Be an island unto yourself.Be your own refuge.Make the Dhamma your
island.Make the Dhamma your refuge.Take no other refuge.မိမိကိုယ်ကို
မိမိ ကျွန်းသဖွယ်ဖြစ်အောင် လုပ်ပါ။မိမိကိုယ်ကို မိမိသာ ကိုးကွယ်စရာ၊
မှီခိုအားထားစရာ ဖြစ်ပါစေ။တရားကိုသာ မှီခိုစရာ၊ ထောက်ရာတည်ရာ ကျွန်းသဖွယ်
မှတ်ပါ။တရားကိုသာ ကိုးကွယ်စရာ၊ မှီခိုအားထားစရာ ဖြစ်ပါစေ။တခြား ဘာကိုမှ
ကိုးကွယ်စရာ၊ အားထားစရာအဖြစ် မမှတ်ယူပါနဲ့။ကိုယ့်မှာ ခန္စာကိုယ်အင်အားတွေ
ရှိတယ်။ စိတ်ဓါတ်အင်အားတွေရှိတယ်။ အသိဥာဏ်အင်အားတွေ ရှိတယ်။
အဲဒီအင်အားတွေကို ကောင်းတဲ့နေရာမှာ အပြည့်အ၀ သုံးနေရမယ်။ သုံးနေရင်
ထွက်နေမယ်။ မသုံးဘဲထားရင် ကြာရင် မထွက်တော့ဘူး။သက်သာရင် အစွမ်းအစ
မထွက်တော့ဘူး။ အစွမ်းအစဆိုတာ မရမကညှစ်ထုတ်မှ ထွက်တယ်။ နှမ်းကနေ ဆီထွက်အောင်
ကြိတ်ပြီး ထုတ်သလို ထုတ်ရတယ်။ ဒါကြောင့် အစွမ်းအစထွက်ချင်ရင် သူများကို
အားမကိုးပဲ တတ်နိုင်သလောက် ကိုယ့်အားကိုယ်ကိုးပါ။ပြတ်သားတဲ့
ဦးတည်ချက်ရှိရင် လောကီ ဦးတည်ချက်ပဲဖြစ်ဖြစ်၊ လောကုတ္တရာ
ဦးတည်ချက်ပဲဖြစ်ဖြစ် တစ်သက်လုံးလုပ်မယ်။ ကိုယ်ရောစိတ်ပါ လုပ်မယ်။
အချိန်ရှိသရွေ့ လုပ်မယ်။ ဘယ်တော့မှ အလျော့မပေးဘူး ဆိုတဲ့စိတ်နဲ့သာ
လုပ်ကြည့်၊ ဖြစ်ကိုဖြစ်တယ်နော်။ လူမှာ အင်မတန်ကြီးမားတဲ့
စွမ်းရည်သတ္တိတွေရှိတယ်။ကံဆိုတာ ကာယကံ၊ ၀စီကံ၊ မနောကံ၊ ကိုယ်လုပ်ခဲ့တဲ့
အလုပ်။ ကံ၏ အကျိုးဆိုတာ အလုပ်ရဲ့အကျိုး။ ပြီးတော့ ကံလို့ပြောလိုက်ရင်
အတိတ်က ကံကိုပဲ အဓိပ္ပာယ် ကောက်ကြတယ်။ ပစ္စုပ္ပန်မှာ အချိန်တိုင်း
အချိန်တိုင်း ကံတွေ ဖြစ်နေတယ်။ ကိုယ်က သတိနဲ့ ဥာဏ်နဲ့ နေတတ်ရင်
ကောင်းတဲ့ကံတွေ ဖြစ်နေမယ်။ ဒီကံတွေက အစွမ်းသတ္တိ ကြီးမားပါတယ်။ အားကိုးရတယ်။
ကိုယ်က သတိနဲ့ ဥာဏ်နဲ့ နေတက်တဲ့သူဟာ ကိုယ်လိုချင်တဲ့ ကံမျိုးကို
