If you deliberately set out to be less than you are capable, you'll be
unhappy for the rest of your life.ဒီစာကြောင်းလေးကို စာအုပ်တအုပ်မှာ
ဖတ်လိုက်ရတယ်။ ဖတ်ပြီးတော့ ဘုန်းကြီးက စဉ်းစားတယ်။ စာဖတ်ပြီးရင် စဉ်းစားရတာ
တော်တော် အရသာရှိတယ်။ကိုယ်တက်နိုင်ပါလျက်နဲ့ တတ်နိုင်သလောက်ကို မလုပ်ပဲနဲ့
တမင်တကာ လျှော့လျှော့ပေါ့ပေါ့ လုပ်လိုက်မယ်ဆိုရင် သင်ဟာ တစ်သက်တာလုံး
စိတ်မချမ်းမသာနဲ့ နေသွားရတော့မယ်။စိတ်မချမ်းမသာ ဆိုလို့ တကယ်ကို
ဝမ်းနဲပူဆွေးပြီးတော့ နေရမှာလားဆိုတော့ မဟုတ်ပါဘူးနော်။ ကိုယ့်ဘ၀ကိုကိုယ်
ကျေနပ်မှုရမှာမဟုတ်ဘူး။ ကိုယ့်ကိုယ်ကိုကိုယ် ကျေနပ်မှုရမှာ မဟုတ်ဘူး။ အကယ်၍
အဲဒီလိုမကျေနပ်တာကို ဖုံးဖို့ ကြိုးစားမယ်ဆိုရင် ဘယ်လိုလုပ်မလဲ။
ကိုယ့်စိတ်ဓါတ်ကိုရော ကိုယ့်အသိဥာဏ်ကိုရော ထုံထိုင်းသွားအောင်
လုပ်မှရမယ်။ကိုယ်တတ်နိုင်တာကို မလုပ်ပဲနေလိုက်ရင် ကိုယ့်ကိုယ်ကိုကိုယ်
လေးစားနိုင်မှာ မဟုတ်တော့ဘူး။ အဲဒါကိုက unhappiness ပဲ။ ကိုယ့်ကိုကိုယ်
မလေးစားနိုင်တာဟာ တော်တော် စိတ်မကောင်းစရာပဲနော်။ကိုယ်တက်နိုင်တဲ့
အကူအညီကို မပေးလိုက်ရင် ကိုယ်ရဲ့စိတ်ဓါတ်အဆင့်အတန်း
ကိုယ်ရဲ့အသိဥာဏ်အဆင့်အတန်း ကိုယ်ရဲ့မေတ္တာ ဂရုဏာအဆင့်အတန်းကိုပါ
နိမ့်ချမှရတော့မယ်။ ကိုယ့်ကိုယ်ကို အဆင့်နှိမ့်မှ ရမယ်။ အကောင်းဆုံးကို
မလုပ်ချင်ရင် ကိုယ့်အဆင့်ကို နှိမ့်မှရမယ်။ အဆင့်မနှိမ့်ချင်ရင်
ကိုယ်တတ်နိုင်တာကို အကောင်းဆုံးဖြစ်အောင် လုပ်မှရမယ်။ဘုန်းကြီးငယ်ငယ်ကတည်းက
ငယ်ငယ်ကတည်းက လုပ်ခဲ့တာတွေကို ပြန်တွေးကြည့်တယ်။ ငါလုပ်နိုင်ရက်သားနဲ့
ဒီထက်ပိုကောင်းအောင် လုပ်မယ်ဆိုရင် လုပ်နိုင်ရက်သားနဲ့ မလုပ်ခဲ့တာတွေ
ဘယ်လောက်များသလဲလို့ ကိုယ့်ကိုယ်ကို ကိုယ်မေးကြည့်တယ်။ တော်တော်များပါတယ်။
ငါတော့ လုပ်နိုင်သမျှကို အကောင်းဆုံးဖြစ်အောင် လုပ်ခဲ့တယ်လို့
ပြောလို့မရဘူး။ ကိုယ့်ကိုယ်ကိုကိုယ် ညာလို့မရဘူးနော်။မိသားစုနဲ့
ပတ်သက်ပြီးတော့ကော၊ လူမှုရေး ဘက်မှာကော၊ ပညာရေးဘက်မှာကော၊ ကိုယ့်ကျင့်တရား
ဘာသာရေးဘတ်မှာကော ငါလုပ်နိုင်သမျှ အကောင်းဆုံးဖြစ်အောင် လုပ်ခဲ့သလား။
မလုပ်ခဲ့ဘူး။ အဲဒီလို ပြန်တွေးကြည့်လိုက်တော့ ပျော်သလားဆိုတော့
မပျော်ပါဘူး။ ဒါပေမဲ့ ကိုယ့်ကိုယ်ကိုတော့ စိတ်သက်သာအောင် တွေးလိုက်ပါတယ်။
