Thursday, December 15, 2011

ဘဝ

သင်ဟာ ဘ၀လို့ခေါ်တဲ့ စာသင်ခန်းမရှိ၊ စာအုပ်မရှိတဲ့ အချိန်ပြည့်ကျောင်းကြီးမှာ စာရင်း သွင်းထားပြီးပြီ။
ဘ၀တစ်ခုလုံးဟာ ကျောင်းပဲ။ မွေးတဲ့အချိန်ကစပြီး သေသည့်အချိန်ထိဟာ ကျောင်းနေနေတာပါ။ ဒီဘ၀မှာ တွေ့ကြုံရသမျှကိစ္စတွေနဲ့ မြင်သမျှ၊ ကြားသမျှ ကောင်းတာရော၊ ဆိုးတာရော တစ်ခုမှမကျန် အားလုံးဟာ သင်ခန်းစာချည်းပဲ။ ဘ၀ထဲမှာ ငေးတိငေးမောနဲ့ စိတ်ကူးယဉ်တွေနဲ့ နေသွားကြတော့ လောကဓံတရား အမျိုးမျိုးကို ကြုံရပေမဲ့ အဲဒီထဲက သင်ခန်းစာ မရလိုက်ကြဘူး။

ဘ၀ဆိုတာ ကျောင်းပဲလို့ တကယ်သဘောပေါက်ရင် အင်မတန်အကျိုးများမယ်။ ဘ၀မှာ ဘယ်ဟာ အရေးအကြီးဆုံးလဲ ဆိုတာ ကောင်းကောင်းသဘောပေါက်မယ်။
နေ့စဉ် ခံစား တွေ့ကြုံနေရတဲ့ သင်ခန်းစာတွေကို မှန်မှန်ကန်ကန်နားလည် သဘောပေါက်ဖို့၊ ကျေညက်ဖို့ သိပ်အရေးကြီးတယ်။ ဘ၀သင်ခန်းစာတွေ မကျေညက်တာဟာ အစာ မကျေညက်သလိုပဲ။ အစာမကျေရင် ခွန်အားမဖြစ်သလို ဘ၀သင်ခန်းစာ မကျေညက်ရင် အသိဥာဏ် မဖြစ်ဘူး။
နေ့စဉ်ပဲ သင်ခန်းစာတွေ ဆည်းပူးနေရတယ်။ နေ့စဉ်ပဲ စာမေးပွဲ အစစ်ခံနေရတယ်။ အတွေ့အကြုံတိုင်းဟာ သင်ခန်းစာပဲ။ သင်ခန်းစာတိုင်းဟာ စာမေးပွဲပဲ။

သတိနဲ့ဥာဏ်နဲ့ နေတတ်မှ ဘ၀အတွေ့အကြုံထဲက လေးနက်တဲ့ သင်ခန်းစာရမယ်။ ပေါ့ပေါ့တန်တန် အမှုမဲ့၊ အမှတ်မဲ့ နေသွားရင် အသက်သာကြီးသွားမယ်၊ ဥာဏ်ကြီးမလာဘူး။ စိတ်နေသဘောထား လေးနက်မှု၊ မြင့်မြတ်မှု ဖြစ်မလာဘူး။

အကောင်းအဆိုး တွေ့ရသမျှ ဘ၀အတွေ့အကြုံထဲက လေးနက်တဲ့အသိအမြင်ကို ရမှသာ အတွေ့အကြုံဟာ တန်ဖိုးရှိတယ်။ အကောင်းနဲ့တွေ့တဲ့အခါမှာ မာနကြီးသွားတယ်။ အဆိုးနဲ့တွေ့တဲ့အခါ စိတ်ဓါတ်ကျမယ် ဆိုရင် အတွေ့အကြုံဟာ ဘာတန်ဖိုးမှ မရှိတော့ဘူး။

အလေးနက်ဆုံးအသိဥာဏ်ကို ဘ၀အတွေ့အကြုံထဲကပဲ ရနိုင်တယ်။ စာအုပ်ထဲက မရနိုင်ဘူး။ ဘ၀ဟာ အလေးနက်ဆုံး စာအုပ်ဖြစ်တယ်။ ဘ၀ဟာ အကောင်းဆုံး စာအုပ်ဖြစ်တယ်။ ခန္စာဟာ အကောင်းဆုံးစာအုပ်ဖြစ်တယ်။ စိတ်ဟာ အကောင်းဆုံးစာအုပ်ဖြစ်တယ်။ ဒီနေ့ငါ ဘယ်လို အသိဥာဏ်မျိုး ရလိုက်သလဲဆိုတာ နေ့စဉ် မေးသင့်တယ်။

ဘ၀မှာ ကြုံနေရတဲ့ အခြေအနေအမျိုးမျိုးမှာ ရသင့်ယူသင့်တဲ့ သင်ခန်းစာကို ယူရမယ်။ မယူမိရင် မယူမချင်း အဲဒီအခက်အခဲမျိုး ထပ်တွေ့နေရမယ်။
တချို့လူတွေဟာ ဘ၀အတွေ့အကြုံထဲက သင်ခန်းစာကို မယူကြဘူး။ ကြုံနေကြ အခက်အခဲ၊ တွေ့နေကြ စိတ်ဆင်းရဲမှုတွေကို ထပ်ခါထပ်ခါ တွေ့ကြုံနေရတယ်။ နှစ်ပေါင်းများစွာ၊ အကြိမ်ပေါင်းများစွာ ကြုံနေရပေမဲ့ သင်ခန်းစာ မယူဘူး။ ကိုယ့်ဘက်က ပြုပြင်သင့်တာကို မပြုပြင်ဘူး။ ငါက ကံဆိုးပါတယ် ဆိုပြီး ကံကိုပဲ ပုံချကြတယ်။ ကံကို ပုံချတယ်ဆိုတဲ့ အဓိပ္ပာယ်က ငါ့ကိုယ်ငါ မပြုပြင်ချင်ဘူး၊ မပြုပြင်နိုင်ဘူး၊ ငါ့ကိုယ်ငါ တာဝန်မယူချင်ဘူး၊ ငါ့ချို့ယွင်းချက်ဟာ ငါ့တာဝန်မဟုတ်ဘူးလို့ ဆိုတာနဲ့ အတူတူပဲ။ ပြုပြင်ချင်တဲ့ ဆန္ဒရှိရင် ပြုပြင်လို့ရပါတယ်။
သင်ခန်းစာတစ်ခုကို သေသေချာချာ နားလည်သွားပြီး သဘောပေါက်သွားပြီ ကျေညက်သွားပြီဆိုရင် နောက်သင်ခန်းစာတစ်ခုကို တက်ရပြီ။ တစ်တန်းအောင်သွားရင် နောက်တစ်တန်းတက်ရပြီ။ ပိုပြီး အဆင့်မြင့်တဲ့၊ ပိုနက်နဲတဲ့ဥာဏ်ရဖို့ အခြေအနေနဲ့ တွေ့ရပြီ။