ဖန်တီးလို့ရတယ်။ အကြောင်းတရားဖြစ်တဲ့ ကံကို သတိနဲ့ဥာဏ်နဲ့ ဖန်တီးထားရင်
အကျိုးတရားဟာ သူ့ဟာသူ လိုက်မှာပါ။အခက်အခဲတွေ အဆင်မပြေမှုတွေဟာ လူ့ဘ၀မှာ
မပါရင် မပြီးတဲ့ ကိစ္စတွေဖြစ်တယ်။ တတ်နိုင်သလောက် ရင်ဆိုင်ဖြေရှင်းသွားမယ်။
အနာဂတ်နဲ့ ပတ်သက်ပြီးတော့ စိတ်သောက သိပ်မကြီးဘူး။ အနာဂတ်မှာ အခက်အခဲတွေ
တွေ့ရလည်း ကြိုးစားပြီး ဖြေရှင်းသွားရင် အဆင်ပြေသွားမှာပဲလို့ ယုံကြည်တယ်။
တစ်ခု အဆင်မပြေရင် နောက်တစ်ခု အဆင်ပြေမှာပဲ။ အရင်တုန်းကလည်း အခက်အခဲတွေကို
ဖြေရှင်းကျော်လွှားခဲ့တယ်။ နောင်လည်း ဒီလိုပဲ ဖြေရှင်းသွားမယ်။
မပြေလည်တာရှိလည်း နောက်တခုပြောင်းလုပ်မယ်။ကိုယ်လုပ်ခဲ့တဲ့ကိစ္စတွေမှာ
ဖြစ်ခဲ့တာတွေလည်း ရှိမယ်။ မဖြစ်ခဲ့တာတွေလည်း ရှိမယ်။ ကိုယ်လုပ်နိုင်တာကို
လုပ်ပြီးတော့ ကိုယ်ဘ၀ကို အဆင်ပြေအောင်တော့ နေတတ်တယ်။ မဖြစ်နိုင်တာကို
မှန်းပြီးတော့ မဖြစ်လာလို့ စိတ်ညစ်တာမျိုး မလုပ်ပဲ ဖြစ်နိုင်လောက်တာကို
ကြိုးစားပြီးတော့ လုပ်မယ်။ တဖြေးဖြေး တိုးတက်အောင်
နိုင်နိုင်နင်းနင်းလုပ်မယ်။ကောင်းတာကို လုပ်ချင်တဲ့ အင်မတန်
ပြင်းပြတဲ့ဆန္ဒနဲ့ မအားလပ်အောင် လုပ်နေတဲ့သူမှာ စိတ်ဓါတ်ကျစရာကို တွေးနေဖို့
အချိန်မရှိဘူး။ ပြင်းပြတဲ့ ဆန္ဒရှိရင် အခက်အခဲ အတားအဆီး အားလုံးကို
ကျော်လွှားနိုင်ပါတယ်။လူရဲ့စိတ်ထားထဲမှာ ကောင်းတာတွေရော၊ ဆိုးတာတွေရောဟာ
အမျိုးစုံရှိတယ်။ ကောင်းတဲ့စိတ်၊ ကောင်းတဲ့အရည်အချင်းတွေကို
ပိုကောင်းစေချင်ရင် မကောင်းတဲ့ အယူအဆအတွေးအခေါ်၊ သဘောထား၊ ခံယူချက်တွေ၊
မကောင်းတဲ့ ဆန္ဒတွေကို ထိန်းပေးထားရတယ်၊ နှိပ်ပေးထားရတယ်။ လွှတ်ပေးထားလို့
မရဘူးနော်။ကောင်းတဲ့အတွေးအခေါ်၊ အယူအဆ၊ ကောင်းတဲ့ဆန္ဒ၊ ကောင်းတဲ့
ရည်ရွယ်ချက်၊ ကောင်းတဲ့ သဘောတွေကို ပိုပြီးတော့ ဦးစားပေးရတယ်။ ပိုပြီးတော့
