Thursday, December 15, 2011

စိတ်ချင်းအဖော်

အဖော်ဆိုတာ ဘယ်လိုဟာမျိုးကို ခေါ်မလဲ။ ကိုယ့်စိတ်ထဲမှာ ဘာတွေခံစားနေရတယ်ဆိုတာကို သတဲ့သူ၊ ကိုယ့်ကိုနားလည်တဲ့သူ ( နားလည်တယ် ဆိုရာမှာလည်း ကိုယ့်ရဲ့ အကောင်းရော၊ အဆိုးရော၊ အားနည်းချက်တွေ အကုန်လုံးကို နားလည်တာကို ဆိုလိုတယ်။ )ကိုယ့်ကို အလကားနေရင်း အပြစ်မတင်တဲ့သူ၊ မဝေဖန် မရှုံ့ချတဲ့သူ၊ အပြစ်မရှာတဲ့သူကို ကိုယ့်အဖော်လို့ ခေါ်တယ်။
နားလည်တယ်ဆိုတဲ့ ကိစ္စဟာ ရာခိုင်နှုန်းပြည့် ဘယ်တော့မှ မဖြစ်နိုင်ဘူး။ သို့သော် နားလည်ချင်စိတ်ရှိတယ်၊ နားလည်ဖို့ကြိုးစားတယ်ဆိုရင်ကိုပဲ တော်လှပါပြီ။ အဲဒီလောက်ရှိပြီ ဆိုရင်ကိုပဲ ဒီလူနှစ်ယောက်က အဖော်ဖြစ်လို့ ရပြီ။

စိတ်ချင်းအဖော်လုပ်ဖို့က တကယ် သတ္တိရှိမှ ရတယ်။ ဟန်ဆောင်မှုမရှိမှရမယ်။ အရိုးသားဆုံး ဆက်ဆံရမယ်။ ပြိုင်ဆိုင်မှု လုံးဝ မရှိရဘူး။ အဲဒီလို မိတ်ဆွေတွေဟာ တွေ့ကြတဲ့အခါ ပစ္စည်းအကြောင်း မပြောဘူး၊ ပိုင်ဆိုင်မှုတွေအကြောင်း မပြောဘူး။ ဘ၀အတွေ့အကြုံတွေအပေါ်မှာ အခြေခံပြီး တိုးတက်လာတဲ့ ကိုယ့်ရဲ့ အသိဥာဏ်၊ စိတ်ထား၊ အတွေးအခေါ်တွေကို ဆွေးနွေးမယ်။ တစ်ယောက်ကိုတစ်ယောက် အနိုင်မယူရဘူး။ အထင်သေးတာ အထင်ကြီးတာ မရှိရဘူး။ တစ်ယောက်ကို တစ်ယောက် နားလည်နိုင်ရမယ်။ တစ်ယောက်ရဲ့ လွတ်လပ်မှုကို တစ်ယောက် အနိုင်မယူရဘူး။ အထင်သေးတာ အထင်ကြီးတာ မရှိရဘူး။ တစ်ယောက်ကို တစ်ယောက်နားလည်နိုင်ရမယ်။ တစ်ယောက်ရဲ့လွတ်လပ်မှုကို တစ်ယောက် အတားအဆီး မဖြစ်စေရဘူး။ သူ့ကြောင့် ငါမလွတ်လပ်တာ၊ ငါ့ကြောင့် သူမလွတ်လပ်တာ မဖြစ်စေရဘူး။ နှစ်ယောက်စလုံး လွတ်လပ်မှုဘက်ကို သွားနေရမယ်။ ဒါမှ '' SOUL MATE'' ဖြစ်မယ်။

အဲဒီလို လူတွေဟာ ဘယ်တော့မှ မအိုဘူး။ သူတို့ဟာ ရေစီးနေတဲ့မြစ်၊။ ရေခဲနေတဲ့မြစ်မဟုတ်ဘူး။ သူတို့ဟာ မပြောင်းလဲမှုထဲမှာ ထောင်ကျမနေဘူး။ လွတ်လပ်နေတယ်၊ ပြောင်းလဲနေတယ်၊ တိုးတက်နေတယ်။