ဘ၀မှာ အတွေ့ကြုံနေရတဲ့ လောကဓံတွေက ဘ၀ကို ဘယ်လို အသိအမြင်နဲ့၊ ဘယ်လိုသဘောထားနဲ့ ရင်ဆိုင်ရမယ်ဆိုတာကို သင်ပေးလိုက်တာပဲ။ ဒီအချက်ကို လေးလေးနက်နက် စဉ်းစားစေချင်တယ်။ လောကဓံတရားတွေနဲ့ ကြုံတွေ့ရတာ ကိုယ့်အတွက် အခွင့်အရေးပဲ။ ကိုယ်က ယူတတ်ရင် ပညာတွေ အများကြီးရတယ်။

ဘ၀မှာ သင်ခန်းစာယူစရာမရှိတဲ့ အချိန်အခါ အသက်အရွယ် အပိုင်းအခြားဆိုတာ မရှိဘူး။ အသက်ရှင်နေသေးရင် သင်ခန်းစာ ယူစရာတွေ ရှိနေသေးတာပဲ။

ဘ၀အခြေအနေတွေ အမြဲပြောင်းသွားနေတာဖြစ်လို့ အသိအမြင်သစ်တွေ အမြဲတမ်းရမှ ဖြစ်မယ်။

သင့်ဘ၀ကို ဘယ်လိုဖြစ်လာအောင်လုပ်တယ်ဆိုတာ သင့်ပေါ်မှာပဲ မူတည်ပါတယ်။ ကိုယ့်ဘ၀ ကောင်းတာ မကောင်းတာ ကိုယ့်ပေါ်မူတည်ပါတယ်။

အခြေအနေ ဘယ်လောက်ဆိုးနေ ဆိုးနေ ငါတတ်နိုင်တာကို အကောင်းဆုံးဖြစ်အောင် လုပ်ရမယ်လို့ ငါ့ဘ၀က ငါ့ကို တာဝန်ပေးထားတယ်။

သင့်အတွက်အဖြေဟာ သင့်အတွင်းမှာပဲရှိပါတယ်။ သင့်ဘ၀နဲ့ပတ်သက်တဲ့မေးခွန်းတွေရဲ့အဖြေဟာ သင့်အတွင်းမှာပဲ ရှိပါတယ်။ ဘ၀နဲ့ပတ်သက်တဲ့ မေးခွန်းတွေရဲ့ အဖြေကို အပြင်မှာ ရှာနေဖို့ မလိုဘူး။

နောင်ဘ၀အတွက် အခုဘ၀တည်းက ကြိုတင်ပြင်ဆင်ဖို့ကို စဉ်းစားတော့ အခုဘ၀မှာ လုပ်ရတာတွေဟာ ပိုပြီးလေးနက်လာတယ်။ ဘ၀သံသရာ အမြင်ရှိတဲ့သူဟာ ဘ၀ကို ပိုပြီးလေးလေးနက်နက် ခံယူတယ်။

ဘ၀ဆိုတာ ကိုယ့်ဟာကိုယ် ဖြစ်အောင်လုပ်ယူလိုက်တာလား ဆိုတော့လည်း မဟုတ်ဘူး။ မိဘတွေက လုပ်ပေးလိုက်သလား ဆိုတော့လည်း မဟုတ်ဘူး။ သို့သော် ဒါတွေအားလုံးမှာ ပတ်သက်ဆက်စပ်နေတဲ့ အကြောင်းတော့ရှိတယ်။ တစ်ခုတည်းသော အကြောင်းကြောင့် ဖြစ်လာတာမဟုတ်ဘူး။ အကြောင်းဆုံစည်းလို့ဖြစ်လာတယ်။ အကြောင်းတရားတွေအားလုံးဟာ သဘာဝတရားတွေပဲ။

လူတွေဟာ စိတ်ရဲ့သဘာဝကို နားမလည်လို့ပါ။ စိတ်ရဲ့သဘာဝကို တကယ်နားလည်လာရင် ကိုယ့်စိတ်ကို အကောင်းဆုံးအခြေအနေမှာ ထားချင်တယ်။ ဒါဟာ အကောင်းဆုံးပဲ။ တွက်ခြေအကိုက်ဆုံးပဲ။
ဘ၀ရဲ့အရည်အသွေးကို မြင့်မားစေချင်ရင် စိတ်ရဲ့ အရည်အသွေးကို မြင့်မားအောင် ကြိုးစားမှဖြစ်မယ်။ ဘ၀ရဲ့အဆင့်အတန်းကို စိတ်ရဲ့အဆင့်အတန်းနဲ့ပဲ တိုင်းတာသင့်တယ်။ သုံးစွဲနေတဲ့ ပစ္စည်းတွေရဲ့ အဆင့်အတန်းနဲ့မတိုင်းတာသင့်ဘူး။
ကိုယ့်စိတ်ကလေးကို ကိုယ်သိပြီးတော့ ကိုယ့်ဟာကိုယ် သန့်သန့်ရှင်းရှင်းကြည်ကြည်လင်လင် ငြိမ်းငြိမ်းချမ်းချမ်းလေး နေသွားလို့ရှိရင် တစ်နေ့တခြား အသိဥာဏ်တွေ ပိုပိုပြီးတော့ ရင့်ကျက်လာလိမ့်မယ်။