ငါ သိပ်ဆိုးတဲ့သူတော့ မဟုတ်ခဲ့ပါဘူး။ပညာရေးနှင့်ပတ်သက်ပြီးတော့ ငါ့ဖက်က
ယူရမယ့်တာဝန်၊ ငါပညာတတ်တစ်ယောက် ဖြစ်လာဖို့ ငါသိသင့်တာ သိထိုက်တာတွေကို
သိတဲ့လူတစ်ယောက် ဖြစ်လာဖို့ ငါဘယ်လောက်ကြိုးစားခဲ့သလဲလို့ တွေးကြည့်တော့
မထိုက်အလျောက်တော့ ကြိုးစားခဲ့တယ်။ အဲဒါတော့ မှန်အတိုင်း ပြောလိုက်တာပဲ၊
ပိုပြောတာ မဟုတ်ဘူး။ ဒါပေမဲ့ အတတ်နိုင်ဆုံး ကြိုးစားခဲ့သလားလို့မေးတော့
အဲဒီ အတတ်နိုင်ဆုံး ဆိုတဲ့စကားပါရင်တော့ မကြိုးစားခဲ့ဘူးလို့ပဲ
အဖြေထွတ်ပါတယ်။ အပျင်းပြေ အချိန်ဖြုန်းခဲ့တာတွေ အများကြီးပါ။တကယ်
တန်ဖိုးရှိတာတွေကို လုပ်ရင် ရရက်နဲ့ မလုပ်ပဲ အချိန်ဖြုန်းခဲ့တာတွေ
အများကြီး ရှိခဲ့တယ်။ ကိုယ်ကျင့်တရားနဲ့ ပတ်သက်ပြီးတော့လည်း
လျှော့လျှော့ပေါ့ပေါ့ လုပ်ခဲ့တာတွေ အများကြီးပဲ၊ အဲဒါတွေ ပြန်တွေးကြည့်တော့
စိတ်မချမ်းသာပါဘူး။ ကုက္ကုစ္စ ဖြစ်တာပဲနော်။ ငါတတ်နိုင်ရက်နဲ့
မလုပ်ခဲ့လေခြင်း။ အရေးကြီးတာက နောက်ထပ် အဲဒါမျိုး မဖြစ်ဖို့
အရေးကြီးပါတယ်။လူမှုရေးနဲ့ပတ်သက်ပြီးတော့ သည်းခံသင့်ပေမဲ့
သည်းခံနိုင်ရက်နဲ့သည်းမခံခဲ့တာတွေ၊ ပေးသင့်သလောက် မပေးခဲ့တာတွေ ရှိတယ်။
ကိုယ်သက်သာဖို့ပဲ ဦးစားပေးခဲ့တာတွေ ရှိတယ်။ ဒါတွေကို မေ့ထားနိုင်ရင်
တစ်မျိုးတော့ သက်သာမှာပါ။ သတိရရင်တော့ စိတ်မချမ်းသာနိုင်ပါဘူး။ အကယ်၍
သေခါနီးမှာ ကိုယ်လုပ်နိုင်ရက်နဲ့ ကောင်းအောင် မလုပ်ခဲ့တာတွေကို
ပြန်တွေးမိရင် စိတ်ချမ်းသာနိုင်ပါ့မလား။ကိုယ့်ဘ၀ကို
ကိုယ်ဘယ်လောက်နှမျောလိုက်မလဲ။ သေခါနီးမှာ ငါတစ်သက်လုံး လုပ်ခဲ့တာတွေထဲက
ဘယ်ဟာကို ကျေနပ်မှုရသလဲလို့ ပြန်တွေးကြည့်ရင် ကျေနပ်စရာရှိရင်တော့ တော်တော်
ကံကောင်းတာပဲ၊ မရှိရင်တော့ အဲဒီဘဝ
အလကားဖြစ်သွားပြီ။ကြိုးစားပြီးလုပ်မယ်ဆိုရင် ကျေနပ်စရာတစ်ခုခု
မရနိုင်ဘူးလား။ လူတိုင်း ရနိုင်ပါတယ်။ ကျေနပ်စရာဆိုတာ ငွေကုန်မှ
မဟုတ်ဘူးနော်။ ငွေမကုန်ပဲနဲ့ ကျေနပ်စရာတွေ အများကြီး ရနိုင်ပါတယ်။
လူမသိပဲနဲ့ ကိုယ့်ဘ၀မှာ ကျေနပ်စရာတွေ အများကြီး လုပ်ပြီး ကိုယ့်ဘ၀ကိုကိုယ်
ကျေကျေနပ်နပ် သေသွားတဲ့သူတွေ အများကြီးရှိပါတယ်။ ငွေကုန်မှ ကျေနပ်စရာကို
လုပ်လို့ရတာ မဟုတ်ပါဘူး။ လူသိမှ ကျေနပ်စရာ မဟုတ်ပါဘူး။ဘုန်းကြီးကိုယ်တိုင်
သေလုနီးပါးအခြေအနေ ဖြစ်ခဲ့ဖူးတယ်။ မျောသွားပြီးလို့ ဘေးကလူတွေက ပြောကြတာကို
ကြားတယ်။ ဒါပေမဲ့ ဘာမှ ပြန်မပြောနိုင်တော့ဘူး။ အဲဒီလိုအခါမှာ
