပါဘူး။ ဆင်းရဲပေမဲ့ ကိုယ့်ဂုဏ်သိက္ခာကို ကိုယ်တန်ဖိုးထားတဲ့သူ ရှိပါတယ် ဆိုတာကို လက်ခံရမယ်။ ဆင်းရဲတာ ချမ်းသာတာ အဓိကမဟုတ်ပါဘူး။ ဘာကို တန်ဖိုးထားသလဲဆိုတာက အဓိက ဖြစ်ပါတယ်။ ဆင်းရဲတဲ့သူမှာလည်း ဘ၀အဓိပ္ပာယ်ကို တန်ဖိုးထားတဲ့စိတ် ရှိပါတယ်။ ချမ်းသာတဲ့သူမှာလည်း ဘ၀အဓိပ္ပာယ်ကို တန်ဖိုးထားတဲ့စိတ် ရှိပါတယ်။ ဘ၀ကို အဓိပ္ပာယ်ရှိရှိ နေချင်တာဟာ ဆင်းရဲချမ်းသာမရွေး လိုချင်ကြတဲ့အရာ ဖြစ်ပါတယ်။ကိုယ့်ဘ၀ဟာ ဘာအဓိပ္ပာယ်မှ မရှိတော့ဘူးလို့ ခံစားရရင် စိတ်မချမ်းသာနိုင်တော့ဘူး။ အသက်မသေပေမဲ့ ဘ၀သေသွားသလို ဖြစ်သွားပြီး တချို့ ဘ၀သေတဲ့ ခံစားမှုကို မခံနိုင်တော့လို့ သေလိုက်တာ ရှိတယ်။ဘ၀အဓိပ္ပာယ် ဆိုတာကို မရှာတော့တဲ့သူ ရှိသလား။ ရှိမယ်ထင်တယ်။ အဲဒီလိုလူဟာ လူပီသတဲ့စိတ် မရှိနိုင်တော့ဘူး။ အင်မတန်အဆင့်နိမ့်တဲ့ စိတ်ထားနဲ့ နေသွားရမယ်။ စားလိုက် အိပ်လိုက် အပျော်အပါးခံစားလိုက်နဲ့ နေသွားတဲ့သူတွေ ရှိပါတယ်။ ဒါပေမဲ့ စိတ်ထားနဲ့ အသိဥာဏ်နည်းနည်းမြင့်လာတာနဲ့ အဓိပ္ပာယ်ရှိတာကို လုပ်ချင်လာတယ်။ငယ်ငယ်ကတည်းက စိတ်ထားမြင့်အောင် သင်ပေးရင် ရပါတယ်။ အဲဒီလိုသင်ပေးနိုင်ရင် လူ့အသိုင်းအ၀ိုင်းဟာ ပိုပြီး ဘေးကင်းတဲ့ အသိုင်းအ၀ိုင်းဖြစ်လာမယ်။ စိတ်ထားမြင့်မှ လူပီသတယ် စိတ်ထားမြင့်မှ စိတ်ကျန်းမာတယ်။ စိတ်ထားနိမ့်တာဟာ ချို့တဲ့မှုတစ်မျိုးဖြစ်တယ်။ အဟာရချို့တဲ့ရင် မကျန်းမာသလို စိတ်ထားနိမ့်ရင်လည်း မကျန်းမာဘူးလို့ ဆိုနိုင်တယ်။The will to meaning is not only a true manifestation of man's humanness, but also a reliable criterion of mental health.အဓိပ္ပာယ်မရှိတဲ့ဘ၀၊ အဆင့်မြင့်တဲ့ ဦးတည်ချက် မရှိတဲ့ ဘ၀မျိုးကို နေနေတဲ့သူဟာ လူပီသတဲ့ဘ၀ကို မနေတတ်သေးဘူး။အဆင့်မြင့်တဲ့ ဦးတည်ချက်တစ်ခု ရှိတဲ့သူဟာ အခက်အခဲတွေကို ပိုပြီး ခံနိုင်ရည်ရှိတယ်။ ကိုယ့်ရဲ့ အဆင့်မြင့်တဲ့စိတ်ထားက ကိုယ်ခံနိုင်ရည်ကို မြှင့်ပေးတယ်။ကိုယ်ကျိုးအတွက် ဘာမဆို လုပ်တဲ့သူဟာ စိတ်ထားအဆင့်တော်တော် နိမ့်သေးတယ်။ စိတ်ထားအဆင့် မြင့်လာတာနဲ့ အများကောင်းကျိုးဆိုတာကို စဉ်းစားလာတယ်။ဒါကြောင့် တကိုယ်ကောင်း ဆန်လွန်းတဲ့သူဟာ အဆင့်နိမ့်သေးတဲ့လူဖြစ်တယ်။ ကိုယ့်ပတ်ဝန်းကျင်မှာ အဆင်မပြေတာတွေကို မြင်နေရပါလျက်နဲ့ ''ငါနဲ့ ဘာမှ မဆိုင်ဘူး'' လို့ သဘောထားနိုင်တဲ့သူဟာ စိတ်ထားအဆင့် နိမ့်နေသေးတဲ့သူ ဖြစ်တယ်။အတ္တစွဲကို လွန်မြောက်ပြီးတော့ ဖြူစင်တဲ့စေတနာနဲ့ လူ့အသိုင်းအ၀ိုင်းကို အကျိုးပြုနိုင်တဲ့သူဟာ တကယ် အဆင့်မြင့်တဲ့သူ ဖြစ်တယ်။ ဒါကြောင့် ကိုယ့်အကျိုးကို ရှေ့တန်းတင်ပြီး ကိုယ့်မှာ အကျိုးရှိဖို့ အများအကျိုးထိခိုက်နေတာကို ဘာမှ ဂရုမစိုက်ပဲ မညှာမတာ လုပ်နေတဲ့သူဟာ တော်တော်အဆင့်နိမ့်တဲ့လူ ဖြစ်တယ်။ အဲဒီလိုလူမျိုး ဖြစ်ချင်သလား။ကိုယ့်အတွက် အကျိုးအမြတ်ရဖို့တစ်ခုကိုပဲ ဦးစားပေးပြီးတော့ လူအများထိခိုက်တာကို လုပ်နေရင် ငွေတော့ရမယ်၊ မြင့်မြတ်တဲ့စိတ်ကိုတော့ အဆုံးရှုံးခံလိုက်ရမယ်။ အဲဒီလိုလူဟာ စိတ်အေးချမ်းမှုကို ရနိုင်မှာ မဟုတ်ဘူး။မြင့်မြတ်တဲ့ စိတ်ထားနဲ့ ကောင်းတဲ့အလုပ်ကို လုပ်ရင် အဓိပ္ပာယ်ရှိတယ်လို့ ခံစားရမယ်။ ဘယ်သူ့အတွက် လုပ်တာဖြစ်ဖြစ် အဓိပ္ပာယ်ရှိတယ်။ မိဘအတွက် လုပ်ရင်လည်းကောင်းတယ်။ သားသမီးအတွက် လုပ်ရင်လည်း ကောင်းတယ်။ ဘာမှဆွေမျိုးမတော်တဲ့ သူတွေအတွက် လုပ်ဖို့လည်း လိုတယ်။ ပိုပြီး စိတ်ဓါတ်မြင့်လာရင် လူသားအားလုံးအတွက် အကျိုးရှိတာကို လုပ်ချင်လာမယ်။ရိုးရိုးကိစ္စလေးတွေ နေ့စဉ်လုပ်နေရတဲ့ ကိစ္စလေးတွေမှာလည်း စိတ်ထားကောင်းကောင်းနဲ့လုပ်ရင် အဓိပ္ပာယ်ရှိတာကို လုပ်နေတယ်လို့ ခံစားနိုင်ပါတယ်။ ဘတ်(စ်)ကား မောင်းတာမှာလည်း စိတ်ထားကောင်းကောင်းနဲ့မောင်းရင် အဓိပ္ပာယ်ရှိပါတယ်။ တက္ကစီကား မောင်းတာမှာလည်း စိတ်ထားကောင်းရင် အဓိပ္ပာယ်ရှိပါတယ်။ လမ်းဘေးမှာ ဈေးရောင်းတာလည်း စိတ်ထားကောင်းရင် အဓိပ္ပာယ်ရှိပါတယ်။စိတ်ထားမကောင်းရင်တော့ ဆရာဝန်က လူနာကို အလိုအပ်ပဲဆေးတွေထိုးပြီး ပိုက်ဆံယူတာမျိုးဆိုရင် အင်မတန် စိတ်ထားညံ့တယ်လို့ဆိုနိုင်တယ်။ အဲဒီဆရာဝန်ဟာ ငါ့အလုပ်ဟာ အဓိပ္ပာယ်ရှိတယ်။ ငါ့ဘ၀ဟာအဓိပ္ပာယ်ရှိတယ်လို့ ဘယ်လိုခံစားရမလဲ။ကျောင်းဆရာ ဆိုရင်လည်းတပည့်တွေ စဉ်းစားတတ်တဲ့သူတွေဖြစ်လာအောင် သင်ပေးရင် စိတ်ထား စေတနာကောင်း ငါ့အလုပ်ဟာ အဓိပ္ပာယ်ရှိတယ်၊ ငါ့ဘ၀ဟာ အဓိပ္ပာယ်ရှိတယ်လို့ ခံစားရမယ်။ ပိုက်ဆံရဖို့ကို အဓိကထားပြီး သင်ရင်တော့ အဓိပ္ပာယ်ရှိတယ်လို့ ခံစားရမှာ မဟုတ်ဘူး။ နေ့စဉ်ကိုယ်လုပ်သမျှကိစ္စတွေကို ပိုပြီး စိတ်ထားကောင်းကောင်းနဲ့ လုပ်နေမှ ဘ၀တစ်ခုလုံး