ကိုယ်တန်ဖိုးထားတာ နိမ့်နေရင် နိမ့်တဲ့ဘ၀မျိုးကိုပဲ ပုံဖော်မိမယ်။ ကိုယ့်စိတ်ထား မကောင်းရင် နိမ့်ကျတဲ့ဘ၀ကို ရောက်သွားနိုင်တယ်။ ဘ၀ဆိုတာ စိတ်နဲ့တန်သလို ဖြစ်ပါတယ်။ ကိုယ့်စိတ် အဆင့်အတန်းနိမ့်သွားအောင် ဘယ်သူက လုပ်တာလဲ။ သူများက လုပ်လို့မရဘူး။

ဘ၀အဆင့်အတန်း နိမ့်ကျလို့ရှိရင် လောကဟာလည်း အင်မတန်ဂုဏ်နဲတဲ့၊ quality အင်မတန်နိမ့်တဲ့ လောကပဲဖြစ်မယ်။ ဘ၀အဆင့်အတန်း နိမ့်လို့ရှိရင် အင်မတန် ချို့တဲ့ တဲ့ ဘ၀မျိုးကိုပဲ နေလို့ထိုင်လို့ရမယ်။
အဲဒီတော့ ကိုယ့်ဘ၀ မချို့တဲ့စေချင်ရင် ဘယ့်နှယ်လုပ်မလဲ။ ကိုယ့်ဘ၀အဆင့်အတန်းကို ကိုယ့်ဘာသာကိုယ် မြှင့်ရမယ်နော်။ ဘ၀အဆင့်အတန်းဆိုတာ လူနေမှုအဆင့်အတန်း မဟုတ်ဘူး။ အိမ်ကောင်းကောင်း ကားကောင်းကောင်းကို ပြောတာမဟုတ်ဘူး။ စိတ်ဓါတ်နဲ့အသိဥာဏ်ကို ပြောတာ။

မှန်ကန်တဲ့အကျိုးပြုတဲ့ စွမ်းအား constructive power မရှိတဲ့သူဟာ မမှန်ကန်တဲ့ ဖျက်ဆီးနိုင်တဲ့ စွမ်းအား destructive power ကို သုံးတယ်။
ဒါပေမဲ့ အမှန်ကန်တဲ့ ဖျက်ဆီးနိုင်စွမ်းအားနဲ့ ကိုယ့်ဘ၀မှာ တကယ်ကျေနပ်စရာကောင်းတာကို ဖြစ်လာအောင် လုပ်လို့မရနိုင်ဘူး။ ဒါ သဘာဝနိယာမ ဖြစ်တယ်။ ဒါကြောင့် တကယ်ကျေနပ်စရာကောင်းတဲ့ဘ၀ကို ရချင်ရင် သတိနဲ့ ဥာဏ်နဲ့ယှဉ်ပြီးတော့ မှန်ကန်တဲ့စွမ်းအားကို သုံးနိုင်လာအောင် ကြိုးစားရမယ်။ ကိုယ့်စိတ်ကိုကိုယ် ပြုပြင်ရမယ်။ ကိုယ့်သဘောထားကို ကိုယ်ပြုပြင်ရမယ်။

ဘ၀ကိုရှင်းရှင်းလင်းလင်း နေသွားချင်တယ်ဆိုရင်  သတိလေးနဲ့နေလိုက်ပါ၊ ဘ၀ရှင်းလာပါလိမ့်မယ်။ စိတ်ရှင်းရင် ဘ၀ရှင်းတယ်။ စိတ်ရိုးရင် ဘ၀ရိုးတယ်။ စိတ်တွေ ရှုပ်ရင် ဘ၀လည်း ရှုပ်လာမယ်။ စိတ်တွေဆန်းပြားရင် ဘ၀လည်းဆန်းပြားလာမယ်။ စိတ်ရဲ့အရည်အသွေး Quality မြင့်လာလို့ရှိရင် ဘ၀ရဲ့ အရည်အသွေး မြင့်လာတယ်။ ဘ၀ဆိုတာ စိတ်ရဲ့ ရောင်ပြန်ဟပ်မှုပဲ။

ဒီခန္စာကိုယ်ကို သင်ကြိုက်ချင်လည်း ကြိုက်မယ်။ မုန်းချင်လည်းမုန်းမယ်။ ဒါပေမဲ့ ဒီတစ်ဘ၀အတွက်တော့ ဒီခန္စာကိုယ်ဟာ သင့်ခန္စာကိုယ်ပဲ။
ဒီခန္စာကိုယ်ဟာ ခဏရတဲ့ ခန္စာကိုယ်ဖြစ်တယ်။ အမြဲတမ်းပိုင်ဆိုင်ထားလို့မရဘူး။ ဒါပေမဲ့ လူအများဟာ ဒီခန္စာကိုယ်ကို ငါအစစ်ပဲလို့ စွဲလမ်းကြတယ်။ အရင်ဘ၀ ဘ၀တွေက ဖြစ်ခဲ့တဲ့ ခန္စာကိုယ်တွေအားလုံးကို ပြန်ကြည့်လို့ရရင် ဘယ်လိုများနေမလဲ။