ကိုယ့်ဘ၀-ကိုကိုယ် ပြန်ပြီးတော့ စစ်တမ်းထုတ်သလို ပြန်တွေးမိတယ်။ ငါဘာတွေ
လုပ်ခဲ့သလဲ၊ ငါဘာတွေ ရခဲ့သလဲ၊ ငါဘာတွေ ပေးခဲ့သလဲ၊ အဲဒီလိုမေးခွန်းတွေကို
မေးခဲ့တယ်။ဘာတွေ ရခဲ့သလဲလို့ မေးတဲ့အခါမှာ အဖြေသိပ်မထွက်ဘူး။
ကိုယ့်အရင်တုန်းက ရခဲ့တယ်လို့ ထင်ခဲ့တာတွေဟာ တကယ်တော့ ဘာမှ မဟုတ်ပါလားဆိုတာ
သိနေတော့ အဲဒါကို ရခဲ့တယ်လို့ မခံစားရဘူး။ ဘွဲ့ရခဲ့တယ်၊ အဲဒါ
ဘာမှမဟုတ်လှဘူး။ ပစ္စည်းဥစ္စာတွေ ရခဲ့တယ်၊ အဲဒါလည်း ဘာမှ မဟုတ်လှဘူး။
ရခဲ့တယ်ဆိုတာက ကိုယ့်ကိုယ်ကိုကိုယ် လှည့်စားပြီးနေတုန်းမှာသာ ရတယ်လို့
ထင်တာနော်။ သေခါနီးလို အခြေအနေမှာ အဲဒါတွေကို ရခဲ့တယ်လို့
မခံစားရတော့ဘူး။ဘာတွေ ပေးခဲ့သလဲလို့ တွေးလိုက်တဲ့အခါမှာလည်း
အဖြေထွက်မလာဘူး။ ပေးတယ်ဆိုတာက တကယ်လှိုက်လှဲတဲ့ ဖြူစင်တဲ့ စေတနာနဲ့ ပေးမှသာ
ပေးတယ်လို့ ဆိုနိုင်တာကိုး။ တစ်ခုရဖို့ မျှော်လင့်ပြီး တစ်ခုပေးတာမျိုးက
တကယ်ပေးတာမှ မဟုတ်ပဲ။ တကယ်လှိုက်လှဲ ဖြူစင်တဲ့စေတနာနဲ့ ပေးခဲ့တာ
ဘာရှိသလဲလို့ တွေးကြည့်တဲ့အခါမှာ ရုတ်တရက် အဖြေမထွက်လာဘူး။ အကယ်၍များ
ငါမသေရင်ဆိုပြီး တွေးတဲ့အခါမှာ ငါပေးတာ မှန်သမျှသာ ဖြူစင်တဲ့စိတ်နဲ့
ပေးတာပဲဖြစ်ချင်တယ် လို့တွေးမိတယ်။ ဒါမှ တကယ်ပေးလိုက်တယ်လို့
ခံစားရမှာနော်။လူတစ်ယောက်ကို ခင်ခင်မင်မင် ဆက်ဆံလိုက်ရင်လည်း
လွတ်လပ်တဲ့စိတ်နဲ့ ဆက်ဆံလိုက်တာပဲ ဖြစ်ချင်တယ်။ ငါ့ကို ခင်အောင်
သူ့ကိုချိုချိုသာသာ ဆက်ဆံလိုက်မယ်ဆိုရင် ကိုယ်လိုချင်တာ ပါနေလို့ တကယ်တော့
မဖြူစင်သေးဘူး။ ငါကိုခင်အောင် သူ့အကြိုက်ကို ဘယ်လို ပြောလိုက်ရမလဲလို့
တွေးရတော့မယ်။ ဘယ်လိုမြှောက်ပြောလိုက်ရင် ငါ့ကို ခင်သွားမလဲလို့
တွေါ်ရတော့မယ်။ အဲဒီလိုဆိုရင် ပေးလိုက်တယ်လို့ မဆိုနိုင်ဘူး။လူတစ်ယောက်ကို
အကောင်းဆုံးစေတနာနဲ့ သူ့ကိုအရိုးသားဆုံး ဆက်ဆံလိုက်တာဟာ သူ့ကို
အကောင်းဆုံးပေးလိုက်တာပဲ။ အဲဒါ ပိုက်ဆံ ဘယ်လောက်ကုန်သလဲ။ ဘာမှ မကုန်ဘူး။
သူ့ကို လူတစ်ယေက်အနေနဲ့လေးစားတယ်။ သူဟာ အားလုံးတော်
အားလုံးကောင်းတဲ့သူတစ်ယောက် ဖြစ်နေဖို့ မလိုဘူးနော်။ သူ့မှာ လွဲတာ မှားတာ
ချို့ယွင်းချက်တွေ ရှိမှာပဲနော်။ ရှိစေဦးတော့ သူ့ကို လူသားတစ်ဦးအနေနဲ့
လေးစားနိုင်ပါသေးတယ်။ နားလည်ပေးနိုင်သေးတယ်။ ကိုယ်လည်း ချို့ယွင်းချက်တွေ
ကင်းတဲ့သူမှ မဟုတ်တာ။ဟန်ဆောင်တာ ပရိယာယ်သုံးတာ မပါပဲနဲ့