လူတွေအများကြီးကြားထဲမှာ နေရုံနဲ့ အဖော်ရမှာ မဟုတ်ဘူး။ နက်ရှိုင်းတဲ့ ခံယူချက်၊ ယုံကြည်ချက်၊ နက်ရှိုင်းတဲ့ မြင့်မြတ်တဲ့ သဘောထားတွေနဲ့ တစ်ယောက်နဲ့တစ်ယောက် ဆက်ဆံကြမှသာ အဖော်မဲ့နေတယ်ဆိုတဲ့ ခံစားမှုက ပျောက်မှာ။ အခုခေတ်လူတွေက လူကို အဖော်လုပ်လို့မရရင် T.V , VIDEO တွေကို အဖော်လုပ်ပြီး နေကြတယ်။ ပိုဆိုးတာပဲ။ အဲဒါ ပြသနာကို ဖြေရှင်းတာ မဟုတ်ဘူး၊ ပြသနာကို ဖုံးလိုက်တာပဲ။

ရင်းနှီးပွင့်လင်းတဲ့ဆက်ဆံရေး မရှိရင် စိတ်မကျန်းမာဘူး။ စိတ်ချင်းမတွေ့ဆုံနိုင်တဲ့ ဆက်ဆံရေးဟာ ပေါ်ယံဆက်ဆံရေးပဲ ဖြစ်တယ်။ အပေါ်ယံဆက်ဆံရေးဟာ စိတ်အတွက် အဟာရမဖြစ်ဘူး။ အဆိပ်အတောက် ဖြစ်တယ်။

မိတ်ဆွေကောင်းရှိအောင် ဘယ်လိုစိတ်ထားမျိုးနဲ့ ဆက်ဆံရမယ် ဆိုတာကို လေ့လာပြီး အဲဒီစိတ်ထားမျိုးကို မွေးယူဖို့လိုတယ်။ အဲဒီလိုမွေးယူတာ ပညာရေး။ အဲဒါ သဘောပေါက်စေချင်တယ်။ Ph.D ပါရဂူဘွဲ့တွေ ဘယ်နှစ်ထပ်ရနေနေ ဒီလို အဆင့်မြင့်တဲ့ အသိဥာဏ်မျိုး စိတ်ထားမျိုး မရသေးရင် အဲဒီလူဟာ ပညာတတ် မဖြစ်သေးဘူး။

မိတ်ဆွေကောင်း၊ ရေရှည်ပေါင်းလို့ရမည့်သူကို သေသေချာချာ စဉ်းစဉ်းစားစားရှာရမယ်၊ စုဆောင်းရမယ်။ ရတနာတွေစုသလိုပဲ မိတ်ဆွေကောင်းတွေ စုရမယ်နော်။

မိတ်ဆွေမရှိတဲ့ဘသဟာ ဘယ်သူမှမသိပဲ သေနေတာနဲ့တူတယ်။ ဒါပေမဲ့ သူသေနေတာကိုတော့ ဘယ်သူမှ မမြင်ဘူး။

