Thursday, December 15, 2011

အသက်ရှင်တယ် ဆိုတာ

အသက်ရှင်တယ်ဆိုတာအထဲမှာ စဉ်းစားနိုင်တယ်ဆိုတာ ပါမှရမယ်။ အကောင်းအဆိုး အမှားအမှန် စဉ်းစားနိုင်ရမယ်။ ငါ ဘာကို လုပ်ချင်တယ်၊ ငါ ဘာကို လုပ်ရမယ် ဆိုတာကို သေသေချာချာ ရွေးချယ်နိုင်ရမယ်။ ဆုံးဖြတ်နိုင်ရမယ်။ အဲဒါကို အကောင်အထည် ဖော်နိုင်ရမယ်နော်။ ဒါမှ အသက်ရှင်တယ်လို့ ဆိုနိုင်မယ်။ လွတ်လပ်မှု ရှိတယ်လို့ ဆိုနိုင်မယ်။

စားဝတ်နေရေးတော့ အားလုံးပြည့်စုံတယ်။ လုပ်ချင်တာ လုပ်ခွင့်မရှိဘူး။ သွားချင်တာလည်း သွားခွင့်မရှိဘူး။ ဘာမှ ဆုံးဖြတ်ခွင့်လည်း မရှိဘူး။ ဘာမှ လုပ်ပိုင်ခွင့်လည်း မရှိဘူး။ သူများ ဆုံးဖြတ်ပေးတဲ့အတိုင်းပဲ နေရတော့တယ်ဆိုရင် အဲဒီလူရဲ့ဘ၀ဟာ အသက်ရှင်တယ်လို့ ပြောလို့မရဘူး။

ဘ၀ရှိရင် ကြီးပွားမှုဆိုတာ ရှိရမယ်။ ဥပမာ-သစ်ပင်တစ်ပင် ဆိုပါတော့။ သူ့မှာ အရွက်အသစ်တွေ ထွက်နေမှ၊ အညွှန့်တွေ ထွက်နေမှ၊ အဖူးတွေ ဖူးနေမှ အသီးတွေ သီးနေမှ ဒီအပင်ဟာ အသက်ရှင်တယ်လို့ ပြောရမယ်နော်။
အသက်ရှင်တယ်ဆိုရင် ကြီးပွားနေတဲ့သဘော၊ တိုးတက်နေတဲ့သဘော ရှိရမယ်။ စိတ်ဓါတ်တို့ အသိဥာဏ်တို့ လုပ်ရည်ကိုင်ရည်တို့ အပါအ၀င်တိုးတက်နေရမယ်။ ဘာမှ မတိုးတက်တော့ဘူး၊ တိုးတက်မှု ရပ်သွားပြီဆိုရင် သေပြီ။ အဲဒီလိုပဲ အချို့လူတွေက အသက်တော့ မသေသေးဘူး။ ဒါပေမယ့် အသိဥာဏ်နဲ့စိတ်ဓါတ်မှာ ဘာမှ တိုးမလာဘူး။ ရပ်သွားပြီ။ ဒါ့ကြောင့် အဲဒီလို လူတွေကလည်းပဲ အသက်ရှင်သော်လည်း ဘ၀သေသည် မည်သောသူ ဖြစ်သွားပြီ။

အမှား အမှန်၊ အကောင်းအဆိုး၊ ကုသိုလ် အကုသိုလ်ကို မသိရင်လည်းဘဲ အသက်ရှင်လျက် သေသည်မည်သောသူလို့ ပြောရတော့မယ်။
ဒီနေ့ ဘာလုပ်မယ်ဆိုတဲ့ စိတ်ကူး တိတိကျကျမရှိပဲ တစ်နေ့တစ်နေ့ အိပ်ယာကထ ဟိုဟာလုပ်သလိုလို ဒီဟာလုပ်သလိုလိုနဲ့ တစ်နေကုန်သွား၊ ဒီလိုနဲ့ တစ်နေ့ပြီးတစ်နေ့ ကုန်သွား၊ တစ်လပြီး တစ်လကုန်၊ တစ်နှစ်ပြီး တစ်နှစ် ကုန်သွားရင် အသက်ရှင်လျက်နဲ့ ဘ၀သေသောသူပဲ ဖြစ်မှာပဲ။