ရိုးရိုးသားသားဆက်ဆံလိုက်ရင် ဒါဟာ သူ့ကို အကောင်းဆုံးလက်ဆောင်ပေးလိုက်တာပဲ။
ငါ့ကို အရိုးသားဆုံး ဆက်ဆံလိုက်တာ၊ ငါ့ဆီလာတာ၊ ငါ့ကို မြှောက်ပြောပြီး
သူလိုတာကို ရဖို့လာတာမဟုတ်ဘူး။ ငါ့ကို ခင်လို့လာတာ။ စိတ်ချမ်းသာအောင်
မြှောက်ပြောတာတောင် သိပ်တော့ မကောင်းသေးဘူးနော်။ငါဘာတွေ ပေးခဲ့ရသလဲလို့
တွေးကြည့်တဲ့အခါ ပစ္စည်းအနေနဲ့ပေးခဲ့ရတာတွေဟာ ဘာမှ မဖြစ်လောက်ပါဘူး။ ဆွေမရှိ
မျိုးမရှိ အဖိုးကြီးတစ်ယောက်ကို သူနေမကောင်းလို့ လူနာရှင်အဖြစ်နဲ့
ကိုယ်တိုင်မြင်းလှည်းပေါ်တင်ပြီး ဆေးရုံကိုခေါ်သွား၊ ဆေးရုံတင်
နေ့ညစောင့်ပေးပြီး ရောဂါပျောင်တဲ့အထိ ပြုစုပေးခဲ့တာ တစ်ခုရှိတယ်။ အဲဒါကို
ကျေနပ်တယ်။ထမင်းမစားရတဲ့ သူတွေကို ထမင်းကျွေးခဲ့တယ်။ ဘယ်သူဘယ်ဝါမှန်း
မသိဘူး။ နောက်လည်း ဘယ်တော့မှ ပြန်တွေ့ရမှာ မဟုတ်တော့ဘူး။ ဒါကြောင့်
သူတို့ဆီက ဘာမှ မျှော်လင့်တဲ့စိတ် မရှိဘူး။ ကျေးဇူးတင်ပါတယ်လို့တောင်
ပြောနေဖို့ မလိုဘူး။တချို့လူတွေကို တကယ်လိုနေတုန်းမှာ ဘုန်းကြီး
ကူညီခဲ့တာရှိတယ်။ တော်တော်များများ ပေးတာတွေမှာ တစ်ခုခုတော့
မျှော်လင့်နေတာရှိတတ်တယ်နော်။ ငါ့ကို ကျေးဇူးရှင်ကြီးလို့ သဘောထားပြီးတော့
တွေ့တဲ့နေရာမှာ ငါ့ကို တရိုတသေ ဆက်ဆံမှာပဲလို့ မျှော်လင့်နေမှာပဲ။
ကျေးဇူးရှင်ကြီးဖြစ်ချင်နေတာကိုက မကောင်းတော့ဘူး။ သေသေချာချာ တွေးကြည့်တော့
ကိုယ့်ဘ၀မှာ တကယ် ကျေကျေနပ်နပ် ပေးလိုက်ရတယ်ဆိုတာ တော်တော်နဲပါ့လားလို့
တွေးမိတယ်။ဇနီးမောင်နှံချင်းလည်း မျှော်လင့်ချက်တွေနဲ့ ပေးနေတာဖြစ်တတ်တယ်။
သားသမီးနဲ့မိဘလည်း ဖြစ်နိုင်တာပဲ။ သားသမီးနဲ့မိဘ ဆက်ဆံရေးကတော့
တော်တော်လှိုက်လှဲပါတယ်။ အထူးသဖြင့် မိဘရဲ့မေတ္တာက တော်တော်ကြီးမားပါတယ်။
ကိုယ့်ဥာဏ်နဲ့ကိုယ် ချဲ့ပြီးတော့ စဉ်းစားကြည့်ပါနော်။ငါ လုပ်နိုင်ပါလျက်နဲ့
အကောင်းဆုံးဖြစ်အောင် မလုပ်ခဲ့တာတွေ ဘယ်လောက်များသလဲ။ သူ့ကို
ငါဒီထက်ပိုပြီးတော့ မေတ္တာနဲ့ ဆက်ဆံလို့ရပါတယ်။ ဒါပေမဲ့ ငါလျှော့ထားတယ်။
တမင်တကာကို လျှော့ထားတာ။ ဘာဖြစ်လို့လဲ။ ဈေးကိုင်ထားတာပေါ့။ ဂရုဏာမှာလည်း
ဒီလိုပဲ ကရုဏာလျှော့ထားလိုက်တယ်။ကိုယ်ကျင့်တရားမှာလည်း လျှော့ထားတယ်။ ဒီထက်
ပိုပြီး ရိုးသားနိုင်တယ်။ ဒါပေမဲ့ ခပ်ပေါ့ပေါ့ သဘောထားနဲ့
မရိုးသားတာတွေကို လုပ်နေတယ်။ တရားအားထုတ်ရာမှာကော။ ဒီထက်ပိုပြီး အသိဥာဏ်