ဘ၀သံသာရာမှာ ယောက်ျားဖြစ်ရတဲ့ အခါလည်းရှိတယ်။ မိန်းမဖြစ်ရတဲ့ အခါလည်းရှိတယ်။ ယောက်ျားဖြစ်ရတဲ့ အခါမှာလည်း ယောက်ျားဖြစ်ရရုံနဲ့ မာနကြီးနေလို့ မဖြစ်သေးဘူး။ ယောက်ျားဘ၀နဲ့ အကောင်းဆုံးဖြစ်အောင် ကြိုးစားမှ ယောက်ျားဖြစ်ရကျိုးနပ်မယ်။ မိန်းမဖြစ်ရတဲ့သူတွေကလည်း ဘာမှစိတ်မညစ်ပါနဲ့။ မန်းမဘ၀နဲ့ လုပ်နိုင်တာတွေ အများကြီးရှိပါတယ်။ တရားအားထုတ်တဲ့နေရာမှာ ဘယ်သူက ပိုအခွင့်သာတယ်လို့ ပြောဖို့မလွယ်ဘူး။ ကြိုးစားတဲ့သူကသာ သာမှာပါပဲ။
အသိဥာဏ် အဆင့်အတန်း မြင့်အားအောင်၊ စိတ်နေသဘောထား အဆင့်အတန်းမြင့်မားအောင်၊ ပြောတာဆိုတာ လုပ်တာ ကိုင်တာကအစ အစစအရာရာမှာ ကောင်းသည်ထက်ကောင်းအောင် မြင့်မြတ်တဲ့လူသား တစ်ယောက် ဖြစ်အောင် ကြိုးစားဖို့လိုသေးတယ်။ ဒီထက် ပိုအရေးကြီးတာကတော့ မှန်ကန်တဲ့၊ လေးနက်တဲ့၊ တရားအသိဥာဏ်ရအောင် လုပ်နိုင်မှ လူဖြစ်ကျိုးနပ်မယ်။ ပစ္စည်းဥစ္စာ၊ အပျော်အပါးနဲ့ သောက်စားပြီး အချိန်ကုန်သွားရင် လူဖြစ်ကျိုး မနပ်ဘူး။ ရင်းစားတောင် ပြန်ရချင်မှ ရမယ်။

ငါဘာဖြစ်လို့ လူ့ဘ၀ကို ရလာသလဲ ဆိုတဲ့ မေးခွန်းကို မမေးကြတော့ဘူး။ အပေါ်ယံလေး ပစ္စည်းဥစ္စာ အပျော်အပါးနဲ့ အချိန်ကုန်သွားကြတယ်။
လူ့ဘ၀ကို ရတာ မြင့်မြတ်တဲ့စိတ်ထား၊ လေးနက်မှန်ကန်တဲ့ အသိဥာဏ်ရမှသာ လူဖြစ်ကျိုးနပ်မယ်။ ရာထူးနဲ့ပစ္စည်းဥစ္စာရှိပေမဲ့ မြင့်မြတ်တဲ့ စိတ်နေသဘောထား၊ လေးနက်မှန်ကန်တဲ့ အသိဥာဏ်ကို မရရင် လူဖြစ်ကျိုး မနပ်ဘူး။

ပိုက်ဆံတစ်ခုတည်းချမ်းသာရုံနဲ့ စားဝတ်နေရေးတစ်ခုတည်း ပြည့်စုံရုံနဲ့ ဘ၀ရဲ့အရည်အသွေးဟာ ပြည့်စုံပြီလို့တော့ မပြောနိုင်ဘူး။ ကျန်းမာရေးလည်း ကောင်းဦးမှ၊ စိတ်ချမ်းသာမှုလည်း ရှိဦးမှ၊ မိသားစုနဲ့ သိုက်သိုက်ဝန်းဝန်း ပျော်ပျော်ရွှင်ရွှင်လည်းပဲ နေဖို့ရာ အချိန်ရှိဦးမှ...။ အဲဒီလို အဘက်ဘက်က ပြည့်စုံမှသာ ဘ၀ရဲ့အရည်အသွေးဟာ မြင့်မားတယ်လို့ ပြောနိုင်တယ်။

စည်းစိမ်ဆိုတာ ဘ၀ မဟုတ်ဘူး။ အရည်အချင်းကို သုံရတာမှ ဘ၀။ အရည်အချင်းတွေ တိုးနေမှ ဘ၀။ အရည်အချင်း မတိုးဘူး။ အသိဥာဏ်မတိုးဘူး ဆိုရင် ဘ၀လို့ မခေါ်နိုင်ဘူး။ ဘ၀ ဆိုတာရဲ့ အဓိပ္ပာယ်ကိုက တိုးပွားမှုလို့ အဓိပ္ပာယ်ရတယ်။

လူတိုင်းဟာ အနုပညာရှင်တွေပါပဲ။ ကိုယ့်ဘ၀ကို ကိုယ် ပုံဖော်နေတဲ့ ပန်းပုဆရာ ဖြစ်ပါတယ်။ တချို့ လက်ရာ သိပ်ကောင်းတယ်။ တချို့တော့ ပုံပျက်တဲ့ဘ၀ကို ဖန်တီးယူလိုက်တယ်။
သတိနဲ့နေတဲ့ အလေ့အကျင့်ကို လုပ်ပါ။ သတိနဲ့နေရင် ဆုံးဖြတ်ချက်တွေ မှန်လာပါလိမ့်မယ်။ ရွေးချယ်တာမှာလည်း ကောင်းတာ မှန်တာကို ရွေးချယ်လိမ့်မယ်။ စိတ်ထား စင်ကြယ်လာမယ်။ အသိဥာဏ် ရင့်ကျက်လာမယ်။ ဒီလိုဆိုရင် ကိုယ့်ဘ၀ဟာ အနုပညာလက်ရာကောင်းတစ်ခု ဖြစ်လာပါလိမ့်မယ်။ ဒါမှ ကိုယ့်ဘ၀ကို ကျေနပ်မှုရမယ်။

ကိုယ့်ဘ၀ကိုကိုယ် ပုံဖော်တယ်ဆိုတာ ဥာဏ်ကို အစွမ်းကုန်သုံးရတဲ့ အလုပ်ပါ။ စိတ်ထားမြင့်မြတ်မှုလည်းရှိမှ လုပ်လို့ရတဲ့ အလုပ်ပါ။ လွယ်လွယ်နဲ့ မရပါဘူး။ စိတ်ထင်ရာလုပ်ရုံနဲ့ ကိုယ့်ဘ၀ကိုကိုယ် စိတ်တိုင်းကျ နေတာလို့ မပြောနိုင်ဘူး။ အမှားတွေကို လုပ်မိပြီး ဒုက္ခရောက်၊ ဘ၀ပျက်ပြီး နောင်တတွေနဲ့ နေရတဲ့သူတွေ မနည်းပါဘူး။
ကိုယ့်ဘ၀ကို ကိုယ့်နည်းကိုယ့်ဟန်နဲ့ ပုံဖော်ဖို့ဆိုတာ တော်ရုံသတ္တိနဲ့လုပ်လို့မရဘူး။ ကိုယ့်အသိဥာဏ်ကိုကိုယ် တကယ် ယုံကြည်စိတ်ချမှသာ လုပ်နိုင်တယ်။ စိတ်ဓါတ်ရင့်ကျက်မှု မရှိပဲ၊ အရှည်ကို မျှော်မှန်းနိုင်တဲ့ ဥာဏ်မရှိပဲ၊ လွတ်လပ်မှု မရှိနိုင်ဘူး။ လွတ်လပ်မှုမရှိပဲ ကိုယ့်ဘ၀ကို ကိုယ့်စိတ်တိုင်းကျ ပုံဖော်လို့ မရဘူး။