ဘ၀မှာ တကယ် အသက်ဝင်နေဖို့ တကယ် အသက်ရှင်နေဖို့ ဆိုတာပေါ့ပေါ့တန်တန် လုပ်လို့ရတဲ့ ကိစ္စမဟုတ်ဘူး။ မလွယ်တဲ့ကိစ္စလို့ပဲ ယူဆတယ်။ အဲဒီ မလွယ်တဲ့ကိစ္စကို လုပ်နေမှလည်းပဲ အသက်ရှင်တဲ့ ဖြစ်မယ်နော်။
အဲဒီမလွယ်ဘူးဆိုတဲ့ကိစ္စကို မလုပ်ဘဲနဲ့ ကိုယ့်ဘ၀ကို မိုးလင်းတာနဲ့ television လေးကြည့်လိုက်၊ စားစရာလေး စားလိုက်၊ ကော်ဖီလေးသောက်လိုက်၊ လည်လိုက် ပတ်လိုက်၊ ပြီးတော့ အိပ်ချိန်တန်ရင် အိပ်လိုက်၊ တစ်ခါပြန်ထလာလိုက် television လေးကြည့်၊ video လေးကြည့်ပြီး တစ်နေ့ပြီး တစ်နေ့ ကုန်သွားမယ် ဆိုရင် အသက်ရှင်လျက်နဲ့ ဘ၀သေတဲ့သူ ဖြစ်မှာပဲ။

တစ်နေ့တစ်နေ့မှာ တစ်ခုခုကို ထူးထူးခြားခြားလေး သိလိုက်ရမှသာ အဲဒီနေ့ဟာ အသက်ရှင်နေရတာ အဓိပ္ပာယ်ရှိတဲ့နေ့ပဲ။ ဘာမှ ထူးထူးခြားခြား မသိရဘဲနဲ့ လုပ်နေကျအလုပ်တွေလုပ်၊ ပြောနေကျ အပြောပဲ ပြောပြီးတော့ ပိုက်ဆံတွေ ဘယ်လောက်ပဲ ရနေ ရနေ၊ အဲဒါ တကယ် အသက်ဝင်တဲ့နေ့ အသက်ရှင်တဲ့နေ့လို့ မပြောနိုင်ဘူး။

ကြွေးမြီးများတဲ့လူဟာ ပျော်စရာကောင်းတဲ့ မိသားစုဘ၀ကိုလည်း မတည်ဆောက်နိုင်တော့ဘူး။ ရိုးသားတဲ့ စစ်မှန်တဲ့ မေတ္တာစေတနာလည်း ဖြစ်ဖို့ ခဲယဉ်းသွားမယ်။ အကြွေးတွေနဲ့ပဲ ပူပင်သောကတွေ များနေရတော့ စိတ်ရဲ့မြင့်မြတ်မှု လေးနက်မှုဘက်ကို အချိန်မပေးနိုင်တော့ဘူး၊ အလေးမထားနိုင်တော့ဘူး။ ဒါဆိုရင် သူ့မှာ အသက်ဝင်တယ်ဆိုတာ ဘယ်မှာ ရှိနိုင်တော့မလဲ။ ကိုယ့်အချိန် မှန်သမျှဟာ ကိုယ့်အတွက် မဟုတ်တော့ဘူး။ ကိုယ့်ဆန္ဒ၊ ကိုယ့်သဘောထား၊ ကိုယ့်အတွေးအခေါ်၊ ကိုယ့်ခံယူချက် ဆိုတာကိုလည်း အကောင်အထည်ဖော်လို့ မရတော့ဘူး။ သူတစ်ပါးရဲ့ ဆန္ဒအတိုင်းပဲ ကိုယ့်ဘ၀ကို နေပေးရတဲ့သူ ဖြစ်သွားပြီဆိုရင် အဲဒီလူဟာ အသက်ရှင်သော်လည်း ဘ၀သေသည်မည်သောသူ ဖြစ်သွားပြီ။