အဓိပ္ပာယ်ရှိမယ်။ဒုက္ခကြီးကြီးမားမား ကြုံရပြီးမှ စိတ်ထားမြင့်မြတ်သွားတဲ့သူတွေ အများကြီးရှိပါတယ်။ အဲဒီလိုလူအတွက် သူကြုံရတဲ့ဒုက္ခဟာ အဓိပ္ပာယ်ရှိတယ်လို့ ခံစားရမယ်။ သေလောက်တဲ့ ရောဂါမျိုး ဖြစ်ပြီးမှ စိတ်ဓာတ်ရင့်ကျက်လေးနက် မြင့်မြတ်လာတဲ့သူတွေ ရှိတယ်။ ပစ္စည်းဥစ္စာတွေ အကုန်လုံးဆုံးရှုံးသွားပြီးမှ ဘ၀အဓိပ္ပာယ်ကို ရှာတွေ့သွားတဲ့သူတွေ ရှိတယ်။ တချို့ထောင်ကျသွားပြီးမှ လေးနက်တဲ့အသိဥာဏ်ကို ရတဲ့သူလည်း ရှိပါတယ်။အဓိပ္ပာယ်ဆိုတာ အတွေ့အကြုံတိုင်းမှာရနိုင်ပါတယ်။ ကိုယ်က မြင်တတ်ဖို့ ယူတတ်ဖို့ပဲ လိုတယ်။ ဒါကြောင့် ကောင်းတာဖြစ်စေ ဆိုးတာဖြစ်စေ ကြုံရတဲ့အခါမှာ ဒီအတွေ့အကြုံဟာ ငါ့ကို ပိုပြီး စိတ်ထားကောင်းတဲ့သူ ပိုပြီး အသိဥာဏ် လေးနက်တဲ့သူ ဖြစ်စေရမယ် လို့ သဘောထားရင် အဲဒီအတွေ့အကြုံဟာ တန်ဖိုးရှိတဲ့ အဓိပ္ပာယ်ပြည့်ဝတဲ့ အတွေ့အကြုံ ဖြစ်လာာမယ်။
Meaning is available under any conditions, even the worst conceivable ones.ဘယ်လို အခြေအနေမျိုးမှာဖြစ်ဖြစ် အဓိပ္ပာယ်ကို ရှာတွေ့နိုင်ပါတယ်။ အဆိုးဆုံးလို့ဆိုရတဲ့ အခြေအနေမျိုးမှာတောင် တွေ့နိုင်တယ်။ သေခါနီးအခြေအနေမှာတောင် ဘ၀အဓိပ္ပာယ်ကို တွေ့နိုင်ပါတယ်။ သေတယ် ဆိုတာလည်း အဓိပ္ပာယ်ရှိတဲ့ ဘ၀အတွေ့အကြုံဖြစ်နိုင်တယ်။ဒုက္ခရောက်တဲ့အခါ ငါ့မှာ ဘာဖြစ်လို့ ဒုက္ခရောက်ရတာလဲလို့ မေးတတ်တယ်။ တကယ်မေးသင့်တဲ့မေးခွန်းက ငါဘာသင်ခန်းစာ ယူရမလဲ။ ဘာလုပ်သင့်သလဲလို့ မေးသင့်တယ်။ ငါတတ်နိုင်တာ ဘာရှိသလဲလို့ မေးသင့်တယ်။Life retains its meaning under any conditions. It remains meaningful literally up to its last moment, up to one's last breath.ဘ၀ဟာ ဘယ်လိုအခြေအနေမျိုးမှာပဲဖြစ်ဖြစ် အဓိပ္ပာယ်ကို ဆောင်ထားပါတယ်။ နောက်ဆုံးအချိန်အထိ၊ နောက်ဆုံး ထွက်သက်ဝင်သက်အထိ အဓိပ္ပာယ် ရှိနေသေးတယ်။ကိုယ်တွေ့ကြုံခံစားရတဲ့ ဒုက္ခထဲက လေးနက်တဲ့ အသိဥာဏ်ကို ရအောင် လုပ်နိုင်တဲ့သူ  ဒုက္ခကြုံရလို့ စိတ်ထားပိုပြီး လေးနက်သွားတဲ့သူဟာအောင်မြင်မှု ရတဲ့သူလို့ ဆိုနိုင်တယ်။ ကောင်းတာတွေ ကြုံရပြီး စိတ်ထားညံ့သွားတဲ့သူဟာ ရှုံးနိမ့်သွားတဲ့သူလို့ ဆိုနိုင်တယ်။မိဘတွေ ချမ်းသာပြီး လိုတာတွေအားလုံး ရနေတဲ့သူတချို့ဘ၀အဓိပ္ပာယ် မဲ့နေလို့ စိတ်ဓါတ်ကျနေတာ အများကြီးတွေ့ရပါတယ်။We can meet people who in spite of success are caught in despair.ပစ္စည်းဥစ္စာ ချမ်းသာတယ်၊ ရာထူးရှိတယ်၊ ဒါကြောင့်အောင်မြင်တယ်လို့ ဆိုနိုင်တဲ့သူတွေ (ဘ၀အဓိပ္ပာယ် မဲ့နေလို့) စိတ်မချမ်းသာမှုထဲမှာ လှောင်ပိတ်မိနေတာကို တွေ့နိုင်ပါတယ်။We come across people who in spite of failure have arrived at a sense of fulfillment and even happiness, because they have found meaning even in suffering.ဆုံးရှုံးမှုတွေကို ကြုံနေရပေမဲ့ ဘ၀အဓိပ္ပာယ်ကို ရှာတွေ့လို့ ကိုယ့်ဘ၀ကို ကိုယ်ကျေနပ်တဲ့သူတွေ၊ စိတ်ချမ်းသာနေတယ်လို့တောင် ဆိုနိုင်တဲ့သူတွေကို တွေ့နိုင်ပါတယ်။

ဆရာတော် ဦးဇောတိက

စိတ်ဆိုတာ ဥယျာဉ်နဲ့တူပါတယ်

စိတ်ဆိုတာ ဥယျာဉ်နဲ့တူပါတယ်။ မကောင်းတဲ့မျိုးစေ့တွေ ကျလာရင် မကောင်းတဲ့အပင် ပေါက်မယ်။ ကောင်းတဲ့မျိုးစေ့ကျလာရင် ကောင်းတဲ့အပင်တွေ ပေါက်မယ်။ ဒါကြောင့်နေ့စဉ် ဘယ်လိုမျိုးစေ့တွေ ရောက်လာနေသလဲ ဆိုတာကို သတိထားဖို့ လိုတယ်။မကောင်းတဲ့အပင်ကို ရေမှန်မှန်လောင်းပြီး မြေသြဇာ မှန်မှန်ပေးနေရင် မကောင်းတဲ့အပင်ဟာ သန်လာမှာပဲ။ ကောင်းတဲ့အပင်ကို ရေမှန်မှန်လောင်းပြီး မြေသြဇာ မှန်မှန်ပေးနေရင် ကောင်းတဲ့အပင်ဟာ သန်လာမှာပဲ။အတွေးတိုင်းဟာ မျိုးစေ့တွေပဲ။ ဒါကြောင့် အတွေးတွေကို သတိထားပါ။ မတွေးသင့်တာတွေကို များများတွေးနေရင် မကောင်းတဲ့အပင်ကို ရေလောင်းနေတာနဲ့ တူပါတယ်။Take charge of your thoughts. ကိုယ့်အတွေးတွေကို ကိုယ်တာဝန်ယူပါ။ကိုယ့်ဘ၀အဆင်ပြေချင်ရင် အဲဒီက စမှပဲ ရမယ်နော်။ တခြားနေရာက စဖို့ စိတ်မကူးပါနဲ့၊သဘာဝမကျရင် ရေရှည်အဆင်မပြေနိုင်ဘူး။ စေတနာမှန်မှန် သဘောထားမှန်မှန် အသိအမြင်မှန်မှန်နဲ့ လုပ်မှပဲ ရေရှည် အဆင်ပြေပြီး စိတ်ချမ်းသာမယ်။ စေတနာ မမှန်တဲ့သူတွေ၊ လုပ်ရပ်မမှန်တဲ့သူတွေ ခဏအဆင်ပြေပြီး သိပ်မကြာခင်မှာ စိတ်ဆင်းရဲစရာတွေ အမျိုးမျိုးနဲ့ ရှုပ်ထွေးတဲ့ဘ၀ကို နေသွားရတာ မျက်မြင်ကိုယ်တွေ့ပဲ။သေသည်ထိအောင် တစ်သက်တာ စိတ်အေးအေးချမ်းချမ်း နေသွားနိုင်မယ့် စီမံကိန်းကို ရေးဆွဲပါ။ ခဏ အဆင်ပြေတဲ့နည်းဟာ အတိုးနဲ့ပြန်ဆပ်ရတတ်တယ်။ ကိုယ့်စိတ်ကိုကိုယ် တကယ်ညာလို့ မရနိုင်ပါဘူး။ စိတ်ထားမကောင်းရင် စိတ်ချမ်းသာမှု