ကိုယ့်စိတ်က ကိုယ့်မိတ်ဆွေ
ကိုယ့်ဟာ့ကိုယ်
တရာအားးထုတ်ပြီးနေရင် ကိုယ့်စိတ်က ကိုယ့်မိတ်ဆွေ ဖြစ်နေတယ်။ ကိုယ့်ကို
အများဆုံး စိတ်ဆင်းရဲအောင် လုပ်တာဟာ သူများမဟုတ်ပါဘူး။ ကိုယ့်စိတ်ပါ။
ကိုယ့်အတွေးပါ။ ကိုယ့်သဘောထား မှားနေလို့၊ ကိုယ့်အတွေးအခေါ်တွေ မှာနေလို့၊
ကိုယ့်စိတ်ကို ကိုယ်နားမလည်လို့၊ ကိုယ့်စိတ်ကို ကိုယ်တည်ငြိမ်အောင်၊
အေးချမ်းအောင် မထားတတ်လို့ အဲဒီစိတ်က အတွေးတွေ အမျိုးမျိုး တွေးပြီးတော့
ကိုယ့်ကိုယ်ကို ပြန်နှိပ်စက်နေတာပါ။
အဲဒီတော့ ကိုယ့်ကိုယ်ကို
အပြစ်မတင်ပါနဲ့။ ငါ မကောင်းဘူး၊ ငါ ဆိုးတယ်၊ ငါ အသုံးမကျဘူး၊ အဲဒီလိုတော့
မတွေးပါနဲ့။ ငါ မတတ်နိုင်တဲ့ကိစ္စရှိတယ်။ ငါ တတ်နိုင်တဲ့ကိစ္စ ရှိတယ်။ ငါ
ဆိုးတဲ့အပိုင်းရှိသလို ငါ ကောင်းတဲ့အပိုင်းလည်း ရှိတယ်ဆိုတာ
လက်ခံပြီးထားပါ။ ကောင်းတာတွေကို တစ်နေ့တခြား ပိုပိုပြီးတော့ လုပ်သွားပါ။
နေ့စဉ်နေ့တိုင်း
ကိုယ့်စိတ်ကို ကိုယ်သိပြီးတော့ နေသွားမယ်ဆိုရင် အလိုအလျောက်ပဲ
ကောင်းတဲ့ဘက်က တိုးတက်လာတယ်။ ဆိုးတဲ့ဘက်က လျော့သွားတယ်။ သတိပဋ္ဌာန်တရားကို
ထိထိမိမိ အားထုတ်တယ်ဆိုရင် ယုတ်စွအဆုံး ဆေးလိပ်ပြတ်သွားတယ်၊
အရက်ပြတ်သွားတယ်၊ အပျော်အပါးနဲနဲ နဲသွားတယ်၊ TV, Video ကြည့်သည့် အချိန်
နဲသွားတယ်။
လူအတော်များများဟာ ဒုက္ခတွေအများကြီး ကြုံရတာ
ဘာလို့တုံးဆိုတော့ မလုပ်သင့်တာတွေကို လုပ်နေတယ်။ လုပ်သင့်တာကို မလုပ်ဘူး။
အဲဒါကြောင့် ဒုက္ခတွေအများကြီး ကြုံရတာ ဘာလို့တုံးဆိုတော့
မလုပ်သင့်တာတွေကို လုပ်နေတယ်။ လုပ်သင့်တာကို မလုပ်ဘူး။ အဲဒါကြောင့်
ဒုက္ခတွေများနေတာ။ သတိပဋ္ဌာန် တရား အားထုတ်လာတဲ့အခါမှာ အသိအမြင်တစ်မျိုး
လေးနက်ရင့်ကျက်လာတဲ့အတွက်ကြောင့် ရွေးချယ်နိုင်တဲ့စွမ်းအား ကြီးလာတယ်။
နိုင်ငံခြားမှာနေတဲ့
တပည့်တစ်ယောက်က ပြောတယ်၊ နိုင်ငံခြားမှာ internet ကို လွယ်လွယ်ကူကူ
သုံးလို့ရတယ်၊ ကြိက်တဲ့ information, ကြိုက်တဲ့ entertainment ကို
ခလုတ်ကလေး သုံးလေးခု နှိပ်လိုက်ရုံနဲ့ ချက်ချင်းရတယ်။ အရင်