အလုပ်ကလည်းပဲ ကိုယ့်ဝါသနာနဲ့ကိုက်တာ၊ ကိုယ်လုပ်ချင်တာ၊ လုပ်ရတာ ပျော်တဲ့အလုပ်မျိုးဖြစ်ရင် ပိုကောင်းပါတယ်။ ကိုယ့်ဝါသနာနဲ့ မကိုက်ဘူး။ လုပ်ရတာ မပျော်ဘူး၊ စိတ်မပါဘဲနဲ့ လုပ်နေရတာ ဆိုရင်တော့ အဲဒီအချိန်ဟာ ကိုယ့်ဘ၀မှာ တကယ်ကို သေနေတဲ့အချိန်လို့ပဲ ပြောရတော့မှာပဲ။

တစ်ခုခုကို အရှုးအမူး စွဲပြီဆိုရင် ဘ၀သေပြီလို့ မှတ်ပါ။ စွဲလန်းမှု နဲသွားတဲ့သူ၊ စွဲလန်းမှု ကင်းသွားတဲ့သူဟာ ဘယ်လိုဖြစ်မလဲ။ လွတ်မြောက်သွားပြီနော်။ အဲဒီလူကမှ တကယ်အသက်ရှင်တဲ့သူ ဖြစ်သွားပြီ။ ဒါ့ကြောင့် ဒီအသက်ရှင်တယ် ဆိုတာနဲ့ လွတ်လပ်တယ် ဆိုတာနဲ့လည်း ဆက်စပ်မှုရှိတယ်လို့ ဘုန်းကြီးတော့ တွေးမိတယ်။ မလွတ်လပ်ရင် အသက်ရှင်ပေမယ့် ဘ၀သေသွားတယ်နော်။

လွတ်လပ်မှု များလေလေ ဘ၀ဟာ ပိုပြီးတော့ အသက် ၀င်လေလေလို့ ပြောရတော့မှာပဲ။ ဒါဆိုရင် လွတ်လပ်မှု နည်းလေလေ အသက်ရှင်တဲ့သဘောက နည်းလေလေပဲလို့ ပြောလို့ရတယ်နော်။

ဘ၀ကို တကယ်အသက်ဝင်စေတာ ကိုယ် အင်မတန်ဖြစ်ချင်တဲ့ ကောင်းတဲ့ရည်ရွယ်ချက် ဦးတည်ချက်ပဲ။ ဦးတည်ချက်တစ်ခု ရှိရမယ်။ ဟောဒီကိစ္စကို အကောင်အထည်ဖော်နိုင်ဖို့၊ ဟောဒီ အသိဥာဏ်မျိုးကို ရဖို့၊ ဟောဒီတာဝန်ကို ကျေပွန်အောင် ထမ်းဆောင်ဖို့ ငါအသက်ရှင်နေရတာလို့ ပြောနိုင်ရမယ်။အဲဒါကို နေ့စဉ်အားတက်သရော လုပ်နေရမယ်။
ဒီကိစ္စ အကောင်အထည် ဖော်နိုင်ဖို့၊ ဒီလို အသိဥာဉ်မျိုးကို ရဖို့၊ ဒီလို စိတ်ထားမျိုးကို ရဖို့၊ ဒီလို တာဝန်ကျေပွန်အောင်လုပ်ဖို့ အသက်ရှင် ရတယ်လို့ပြစရာ ပြောစရာ လုပ်စရာ မရှိတဲ့လူဟာ ဘ၀သေနေတဲ့လူပဲ။