ကိုယ်ကိုယ်တိုင်က မိတ်ဆွေကောင်းတစ်ယောက် ဖြစ်ရတာက အမြင့်မြတ်ဆုံးနဲ့ အခက်ခဲဆုံးအလုပ် ဖြစ်ပါတယ်။ ကိုယ်က မိတ်ဆွေကောင်းလိုစိတ်ထားမျိုး မထားနိုင်လို့ရှိရင် မိတ်ဆွေကောင်းနဲက တွေ့တောင်မှ မိတ်ဆွေကောင်းကို ရမှာ မဟုတ်ဘူးနော်။ ကိုယ် ဘာကိုရသလဲဆိုတာက ကိုယ် ဘယ်လို စိတ်ထားရှိလဲဆိုတာမှာ အများကြီး မူတည်နေတယ်။ ကိုယ့်မှာ ယူနိုင်တဲ့ စိတ်နေသဘောထားနဲ့ အသိဥာဏ် ရှိမှသာ ယူလို့ရတယ်နော်။ ယူနိုင်တဲ့ စိတ်နေသဘောထားနဲ့အသိဥာဏ် မရှိရင် ယူလို့ မရဘူး။ ပေးတောင်မှ ယူလို့မရဘူး။
အဲဒီတော့ မိတ်ဆွေကောင်းနဲ့ တွေ့ရင်တောင်မှ ကိုယ်က မိတ်ဆွေကောင်းနဲ့တန်တဲ့ စိတ်ထားမျိုးရှိမှသာ သူနဲ့ကိုယ်နဲ့ဟာ မိတ်ဆွေကောင်း ဖြစ်တော့မယ်။

မိတ်ဆွေကောင်းနဲ့ တွေ့ရတာနဲ့ စိတ်က အသက်ဝင်လာပြီ။ လှိုက်လှိုက်လှဲလှဲ၊ အားရပါးရ၊ စိတ်ပါလက်ပါ ပွင့်ပွင့်လင်းလင်း ပြောနိုင်တယ်။ ပြောစရာစကားတွေ မကုန်နိုင်ဘူး။ တစ်ယောက်ပြောတာကို တစ်ယောက်နားလည်တဲ့ အရသာထူးကို ခံစားရတယ်။ စိတ်ကလည်း နုပျိုပြီး အသက်ဝင်လာတယ်၊ အားတက်တယ်။ ရွှင်လန်းတယ်၊ တက်ကြွတယ်။ ဒါကြောင့် မိတ်ဆွေကောင်း ရှိတာဟာ မင်္ဂလာရှိတယ်။
မိတ်ဆွေကောင်းကြောင့် တိုးတက်တယ်၊ ကြီးပွားတယ်၊ အောင်မြင်တယ်။ မိတ်ဆွေကောင်းဟာ ကိုယ့်ကို ပိုပြီး အသိဥာဏ်ကော စိတ်ထားကော မြင့်မားလာအောင် အထောက်အကူပေးတယ်။ ကိုယ့်ဘ၀အကြောင်းတွေကို ကိုယ့်မိတ်ဆွေနဲ့ ဆွေးနွေးရလို့ ကိုယ့်အကြောင်းကိုကိုယ် ပိုပြီးနားလည်လာတယ်။ ပိုပြီး လေးလေးနက်နက် စဉ်းစားတတ်လာတယ်။ စိတ်ထားတွေ ပိုပြီး ရင့်ကျက်လာတယ်။
ကိုယ့်လုပ်ရပ်တွေ၊ ကိုယ့်စိတ်ထားတွေ မှားနေရင် စေတနာ မှန်မှန်နဲ့ ထောက်ပြနိုင်တာ ကိုယ့်မိတ်ဆွေကောင်းပဲ။ မိတ်ဆွေကောင်း မရှိပဲ ဘယ်လိုလုပ် အသိဥာဏ်ရင့်ကျက်မှု ရနိုင်မလဲ၊ ကိုယ့်ဘ၀ကို ကျေနပ်မှု ရနိုင်မလဲ။

တစ်ကိုယ်တည်းဖြစ်နေတဲ့အချိန်မှာ ငါဟာ ငါနဲ့အတူတူ ရှိနေအောင် ကြိုးစားပါ။ ငါနဲ့ ငါပဲ အဖော်ရနေအောင်၊ ကိုယ့်စိတ်ကို အဖော်ကောင်းဖြစ်အောင်၊ ကိုယ့်ရဲ့ ကြည်လင်ရွှင်လန်းပြီး မေတ္တာစိတ်ဖြစ်နေတဲ့ စိတ်ကလေးကိုပဲ အဖော်ဖြစ်ပြီး နေတတ်အောင် ကြိုးစားကြပါ။ သတိပဋ္ဌာန်တရားကို ကိုယ်နဲ့မကွာ အမြဲတမ်းပါတဲ့ အဖော်ကောင်းဖြစ်အောင် လုပ်ပါ။ မိတ်ဆွေကောင်း လိုချင်ရင် ကိုယ်ကိုယ်တိုင်ကပဲ မိတ်ဆွေကောင်း၊ အဖော်ကောင်း ပီသအောင် နေလိုက်ပါ။