နေရာပေးရတယ်။ သူပိုပြီးတော့ ကြီးထွားလာအောင်ဆိုပြီးတော့ လိုအပ်တဲ့
အထောက်အပံ့လေးတွေ သူ့ကို ပေးရတယ်။ကောင်းတာတွေကို အ ခု လုပ်နိုင်သလောက်
လုပ်နေဖို့ အရေးကြီးတယ်။ နည်းနည်းဖြစ်ဖြစ် လုပ်ဖို့ အရေးကြီးတယ်။
အခုလုပ်လို့ ဖြစ်တာလောက်ကို မလုပ်ဘဲနဲ့ အကြီးအကျယ်လုပ်မယ်လို့
စဉ်းစားနေတဲ့သူဟာ ဘာမှ လုပ်ဖြစ်မှာ မဟုတ်ဘူး။ အဲဒီလိုလူဟာ မကြီးပွားဘူး။
ဒါကြောင့် နည်းနည်းဖြစ်ဖြစ် လုပ်လို့ရသလောက် လုပ်မယ်ဆိုတဲ့
စိတ်ရှိရမယ်။လူသားတစ်ယောက်အနေနဲ့ စိတ်နေသဘောထားနဲ့ အသိဥာဏ်ဘယ်လောက်ထိအောင်
မြင့်မားနိုင်တယ်ဆိုတာ သိထားရင် လူဆိုတာ အင်မတန် မြင့်မားတဲ့သတ္တ၀ါ
ဖြစ်လာနိုင်တယ်။ မေတ္တာ ဂရုဏာ အင်မတန်ကြီးမားတဲ့သူ ဖြစ်နိုင်တယ်။
အကျင့်သီလအားဖြင့် အင်မတန်မြင့်မြတ်တဲ့သူ ဖြစ်နိုင်တယ်။ အသိဥာဏ်
အားဖြင့်လည်း အင်မတန် အဆင့်မြင့်တဲ့သူ ဖြစ်နိုင်တယ်။Self perfection is
culture.မိမိကိုယ်ကို အကောင်းဆုံးဖြစ်အောင် ကြိုးစားတာဟာ
ယဉ်ကျေးမှုပါ။စိတ်ထားနိမ့်နေရင် စိတ်မှာ ကြည်လင်မှု၊ အေးချမ်းမှု တကယ်ရမှာ
မဟုတ်ဘူး။ စိတ်ထား နိမ့်နေရင် အသိဥာဏ်ပါ မှားသွားတယ်။ စိတ်နေသဘောထား
မြင့်လာလို့ရှိရင် အသိဥာဏ်ပါ ပိုပြီးတော့ ပွင့်လာတယ်နော်။ အဲသလို
ကိုယ့်ရဲ့စိတ်ထား မြင့်လာလို့ရှိရင် ကိုယ့်ယဉ်ကျေးမှုလည်း မြင့်လာတယ်။
ကိုယ့်ယဉ်ကျေးမှု အဆင့်အတန်းဟာ ကိုယ့်စိတ်အဆင့်အတန်းပေါ်မှာ
မူတည်တယ်။အားငယ်တဲ့သူဟာ အားကိုးစရာကို ပြင်ပမှာရှာတယ်။ အားမငယ်တဲ့သူ၊
ဥာဏ်ပညာရင့်ကျက်တဲ့သူဟာ ပြင်ပမှာ အားကိုးစရာကို မရှာဘူး။ နတ်ကိုးကွယ်တာ၊
ဘိုးတော်၊ မယ်တော်၊ ၀ိဇ္ဖာ စသည်ဖြင့် ကိုးကွယ်တာ၊ အဆောင်တွေ၊ လက်ဖွဲ့တွေကို
အန္တရာယ်ကင်းတယ်ဆိုပြီး အားကိုးတာတွေဟာ အားငယ်နေတဲ့လက္ခဏာ ဖြစ်ပါတယ်။