ကိုယ့်ဘ၀ကို ကိုယ့်လက်ထဲမှာ မိမိရရ ကိုင်းထားရတာ တာဝန်ကြီးပါတယ်။ ကိုယ် ဘာကို တန်ဖိုးထားတယ်ဆိုတာကို ကိုယ့်ဟာကိုယ် ဆုံးဖြတ်တယ်ဆိုတာ အတ္တစွဲကြီးကြီးနဲ့ လုပ်လို့ရတဲ့ကိစ္စ မဟုတ်ပါဘူး။ အတ္တစွဲကင်းမှ လုပ်နိုင်ပါတယ်။ အတ္တစွဲနဲ့လုပ်ရင် ဘ၀ပျက်သွားမယ်။ ဒါလောက်ကြီးမားတဲ့ တာဝန်ကို သေးသိမ်တဲ့အတ္တက တာဝန်မယူနိုင်ပါဘူး။
အတ္တစွဲနဲ့ လုပ်သမျှဟာ လွတ်လပ်မှုမရှိဘူး။ ဥာဏ်မပါဘူး။ ဥာဏ်မပါပဲ လွတ်လပ်မှု မရှိပဲ ကိုယ့်ဘ၀ကို ကိုယ့်နည်းကိုယ့်ဟန်နဲ့ ပုံမဖော်နိုင်ဘူး။

ကိုယ့်ဘ၀ကို ကိုယ့်စိတ်တိုင်းကျ ဖန်တီးတာကတော့ ဖန်တီးမှုတွေထဲမှာ အခက်ဆုံး အစွန့်စားရဆုံးပဲ။ သတ္တိ အများကြီးလိုတယ်။ တစ်လောကလုံးကို ရင်ဆိုင်ရဲမှ ကိုယ့်ဘ၀ကိုကိုယ် တကယ် ဖန်တီးနိုင်မယ်။ သို့မဟုတ်ရင် သူများအကြိုက် နေပေးရမယ်။

ကိုယ်ပိုင်အတွေးအခေါ်၊ ကိုယ်ပိုင် ခံစားချက်၊ ကိုယ်ပိုင် စိတ်ကြိုက်ရွေးချယ်မှု၊ ကိုယ်ပိုင် အသိဥာဏ် ရှိမှ ကိုယ်ပိုင်ဘ၀ ဖြစ်မယ်။ အငှား အတွေးအခေါ်၊ အငှား ခံစားချက်၊ အငှား အကြိုက်၊ အငှား အသိဥာဏ် ဖြစ်နေရင် အငှားဘ၀ ဖြစ်နေမယ်။ ကိုယ့်ဘ၀ ပျောက်နေမယ်။ လူတော်တော်များများမှာ ကိုယ်ပိုင် အတွေးအခေါ်၊ ကိုယ်ပိုင်ခံစားချက်၊ ကိုယ်ပိုင်အကြိုက်၊ ကိုယ်ပိုင်အသိဥာဏ် မရှိကြလို့ ဘ၀ပျောက်သလို ခံစားနေရတယ်။ ဘ၀အဓိပ္ပာယ် ပျောက်နေတယ်။ သူများဘ၀ကို ပုံတူကူးပြီး နေတဲ့သူဟာ ဘ၀မရှိဘူး။

သတိထားပါ။ ကိုယ့်ဘ၀ကို တခြားတစ်ယောက်ယောက်က အကုန်လုံးတာဝန်ယူလိုက်ရင် ကိုယ့်ဘ၀ ပျောက်သွားမယ်။
ကိုယ်က သူများဘ၀ကို တာဝန်ယူမယ်ဆိုတာ သူ့ဘ၀ကိုသူ တာဝန်ယူဖို့ မလိုဘူး၊ တာဝန်မယူရဘူးလို့ ပြောသလို ဖြစ်နေတယ်။ မင်းတို့ ကလေးလိုနေ၊ ဒါမှ ငါ လူကြီးလုပ်လို့ရမယ်။ မင်းတို့ လူကြီးလို ကိုယ့်တာဝန်ကိုယ်ယူရင် ငါလူကြီးလုပ်လို့ရမှာ မဟုတ်တော့ဘူး။ ငါ့နေရာ ပျောက်သွားမယ်လို့ ပြောသလိုပဲ။

နေတတ်ရင် ဘ၀ဟာ ကြာလေ တန်ဖိုးရှိလေ၊ ကြာလေ ကျေနပ်မှု အများကြီးရလေ ဖြစ်လာတယ်။ ငါ့ဘ၀ဟာ တန်ဖိုးရှိလိုက်တာ၊ ငါ့အချန်တွေဟာ တန်ဖိုးရှိလိုက်တာဆိုတာ ကောင်းကောင်း သိတယ်။ တစ်နေ့တာ တစ်နေ့တာ ကုန်သွားတာ အင်မတန် တန်ဖိုးရှိရှိ အဓိပ္ပာယ်ရှိရှိ လေးလေးနက်နက် ကုန်သွားတာပဲ။ ကျေနပ်နေတယ်။ အချိန်ကို တန်ဖိုးရှိရှိမနေဘဲနဲ့ " အင်း တစ်နေ့တော့ ကုန်သွားပြီ၊ သေဖို့တစ်နေ့နီးလာပြီ" ဆိုပြီး စိတ်ညစ်နေလို့ ဘာမှ မထူးဘူး။ တစ်နေ့တာ ကုန်သွားပြီ၊ ငါတန်ဖိုးရှိရှိ နေခဲ့ရဲ့လား။ အဲဒါကို စဉ်းစား။