မြင့်တဲ့သူ ဒီထက်ပိုပြီး စိတ်ထားမြင့်တဲ့သူ ဖြစ်ဖို့ ငါကြိုးစားမယ်ဆိုရင်
ရပါတယ်။ ရပါရက်နဲ့ မကြိုးစားဘူး။ အပျင်းပြေစရာတွေက သိပ်များတော့ အဲဒါတွေ
ကြည့်နေ နားထောင်နေတာနဲ့ အချိန်တွေ ကုန်ပြီး တကယ် စိတ်ထားမြင့်ဖို့ကို
လုပ်ဖို့ အချိန်မရတော့ဘူး။ငါတကယ် ကြိုးစားမယ်ဆိုရင် ငါဟာ အခု သိတာထက်
အများကြီး ပိုသိတဲ့သူ ဖြစ်နိုင်တယ်။ ငါ့ရဲ့ အသိဥာဏ်အဆင့်အတန်း ငါ့ရဲ့
စိတ်အဆင့်အတန်း အများကြီး မြင့်နိုင်ပါလျက်နဲ့ ငါမလုပ်ခဲ့ဘူး။ဘာတွေ
ရထားပြီးပြီလဲ။ ဘာတွေ ကျေနပ်စရာ ရှိသလဲ။ သေခါနီးမှာ ငါ့ဘ၀ဟာ ဘာမှ
တကယ်ကျေနပ်စရာ မရှိပါလားလို့ တွေးပြီး သေမယ်ဆိုရင် တော်တော်သနားစရာ
ကောင်းမယ်။ ကြိုကြိုတင်တင်လေး သတိရပြီးတော့ ငါ့ဘ၀ဟာ ဘာမှ
ကျေနပ်စရာမရှိတဲ့ဘ၀ မဖြစ်စေရဘူး။ သေခါနီးမှာ နောင်တမရချင်ဘူး ဆိုပြီးတော့
ကြိုးစားမယ်ဆိုရင် ငါဟာ ငါတတ်နိုင်သလောက် စိတ်ထားအကောင်းဆုံး ဖြစ်အောင်
ကြိုးစားခဲ့တယ်။ ငါတတ်နိုင်သလောက် အသိဥာဏ် မြင့်မားအောင်
ကြိုးစားခဲ့တယ်လို့ တွေးပြီး ကိုယ့်ဘ၀ကိုကိုယ် ကျေနပ်မှု
ရနိုင်တယ်။ဒီပရိသတ်ထဲမှာ ဆရာဝန်လောင်းတစ်ယောက်ပါလို့ ပြောလိုက်အုံးမယ်။
ဆေးကျောင်းတက်နေတုန်းမှာ ငါဟာ ဆရာဝန်ကောင်းတစ်ယောက်ဖြစ်အောင် အများကြီး
ကြိုးစားမှဖြစ်မယ်။ လူတွေရဲ့အသက်ကို လုရတဲ့အလုပ်ကို ငါလုပ်ရမယ်။ အကယ်၍
စာမေးပွဲ ခိုးဖြေပြီးတော့ အောင်သွားပြီး ဆရာဝန်ဖြစ်ပြီဆိုပါတော့ တကယ်
ရောဂါကြီးတဲ့ လူနာတစ်ယောက်ကို ကုရတဲ့အခါ ကိုယ်က ငါဒီရောဂါကို
မကုတတ်ပါလားဆိုရင် မကုတတ်ဘူးလို့ ပြောရမှာလည်း မပြောနိုင်။ ဆေးတွေ
တစ်မျိုးပြီး တစ်မျိုးပေးကြည့်မှာပဲ။ ဟိုဆေးပေးကြည့် မသက်သာသေးရင်
နောက်တစ်မျိုးပေးကြည့်၊ မရသေး။ ခွဲမှ ဖြစ်မယ်ဆိုပြီး ခွဲကြည့်တော့လည်း
မဟုတ်သေး။ ပြန်ပိတ်နဲ့။ အဲဒီလို ဖြစ်တာတွေ အများကြီး ရှိတယ်။ ဘုန်းကြီးက
လုပ်ကြံပြီးတော့ ပြောတာ မဟုတ်ဘူး။ တကယ်ဖြစ်တာကို ပြောတာ။ဆရာဝန်တွေဟာ ငါဟာ
ဆရာဝန်ကောင်းတစ်ယောက် ဟုတ်ရဲ့လားလို့ မေးသင့်တယ်။ ငါတတ်နိုင်သလောက်
ငါ့ပညာကို အမြဲတိုးတက်နေအောင် တကယ်ကြိုးစားရဲ့လား။ စာမေးပွဲအောင်တာနဲ့
အကုန်တတ်သွားတာ မဟုတ်သေးဘူး။ အမြဲလေ့လာနေရမယ်။ ငါအမြဲလေ့လာနေသလား။
ငါလူနာတွေအပေါ် တကယ်စေတနာထားရဲ့လား။ ငွေများများရဖို့ အဓိကထားသလား။
ငါဘာဖြစ်လို့ ဆေးပညာကို သင်ယူခဲ့တာလဲ။ မေးသင့်တယ်။ဒီမှာ ကျောင်းဆရာကြီး