တရားအားမထုတ်ခင်တုန်းက internet ခေါ်ပြီး ပေါ်လာသမျှကို စိတ်ဝင်စားနေတာ
မဆုံးနိုင်တော့ဘူး။ ပိုက်ဆံလည်း အများကြီး ကုန်တယ်၊ အချန်လည်း အများကြီး
ကုန်တယ်။ အခုတော့ တရားကို ကြိုးစားပြီး အားထုတ်လာတဲ့အခါမှာ မြင်ရသမျှ၊
ကြားရသမျှအပေါ်ကို ဥာဏ်လေးနဲ့ သုံးသပ်အကဲခတ်ပြီးသား ဖြစ်နေတယ်။
တန်ဖိုးမရှိဘူး၊ အကျိုးမရှိဘူး၊ အပျင်းပြေရုံသက်သက်၊ အပျော်သက်သက်
ဖြစ်နေရင် ချက်ခြင်း ပိတ်ပစ်လိုက်တယ် တဲ့။
အဲသလို
မလုပ်သင့်တာတွေကို မလုပ်ဘဲနဲ့ လုပ်သင့်တာတွေကို ပိုပြီး လုပ်လာတဲ့အခါမှာ
ကိုယ့်ကိုယ်ကို လေးစားမှု၊ ချစ်ခင်မှု၊ တိုးလာတယ်။ ကိုယ့်ကိုယ်ကိုယ်
ယုံကြည်မှု တိုးလာတယ်။ အကျိုးမရှိတာတွေ လုပ်နေတဲ့သူမှာ ကိုယ့်ကိုယ်ကို
လေးစားမှု၊ ချစ်ခင်မှု မရှိနိုင်ဘူး။
ဘ၀ကို အဓိပ္ပာယ်ရှိရှိ၊
အနှစ်သာရပြည့်ပြည့် နေသွားချင်တယ်ဆိုရင် တရားအားထုတ်ပါ။ လုပ်သင့်တာတွေ
လုပ်ပါ။ ဒါဆိုရင် ကိုယ့်ကိုယ်ကို လေးစားလာမယ်။ ချစ်လာမယ်။ ကိုယ့်ကိုယ်ကို
တန်ဖိုးထားလာမယ်။ ကိုယ့်ကိုယ်ကို အထင်မသေးတော့ဘူး။ ကိုယ့်ဘဝ
ကိုယ်ကျေနပ်ပြီး ကြည်လင်ရွှင်လန်းတဲ့သူ ဖြစ်နေမယ်။
လူတိုင်း လူတိုင်း ကိုယ့်ကိုယ်ကို မိတ်ဆွေကောင်းဖြစ်အောင် ကြိုးစားပါ။
တရားအားထုတ်လာပြီး
သတိ၊ သမာဓိ၊ ဥာဏ်ပညာ ရင့်ကျက်လာတဲ့အခါမှာ အနားမှာ ဘယ်သူမှမရှိပေမဲ့
အဖော်မဲ့လို့ အားငယ်နေတဲ့သဘောမျိုး မဖြစ်ဘူး၊ အဖော်ကို အပြင်မှာ
မရှာတော့ဘူး၊ ကိုယ့်ကိုယ်ကို ကျေနပ်နေတဲ့စိတ်ဟာ ကိုယ့်အဖော်ဖြစ်နေတယ်။
သတိဟာ ကိုယ့်အဖော် ဖြစ်နေတယ်၊ ငါ့မှာ အဖော်မရှိပါလားဆိုပြီးတော့
အားမငယ်ဘူး၊ မကြောက်တော့ဘူး။
သတိပဋ္ဌာန်အဖော်
သတိပဋ္ဌာန်အဖော်ကို
အဖော်ကောင်း ဖြစ်လာအောင် သေသေချာချာ ကြိုးစားရမယ်။ တကယ်တော့
နောက်ဆုံးအချိန်မှာ ဘယ်သူအဖော်ဖြစ်နိုင်မလဲ။ နောက်ဆုံးအချိန်မှာ
သတိပဋ္ဌာန်အဖော်နဲ့ပဲ လက်တွဲပြီးတော့ ဘ၀သံသရာခရီးကို သွားရမှာပဲ။
ဒီဘုန်းကြီးလည်း
အရင်တခါ အကြီးအကျယ် နေမကောင်းဖြစ်လိုက်တယ်။ တစ်သက်လုံး ပြင်းပြင်းထန်ထန်
နေမကောင်းဖြစ်တာ ဒီတခါပဲရှိတယ်။ ဘယ်လောက်ထိအောင် အားနဲသွားလဲဆိုရင်