အချိန်ဖြုန်းနည်းတွေ အင်မတန် ပေါများနေတဲ့ခေတ်မှာ ဘ၀အဓိပ္ပာယ်မဲ့သွားဖို့ အင်မတန် လွယ်နေတယ်နော်။ အသက်ရှင်ရက်နဲ့ ဘ၀သေသွားတဲ့ သူတွေဟာ များလာဖို့ရာပဲ အလားအလာ ရှိနေပါတယ်။ အဲဒီလိုမဖြစ်ဖို့ဟာ အားလုံး ၀ိုင်းစဉ်းစားမှနော်။ ကိုယ့်ညီအစ်ကို မောင်နှမ၊ ဆွေမျိုးသားချင်းတွေထဲမှာ အဲသလိုလူတွေ မဖြစ်လာဖို့၊ ကိုယ့်သားသမီးတွေ မြေးမြစ်တွေထိအောင် အဲသလိုလူတွေ မဖြစ်လာဖို့ ဘယ်လိုလုပ်ရင်ကောင်းမလဲ။ ဘယ်လို ကြိုတင်ပြီးတော့ ကာကွယ်မလဲ ဆိုတာကို စဉ်းစားမှ။
နေ့စဉ် အသိဥာဏ်တိုးနေတဲ့ အရာတစ်ခုခုကို လုပ်ရမယ်။ စာအတူတူဖတ်မယ်။ စာအကြောင်းဆွေးနွေးမယ်။ နေ့စဉ် တန်ဖိုးရှိတဲ့ အလုပ်တစ်ခုခုကို လုပ်နေရမယ်။ ဆက်ဆံရေးမှာ ရိုးရိုးသားသား ချစ်ချစ်ခင်ခင် လှိုက်လှိုက်လှဲလှဲ ဆက်ဆံရေးမျိုး ရှိရမယ်။
အချိန်ကုန်ရင်ပြီးရော ဆိုပြီးတော့ အပျင်းပြေရုံသက်သက်သာ လုပ်တဲ့သူဟာ တစ်နေ့တော့ အသက်ရှင်လျက် ဘ၀သေတဲ့သူ ဖြစ်သွားမှာပဲ။ ဒါ့ကြောင့် ကလေးတွေကို အဲဒီလို အချိန်ဖြုန်းတဲ့အကျင့်ကို ပေါ့ပေါ့တန်တန် လွှတ်ပေးမထားဖို့ အင်မတန် အရေးကြီးပါတယ်။

ကိုယ့်ဥာဏ်နဲ့ကိုယ် စဉ်းစားနိုင်တယ်၊ ကိုယ့်ဟာကိုယ် ဆုံးဖြတ်နိုင်တယ်၊ ကိုယ့်ဟာကိုယ် ရွေးချယ်နိုင်တယ်၊ ကိုယ့်ဟာကိုယ် လုပ်နိုင်တယ်၊ လွတ်လပ်နေတယ်ဆိုရင် ပိုပြီးတော့ အသက်ရှင်နေတယ်။

ကြောက်နေရလို့ လိမ်နေရတယ်။ ကြောက်ရတာ များလေလေ လိမ်ရတာ များလေလေဖြစ်မှာပဲ။ ကြောက်ရတာနဲ့လိမ်ရတာ များလေလေ ဘ၀ဟာ သေသွားလေလေပဲ။ လိမ်ပြောမှ အဆင်ပြေမယ့်ဘ၀ဟာ သေနေတဲ့ဘ၀ပါ။

ကောင်းတဲ့ရည်ရွယ်ချက် ဘာမှ မရှိဘူး၊ ရည်ရွယ်ချက် မရှိတဲ့အတွက်ကြောင့် ရည်ရွယ်ချက် အကောင်အထည်ဖော်ဖို့ ဆိုတာလည်း သူ ဘာမှမလေ့လာဘူး၊ ဘာမှ မလုပ်ဘူး ဆိုရင်၊ အဲသလို မလုပ်တဲ့သူဟာလည်းပဲ အသက်ရှင်နေသော်လည်း ဘ၀သေနေသောသူပဲ။



ဆရာတော် ဦးဇောတိက

No comments:

Post a Comment