တချို့လူငယ်တွေ သတိမပါ၊ ဥာဏ်မပါ၊ ၀ီရိယမရှိဘဲ အချိန်ဖြုန်းနေကြတာတွေ့တယ်။ သူတို့ရဲ့ဘ၀အရည်အသွေး ညံ့တော့မှာပဲ။ ဘာကိုမှ လေးလေးစားစား တန်ဖိုးထားပြီး အားသွန်ခွန်စိုက် လုပ်မှာ မဟုတ်တော့ဘူး။ ဒါဆိုရင် သူဟာ အောင်မြင်တဲ့သူ၊ ကြီးပွားတဲ့သူ၊ အစွမ်းအစရှိတဲ့သူ၊ အရည်အချင်း ပြည့်ဝတဲ့သူ၊ လုပ်ရဲကိုင်ရဲတဲ့သူ ဖြစ်မှာ မဟုတ်တော့ဘူး။
အခြေအနေအရ လုပ်လို့မဖြစ်တာတွေ အများကြီးရှိပါတယ်။ သို့သော် လုပ်လို့ဖြစ်နေတာကို ရှာပြီး၊ ကြိုးစားပြီး၊ လုပ်မယ်ဆိုရင် လုပ်စရာတွေ အများကြီးပါ။ အချိန်ဖြုန်းဖို့ဆိုတာ မရှိတော့ဘူး။ အချိန်ဖြုန်းစရာအကြောင်းလည်း လုံးဝမရှိတော့ဘူး။
အခု လူတွေကြည့်ရတာ အချိန်တွေ ပိုနေကြသလိုပဲ။ ဘာမှလုပ်စရာမရှိတော့သလို ဖြစ်နေကြတယ်။ နှမြောစရာ ကောင်းလိုက်တာနော်။ အတိုင်းအဆ မရှိတဲ့ လူ့အရည်အချင်းတွေ ထွက်ခွင့်မရတော့ဘူး။ ဒီလို ပေါ့ပေါ့တန်တန် အချိန်ဖြုန်းနေတာ ဘယ်လောက် ကြောက်စရာကောင်းတယ် ဆိုတာကို နားလည်ဖို့ သိပ်အရေးကြီးပါတယ်။

ဘ၀ဆိုတာ အချိန်၊ အချိန်မှ မရှိရင် ဘ၀မရှိဘူး။ အရာရာတိုင်းအတွက် ကိုယ့်ဘ၀နဲ့ ပေးနေရတာ။ ဘ၀ဆိုတာ အင်မတန် တန်ဖိုးရှိတယ်။ ဘ၀ကို ဘာနဲ့တန်ဖိုးဖြတ်မလဲ။ ဘာနဲ့မှ တန်ဖိုးဖြတ်လို့ မရဘူးနော်။ ဒီအချိန်တွေကို တန်ဖိုးရှိရှိ အသုံးချမယ်ဆိုရင် အလွန်ထူးခြားတဲ့ အသိဥာဏ်ကို ရနိုင်တာပဲ။ အဲဒီအသိဥာဏ်ကို တန်ဖိုးဖြတ်လို့ မရဘူး။

ဘ၀ရဲ့အရည်အသွေးကို ကောင်းစေတာ အသိဥာဏ်ပဲ။ ဘ၀ရဲ့အရည်အသွေးကို ပျက်စီးသွားစေတာ အသိဥာဏ် မရှိခြင်းပဲ။ သတိမပါ ဥာဏ်မပါ ပေါ့ပေါ့တန်တန် လုပ်ပြီဆိုရင် ဘာမှကောင်းတာ မရနိုင်တော့ဘူး။ ဘ၀ရဲ့အရည်အသွေးတစ်ခုလုံး ကျသွားသည်အထိ ဖြစ်နိုင်တယ်။

ဘ၀ဆိုတာ ပျော်ပျော်နေဖို့ထက် ပိုပြီး လေးနက်ရမယ်၊ အဓိပ္ပာယ်ရှိရမယ်။ ပိုပြီးတော့ လေးလေးနက်နက် ကိုယ့်ဘ၀ကို အသုံးချဖို့၊ ကိုယ့်အချိန်ကို အသုံးချဖို့၊ တစ်နည်းအားဖြင့် ပြောရမယ်ဆိုရင်တော့ အထုံ၊ ၀ါသနာ၊ ပါရမီ ဆိုတာကို ဖြစ်လာအောင် ထူထောင်ရမယ်၊ လေ့ကျင့်ရမယ်။

အဓိပ္ပာယ်မရှိတဲ့ ဘ၀၊ အဆင့်မြင့်ဦးတည်ချက် မရှိတဲ့ ဘ၀မျိုးကို နေနေတဲ့သူဟာ လူပီသတဲ့ဘ၀ကို မနေတတ်သေးဘူး။

ကိုယ့်စိတ်ကလေး သတိ ရှိနေတယ်။ ကြည်လင်အေးချမ်းနေတယ်။ နူးညံ့နေတယ်၊ မေတ္တာ၊ ဂရုဏာ ဖြစ်နေတယ်။ ဘယ်သူက အဲဒါကိုလာတိုင်းတာလို့ ရသလဲ? မရဘူး။ သူများ တိုင်းတာလို့ မရနိုင်တာကိုပဲ ကိုယ့်စိတ်ထဲမှာ ဖြစ်ပေါ်အောင်လုပ်ပြီး ဒါနဲ့ပဲ ကိုယ့်ဘ၀ကိုကိုယ် ကျေနပ်အောင်နေရမှာနော်။