အတွင်းမှာ အားကိုးလောက်တာမရှိလို့ အပြင်မှာ အားကိုးစရာ ရှာကြတာ။ တကယ်တော့
အပြင်မှာ အားကိုးစရာမရှိဘူး။ တရားအားထုတ်တဲ့သူဟာ တဖြေးဖြေး
စိတ်တည်ငြိမ်အေးချမ်းပြီးတော့ စိတ်ဓါတ်ခိုင်မာလာတယ်။ အားမငယ်တော့ဘူး။
အသိဥာဏ် ရင့်ကျက်လာလေလေ ကိုယ့်အားကိုယ်ကိုးလေလေ ဖြစ်လာတယ်။
အသိဥာဏ်ရင့်ကျက်လေလေ ပြင်ပမှာ အားကိုးစရာမရှိမှန်း သိလေလေ
ဖြစ်လာတယ်။အမှတ်တရားကို မြင်တဲ့သူ သိတဲ့သူဟာ စိတ်ဓါတ်အင်အားကြီးတယ်။
အားမငယ်ဘူး။ ဘယ်သူ့ကိုမှ အားမကိုးတော့ဘူး။ အယူဝါဒ အတွေးအခေါ်တွေနောက်ကို
ဟုတ်နိုးနိုးနဲ့မလိုက်တော့ဘူး။ဥာဏ်ကြောင့် ဘေးအန္တရာယ်ကင်းတယ်။ ဥာဏ်ကြောင့်
ဒုက္ခနဲသွားတယ်။ ဥာဏ်ကြောင့် လွတ်မြောက်တယ်။ အသိဥာဏ်သာ
အားကိုးစရာဖြစ်တယ်။ငါဟာ တစ်နေ့ထက်တစ်နေ့ ပိုပြီးလူပီသတဲ့သူ ဖြစ်လာရမယ်။
ပိုပြီးတော့ ကြည်လင်အေးချမ်း သန့်ရှင်းတဲ့သူ၊ မြင့်မြတ်တဲ့သူ ဖြစ်ရမယ်။ငါဟာ
ကိုယ့်အားကိုယ်ကိုးနိုင်တဲ့သူတစ်ယောက်ဖြစ်ရမယ်။ ဒါဟာ ငါ့ဘ၀မှာ
အရေးအကြီးဆုံး အခြေခံအကျဆုံး ဆုံးဖြတ်ချက်ဖြစ်တယ်။ ငါလိုချင်တဲ့ ပညာကို
ကိုယ့်အားကိုယ်ကိုးပြီး ရှာနိုင်ရမယ်။ မြင့်မြတ်တဲ့ အမှန်တရားကို
သိနိုင်တဲ့သူ ဖြစ်ရမယ်။ ငါလိုချင်တဲ့ ၀င်ငွေကို ကောင်းတဲ့နည်းနဲ့
လုံလောက်အောင် ရှာနိုင်တဲ့သူ ဖြစ်ရမယ်။ ငါလိုချင်နေတဲ့ပညာကို
ကိုယ့်အားကိုယ်ကိုးပြီး ရှာနိုင်ရမယ်။ မြင့်မြတ်တဲ့ အမှန်တရားကို
သိနိုင်တဲ့သူ ဖြစ်ရမယ်။ ငါလိုချင်တဲ့ ၀င်ငွေကို ကောင်းတဲ့နည်းနဲ့
လုံလောက်အောင် ရှာနိုင်တဲ့သူ ဖြစ်ရမယ်။ငါလုပ်တဲ့ အလုပ်ဟာ
လူ့အသိုင်းအ၀ိုင်းကို အကျိုးပြုတဲ့အလုပ် ဖြစ်ရမယ်။ ငါ့အသိုင်းအ၀ိုင်းထဲမှာ
ငါယူသင့်တဲ့တာဝန်ကို ယူတဲ့သူ ဖြစ်ရမယ်။ငါ့ကိုယ်ငါ လေးစားရမယ်။ လေးစားတဲ့သူ
ဖြစ်ရမယ်။ ငါ့ရဲ့ကိုယ်ကျင့်သိက္ခာကို လူအများ လေးစားနိုင်ရမယ်။