မျက်စိဖွင့်လို့ မရတော့ဘူး။ စကားတခွန်း ပြောဖို့ကို တော်တော် ပင်ပန်းတယ်။
ခန္စာကိုယ် တစ်ကိုယ်ယလုံး ရောင်နေတယ်။ အသက်ရှုလို့ မ၀ဘူး၊ အကျိတ်တွေလည်း
ရောက်နေတာ လည်ပင်းကြီးကို ဖုထွက်နေတယ်။ ခေါင်းအင်မတန် ကိုက်တယ်၊
ပျို့ချင်အန်ချင်တယ်၊ လုံးဝ မထနိုင်တော့ဘူး။ အိပ်ရာမှာ အိပ်နေရတယ်၊
အသားအဆီ မရှိတော့ဘူး။ အရိုးတွေနဲ့ အရေပဲ ကျန်တယ်။ ရေကို
ဇွန်းနဲ့ထည့်ပေးရတယ်။ သွေးအား အလွန်နဲသွားတယ်၊ ဘယ်လောက်ထိအောင်
ပင်ပန်းသလဲဆိုရင် ဟိုဘက်၊ သည်ဘက် စောင်းချင်တာတောင် မပြောနိုင်ဘူး။
အဲဒီအချိန်မှာ ဘယ်သူ့ကို အဖော်လုပ်မလဲ၊ အနားမှာ ထိုင်နေတဲ့လူတွေ၊
ပြုစုပေးတဲ့လူတွေ၊ အများကြီး ရှိပါတယ်။ ဒါပေမဲ့ ကိုယ်ခံစားနေရတာကို
သူတို့မသိနိုင်ဘူး။ အဲဒီအခါ တရားကိုပဲ သေသေချာချာ ထိထိမိမိ ဖြစ်အောင်
ရှုမှတ်ရတာပဲ။
ခန္စာကိုယ် နာနေတာလည်း သိတယ်။ စိတ်ကလည်း
နာလိုက်တာလို့ ပြောနေတာ သိတယ်။ သတိလေးနဲ့ အဲဒီသဘောတွေကို မြင်အောင်
ကြည့်ရင်း ကြည့်ရင်းနဲ့ အတွေးတွေ တိတ်သွားတဲ့အခါ စိတ်မှာ ဒေါမနဿ
မရှိတော့ဘူး။ ဥပေက္ခာပဲ ဖြစ်နေတယ်။ ဥပေက္ခာဆိုတာ ၀မ်းသာ၊ ၀မ်းနဲမှုမရှိဘူး။
ဟိုလိုဖြစ်ချင်တယ်၊ ဒီလိုဖြစ်ချင်တယ်ဆိုတဲ့ တောင့်တမှုလည်းမရှိဘူး။ စိတ်က
လုံးဝညီမျှနေတယ်။ ငြိမ်နေတယ်။ အားလုံးကို လက်ခံထားတဲ့
အခြေအနေမျိုးဖြစ်သွားတယ်။ သူဖြစ်စရာအကြောင်းရှိလို့ဖြစ်တာ၊ လုပ်သင့်တာတွေ
လုပ်ထားတယ်။ ပျောက်သင့်တဲ့အချိန်မှာ ပျောက်လိမ့်မယ်ဆိုပြီး စိတ်ကို
လျှော့ချထားပြီး သိရုံကလေးပဲ သိနေတယ်။ ဘုရားဟောတဲ့ " ကိုယ်မှာပင်
နာသော်လည်း စိတ်မှာ မနာအောင်နေ " ဆိုတာ ကောင်းကောင်း နားလည်သွားတယ်။
အဲဒါကြောင့်
ဒကာ၊ ဒကာမတွေအားလုံး ကြိုကြိုတင်တင် သတိပဋ္ဌာန် တရားကို ကိုယ်နဲ့မကွာ
အမြဲတမ်းပါတဲ့ မိတ်ဆွေကောင်းဖြစ်အောင် လေ့ကျင့်ပြုစုပျိုးထောင်ထားပါ။
အဓိကအနေနဲ့ အထပ်ထပ် အခါခါ ပြောတာ ဒါပါပဲ။
ဘယ်အသက်အရွယ်
ရောက်နေနေ လုပ်ပါ။ အခုက စ လုပ်ပါ။ ဘယ်ယသောအခါမှ နောက်မကျပါဘူး။
ကိုယ့်ကိုယ်ကို အဖော်လုပ်ပါ။ ဒီစကားကြားရင်တော့ ထူးဆန်းနေမယ် ထင်ပါတယ်။