ဘ၀အခြေအနေ တစ်မျိုးပြောင်းတိုင် စိတ်အခြေအနေ တစ်မျိုးယိမ်းယိုင် တိမ်းစောင်းရမယ်ဆိုရင် ပရမ်းပတာနိုင်လွန်းလို့ က္ကနြေ္ဒမရ သိက္ခာမရှိ ဖြစ်ရတယ်။ လောကဓံကို ခံနိုင်ရည်ရှိမှ က္ကနြေရတယ်၊ သိက္ခာရှိတယ်။
အဆင်ပြေတုန်းမှာ မေ့မေ့လျော့လျော့နဲ့ ပျော်နေကြတဲ့သူတွေကို ကြည့်ပြီး ဂရုဏာဖြစ်မိပါတယ်။ အဆင်မပြေတာနဲ့ ကြုံတဲ့အခါ သူတို့ ဘယ်လိုစိတ်မျိုးနဲ့ ဘယ်လိုအသိဥာဏ်မျိုးနဲ့ ရင်ဆိုင်မလဲ။ မေ့မေ့လျော့လျော့ ပေါ့ပေါ့တန်တန် မနေကြပါနဲ့။ ဘ၀ရှေ့ရေးနဲ့ ပတ်သက်ပြီး ကြိုမြင်ထားပြီး ကြိုပြင်ထားမှ တော်ကာကျတယ်။

ကိုယ့်ဘ၀ကို ပြင်ပရုပ်ဝတ္ထုတွေ၊ အဆင့်အတန်းတွေ၊ ဂုဏ်ရာထူးတွေနဲ့ မတိုင်းတာတဲ့အတွက် အဲဒီ ပစ္စည်းဥစ္စာ၊ ရာထူး၊ ဂုဏ်ထူးတွေ တက်လိုက် ကျလိုက်ဖြစ်တိုင်း ကိုယ့်စိတ်က တက်လိုက် ကျလိုက် မဖြစ်ဘူး။

ကိုယ့်ဘ၀ကို အဆင်ပြေအောင် နေသွားချင်ရင် အတွင်းမှာ အင်အားရှိဖို့လိုတယ်။ ကိုယ့်ကိုယ်ကို ယုံကြည်မှုရှိဖို့ လိုတယ်။ ကိုယ့်ကိုယ်ကိုချစ်ဖို့ လိုတယ်။ စိတ်ဓါတ်ခိုင်မာဖို့လိုတယ်။ စိတ်ကို အကောင်းဘက်မှာ ထားနိုင်ရမယ်။ အဆိုးတွေ ဘယ်လောက်ကြုံရ ကြုံရ အကောင်းကို မျှော်လင့်ချက်ထားပြီး လုပ်သင့်တာကို ဆက်လုပ်နိုင်ရမယ်။ ဒါကြောင့် စိတ်ကိုသိနေတဲ့ အလေ့အကျင့်ရှိဖို့ သိပ်အရေးကြီးတယ်။

ကိုယ့်ဘ၀ဟာ ပုံသေကြီးရှိနေတာ မဟုတ်ဘူး။ မြစ်ရေစီးသလိုပဲ၊ အမြဲတမ်း စီးဆင်းနေတယ်၊ ပြောင်းလဲနေတယ်၊ လှုပ်ရှားနေတယ်။ ဥာဏ်ပါပါ စွဲစွဲမြဲမြဲ ရေရှည် လုပ်သွားမယ်ဆိုရင် ကိုယ့်စိတ်အခြေအနေတွေ ပြောင်းလာမယ်။ ကိုယ့်ရဲ့အသိဥာဏ်တွေ ပြောင်းလာမယ်။ သဘောထားတွေ၊ တန်ဖိုးထားမှုတွေ ပြောင်းလာမယ်။ အဲသလို ပြောင်းသွားတဲ့အခါမှာ ကိုယ့်ရဲ့ ဆက်ဆံရေးတွေ၊ လုပ်ရည်ကိုင်ရည်တွေ ကောင်းလာမယ်။ ကိုယ့်ဘ၀ဟာ အဆင်ပြေလာမယ်။ စိတ်အားတက်လာမယ်။

ကိုယ့်ဘ၀မှာ တွေ့ရ၊ ကြုံရတဲ့ အကောင်းအဆိုး အခြေအနေ အားလုံးဟာ အဓိပ္ပာယ်ရှိပါတယ်။ အခက်အခဲတွေကို ဒုက္ခတွေကို ကိုယ့်ဘ၀မှာ တန်ဖိုးရှိတဲ့ အတွေ့အကြုံတွေ ဖြစ်သွားအောင် မြင်တတ်ဖို့လိုတယ်။ ယူတတ်ဖို့ လိုတယ်။ အဓိပ္ပာယ်မရှိဘူးလို့ ကိုယ်ကတွေးနေရင် မြင်နေရင် အဲဒီအတွေ့အကြုံဟာ ကိုယ့်ရဲ့ရင့်ကျက်မှုကို အထောက်အကူ မပေးနိုင်ဘူး။
အင်မတန်ကြီးတဲ့ ဒုက္ခတွေကို ကြုံရပြီးမှ စိတ်ထား လေးနက်တဲ့သူ မြင့်မြတ်တဲ့သူ ဖြစ်လာကြတာ ရှိပါတယ်။ အဓိပ္ပာယ် ရှိတယ်လို့ မြင်နိုင်ရင် ဒုက္ခတွေကို ခံနိုင်တယ်။ ဒါကြောင့် မလွဲမသွေတွေ့မယ့် ဒုက္ခတွေကို အဓိပ္ပာယ်ရှိတဲ့ ဒုက္ခဖြစ်သွားအောင် လုပ်တတ်ဖို့ လိုတယ်။ ဒုက္ခဖြစ်အောင် တမင်တကာ လုပ်ရမယ်လို့ မဆိုလိုဘူးနော်။
အတွေ့အကြုံတွေ၊ အခြေအနေတွေ အားလုံးဟာ အသိဥာဏ်ဖြစ်ဖို့ ကုန်ကြမ်းတွေပဲ။ အသိဥာဏ် ဖြစ်လာရင်တော့ အဲဒါ ကုန်ချောဖြစ်သွားပြီ။ အဲဒီအသိဥာဏ်ကပဲ ဘ၀ရဲ့အဓိပ္ပာယ် ဖြစ်တယ်။