ငါ့ရဲ့ရိုးသားမှု ဖြောင့်မက်မှုကို အစစ်အဆေးခံနိုင်တဲ့သူ ဖြစ်ရမယ်။အဲဒီလို
ရည်ရွယ်ချက်ကို ပြတ်ပြတ်သားသား ထားနိုင်ရင် ဘယ်သူမဆို အောက်တန်းကျတဲ့သူ
မဖြစ်တော့ဘူး။ ဂုဏ်သိက္ခာရှိတဲ့သူပဲ ဖြစ်မယ်။ငါ့ကိုယ်ငါ လေးစားရမယ်။
ပတ်ဝန်းကျင်ကလည်း ငါ့ကို လေးစားရမယ်။ အဲဒါ မရလို့ မဖြစ်ဘူး။ လူတွေကြားထဲမှာ
နေရတာ ငါ့ကို လူတွေက စည်းကမ်းရှိတဲ့သူ၊ အသိဥာဏ်ရှိတဲ့သူ၊ ရိုးသားတဲ့သူ၊
အစွမ်းအစရှိတဲ့သူ၊ သတ္တိရှိတဲ့သူလို့ လက်ခံမှဖြစ်မှာ။ စည်းကမ်းမရှိဘူး။
မရိုးသားဘူး။ အစွမ်းအစမရှိဘူး၊ သတ္တိမရှိဘူးလို့ ထင်နေရင် ငါ ဘာလုပ်လို့
ရတော့မှာလဲ။ ဘာမှ လုပ်လို့မရတော့ဘူး။ အဲဒါကြောင့် ကိုယ့်ကို သူတစ်ပါးက
ယုံကြည်ရမယ်၊ လေးစားရမယ်၊ အားကိုးနိုင်လောက်တဲ့သူ ဖြစ်ရမယ်။ငါဟာ
တာဝန်ယူနိုင်တဲ့သူ ဖြစ်ရမယ်။ ငါဟာ ဥာဏ်ရှိတဲ့သူ ဖြစ်ရမယ်။ ဒါကြောင့်
ရနိုင်သလောက် ပညာကို ကိုယ့်ဟာကိုယ် ရှာမယ်။ လုပ်နိုင်သလောက် အလုပ်ကို
ကိုယ့်ဟာကိုယ် လုပ်မယ်။ ကိုယ့်အားကိုယ်ကိုးတဲ့သူ ဖြစ်ရမယ်။
နောင်တစ်နေ့ကျရင် ကိုယ့်အားကိုယ်ကိုးရုံတင် မကဘူး၊ သူများကပါ
ကိုယ့်ကိုအားကိုးရမည့်သူ ဖြစ်ရမယ်။ငါဟာ အခုအချိန်မှာ
တပည့်နောက်လိုက်ဖြစ်နေတယ်။ တချိန်ကျရင် ငါဟာ ဦးဆောင်တဲ့သူ ဖြစ်ရဦးမှာပဲ။
ဒါကြောင့် ကိုယ့်မှာရှိတဲ့ ကောင်းတဲ့အရည်အချင်းတွေ၊ အစွမ်းအစတွေကို
မြင့်နိုင်သလောက် မြင့်အောင် မြှင့်ရမယ်။ ဒါမှလည်း ငါ့ကိုယ်ကိုငါ
လေးစားလို့ရမယ်။အလုပ်တစ်ခုကို လုပ်တဲ့အခါမှာ ဒီထက်ပိုကောင်းအောင် လုပ်လို့
ရပါရက်နဲ့ ဒီထက်ပိုကောင်းအောင် ငါကြိုးစားပြီး မလုပ်လို့ရှိရင်ရော
ငါ့ကိုယ်ငါ ဘယ်လိုမြင်မလဲ၊ အထင်သေးမယ်။ ငါ့ကိုယ်ကိုငါ အထင်သေးတာကို
လက်မခံနိုင်ဘူး။ ဒါကြောင့် တစ်ခုခုလုပ်တဲ့အခါ အတတ်နိုင်ဆုံး ကောင်းအောင်