လူတွေထင်တာက အဖော်ဆိုတာ နောက်တစ်ယောက်ရှိမှ လို့ ထင်ကြတာ။ နောက်လူတစ်ယောက်
မဟုတ်ရင်တောင်မှ Radio, TV, Video စသည်ဖြင့် ပစ္စည်းကို အဖော်လုပ်ကြတယ်။
တယ်လီဖုန်းကို အဖော်လုပ်ကြတယ်။ နိုင်ငံခြားမှာဆိုရင် အဖော်မဲ့ အထီးကျန်
ဖြစ်လွန်းလို့၊ အားငယ်လွန်းလို့၊ ပျင်းလို့ တယ်လီဖုန်း
တစ်ယောက်နဲ့တစ်ယောက် ဆက်ကြတဲ့ လူတွေ အများကြီးရှိတယ်။ သူတို့နိုင်ငံမှာ
အားငယ်တဲ့သူတွေ ဖုန်းဆက်လို့ရတဲ့ ဌာနရှိတယ်။
ကိုယ်က
အားငယ်နေလို့၊ ကြောက်နေလို့ ဖုန်းဆက်ရင်တောင်မှ တစ်ဖက်က အချိန်ပေးပြီး
နာမထောင်နိုင်ကြဘူး။ အလုပ်တွေက အင်မတန်များကြတယ်။ အဲဒီတော့ TV, Video
တွေနဲ့ အဖော်လုပ်ကြပြန်တယ်။ တစ်ခါတလေ TV ရှေ့မှာထိုင်နေပေမဲ့ ဘာပြနေမှန်း
မသိတော့ဘူး။ စိတ်က တွေးချင်ရာတွေး၊ ငေးချင်ရာငေးနေ တော့တာပဲ။
ဇနီးခင်ပွန်းနှစ်ယောက်
တစ်အိမ်ထဲမှာ အတူနေကြတယ်၊ မိန်းမက TV ကြည့်ရင်းနဲ့ သူ့အိပ်ခန်းထဲမှာ
ထိုင်လျက်ကြီး သေနေတာကို ယောက်ျားက သုံးရက်ကြာမှ သိတယ်တဲ့။
အဲဒီလောက်ထိအောင် ကင်းကွားသွားကြတာ ရှိတယ်နော်။ ဘယ်လောက် အဖော်မဲ့အထီးကျန်
ဖြစ်လိုက်မလဲဆိုတာ စဉ်းစားကြည့်ပါ။
ဒါကြောင့်
တစ်ကိုယ်တည်းဖြစ်နေတဲ့အချိန်မှာ ငါဟာ ငါနဲ့အတူတူ ရှိနေအောင် ကြိုးစားပါ။
ငါနဲ့ ငါပဲ အဖော်ရနေအောင်၊ ကိုယ့်စိတ်ကို အဖော်ကောင်းဖြစ်အောင်၊ ကိုယ့်ရဲ့
ကြည်လင်ရွှင်လန်းပြီး မေတ္တာစိတ်ဖြစ်နေတဲ့ စိတ်ကလေးကိုပဲ အဖော်ဖြစ်ပြီး
နေတတ်အောင် ကြိုးစားကြပါ။ သတိပဋ္ဌာန် တရားကို ကိုယ်နဲ့မကွာ အမြဲတမ်းပါတဲ့
အဖော်ကောင်းဖြစ်အောင် လုပ်ပါ။ မိတ်ဆွေကောင်း လိုချင်ရင်
ကိုယ်ကိုယ်တိုင်ကပဲ မိတ်ဆွေကောင်း၊ အဖော်ကောင်း ပီသအောင် နေလိုက်ပါ။
သတိဆိုသည့် အဖော်ကောင်းနဲ့ အမြဲတမ်းအဖော်လုပ်ပြီး နေနိုင်ကြပါစေ။
ဆရာတော်ဦးဇောတိက(မဟာမြိုင်တောရ)
လေးစားပါတယ်၊ ဘ၀တန်ဘိုး၊ အထီးကျန်ဘ၀မှ လွတ်မြောက်ခြင်း စာအုပ်မှ ကောက်နုတ်တင်ပြပါသည်။
**သတ္တ၀ါအားလုံး ဘေးအန္တရာယ်အပေါင်းမှ ကင်းငြိမ်းကြပါစေ။**
No comments:
Post a Comment