မရနိုင်ပါဘူး။ဥာဏ်နည်းတဲ့သူဟာ ရုပ်ပိုင်းကို ဦးစားပေးတယ်။ ဥာဏ်ပညာရင့်ကျက်တဲ့သူဟာ စိတ်ပိုင်းကို ဦးစားပေးတယ်။ ကိုယ့်ပတ်ဝန်းကျင်မှာ ကိုယ်သိတဲ့သူတွေကို လေ့လာကြည့်ပါ။ ဘယ်လိုလူမျိုးဟာ စိတ်အေးချမ်းသလဲ။ ငွေ၊ ဂုဏ်၊ ရာထူး၊ ပစ္စည်းဥစ္စာ၊ ကျော်ကြားမှု စတဲ့ ပြင်ပတွေကို ဦးစားပေးတဲ့သူတွေ စိတ်ချမ်းသာမှု မရကြပါဘူး။ စိတ်ထားမကောင်းရင် စိတ်အေးချမ်းမှု မရနိုင်ဘူး ဆိုတာ အင်မတန်သေချာတဲ့ တရားပါ။ မလွဲပါဘူး။လောကကို စိတ်ကဦးဆောင်တယ်လို့ ဘုရားဟောတာ ရာနှုန်းပြည့် မှန်ပါတယ်။ ဒါကြောင့် ဘာပဲ ဖြစ်ချင်ဖြစ်ချင် ကိုယ်ဖြစ်ချင်တာနဲ့ တန်တဲ့ စိတ်ထားကို အရင်မွေးပါ။နေ့စဉ်ကိုယ့်စိတ်ကို လမ်းမှန်နေအောင် လမ်းတည့်ပေးနေရင် တဖြည်းဖြည်း အားမကိုးသင့်တာတွေကို အားကိုးမနေတော့ပဲ အယူသည်းတာတွေ ဗေဒင် ယတြာယုံတာတွေ ပျောက်ပြီးတော့ ကိုယ့်လုပ်နိုင်တာတွေကို သဘာဝကျကျ အကြောင်းအကျိုးကိုက်အောင် တွေးပြီး အကြောင်းမှန်ကို လုပ်လို့ အကျိုးမှန်ကို ရလာလိမ့်မယ်။ ကိုယ့်ကိုကိုယ် ယုံကြည်မှုပိုရှိလာမယ်။ ဒါကြောင့် စိတ်အေးချမ်းမှုလည်း ပိုရှိလာမယ်။ကိုယ့်ကိုကိုယ် ယုံကြည်မှု မရှိသေးသ၍ စိတ်အေးချမ်းမှု မရှိနိုင်သေးဘူး ဆိုတာကိုတော့ လေးလေးနက်နက် သဘောပေါက်မှ ဖြစ်မယ်နော်။


ဆရာတော် ဦးဇောတိက

မြင့်မြတ်လေ လူပီသလေ

It is magnificient to become as human as one is able.လူပီသနိုင်သလောက် ပီသလာအောင် ကြိုးစားနေရတာ၊ <magnificient> အင်မတန်ကြီးကျယ်ပါတယ်။ အဲဒါ ဘ၀မှာ အကြီးကျယ်ဆုံး အလုပ်ပဲ။ အမြင့်မြတ်ဆုံးအလုပ်ပဲ။ ငါဟာ တစ်နေ့ထက်တစ်နေ့ ပိုပြီးလူပီသတဲ့လူ ဖြစ်လာရမယ်။ ပိုပြီးတော့ ကြည်လင်အေးချမ်း သန့်ရှင်းတဲ့သူ၊ မြင့်မြတ်တဲ့သူ ဖြစ်ရမယ်။ လူပီသနိုင်သမျှ ပီသအောင် ကြိုးစားနေရတာဟာ မြင့်မြတ်တဲ့အလုပ်ပါ။ ပိုပြီး လူပီသလာလေလေ ကြီးကျယ်တဲ့သူ ဖြစ်လေလေပဲ။ကြီးကျယ်တယ်ဆိုတာကို ဘာနဲ့တိုင်းတာမလဲဆိုတော့ မြင့်မြတ်မှုနဲ့ တိုင်းတာတယ်။ စိတ်ဓါတ်နဲ့အသိဥာဏ် မြင့်မားမှုနဲ့ တိုင်းတာတယ်။ နောက်တစ်ချက်က And it requires no help from science.ပိုပြီး လူပီသတဲ့လူ ဖြစ်လာဖို့ဟာ သိပ္ပံပညာ အကူအညီတွေ မလိုဘူး။ ဒီစကားကို ထည့်ပြောတာ တခြားမဟုတ်ပါဘူး။ အခုခေတ်က သိပ္ပံပညာ အင်မတန်ထွန်းကားတဲ့ခေတ်။ ဘုန်းကြီးကိုယ်တိုင်ပဲ Science နဲ့ Technology သင်ခဲ့ဖူးတယ်။ အခုလည်း နဲနဲပါးပါးတော့ လေ့လာပါသေးတယ်။ သူ့နေရာနဲ့သူ တန်ဖိုးရှိပါတယ်။ လူသုံးကုန်ပစ္စည်း အမျးကြီးထုတ်လုပ်ပေးနိုင်တာ သိပ္ပံပညာနဲ့ စက်မှုပညာ။ အခုခေတ် လူတွေက ဒီပစ္စည်းပစ္စယတွေကို သိပ်အထင်ကြီးတယ်။ သုံးနိုင်မှ ဂုဏ်ရှိတယ် ဆိုတဲ့စိတ်မျိုး အင်မတန်များပါတယ်။ ပစ္စည်းအဆန်းကို ပေါ်းတိုင်း ပေါ်းတိုင်း သုံးချင်တယ်။စိတ်ဓါတ်နဲ့ အသိဥာဏ် မြင့်မာဖို့ကျတော့ သိပ္ပံနည်းတွေ သိပ္ပံပစ္စည်းတွေ မလိုပါဘူး။ လူနေမှုအဆင့်အတန်း မြင့်အောင်ကတော့ သိပ္ပံပညာနဲ့ မြှင့်လို့ရတယ်၊ ပစ္စည်းနဲ့မြှင့်လို့ရတယ်နော်။ စိတ်ဓါတ်နဲ့ အသိဥာဏ် အဆင့်အတန်း မြှင့်ဖို့ကျတော့ သိပ္ပံပညာနဲ့ မြှင့်လို့မရဘူး၊ ပစ္စည်းနဲ့ မြှင့်လို့မရဘူး။


                                                                                                                                                                                                                                                                                                                                                                                                                                                                                                                                 ဆရာတော်ဦးဇောတိက                                                                                                       (ဘ၀အဆင့်အတန်းနဲ့သဘောထားကြီးပါတယ်)

ဂုဏ်သိက္ခာ