ကြိုးစားပြီးလုပ်မယ်။ ဒီထက်ကောင်းနိုင်သေးတယ်ဆိုရင် ဒီထက် ကောင်းအောင်
ကြိုးစးနေဦးမှာပဲ၊ ဒီလိုကြိုးစားနေရတာ အဓိပ္ပာယ်ရှိတယ်။ အဲသလို
ကြိုးစားနေမှလည်းပဲ ကိုယ့်ကိုယ်ကို ပိုလေးစားတယ်။အချိန်တွေ အလကားဖြုန်းလို့
မဖြစ်ဘူး။ အချိန်ဖြုန်းမိရင် ကိုယ့်ကိုယ်ကို မလေးစားနိုင်ဘူး။ အချိန်ဟာ
တန်ဖိုးရှိတယ်။ အချိန်ရှိသမျှ တန်ဖိုးရှိတာ တစ်ခုခု လုပ်နေရမှာပဲ။
အဲသလိုလုပ်နေရင်းနဲ့လည်း ပျော်နေချင်တယ်။တကယ့်စိတ်ထားကောင်းတဲ့သူ
လူတစ်ယောက်ဖြစ်ချင်တယ်။ တည်ငြိမ်အေးချမ်းပြီး ဘာကိုမှ မကြောက်တဲ့သူ
ဖြစ်ချင်တယ်။ သူများ အထင်မကြီးမှာ မကြောက်ဘူး။ အထင်သေးမှာ မကြောက်ဘူး။
သေမှာလည်း မကြောက်တဲ့သူ ဖြစ်ချင်တယ်။ငါ ဆိုတဲ့ အစွဲကနေ
လုံးလုံးလွတ်နေတဲ့စိတ်နဲ့ နေချင်တယ်။ မြင့်မြတ်တဲ့ စိတ်ထားနဲ့
လေးနက်မှန်ကုန်တဲ့ အသိဥာဏ် အမြင့်ဆုံးကို သိချင်တယ်။ ဖြစ်နိုင်သမျှ
အကောင်းဆုံးဖြစ်ချင်တယ်။ကိုယ့်စိတ်ထဲမှာ အကောင်းဆုံးလူတစ်ယောက် ဖြစ်ချင်တယ်
လို့ပြောနေတာကို သတိထားသင့်တယ်။ငါတန်ဖိုး အထားဆုံးအရာဟာ ငါ့စိတ်ပဲ၊
ငါ့စိတ်ကို ယုတ်နိမ့်သွားစေမယ့် အတွေးတွေ၊ သဘောထားတွေကို အမြစ်တွယ်ခွင့်
မပေးဘူး။ မကောင်းတဲ့အတွေးတွေ သဘောထားတွေကို သိ သိပြီး ပယ်မယ်။
လို့ဆုံးဖြတ်ပြီး အလေ့အကျင့်လုပ်ရင် တစ်နေ့တခြား စိတ်ထား မြင့်မားတဲ့သူ
ဖြစ်လာမယ်။ ဒီတစ်ခုကို ထိထိရောက်ရောက် လုပ်လိုက်ရင် ကိုယ့်ဘ၀တစ်ခုလုံး
အရည်အသွေးပေါ်မှာ မူတည်တယ်။ခရီးမိုင်တစ်ထောင်ပဲဖြစ်ဖြစ် သွားရင်တော့
ခြေတစ်လှမ်းနဲက စရတာပဲ။ ဒီတစ်လှမ်းကိုမှ မလှမ်းရသေးဘူးဆိုရင်
ဒီခရီးမိုင်တစ်ထောင်ကို ရောက်ဖု့ ဘယ်နည်းနဲ့မှ မဖြစ်နိုင်ဘူး။ တစ်လှမ်း
လှမ်းတယ်။ နောက် တစ်လှမ်း လှမ်းတယ်။ ဒီလိုပဲ
သွားရတာပဲ။
ဆရာတော်ဦးဇောတိက
No comments:
Post a Comment