တစ်ယောက်ရှိတယ်။ ကျောင်းဆရာမကြီးတစ်ယောက်လည်းရှိနေတယ်။ ကျောင်းဆရာ
ဆရာမတွေကလည်း စဉ်းစားသင့်တယ်။ တပည့်တွေကို တကယ်သိအောင် တတ်အောင်
သင်ဖို့ဆိုရင် ငါတကယ်တတ်မှ ဖြစ်မှာ။ ငါတကယ်တတ်ရဲ့လား။ဘုန်းကြီးကိုယ်တိုင်
နှစ်ပေါင်းများစွာ ကျောင်းနေခဲ့လို့ ကျောင်းဆရာ၊ ဆရာမတွေအကြောင်း
ဘုန်းကြီးကောင်းကောင်းသိတယ်။ တချို့ကျောင်းဆရာ၊ ဆရာမတွေဟာ သူတို့ကိုယ်တိုင်
သင်ရမယ့်ဘာသာရပ်ကို မကျွမ်းကျင်ဘူး။ သိအောင် တတ်အောင်မကြိုးစားဘူး။
သင့်ရမယ့် အကြောင်းအရာကို ကြိုတင်ပြီး ကြည့်မလာဘူး။ အတန်းထဲရောက်ရင်
ကျောင်းသားတွေကို ညာပြီးတော့ ဟိုပြော ဒီပြော ပြောတယ်။ အချိန်ကုန်တော့
ထွက်သွားရော။ ကျောင်းဆရာကိုယ်တိုင် ကိုယ်ကျင့်တရား ပျက်တာတွေ ရှိတယ်။
အဲဒီတော့ ကျောင်းသား ကျောင်းသူတွေက မလေးစားဘူး။ဆရာကောင်းတွေလည်း
ရှိပါတယ်နော်။ ဆရာမှန်သမျှ အကုန်ကောင်းတယ်၊
ဆရာမမှန်သမျှအကုန်ကောင်းတယ်လို့ပြောရင်တော့ ယုံတန်းစကးကြီးပါလို့
ပြောရတော့မယ်။ ကျောင်းသား/ကျောင်းသူတွေကို တကယ်တတ်အောင် စေတနာထားပြီး
ကြိုးစားပြီးမသင်တဲ့ ဆရာ၊ဆရာမဟာ ကိုယ့်ဘ၀ကိုကိုယ်
တကယ်ကျေနပ်မှာလား။အမျိုးမျိုးထောင့်စေ့အောင်တွေးပါ။ တခြားအလုပ်မျိုးစုံ
လုပ်တဲ့ သူတွေလည်း ဒီလိုတွေးကြည့်ပါ။ မုန့်လုပ်ရောင်းတဲ့ တပည့်တွေရှိတယ်။
သူတို့ကို ဘုန်းကြီးပြောပါတယ်။ ကိုယ်လုပ်တဲ့ မုန့်ဟာ ကျန်းမာရေးနဲ့
ညီညွတ်ရမယ်၊ အဟာရလည်း ဖြစ်ရမယ်၊ ဈေးနှုန်းကလည်း တတ်နိုင်သလောက်
သက်သာတဲ့မုန့်မျိုးလုပ်ရောင်းပါ။ရောင်းကောင်းအောင် လုပ်တယ်။
ကျန်းမာရေးထိခိုက်တဲ့ အစားအစာတွေ ဖြစ်နေရင် မကောင်းဘူးနော်။
ကိုယ်ကိုယ်တိုင် စားချင်တဲ့ စားရဲတဲ့စားစရာကို လုပ်ရောင်းပါ။ ကိုယ်လုပ်တာ
ကိုယ်မစားချင်ရင် ကိုယ်မစားရဲရင် မရောင်းပါနဲ့။ စားကောင်းအောင်
လုပ်ထားတယ်ဟေ့..ဒါပေမဲ့ ငါတော့မစားဘူး။ ငါသိတာပေါ့ ဘာတွေ ထည့်ထားတယ်ဆိုတာ
အဲဒီလိုဖြစ်ရင်တော့ မကောင်းဘူး။ဒီမှာ Taxi ကားမောင်းတဲ့
ဒကာကြီးတစ်ယောက်လည်းပါတယ်။ ငါ့ကားနဲ့ပို့လိုက်ရတဲ့ ခရီးသည်ဟာ
ဘေးအန္တရာယ်ကင်းကင်း စိတ်ချမ်းချမ်းသာသာနဲ့လိုရာခရီးကို ရောက်ပါစေ။
ကိုယ့်အတွက် စားဝတ်နေရေးကိုက်တဲ့ ထိုက်သင့်တဲ့နှုန်းကိုတော့ တောင်းရမှာပဲ။
ဒါပေမဲ့ ကားပေါ်ရောက်လာကတည်းက စိတ်ချမ်းချမ်းသားသာနဲ့ လိုရာခရီးကို
ရောက်ပါစေဆိုတဲ့ စေတနာလေး ထားသင့်တယ်။တချို့ခရီးသည်ဟာ