ကိုယ်စွမ်း၊ ဥာဏ်စွမ်း ရှိသလောက် ခက်ခဲတဲ့အလုပ်ကို အချိန်ပြည့် ကြိုးစားအားထုတ်ပြီး လုပ်နေတဲ့သူဟာ ဂုဏ်သက္ခာရှိတယ်။ကိုယ့်မှာ အရည်အချင်းရှိသလောက် အစွမ်းကုန်မကြိုးစားပဲ သက်သာအောင် နေတဲ့သူဟာ ဂုဏ်သိက္ခာမဲ့တဲ့ဘ၀ကို နေတာ။သူ့ကို လွှမ်းမိုးဖို့ ကြိုးစားတာနဲ့ ကိုယ့်တည်ကြည်မှု ကျသွားတော့တာပဲ။ သူတစ်ပါးရဲ့ စိတ်တည်ကြည်မှု ကျသွားအောင်လုပ်ရင် ကိုယ့်စိတ် တည်ကြည်မှုလည်း ကျသွားတာပဲ။ သူများကို မလေးစားတဲ့စိတ်ဟာ တည်ကြည်မှု၊ လေးနက်မှု မရှိနိုင်ဘူး။ လူမှာ တန်ဖိုးအရှိဆုံးဟာ စိတ်ရဲ့အရည်အသွေးပဲ။ကိုယ်က သူ့ကိုကြောက်သွားရင် ကိုယ့်စိတ်ရဲ့အရည်အသွေး ကျသွားတယ်။ ကိုယ်က သူ့ကို အနိုင်ယူချင်တယ်၊ ကိုယ့်ကိုကြောက်သွားအောင် လုပ်ချင်တယ် ဆိုရင်လည်း ကိုယ့်စိတ်အရည်အသွေး ကျသွားတာပါပဲ။ကိုယ့်ကို သူများကြောက်နေတာကို မလိုချင်ဘူး။ ကြောက်နေတဲ့စိတ်မှာ dignity မရှိဘူး။ တည်ကြည်မှု၊ ခန့်ညားမှု၊ ဣနြေ္ဒသိက္ခာ မရှိဘူး။ ကြောက်အောင်လုပ်နေတဲ့စိတ်မှာကော dignity ရိသလား။ တည်ကြည်မှု၊ ခန့်ညားမှု၊ ဣနြေ္ဒသိက္ခာ ရှိသလား၊ မရှိဖူးနော်။ သူများကို ကြောက်အောင် ခြောက်နေတဲ့သူမှာ dignity မရှိဘူး။ကိုယ့်အနားရောက်လာတဲ့ လူတွေကိုလည်း သူတို့စိတ်ထဲမှာ အေးချမ်းစေချင်တယ်။ ဣနြေ္ဒရရ သိက္ခာရှိရှိ နေစေချင်တယ်။ မေတ္တာ အပြန်အလှန်ရှိစေချင်တယ်။  ကိုယ့်မှာ အေးချမ်းမှု ရှိမှသာ ဒါတွေကို တန်ဖိုးထားတတ်လာတယ်။ အသိအမှတ် ပြုတတ်လာတယ်။ ကိုယ့်မှာ အေးချမ်းမှု မရှိရင် ဒါတွေကို တန်ဖိုးမထားနိုင်ဘူး။ ကိုယ့်ကိုယ်ကို တန်ဖိုးထားမှ ကိုယ့်ရဲ့ တည်ကြည်မှု၊ ခန့်ညားမှု၊ ဣနြေ္ဒသိက္ခာ ရှိမှု၊  ကြောက်ခြင်း စိုးရိမ်ခြင်း ကင်းမှုကို တန်ဖိုးထားမှ၊ ကိုယ့်မှာ အဲဒီလို ဣနြေ္ဒသိက္ခာရှိမှ သူတစ်ပါးကိုလည်း ကိုယ့်လိုပဲ ဣနြေ္ဒသိက္ခာ dignity ရှိစေချင်တယ်။ ဣနြေ္ဒမဲ့တာ သိက္ခာမဲ့တာ မဖြစ်စေချင်ဘူး။ ခွေးတို့ ကြောင်တို့ စတဲ့ တိရစ္ဆာန်တွေကိုတောင်မှ သူတို့ဟာသူတို့ ဣနြေ္ဒရရနေစေချင်တယ်။ ကြောက်လန့်ပြီး မနေစေချင်ဘူး။ဂုဏ်သိက္ခာတကယ်ရှိတဲ့သူ၊ တည်ကြည်မှု၊ ခန့်ညားမှု တကယ်ရှိတဲ့သူဟာ ဘယ်သူနဲ့မှ မငြင်းဘူး၊ ရန်မဖြစ်ဘူး၊ ပြောစရာရှိတာကို ရှင်းရှင်းလင်းလင်း တိတိကျကျပဲ ပြောတယ်။ သူတစ်ပါးကို အနိုင်ယူချင်တဲ့စိတ်နဲ့ သူတစ်ပါးသိက္ခာကျအောင် ပုတ်ခက်တဲ့စကားမျိုးကို မပြောဘူး။ သူများ သိက္ခာကျမှ ကိုယ့်မှာ ဂုဏ်ရှိတယ်လို့ မယူဆဘူး။ငွေဟာ လူတွေရဲ့စိတ်ထဲမှာ အချိန်အများဆုံး ယူထားတဲ့အရာ ဖြစ်နေတယ်။ သားသမီးနဲ့မိဘ ဆက်ဆံရေး၊ ဇနီးခင်ပွင်း ဆက်ဆံရေး၊ မိတ်ဆွေအပေါင်းအသင်းဆက်ဆံရေးတွေမှာ ငွေဟာ အရေးပါတဲ့ အကြောင်းတစ်ခု ဖြစ်နေတယ်။ လူတွေကို အများဆုံးလွှမ်းမိုးတာ၊ ခြယ်လှယ်တာ ငွေဖြစ်နေတယ်၊ ငွေခိုင်းတာ လုပ်နေကြရတယ်။ငွေကို အဓိကထားပြီး ဆက်ဆံတဲ့ ဆက်ဆံရေးဟာ လူ့တန်ဖိုးကို ကျစေတဲ့ ဆက်ဆံရေး၊ လူ့ဂုဏ်သိက္ခာကို ကျစေတဲ့ ဆက်ဆံရေး ဖြစ်တယ်။ ငွေအကြောင်း ပြောလွန်းတာ dignity မရှိဘူး။ ဣနြေ္ဒသိက္ခာ မရှိဘူး။သူ့ဘ၀ကို ငွေနဲ့ မတိုင်းတာဘူး၊ သူ့ဘ၀ကို ငွေနဲ့ မရောင်းဘူး၊ ဒါကြောင့် သူဟာ သိက္ခာရှိရှိ နေနိုင်တဲ့သူဖြစ်တယ်။ဝေဖန်တာခံရတိုင်း ဒေါသဖြစ်တာဟာ မခိုင်မာတဲ့ သဘောဖြစ်တယ်။ ချီးမွမ်းတိုင်း ၀မ်းသာတတ်တဲ့သူ၊ ကဲ့ရဲ့တိုင်း စိတ်ဆိုးတတ်တဲ့သူဟာ စိတ်မခိုင်တဲ့ သူဖြစ်တယ်။ ဣနြေ္ဒမရဘူး၊ dignity မရှိဘူး။ချီးမွမ်းတာခံရလည်း တည်တည်ငြိမ်ငြိမ် နေနိုင်တဲ့သူဟာ ဣနြေ္ဒရတယ်၊ သိက္ခာရှိတယ်။ dignity ရှိတယ်။မြန်မာပြည်က ဒကာ ဒကာမတွေ၊ လူငယ်တွေ ဣနြေ္ဒသိက္ခာရှိရှိ ခန့်ခန့်ညားညား အ၀တ်အစားကို ၀တ်စေချင်လိုက်တာ။ အ၀တ်အစား ခန့်ခန့်ညားညား ၀တ်တတ်ရင်ပဲ အဲဒီလူမျိုးဟာ အဆင့်အတန်း မြင့်လာမယ်။လူ့အသိုင်းအ၀ိုင်းမှာနေတာ၊ လူတွေကြားထဲမှာ နေတာ။ ဒါကြောင့် ပတ်ဝန်းကျင်ကို လေးစားရမယ်။ ကိုယ့်ကိုယ်ကိုလည်း လေးစားရမယ်။ ကိုယ့်ကိုယ်ကို လေးစားရင် သပ်သပ်ရပ်ရပ် ၀တ်ရမယ်။ ဒါမှလည်း သူများရဲ့ လေးစားမှုကို ရမယ်။ ငါ့ဟာငါ ၀တ်ချင်လို့ ၀တ်တာပဲလို့ ပြောလို့မရဘူး။ ငါ့ဟာငါ ၀တ်ချင်သလို ၀တ်မယ်ဆိုရင် ဘယ်မှာ သွားနေရင် ကောင်းမလဲ။ လူမရှိတဲ့နေရာမှာ သွားနေ၊ တောထဲမှာ သွားနေနော်။ လူကြားထဲမှာ နေတယ်၊ ဒါကြောင့် သူများကို လေးစားရင် ငါဣနြေ္ဒသိက္ခာရှိအောင် ၀တ်ရမယ်။လောကကို လေးစားခြင်းဆိုတာ အဆင့်အတန်း မြင့်တဲ့သူတိုင်း ကျင့်သုံးရမယ့် ကျင့်ဝတ်တစ်မျိုး ဖြစ်ပါတယ်။ ပါဋ္ဌိလို" လောကဂရု " လို့ခေါ်တယ်။လူတိုင်း ကိုယ့်ဂုဏ်သိက္ခာ ကိုယ့်ရဲ့ ဂုဏ်ကျက်သရေကို ထိန်းသိမ်းနိုင်တဲ့လူ ဖြစ်မှ ဒီလူမျိုးက အဆင့်အတန်း မြင့်လာမယ်။ ဒီနိုင်ငံ တိုးတက်မယ်။


ဆရာတော် ဦးဇောတိက

အကောင်းဆုံးဖြစ်ချင်တယ်