သူများထက် ထူးထူးကဲကဲ တီထွင်ကြံဆပြီး လုပ်နိုင်ရင် ကောင်းပါတယ်။ အဲဒီလိုလူတွေ ရှိခဲ့လို့၊ ရှိနေလို့၊ လောကကြီး တိုးတက်လာတာ။ ဒါပေမယ့် အဲဒီလိုတီထွင်နိုင်မှ ဘ၀ဟာ အဓိပ္ပာယ်ရှိတယ်လို့ ပြောလို့မရဘူး။ ရိုးရိုး လုပ်ရိုးလုပ်စဉ် အလုပ်တွေ လုပ်ရင်း သဘောထားမှန်မှန်နဲ့ ဘ၀ကို အဓိပ္ပာယ်ရှိရှိ နေကြတဲ့သူတွေ အများကြီး ရှိပါတယ်။
ဘ၀ရဲ့အဓိပ္ပာယ်ဟာ ဘ၀နဲ့ပတ်သက်ပြီး ထားတဲ့ ကိုယ့်ရဲ့သဘောထားပေါ်မှာ မူတည်ပါတယ်။ သဘောထားမှန်ရင် အဓိပ္ပာယ်ရှိပါတယ်။ ရိုးရိုးအတွေ့အကြုံတွေထဲကပဲ အသိဥာဏ်တွေ အများကြီးရနိုင်ပါတယ်။ ခန္စာထဲက ပညာရအောင် ယူတတ်ရင် ဘ၀ဟာ အဓိပ္ပာယ်ရှိပါတယ်။

အများအကျိုးကို မဆောင်ရွက်ပဲနဲ့ ကိုယ့်ဘ၀ကိုကိုယ် ရာခိုင်နှုန်းပြည့် ကျေနပ်မှုရအောင် အဓိပ္ပာယ်ရှိအောင် နေလို့မရနိုင်ဘူး။ ကိုယ့်ဘ၀ကိုကိုယ် ရာခိုင်နှုန်းပြည့် ကျေနပ်မှုရအောင် အဓိပ္ပာယ်ရှိအောင် နေလို့ မရနိုင်ဘူး။ ကိုယ့်ဘ၀ကို တကယ်အဓိပ္ပာယ်ရှိရှိ ကျေကျေနပ်နပ် နေချင်ရင် ကိုယ်တတ်နိုင်သလောက် အများအကျိုးကို ဆောင်ရွက်ပါ။ ဒါ ဘ၀ရဲ့ သဘာဝပဲ။

ကိုယ့်ဘ၀နဲ့ပတ်သက်ပြီးတော့ အကောင်းမြင်တတ်တဲ့သူ၊ ကောင်းတာတွေ ဖြစ်လာမယ်လို့ ယုံကြည်တဲ့သူ၊ ကောင်းအောင်လည်း ကိုယ်တတ်နိုင်သလောက် ကြိုးစားနေတဲ့သူအတွက် ကောင်းတာတွေ ဖြစ်တာ များလာမှာ သေချာတယ်။

ပစ္စုပ္ပန်မှာပဲ ဘ၀ကို ပြည့်ပြည့်၀၀နေလို့ရတယ်နော်။ အတိတ်မှာ ဘ၀ကို ပြည့်ပြည့်၀၀ နေလို့မရဘူး။ အနာဂတ်မှာ ဘ၀ကို ပြည့်ပြည့်၀၀နေလို့ မရနိုင်ဘူး။ လွတ်လပ်မှုဟာ ပစ္စုပ္ပန်မှာပဲရှိတယ်။ စိတ်ချမ်းသာမှုဟာ ပစ္စုပ္ပန်မှာပဲ ရှိတယ်။

အနတ္တနဲ့နေနိုင်တဲ့သူမှသာ တကယ့်ဘ၀အစစ်ကို နေတာ။ အတ္တဆိုတာ အတုအယောင်ပဲ။ အဆောင်အယောင်တွေဟာ အတုအယောင်တွေပဲ။
ဘ၀ကို ပြည့်ပြည့်၀၀ နေတဲ့သူဟာ အစစ်နဲ့နေတယ်။ ရိုးရိုးသားသားပြောတယ်။ သူ့ဆက်ဆံရေးဟာ အစစ်ပဲ။ သူ့သဘောထားဟာ အစစ်ပဲ။ သူ့ဘ၀ဟာ မကျဉ်းမြောင်းဘူး။ သူဟာလွတ်လွတ်လပ်လပ်ကြီးထွားနိုင်တယ်။ သူ့ကို ကန်သတ်ပေးထားတဲ့ သံချပ်ကာအင်္ကျီ မရှိဘူး။
ဘ၀ကို ပြည့်ပြည့်၀၀ နေချင်တဲ့သူဟာ အနတ္တနဲ့နေရဲတယ်။ သံချပ်ကာအင်္ကျီလို အဆောင်အယောင်တွေကို အားမကိုးဘူး။ သူဟာ အစစ်ပဲ။ သူ့မှာ အဆောင်အယောင်တွေရဲ့ ချုပ်ချယ်မှုမရှိလို့ သူဟာ လွတ်လပ်တယ်။
ဘ၀ကို ပြည့်ပြည့်၀၀ နေချင်တဲ့သူမှာ စိတ်ဝင်စားစရာတွေ များတယ်။ သူ့အရည်အချင်းတွေကို သူအမြဲသုံးနေတယ်။ သူ့မှာရှိနေမှန်း သူတောင် မသိတဲ့ အရည်အချင်းတွေ ထွက်လာတာကို သူအားရတယ်။ မလုပ်တက်တာကို လုပ်တက်အောင် လေ့လာပြီး လုပ်နေတယ်။ သူ့ဘ၀ဟာ ရှင်သန်နေတယ်။

ဒီဘ၀ကို အကောင်းဆုံးဖြစ်အောင်နေတာဟာ နောက်ဘ၀အတွက် အကောင်းဆုံး ပြင်ဆင်လိုက်တာပဲ။

အိုမှာကို မကြောက်ပါဘူး။ အဓိပ္ပာယ်မရှိတဲ့ဘ၀ကို နေရမှာ တော့ကြောက်တယ်။




ဆရာတော်ဦးဇောတိက

No comments:

Post a Comment