အသက်ကြီးတဲ့သူဖြစ်မယ်၊ တချို့ကျန်းမာရေးသိပ်မကောင်းဘူး။ အကူအညီလိုမယ်။
တချို့တက္ကဆီကား မောင်းတဲ့သူတွေဟာ စိတ်ထား သိပ်ကောင်းတယ်။ ပစ္စည်းတွေကို
ကူပြီး တင်ပေးတယ်။ ချပေးတယ်။ အိမ်ပေါက်ဝရောက်တဲ့ထိ ပို့ပေးတယ်။
ဒီခရီးသည်ကို ပို့တာမှာ ငါအကောင်းဆုံးစေတနာနဲ့ လုပ်သလားဆိုတာ
ကိုယ့်ကိုယ်ကို မေးသင့်တယ်။အကောင်းဆုံးဖြစ်အောင် လုပ်တယ်ဆိုတာ
အကြီးအကျယ်ကြီးကိုပြောတာ မဟုတ်ဘူးနော်။ အသေးစားလေးတွေကအစ စဉ်းစားရမယ်။
အမှန်တော့ အဲဒီလို အသေးစားလေးတွေကအစ အကောင်းဆုံးဖြစ်အောင်လုပ်နိုင်မှ
အဓိပ္ပာယ်ရှိမှာ။ အကြီးအကျယ်တွေဆိုတာက တစ်နှစ်မှာမှ တစ်ခါလောက် လုပ်လို့ရတဲ့
အလုပ်တွေ ဖြစ်တယ်နော်။ အသေးစားလေးတွေ ဆိုတာက နေ့တိုင်းလုပ်နေရတယ်။
နေ့တိုင်းလုပ်နေရတဲ့ အသေးစားကိစ္စလေးတွေကို အကောင်းဆုံးစိတ်ထားနဲ့
လုပ်နိုင်မှသာ ကိုယ့်ဘ၀ဟာ အဓိပ္ပာယ်ပြည့်ဝမယ်။ ကျေနပ်စရာ ကောင်းမယ်။
တစ်နှစ်မှာ တစ်ခါလောက် စိတ်ကောင်းစေတနာကောင်းနဲ့ လုပ်ပြရုံနဲ့
သိပ်အဓိပ္ပာယ်ရှိတယ်လို့ ပြောလို့မရပါဘူး။နေ့စဉ်လုပ်နေရတဲ့ အလုပ်တွေ
အများကြီးရှိတယ်။ တွေ့နေရတဲ့ သူတွေ အများကြီးရှိတယ်။ ဒီလိုအလုပ်တွေကို
လုပ်နေရင်းနဲ့ ဒီလူတွေကို ဆက်ဆံရင်းနဲ့ ငါအကောင်းဆုံး စိတ်ထားနဲ့ လုပ်မယ်
ဆက်ဆံမယ်လို့ရည်ရွယ်ပြီး လုပ်ဖို့လိုတယ်။ ပြောပုံဆိုပုံ ဆက်ဆံပုံကို
ပိုကောင်းအောင် သတိထားပြီး လုပ်သင့်တယ်။လူတွေဟာ ကောင်းတာတွေကို လုပ်ရင်
ရနိုင်ရက်နဲ့ ဘာဖြစ်လို့မလုပ်ကြတာလဲ။ ဘုန်းကြီး အဲဒါကို စဉ်းစားတယ်။
ကိုယ်ကိုယ်တိုင်လည်း လုပ်နိုင်ရက်နဲ့ မလုပ်တဲ့အခါ ရှိခဲ့ပါတယ်။
ကောင်းတာတွေကို လုပ်လိုက်ရင် အချိန်တွေ ပိုကုန်သွားမယ်။ ငွေတွေ
ပိုကုန်သွားမယ်။ လူလည်းနဲနဲ ပိုပင်ပန်းမယ်။ အဲဒါကို မတတ်နိုင်လို့လား။
အဲဒီလို အချိန်ပိုကုန်တာ ငွေပိုကုန်တာ လူပိုပင်ပန်းတာ ကိုယ့်ဖက်က နစ်နာမှု
ဆုံးရှုံးမှုလို့ ယူဆသလား။ သက်သာအောင်နေတာဟာ တကယ် သက်သာသလား။အချိန်တွေကို
အကျိုးမရှိတဲ့နေရာမှာ ဖြုန်းနေတာ တွေ့တယ်။ ငွေတွေကိုလည်း အကျိုးမရှိတဲ့
နေရာမှာ ဖြုန်းနေတာ တွေ့တယ်။ အကျိုးမရှိပဲ ပင်ပန်းခံနေတာလည်း တွေ့တယ်။လူတွေ
အများကြီးကို နှစ်ပေါင်းများစွာ လေ့လာကြည့်တယ်။ လူတွေကို လေ့လာတာ
ဘုန်းကြီးအလုပ်ပဲ။ စိတ်အကြောင်းကို ဘုန်းကြီး သိချင်တယ်။