If you deliberately set out to be less than you are capable, you'll be unhappy for the rest of your life.ဒီစာကြောင်းလေးကို စာအုပ်တအုပ်မှာ ဖတ်လိုက်ရတယ်။ ဖတ်ပြီးတော့ ဘုန်းကြီးက စဉ်းစားတယ်။ စာဖတ်ပြီးရင် စဉ်းစားရတာ တော်တော် အရသာရှိတယ်။ကိုယ်တက်နိုင်ပါလျက်နဲ့ တတ်နိုင်သလောက်ကို မလုပ်ပဲနဲ့ တမင်တကာ လျှော့လျှော့ပေါ့ပေါ့ လုပ်လိုက်မယ်ဆိုရင် သင်ဟာ တစ်သက်တာလုံး စိတ်မချမ်းမသာနဲ့ နေသွားရတော့မယ်။စိတ်မချမ်းမသာ ဆိုလို့ တကယ်ကို ၀မ်းနဲပူဆွေးပြီးတော့ နေရမှာလားဆိုတော့ မဟုတ်ပါဘူးနော်။ ကိုယ့်ဘ၀ကိုကိုယ် ကျေနပ်မှုရမှာမဟုတ်ဘူး။ ကိုယ့်ကိုယ်ကိုကိုယ် ကျေနပ်မှုရမှာ မဟုတ်ဘူး။ အကယ်၍ အဲဒီလိုမကျေနပ်တာကို ဖုံးဖို့ ကြိုးစားမယ်ဆိုရင် ဘယ်လိုလုပ်မလဲ။ ကိုယ့်စိတ်ဓါတ်ကိုရော ကိုယ့်အသိဥာဏ်ကိုရော ထုံထိုင်းသွားအောင် လုပ်မှရမယ်။ကိုယ်တတ်နိုင်တာကို မလုပ်ပဲနေလိုက်ရင် ကိုယ့်ကိုယ်ကိုကိုယ် လေးစားနိုင်မှာ မဟုတ်တော့ဘူး။ အဲဒါကိုက unhappiness ပဲ။ ကိုယ့်ကိုကိုယ် မလေးစားနိုင်တာဟာ တော်တော် စိတ်မကောင်းစရာပဲနော်။ကိုယ်တက်နိုင်တဲ့ အကူအညီကို မပေးလိုက်ရင် ကိုယ်ရဲ့စိတ်ဓါတ်အဆင့်အတန်း ကိုယ်ရဲ့အသိဥာဏ်အဆင့်အတန်း ကိုယ်ရဲ့မေတ္တာ ဂရုဏာအဆင့်အတန်းကိုပါ နိမ့်ချမှရတော့မယ်။ ကိုယ့်ကိုယ်ကို အဆင့်နှိမ့်မှ ရမယ်။ အကောင်းဆုံးကို မလုပ်ချင်ရင် ကိုယ့်အဆင့်ကို နှိမ့်မှရမယ်။ အဆင့်မနှိမ့်ချင်ရင် ကိုယ်တတ်နိုင်တာကို အကောင်းဆုံးဖြစ်အောင် လုပ်မှရမယ်။ဘုန်းကြီးငယ်ငယ်ကတည်းက ငယ်ငယ်ကတည်းက လုပ်ခဲ့တာတွေကို ပြန်တွေးကြည့်တယ်။ ငါလုပ်နိုင်ရက်သားနဲ့ ဒီထက်ပိုကောင်းအောင် လုပ်မယ်ဆိုရင် လုပ်နိုင်ရက်သားနဲ့ မလုပ်ခဲ့တာတွေ ဘယ်လောက်များသလဲလို့ ကိုယ့်ကိုယ်ကို ကိုယ်မေးကြည့်တယ်။ တော်တော်များပါတယ်။ ငါတော့ လုပ်နိုင်သမျှကို အကောင်းဆုံးဖြစ်အောင် လုပ်ခဲ့တယ်လို့ ပြောလို့မရဘူး။ ကိုယ့်ကိုယ်ကိုကိုယ် ညာလို့မရဘူးနော်။မိသားစုနဲ့ ပတ်သက်ပြီးတော့ကော၊ လူမှုရေး ဘက်မှာကော၊ ပညာရေးဘက်မှာကော၊ ကိုယ့်ကျင့်တရား ဘာသာရေးဘတ်မှာကော ငါလုပ်နိုင်သမျှ အကောင်းဆုံးဖြစ်အောင် လုပ်ခဲ့သလား။ မလုပ်ခဲ့ဘူး။ အဲဒီလို ပြန်တွေးကြည့်လိုက်တော့ ပျော်သလားဆိုတော့ မပျော်ပါဘူး။ ဒါပေမဲ့ ကိုယ့်ကိုယ်ကိုတော့ စိတ်သက်သာအောင် တွေးလိုက်ပါတယ်။ ငါ သိပ်ဆိုးတဲ့သူတော့ မဟုတ်ခဲ့ပါဘူး။ပညာရေးနှင့်ပတ်သက်ပြီးတော့ ငါ့ဖက်က ယူရမယ့်တာဝန်၊ ငါပညာတတ်တစ်ယောက် ဖြစ်လာဖို့ ငါသိသင့်တာ သိထိုက်တာတွေကို သိတဲ့လူတစ်ယောက် ဖြစ်လာဖို့ ငါဘယ်လောက်ကြိုးစားခဲ့သလဲလို့ တွေးကြည့်တော့ မထိုက်အလျောက်တော့ ကြိုးစားခဲ့တယ်။ အဲဒါတော့ မှန်အတိုင်း ပြောလိုက်တာပဲ၊ ပိုပြောတာ မဟုတ်ဘူး။ ဒါပေမဲ့ အတတ်နိုင်ဆုံး ကြိုးစားခဲ့သလားလို့မေးတော့ အဲဒီ အတတ်နိုင်ဆုံး ဆိုတဲ့စကားပါရင်တော့ မကြိုးစားခဲ့ဘူးလို့ပဲ အဖြေထွတ်ပါတယ်။ အပျင်းပြေ အချိန်ဖြုန်းခဲ့တာတွေ အများကြီးပါ။တကယ် တန်ဖိုးရှိတာတွေကို လုပ်ရင် ရရက်နဲ့ မလုပ်ပဲ အချိန်ဖြုန်းခဲ့တာတွေ အများကြီး ရှိခဲ့တယ်။ ကိုယ်ကျင့်တရားနဲ့ ပတ်သက်ပြီးတော့လည်း လျှော့လျှော့ပေါ့ပေါ့ လုပ်ခဲ့တာတွေ အများကြီးပဲ၊ အဲဒါတွေ ပြန်တွေးကြည့်တော့ စိတ်မချမ်းသာပါဘူး။ ကုက္ကုစ္စ ဖြစ်တာပဲနော်။ ငါတတ်နိုင်ရက်နဲ့ မလုပ်ခဲ့လေခြင်း။ အရေးကြီးတာက နောက်ထပ် အဲဒါမျိုး မဖြစ်ဖို့ အရေးကြီးပါတယ်။လူမှုရေးနဲ့ပတ်သက်ပြီးတော့ သည်းခံသင့်ပေမဲ့ သည်းခံနိုင်ရက်နဲ့သည်းမခံခဲ့တာတွေ၊ ပေးသင့်သလောက် မပေးခဲ့တာတွေ ရှိတယ်။ ကိုယ်သက်သာဖို့ပဲ ဦးစားပေးခဲ့တာတွေ ရှိတယ်။ ဒါတွေကို မေ့ထားနိုင်ရင် တစ်မျိုးတော့ သက်သာမှာပါ။ သတိရရင်တော့ စိတ်မချမ်းသာနိုင်ပါဘူး။ အကယ်၍ သေခါနီးမှာ ကိုယ်လုပ်နိုင်ရက်နဲ့ ကောင်းအောင် မလုပ်ခဲ့တာတွေကို ပြန်တွေးမိရင် စိတ်ချမ်းသာနိုင်ပါ့မလား။ကိုယ့်ဘ၀ကို ကိုယ်ဘယ်လောက်နှမျောလိုက်မလဲ။ သေခါနီးမှာ ငါတစ်သက်လုံး လုပ်ခဲ့တာတွေထဲက ဘယ်ဟာကို ကျေနပ်မှုရသလဲလို့ ပြန်တွေးကြည့်ရင် ကျေနပ်စရာရှိရင်တော့ တော်တော် ကံကောင်းတာပဲ၊ မရှိရင်တော့ အဲဒီဘ၀ အလကားဖြစ်သွားပြီ။ကြိုးစားပြီးလုပ်မယ်ဆိုရင် ကျေနပ်စရာတစ်ခုခု မရနိုင်ဘူးလား။ လူတိုင်း ရနိုင်ပါတယ်။ ကျေနပ်စရာဆိုတာ ငွေကုန်မှ မဟုတ်ဘူးနော်။ ငွေမကုန်ပဲနဲ့ ကျေနပ်စရာတွေ အများကြီး ရနိုင်ပါတယ်။ လူမသိပဲနဲ့ ကိုယ့်ဘ၀မှာ ကျေနပ်စရာတွေ အများကြီး လုပ်ပြီး ကိုယ့်ဘ၀ကိုကိုယ် ကျေကျေနပ်နပ် သေသွားတဲ့သူတွေ အများကြီးရှိပါတယ်။ ငွေကုန်မှ ကျေနပ်စရာကို လုပ်လို့ရတာ မဟုတ်ပါဘူး။ လူသိမှ ကျေနပ်စရာ မဟုတ်ပါဘူး။ဘုန်းကြီးကိုယ်တိုင် သေလုနီးပါးအခြေအနေ ဖြစ်ခဲ့ဖူးတယ်။ မျောသွားပြီးလို့ ဘေးကလူတွေက ပြောကြတာကို ကြားတယ်။ ဒါပေမဲ့ ဘာမှ ပြန်မပြောနိုင်တော့ဘူး။ အဲဒီလိုအခါမှာ ကိုယ့်ဘ၀-ကိုကိုယ် ပြန်ပြီးတော့ စစ်တမ်းထုတ်သလို ပြန်တွေးမိတယ်။ ငါဘာတွေ လုပ်ခဲ့သလဲ၊ ငါဘာတွေ ရခဲ့သလဲ၊ ငါဘာတွေ ပေးခဲ့သလဲ၊ အဲဒီလိုမေးခွန်းတွေကို မေးခဲ့တယ်။ဘာတွေ ရခဲ့သလဲလို့ မေးတဲ့အခါမှာ အဖြေသိပ်မထွက်ဘူး။ ကိုယ့်အရင်တုန်းက ရခဲ့တယ်လို့ ထင်ခဲ့တာတွေဟာ တကယ်တော့ ဘာမှ မဟုတ်ပါလားဆိုတာ သိနေတော့ အဲဒါကို