ကိုယ့်ပတ်ဝန်းကျင်မှာ သတိနဲ့နေတဲ့သူတွေ များလာလေလေ ကိုယ်ကိုယ်တိုင်လည်း နေရထိုင်ရတာ၊ သူတို့နဲ့ပြောရဆိုရ ဆက်ဆံရတာ အေးချမ်းလေလေပဲနော်။ ပြီးတော့ ဒီလိုလူအချင်းချင်း တွေ့ရဆုံရတဲ့အခါ ဆက်ဆံရေးမှာ မာနတို့ ပြိုင်ဆိုင်မှုတို့ မရှိတော့ဘူး။ အင်မတန်ရိုးသားတဲ့ ပွင်းလင်းတဲ့ စိတ်ထားမျိုးနဲ့ယုံကြည်စိတ်ချရတဲ့စိတ်နဲ့ ဆက်ဆံမှာနော်။
မာနတွေနဲ့ ဆက်ဆံရမယ်ဆိုရင် အထီးကျန်ဖြစ်နေတယ်။ စကားသာ ပြောနေရတယ် ပြောရတာ အရသာမရှိဘူး။ အဖော် မဖြစ်ဘူး။ သူကလည်း ဟန်နဲ့ပြောနေတယ်၊ ကိုယ်ကလည်း ဟန်နဲ့ပြောနေတော့ ဘယ်လိုလုပ် အဖော်ဖြစ်မလဲနော်။ အဖော်ဖြစ်ဖို့ဆိုတာ တကယ်ရိုးသားမှုရှိမှ၊ တကယ်ပွင့်လင်းမှုရှိမှ။ ကိုယ့်စိတ်ထဲမှာ ခံစားနေရတာတွေ အကောင်းအဆိုး ဘာမဆို မထိန်မချန်ဘဲနဲ့ ပြောနိုင်တဲ့သူမှသာ တကယ့်အဖော်ဖြစ်တာ။ ကိုယ့်စိတ်ကိုကိုယ် သိပြီးတော့ level of being ကို မြှင့်နိုင်မှသာ အဲသလိုလူချင်း တွေ့တဲ့အခါမှာ အဖော်ကောင်းဖြစ်တယ်။ တကယ့်မိတ်ဆွေကောင်း၊ ကလျာဏမိတ္တဆိုတာ ဖြစ်နိုင်တယ်။ ကိုယ့်စိတ်က ကိုယ့်မိတ်ဆွေ၊ သူ့စိတ်က သူ့မိတ်ဆွေ၊ အဲသလိုအခါမှသာ သူနဲ့ငါနဲ့လည်း မိတ်ဆွေ။

ငါ့ရဲ့အသိဥာဏ်ကို လေးစားတဲ့သူကို ငါလေးစားတယ်။ ငါ့ရဲ့လွတ်လပ်မှုကို အသိအမှတ်ပြုတဲ့သူဟာ ငါ့မိတ်ဆွေကောင်းပဲ။ ငါဟာ ငါ့ဥာဏ်နဲ့ငါ စဉ်းစားပြီး ကောင်းတာတွေကို လုပ်နိုင်တဲ့သူ ဖြစ်တယ်ဆိုတာကို ယုံကြည်တဲ့သူဟာ ငါ့ဘ၀ကို မြှင့်တင်ပေးချင်တဲ့ စေတနာ ရှိတဲ့သူ ဖြစ်တယ်။