ကိုယ့်စိတ်အကြောင်းလည်း သိချင်တယ်။ လူတွေရဲ့စိတ်အကြောင်းလည်း သိချင်တယ်။
အဲဒါကြောင့် အမြဲလေ့လာတယ်။လူတွေကို လေ့လာကြည့်တဲ့အခါ အကောင်းဆုံးကို
ကြိုးစားပြီးလုပ်တဲ့သူဟာ ပိုပြီး တွက်ခြေကိုက်တာ တွေ့ရတယ်။
သူပေးလိုက်ရတဲ့အချိန်တွေ ငွေတွေဟာ အလကား ဖြစ်မသွားဘူး။ သူပင်ပန်းခံလိုက်တာ
အလကားဖြစ်မသွားဘူး။ သူဟာ ပိုပြီး စိတ်ထားကောင်းတဲ့သူ
ပိုပြီးအရည်အချင်းရှိတဲ့သူ ဖြစ်လာတယ်။ သူပင်ပန်းခံခဲ့တာတွေဟာ ရေရှည်မှာ
သူ့ဘ၀ ပိုပြီးအောင်မြင်ဖို့ အဆင်ပြေဖို့ ဖြစ်တယ်။ဒါကြောင့် ဘုန်းကြီးက
ဘယ်လိုတွေးသလဲဆိုတော့ သက်သာအောင် နေတဲ့သူဟာ မသက်သာဘူး လို့တွေးမိတယ်။
သက်သာအောင် နေတဲ့သူရဲ့ဘ၀မှာ အခက်အခဲတွေ ပိုများတယ်။ မိတ်ဆွေကောင်း နဲတယ်။
ဘ၀ရဲ့လေးနက်တဲ့ အဓိပ္ပာယ်ကို သူမသိဘူး။ ဒါကြောင့် သူ့ဘ၀ဟာ
အဓိပ္ပာယ်သိပ်မရှိဘူး။ခံယူချက်ရှိတဲ့သူ လုပ်သင့်တာကို ကြိုးကြိုးစားစား
လုပ်တဲ့သူရဲ့ဘ၀ဟာ ရေရှည်မှာ ပိုပြီးအဆင်ပြေတယ်။ အကောင်းဆုံးစိတ်ထား
အကောင်းဆုံးစေတနာနဲ့ လုပ်တာဟာ ကိုယ့်အတွက် ဘာမှ ဆုံးရှုံးမှု မရှိဘူး။
လျော့မသွားဘူး။ အကောင်းဆုံးပေးလိုက်တာဟာ အကောင်းဆုံး ရလိုက်တာပဲ။
ပေးလိုက်ရတာ ဆုံးရှုံးသွားတာလို့ မထင်ပါနဲ့။အကောင်းဆုံးကို မလုပ်လိုက်ရင်
စိတ်မချမ်းမသာနဲ့ နေသွားရမယ်။ အဲဒီလို နေချင်သလား။ မနေချင်ပါဘူးနော်။
အထူးသဖြင့် သေခါနီးမှာ ကိုယ့်ဘ၀အကြောင်း ကိုယ်ပြန်တွေးပြီး စိတ်မချမ်းမသာ
မဖြစ်ချင်ဘူး။ စိတ်ချမ်းချမ်းသာသာလေးတော့ သေချင်ပါတယ်။ သေခါနီးမှာ
ကိုယ့်ဘ၀အကြောင်း ပြန်တွေးပြီး စိတ်မချမ်းမသာဖြစ်ရရင် ဘယ်လောက် ဆိုးမလဲ။
အိမ်မက်တာတောင် စိတ်ချမ်းသာစရာ အိမ်မက်မျိုး မက်ချင်ပါတယ်။ အိမ်မက်ဆိုတာ
နိုးလာတဲ့အခါ ဘာမှ မဟုတ်ပါလားလို့ သိရပြီးမေ့မေ့ပျောက်ပျောက် ဖြစ်သွားတာပဲ။
ဒါတောင် စိတ်ညစ်စရာ စိတ်ပင်ပန်းစရာ အိမ်မက်မျိုး
မမက်ချင်ဘူး။တကယ်နေခဲ့ရတဲ့ ကိုယ့်ဘ၀ကိုလည်း ပြန်တွေးလိုက်ရင်
စိတ်ချမ်းသာစရာ ဘ၀မျိုးပဲ နေချင်တယ်။ အဲဒါ အဓိကက ကိုယ့်စိတ်ထားပေါ်မှာပဲ
မူတည်ပါတယ်။နောက်ထပ် နေရဦးမယ့်အချိန်တွေကို စိတ်ချမ်းချမ်းသာသာနဲ့
နေချင်ပါတယ်။ ဘာလုပ်ကြရင် ကောင်းမလဲ။ ကိုယ်တတ်နိုင်သလောက်
အကောင်းဆုံးစိတ်ထားနဲ့ အကောင်းဆုံးကို လုပ်မှပဲ ဖြစ်မယ်။ အဲဒါ
စိတ်ချမ်းသာဖို့
အသေချာဆုံးလမ်းပဲ။
ဆရာတော်ဦးဇောတိက (ချီးမွမ်းခြင်း ကဲ့ရဲ့ခြင်း)
No comments:
Post a Comment