ရခဲ့တယ်လို့ မခံစားရဘူး။ ဘွဲ့ရခဲ့တယ်၊ အဲဒါ ဘာမှမဟုတ်လှဘူး။ ပစ္စည်းဥစ္စာတွေ ရခဲ့တယ်၊ အဲဒါလည်း ဘာမှ မဟုတ်လှဘူး။ ရခဲ့တယ်ဆိုတာက ကိုယ့်ကိုယ်ကိုကိုယ် လှည့်စားပြီးနေတုန်းမှာသာ ရတယ်လို့ ထင်တာနော်။ သေခါနီးလို အခြေအနေမှာ အဲဒါတွေကို ရခဲ့တယ်လို့ မခံစားရတော့ဘူး။ဘာတွေ ပေးခဲ့သလဲလို့ တွေးလိုက်တဲ့အခါမှာလည်း အဖြေထွက်မလာဘူး။ ပေးတယ်ဆိုတာက တကယ်လှိုက်လှဲတဲ့ ဖြူစင်တဲ့ စေတနာနဲ့ ပေးမှသာ ပေးတယ်လို့ ဆိုနိုင်တာကိုး။ တစ်ခုရဖို့ မျှော်လင့်ပြီး တစ်ခုပေးတာမျိုးက တကယ်ပေးတာမှ မဟုတ်ပဲ။ တကယ်လှိုက်လှဲ ဖြူစင်တဲ့စေတနာနဲ့ ပေးခဲ့တာ ဘာရှိသလဲလို့ တွေးကြည့်တဲ့အခါမှာ ရုတ်တရက် အဖြေမထွက်လာဘူး။ အကယ်၍များ ငါမသေရင်ဆိုပြီး တွေးတဲ့အခါမှာ ငါပေးတာ မှန်သမျှသာ ဖြူစင်တဲ့စိတ်နဲ့ ပေးတာပဲဖြစ်ချင်တယ် လို့တွေးမိတယ်။ ဒါမှ တကယ်ပေးလိုက်တယ်လို့ ခံစားရမှာနော်။လူတစ်ယောက်ကို ခင်ခင်မင်မင် ဆက်ဆံလိုက်ရင်လည်း လွတ်လပ်တဲ့စိတ်နဲ့ ဆက်ဆံလိုက်တာပဲ ဖြစ်ချင်တယ်။ ငါ့ကို ခင်အောင် သူ့ကိုချိုချိုသာသာ ဆက်ဆံလိုက်မယ်ဆိုရင် ကိုယ်လိုချင်တာ ပါနေလို့ တကယ်တော့ မဖြူစင်သေးဘူး။ ငါကိုခင်အောင် သူ့အကြိုက်ကို ဘယ်လို ပြောလိုက်ရမလဲလို့ တွေးရတော့မယ်။ ဘယ်လိုမြှောက်ပြောလိုက်ရင် ငါ့ကို ခင်သွားမလဲလို့ တွေါ်ရတော့မယ်။ အဲဒီလိုဆိုရင် ပေးလိုက်တယ်လို့ မဆိုနိုင်ဘူး။လူတစ်ယောက်ကို အကောင်းဆုံးစေတနာနဲ့ သူ့ကိုအရိုးသားဆုံး ဆက်ဆံလိုက်တာဟာ သူ့ကို အကောင်းဆုံးပေးလိုက်တာပဲ။ အဲဒါ ပိုက်ဆံ ဘယ်လောက်ကုန်သလဲ။ ဘာမှ မကုန်ဘူး။ သူ့ကို လူတစ်ယေက်အနေနဲ့လေးစားတယ်။ သူဟာ အားလုံးတော် အားလုံးကောင်းတဲ့သူတစ်ယောက် ဖြစ်နေဖို့ မလိုဘူးနော်။ သူ့မှာ လွဲတာ မှားတာ ချို့ယွင်းချက်တွေ ရှိမှာပဲနော်။ ရှိစေဦးတော့ သူ့ကို လူသားတစ်ဦးအနေနဲ့ လေးစားနိုင်ပါသေးတယ်။ နားလည်ပေးနိုင်သေးတယ်။ ကိုယ်လည်း ချို့ယွင်းချက်တွေ ကင်းတဲ့သူမှ မဟုတ်တာ။ဟန်ဆောင်တာ ပရိယာယ်သုံးတာ မပါပဲနဲ့ ရိုးရိုးသားသားဆက်ဆံလိုက်ရင် ဒါဟာ သူ့ကို အကောင်းဆုံးလက်ဆောင်ပေးလိုက်တာပဲ။ ငါ့ကို အရိုးသားဆုံး ဆက်ဆံလိုက်တာ၊ ငါ့ဆီလာတာ၊ ငါ့ကို မြှောက်ပြောပြီး သူလိုတာကို ရဖို့လာတာမဟုတ်ဘူး။ ငါ့ကို ခင်လို့လာတာ။ စိတ်ချမ်းသာအောင် မြှောက်ပြောတာတောင် သိပ်တော့ မကောင်းသေးဘူးနော်။ငါဘာတွေ ပေးခဲ့ရသလဲလို့ တွေးကြည့်တဲ့အခါ ပစ္စည်းအနေနဲ့ပေးခဲ့ရတာတွေဟာ ဘာမှ မဖြစ်လောက်ပါဘူး။ ဆွေမရှိ မျိုးမရှိ အဖိုးကြီးတစ်ယောက်ကို သူနေမကောင်းလို့ လူနာရှင်အဖြစ်နဲ့ ကိုယ်တိုင်မြင်းလှည်းပေါ်တင်ပြီး ဆေးရုံကိုခေါ်သွား၊ ဆေးရုံတင် နေ့ညစောင့်ပေးပြီး ရောဂါပျောင်တဲ့အထိ ပြုစုပေးခဲ့တာ တစ်ခုရှိတယ်။ အဲဒါကို ကျေနပ်တယ်။ထမင်းမစားရတဲ့ သူတွေကို ထမင်းကျွေးခဲ့တယ်။ ဘယ်သူဘယ်ဝါမှန်း မသိဘူး။ နောက်လည်း ဘယ်တော့မှ ပြန်တွေ့ရမှာ မဟုတ်တော့ဘူး။ ဒါကြောင့် သူတို့ဆီက ဘာမှ မျှော်လင့်တဲ့စိတ် မရှိဘူး။ ကျေးဇူးတင်ပါတယ်လို့တောင် ပြောနေဖို့ မလိုဘူး။တချို့လူတွေကို တကယ်လိုနေတုန်းမှာ ဘုန်းကြီး ကူညီခဲ့တာရှိတယ်။ တော်တော်များများ ပေးတာတွေမှာ တစ်ခုခုတော့ မျှော်လင့်နေတာရှိတတ်တယ်နော်။ ငါ့ကို ကျေးဇူးရှင်ကြီးလို့ သဘောထားပြီးတော့ တွေ့တဲ့နေရာမှာ ငါ့ကို တရိုတသေ ဆက်ဆံမှာပဲလို့ မျှော်လင့်နေမှာပဲ။ ကျေးဇူးရှင်ကြီးဖြစ်ချင်နေတာကိုက မကောင်းတော့ဘူး။ သေသေချာချာ တွေးကြည့်တော့ ကိုယ့်ဘ၀မှာ တကယ် ကျေကျေနပ်နပ် ပေးလိုက်ရတယ်ဆိုတာ တော်တော်နဲပါ့လားလို့ တွေးမိတယ်။ဇနီးမောင်နှံချင်းလည်း မျှော်လင့်ချက်တွေနဲ့ ပေးနေတာဖြစ်တတ်တယ်။ သားသမီးနဲ့မိဘလည်း ဖြစ်နိုင်တာပဲ။ သားသမီးနဲ့မိဘ ဆက်ဆံရေးကတော့ တော်တော်လှိုက်လှဲပါတယ်။ အထူးသဖြင့် မိဘရဲ့မေတ္တာက တော်တော်ကြီးမားပါတယ်။ ကိုယ့်ဥာဏ်နဲ့ကိုယ် ချဲ့ပြီးတော့ စဉ်းစားကြည့်ပါနော်။ငါ လုပ်နိုင်ပါလျက်နဲ့ အကောင်းဆုံးဖြစ်အောင် မလုပ်ခဲ့တာတွေ ဘယ်လောက်များသလဲ။ သူ့ကို ငါဒီထက်ပိုပြီးတော့ မေတ္တာနဲ့ ဆက်ဆံလို့ရပါတယ်။ ဒါပေမဲ့ ငါလျှော့ထားတယ်။ တမင်တကာကို လျှော့ထားတာ။ ဘာဖြစ်လို့လဲ။ ဈေးကိုင်ထားတာပေါ့။ ဂရုဏာမှာလည်း ဒီလိုပဲ ကရုဏာလျှော့ထားလိုက်တယ်။ကိုယ်ကျင့်တရားမှာလည်း လျှော့ထားတယ်။ ဒီထက် ပိုပြီး ရိုးသားနိုင်တယ်။ ဒါပေမဲ့  ခပ်ပေါ့ပေါ့ သဘောထားနဲ့ မရိုးသားတာတွေကို လုပ်နေတယ်။ တရားအားထုတ်ရာမှာကော။ ဒီထက်ပိုပြီး အသိဥာဏ် မြင့်တဲ့သူ ဒီထက်ပိုပြီး စိတ်ထားမြင့်တဲ့သူ ဖြစ်ဖို့ ငါကြိုးစားမယ်ဆိုရင် ရပါတယ်။ ရပါရက်နဲ့ မကြိုးစားဘူး။ အပျင်းပြေစရာတွေက သိပ်များတော့ အဲဒါတွေ ကြည့်နေ နားထောင်နေတာနဲ့ အချိန်တွေ ကုန်ပြီး တကယ် စိတ်ထားမြင့်ဖို့ကို