ဒီခေတ်ကာလဟာ (Age of Loneliness) အထီးကျန်ဖြစ်တဲ့ခေတ်ကာလ။ လူတွေသာ များနေပါတယ်။ အဖော်မရှိပါဘူး။ အပေါ်ယံ ပေါင်းလို့ရတဲ့သူတွေ ကြာလေ မျာလေပဲ။ ရင်းရင်းနှီးနှီး ပေါင်းလို့ရတဲ့သူ ကြာလေ ရှားလေပဲ။ ကိုယ့်ကိုယ်ကိုတောင် နားမလည်နိုင်တော့ဘူး။ တခြားလူကို နားလည်ဖို့ဆိုတာ တော်တော် ခက်သွားပြီ။ တရားအားထုတ်ပြီးတော့ ကိုယ့်စိတ်ကိုကိုယ် တကယ်နက်နက်နဲနဲ သိလာပြီးရင် အဲဒီသိတဲ့ အသိဥာဏ်နဲ့ ယှဉ်ပြီးတော့ဖြစ်တဲ့ တည်ငြိမ်မှု အေးချမ်းမှုလေးနဲ့ တခြားလူတွေကို ကြည့်လိုက်စမ်းပါ၊ သူတို့စိတ်ထဲမှာ ဘယ်လိုများနေမလဲ ဆိုတာကို ပိုသိလာတယ်။ အများကို ပိုပြီးတော့ ချစ်တတ်တယ်။ ချစ်တတ်တဲ့သူ ဖြစ်လာတယ်။ အဲဒီအချိန်ကျတော့ ကိုယ့်ကိုယ်ကိုလည်းပဲ ပိုပြီးတော့ လေးစားတဲ့သူ ချစ်တတ်တဲ့သူ တန်ဖိုးထားတဲ့သူ ဖြစ်လာတယ်။
အဲဒီလို ကိုယ့်စိတ်ကိုကိုယ်သိရင်ပဲ အဖော်မရှိသလို ခံစားရတာ တော်တော်သက်သာသွားတယ်။ ကိုယ့်စိတ်ကို ကိုယ် သေသေချာချာ သိရင် သောကလည်း တော်တော်သက်သာသွားတယ်။ လုပ်စရာရှိတာကို နည်းလမ်းရှာပြီးတော့ လုပ်သွားနိုင်တယ်။ ကိုယ့်ကိုယ်ကို ယုံကြည်မှုလည်း ရှိလာတယ်။ ငါကြိုးစားပြီးလုပ်ရင် အဆင်ပြေသွားမှာပါ။ အဲသလို ယုံကြည်မှုလည်း ရှိလာတယ်နော်။
ဒါကြောင့် တရားအားထုတ်ပြီးတော့ စိတ်ကို သိပြီးတော့ ငြိမ်းချမ်းအောင် နေတတ်တဲ့သူဟာ စိတ်ဓါတ်မကျဘူး၊ သောကမများဘူး။

တရားအားထုတ်လာပြီး သတိ၊ သမာဓိ၊ ဥာဏ်ပညာ ရင့်ကျက်လာတဲ့အခါမှာ အနားမှာ ဘယ်သူမှ မရှိပေမဲ့ အဖော်မဲ့လို့ အားငယ်နေတဲ့သဘောမျိုး မဖြစ်ဘူး။ အဖော်ကို အပြင်မှာ မရှာတော့ဘူး။ ကိုယ့်ကိုယ်ကို ကျေနပ်နေတဲ့စိတ်ဟာ ကိုယ့်အဖော် ဖြစ်နေတယ်။ သတိဟာ ကိုယ့်အဖော် ဖြစ်နေတယ်။ ငါ့မှာ အဖော်မရှိပါလား ဆိုပြီးတော့ အားမငယ်ဘူး၊ မကြောက်ဘူး။




ဆရာတော် ဦးဇောတိက

No comments:

Post a Comment