လုပ်ဖို့ အချိန်မရတော့ဘူး။ငါတကယ် ကြိုးစားမယ်ဆိုရင် ငါဟာ အခု သိတာထက် အများကြီး ပိုသိတဲ့သူ ဖြစ်နိုင်တယ်။ ငါ့ရဲ့ အသိဥာဏ်အဆင့်အတန်း ငါ့ရဲ့ စိတ်အဆင့်အတန်း အများကြီး မြင့်နိုင်ပါလျက်နဲ့ ငါမလုပ်ခဲ့ဘူး။ဘာတွေ ရထားပြီးပြီလဲ။ ဘာတွေ ကျေနပ်စရာ ရှိသလဲ။ သေခါနီးမှာ ငါ့ဘ၀ဟာ ဘာမှ တကယ်ကျေနပ်စရာ မရှိပါလားလို့ တွေးပြီး သေမယ်ဆိုရင် တော်တော်သနားစရာ ကောင်းမယ်။ ကြိုကြိုတင်တင်လေး သတိရပြီးတော့ ငါ့ဘ၀ဟာ ဘာမှ ကျေနပ်စရာမရှိတဲ့ဘ၀ မဖြစ်စေရဘူး။ သေခါနီးမှာ နောင်တမရချင်ဘူး ဆိုပြီးတော့ ကြိုးစားမယ်ဆိုရင် ငါဟာ ငါတတ်နိုင်သလောက် စိတ်ထားအကောင်းဆုံး ဖြစ်အောင် ကြိုးစားခဲ့တယ်။ ငါတတ်နိုင်သလောက် အသိဥာဏ် မြင့်မားအောင် ကြိုးစားခဲ့တယ်လို့ တွေးပြီး ကိုယ့်ဘ၀ကိုကိုယ် ကျေနပ်မှု ရနိုင်တယ်။ဒီပရိသတ်ထဲမှာ ဆရာဝန်လောင်းတစ်ယောက်ပါလို့ ပြောလိုက်အုံးမယ်။ ဆေးကျောင်းတက်နေတုန်းမှာ ငါဟာ ဆရာဝန်ကောင်းတစ်ယောက်ဖြစ်အောင် အများကြီး ကြိုးစားမှဖြစ်မယ်။ လူတွေရဲ့အသက်ကို လုရတဲ့အလုပ်ကို ငါလုပ်ရမယ်။ အကယ်၍ စာမေးပွဲ ခိုးဖြေပြီးတော့ အောင်သွားပြီး ဆရာဝန်ဖြစ်ပြီဆိုပါတော့ တကယ် ရောဂါကြီးတဲ့ လူနာတစ်ယောက်ကို ကုရတဲ့အခါ ကိုယ်က ငါဒီရောဂါကို မကုတတ်ပါလားဆိုရင် မကုတတ်ဘူးလို့ ပြောရမှာလည်း မပြောနိုင်။ ဆေးတွေ တစ်မျိုးပြီး တစ်မျိုးပေးကြည့်မှာပဲ။ ဟိုဆေးပေးကြည့် မသက်သာသေးရင် နောက်တစ်မျိုးပေးကြည့်၊ မရသေး။ ခွဲမှ ဖြစ်မယ်ဆိုပြီး ခွဲကြည့်တော့လည်း မဟုတ်သေး။ ပြန်ပိတ်နဲ့။ အဲဒီလို ဖြစ်တာတွေ အများကြီး ရှိတယ်။ ဘုန်းကြီးက လုပ်ကြံပြီးတော့ ပြောတာ မဟုတ်ဘူး။ တကယ်ဖြစ်တာကို ပြောတာ။ဆရာဝန်တွေဟာ ငါဟာ ဆရာဝန်ကောင်းတစ်ယောက် ဟုတ်ရဲ့လားလို့ မေးသင့်တယ်။ ငါတတ်နိုင်သလောက် ငါ့ပညာကို အမြဲတိုးတက်နေအောင် တကယ်ကြိုးစားရဲ့လား။ စာမေးပွဲအောင်တာနဲ့ အကုန်တတ်သွားတာ မဟုတ်သေးဘူး။ အမြဲလေ့လာနေရမယ်။ ငါအမြဲလေ့လာနေသလား။ ငါလူနာတွေအပေါ် တကယ်စေတနာထားရဲ့လား။ ငွေများများရဖို့ အဓိကထားသလား။ ငါဘာဖြစ်လို့ ဆေးပညာကို သင်ယူခဲ့တာလဲ။ မေးသင့်တယ်။ဒီမှာ ကျောင်းဆရာကြီး တစ်ယောက်ရှိတယ်။ ကျောင်းဆရာမကြီးတစ်ယောက်လည်းရှိနေတယ်။ ကျောင်းဆရာ ဆရာမတွေကလည်း စဉ်းစားသင့်တယ်။ တပည့်တွေကို တကယ်သိအောင် တတ်အောင် သင်ဖို့ဆိုရင် ငါတကယ်တတ်မှ ဖြစ်မှာ။ ငါတကယ်တတ်ရဲ့လား။ဘုန်းကြီးကိုယ်တိုင် နှစ်ပေါင်းများစွာ ကျောင်းနေခဲ့လို့ ကျောင်းဆရာ၊ ဆရာမတွေအကြောင်း ဘုန်းကြီးကောင်းကောင်းသိတယ်။ တချို့ကျောင်းဆရာ၊ ဆရာမတွေဟာ သူတို့ကိုယ်တိုင် သင်ရမယ့်ဘာသာရပ်ကို မကျွမ်းကျင်ဘူး။ သိအောင် တတ်အောင်မကြိုးစားဘူး။ သင့်ရမယ့် အကြောင်းအရာကို ကြိုတင်ပြီး ကြည့်မလာဘူး။ အတန်းထဲရောက်ရင် ကျောင်းသားတွေကို ညာပြီးတော့ ဟိုပြော ဒီပြော ပြောတယ်။ အချိန်ကုန်တော့ ထွက်သွားရော။ ကျောင်းဆရာကိုယ်တိုင် ကိုယ်ကျင့်တရား ပျက်တာတွေ ရှိတယ်။ အဲဒီတော့ ကျောင်းသား ကျောင်းသူတွေက မလေးစားဘူး။ဆရာကောင်းတွေလည်း ရှိပါတယ်နော်။ ဆရာမှန်သမျှ အကုန်ကောင်းတယ်၊ ဆရာမမှန်သမျှအကုန်ကောင်းတယ်လို့ပြောရင်တော့ ယုံတန်းစကးကြီးပါလို့ ပြောရတော့မယ်။ ကျောင်းသား/ကျောင်းသူတွေကို တကယ်တတ်အောင် စေတနာထားပြီး ကြိုးစားပြီးမသင်တဲ့ ဆရာ၊ဆရာမဟာ ကိုယ့်ဘ၀ကိုကိုယ် တကယ်ကျေနပ်မှာလား။အမျိုးမျိုးထောင့်စေ့အောင်တွေးပါ။ တခြားအလုပ်မျိုးစုံ လုပ်တဲ့ သူတွေလည်း ဒီလိုတွေးကြည့်ပါ။ မုန့်လုပ်ရောင်းတဲ့ တပည့်တွေရှိတယ်။ သူတို့ကို ဘုန်းကြီးပြောပါတယ်။ ကိုယ်လုပ်တဲ့ မုန့်ဟာ ကျန်းမာရေးနဲ့ ညီညွတ်ရမယ်၊ အဟာရလည်း ဖြစ်ရမယ်၊ ဈေးနှုန်းကလည်း တတ်နိုင်သလောက် သက်သာတဲ့မုန့်မျိုးလုပ်ရောင်းပါ။ရောင်းကောင်းအောင် လုပ်တယ်။ ကျန်းမာရေးထိခိုက်တဲ့ အစားအစာတွေ ဖြစ်နေရင် မကောင်းဘူးနော်။ ကိုယ်ကိုယ်တိုင် စားချင်တဲ့ စားရဲတဲ့စားစရာကို လုပ်ရောင်းပါ။ ကိုယ်လုပ်တာ ကိုယ်မစားချင်ရင် ကိုယ်မစားရဲရင် မရောင်းပါနဲ့။ စားကောင်းအောင် လုပ်ထားတယ်ဟေ့..ဒါပေမဲ့ ငါတော့မစားဘူး။ ငါသိတာပေါ့ ဘာတွေ ထည့်ထားတယ်ဆိုတာ အဲဒီလိုဖြစ်ရင်တော့ မကောင်းဘူး။ဒီမှာ Taxi ကားမောင်းတဲ့ ဒကာကြီးတစ်ယောက်လည်းပါတယ်။ ငါ့ကားနဲ့ပို့လိုက်ရတဲ့ ခရီးသည်ဟာ ဘေးအန္တရာယ်ကင်းကင်း စိတ်ချမ်းချမ်းသာသာနဲ့လိုရာခရီးကို ရောက်ပါစေ။ ကိုယ့်အတွက် စားဝတ်နေရေးကိုက်တဲ့ ထိုက်သင့်တဲ့နှုန်းကိုတော့ တောင်းရမှာပဲ။ ဒါပေမဲ့ ကားပေါ်ရောက်လာကတည်းက စိတ်ချမ်းချမ်းသားသာနဲ့ လိုရာခရီးကို ရောက်ပါစေဆိုတဲ့ စေတနာလေး ထားသင့်တယ်။တချို့ခရီးသည်ဟာ အသက်ကြီးတဲ့သူဖြစ်မယ်၊ တချို့ကျန်းမာရေးသိပ်မကောင်းဘူး။ အကူအညီလိုမယ်။ တချို့တက္ကဆီကား မောင်းတဲ့သူတွေဟာ စိတ်ထား သိပ်ကောင်းတယ်။ ပစ္စည်းတွေကို ကူပြီး တင်ပေးတယ်။ ချပေးတယ်။ အိမ်ပေါက်ဝရောက်တဲ့ထိ ပို့ပေးတယ်။ ဒီခရီးသည်ကို ပို့တာမှာ ငါအကောင်းဆုံးစေတနာနဲ့ လုပ်သလားဆိုတာ ကိုယ့်ကိုယ်ကို မေးသင့်တယ်။အကောင်းဆုံးဖြစ်အောင် လုပ်တယ်ဆိုတာ အကြီးအကျယ်ကြီးကိုပြောတာ မဟုတ်ဘူးနော်။ အသေးစားလေးတွေကအစ စဉ်းစားရမယ်။ အမှန်တော့ အဲဒီလို အသေးစားလေးတွေကအစ အကောင်းဆုံးဖြစ်အောင်လုပ်နိုင်မှ အဓိပ္ပာယ်ရှိမှာ။ အကြီးအကျယ်တွေဆိုတာက တစ်နှစ်မှာမှ တစ်ခါလောက် လုပ်လို့ရတဲ့ အလုပ်တွေ ဖြစ်တယ်နော်။ အသေးစားလေးတွေ ဆိုတာက နေ့တိုင်းလုပ်နေရတယ်။ နေ့တိုင်းလုပ်နေရတဲ့ အသေးစားကိစ္စလေးတွေကို အကောင်းဆုံးစိတ်ထားနဲ့ လုပ်နိုင်မှသာ ကိုယ့်ဘ၀ဟာ အဓိပ္ပာယ်ပြည့်ဝမယ်။ ကျေနပ်စရာ ကောင်းမယ်။ တစ်နှစ်မှာ တစ်ခါလောက် စိတ်ကောင်းစေတနာကောင်းနဲ့ လုပ်ပြရုံနဲ့ သိပ်အဓိပ္ပာယ်ရှိတယ်လို့ ပြောလို့မရပါဘူး။နေ့စဉ်လုပ်နေရတဲ့ အလုပ်တွေ အများကြီးရှိတယ်။ တွေ့နေရတဲ့ သူတွေ အများကြီးရှိတယ်။ ဒီလိုအလုပ်တွေကို လုပ်နေရင်းနဲ့ ဒီလူတွေကို ဆက်ဆံရင်းနဲ့ ငါအကောင်းဆုံး စိတ်ထားနဲ့ လုပ်မယ် ဆက်ဆံမယ်လို့ရည်ရွယ်ပြီး လုပ်ဖို့လိုတယ်။ ပြောပုံဆိုပုံ ဆက်ဆံပုံကို ပိုကောင်းအောင် သတိထားပြီး လုပ်သင့်တယ်။လူတွေဟာ ကောင်းတာတွေကို လုပ်ရင် ရနိုင်ရက်နဲ့ ဘာဖြစ်လို့မလုပ်ကြတာလဲ။ ဘုန်းကြီး အဲဒါကို စဉ်းစားတယ်။ ကိုယ်ကိုယ်တိုင်လည်း လုပ်နိုင်ရက်နဲ့ မလုပ်တဲ့အခါ ရှိခဲ့ပါတယ်။ ကောင်းတာတွေကို လုပ်လိုက်ရင် အချိန်တွေ ပိုကုန်သွားမယ်။ ငွေတွေ ပိုကုန်သွားမယ်။ လူလည်းနဲနဲ ပိုပင်ပန်းမယ်။ အဲဒါကို မတတ်နိုင်လို့လား။ အဲဒီလို အချိန်ပိုကုန်တာ ငွေပိုကုန်တာ လူပိုပင်ပန်းတာ ကိုယ့်ဖက်က နစ်နာမှု ဆုံးရှုံးမှုလို့ ယူဆသလား။ သက်သာအောင်နေတာဟာ တကယ် သက်သာသလား။အချိန်တွေကို အကျိုးမရှိတဲ့နေရာမှာ ဖြုန်းနေတာ တွေ့တယ်။ ငွေတွေကိုလည်း အကျိုးမရှိတဲ့ နေရာမှာ ဖြုန်းနေတာ တွေ့တယ်။ အကျိုးမရှိပဲ ပင်ပန်းခံနေတာလည်း တွေ့တယ်။လူတွေ အများကြီးကို နှစ်ပေါင်းများစွာ လေ့လာကြည့်တယ်။ လူတွေကို လေ့လာတာ ဘုန်းကြီးအလုပ်ပဲ။ စိတ်အကြောင်းကို ဘုန်းကြီး သိချင်တယ်။ ကိုယ့်စိတ်အကြောင်းလည်း သိချင်တယ်။ လူတွေရဲ့စိတ်အကြောင်းလည်း သိချင်တယ်။ အဲဒါကြောင့် အမြဲလေ့လာတယ်။လူတွေကို လေ့လာကြည့်တဲ့အခါ အကောင်းဆုံးကို ကြိုးစားပြီးလုပ်တဲ့သူဟာ ပိုပြီး တွက်ခြေကိုက်တာ တွေ့ရတယ်။ သူပေးလိုက်ရတဲ့အချိန်တွေ ငွေတွေဟာ အလကား ဖြစ်မသွားဘူး။ သူပင်ပန်းခံလိုက်တာ အလကားဖြစ်မသွားဘူး။ သူဟာ ပိုပြီး စိတ်ထားကောင်းတဲ့သူ ပိုပြီးအရည်အချင်းရှိတဲ့သူ ဖြစ်လာတယ်။ သူပင်ပန်းခံခဲ့တာတွေဟာ ရေရှည်မှာ သူ့ဘ၀ ပိုပြီးအောင်မြင်ဖို့ အဆင်ပြေဖို့ ဖြစ်တယ်။ဒါကြောင့် ဘုန်းကြီးက ဘယ်လိုတွေးသလဲဆိုတော့ သက်သာအောင် နေတဲ့သူဟာ မသက်သာဘူး လို့တွေးမိတယ်။ သက်သာအောင် နေတဲ့သူရဲ့ဘ၀မှာ အခက်အခဲတွေ ပိုများတယ်။ မိတ်ဆွေကောင်း နဲတယ်။ ဘ၀ရဲ့လေးနက်တဲ့ အဓိပ္ပာယ်ကို သူမသိဘူး။ ဒါကြောင့် သူ့ဘ၀ဟာ အဓိပ္ပာယ်သိပ်မရှိဘူး။ခံယူချက်ရှိတဲ့သူ လုပ်သင့်တာကို ကြိုးကြိုးစားစား လုပ်တဲ့သူရဲ့ဘ၀ဟာ ရေရှည်မှာ ပိုပြီးအဆင်ပြေတယ်။ အကောင်းဆုံးစိတ်ထား အကောင်းဆုံးစေတနာနဲ့ လုပ်တာဟာ ကိုယ့်အတွက် ဘာမှ ဆုံးရှုံးမှု မရှိဘူး။ လျော့မသွားဘူး။ အကောင်းဆုံးပေးလိုက်တာဟာ အကောင်းဆုံး ရလိုက်တာပဲ။ ပေးလိုက်ရတာ ဆုံးရှုံးသွားတာလို့ မထင်ပါနဲ့။အကောင်းဆုံးကို မလုပ်လိုက်ရင် စိတ်မချမ်းမသာနဲ့ နေသွားရမယ်။ အဲဒီလို နေချင်သလား။ မနေချင်ပါဘူးနော်။ အထူးသဖြင့် သေခါနီးမှာ ကိုယ့်ဘ၀အကြောင်း ကိုယ်ပြန်တွေးပြီး စိတ်မချမ်းမသာ မဖြစ်ချင်ဘူး။ စိတ်ချမ်းချမ်းသာသာလေးတော့ သေချင်ပါတယ်။ သေခါနီးမှာ ကိုယ့်ဘ၀အကြောင်း ပြန်တွေးပြီး စိတ်မချမ်းမသာဖြစ်ရရင် ဘယ်လောက် ဆိုးမလဲ။ အိမ်မက်တာတောင် စိတ်ချမ်းသာစရာ အိမ်မက်မျိုး မက်ချင်ပါတယ်။ အိမ်မက်ဆိုတာ နိုးလာတဲ့အခါ ဘာမှ မဟုတ်ပါလားလို့ သိရပြီးမေ့မေ့ပျောက်ပျောက် ဖြစ်သွားတာပဲ။ ဒါတောင် စိတ်ညစ်စရာ စိတ်ပင်ပန်းစရာ အိမ်မက်မျိုး မမက်ချင်ဘူး။တကယ်နေခဲ့ရတဲ့ ကိုယ့်ဘ၀ကိုလည်း ပြန်တွေးလိုက်ရင် စိတ်ချမ်းသာစရာ ဘ၀မျိုးပဲ နေချင်တယ်။ အဲဒါ အဓိကက ကိုယ့်စိတ်ထားပေါ်မှာပဲ မူတည်ပါတယ်။နောက်ထပ် နေရဦးမယ့်အချိန်တွေကို စိတ်ချမ်းချမ်းသာသာနဲ့ နေချင်ပါတယ်။ ဘာလုပ်ကြရင် ကောင်းမလဲ။ ကိုယ်တတ်နိုင်သလောက် အကောင်းဆုံးစိတ်ထားနဲ့ အကောင်းဆုံးကို လုပ်မှပဲ ဖြစ်မယ်။ အဲဒါ စိတ်ချမ်းသာဖို့ အသေချာဆုံးလမ်းပဲ။


 ဆရာတော်ဦးဇောတိက (ချီးမွမ်းခြင်း ကဲ့ရဲ့ခြင်း)