Thursday, December 15, 2011

ဘ၀ အဓိပ္ပာယ်

ရာထူးရှိတယ်၊ ပိုက်ဆံရှိတယ်၊ မိသားစု ဆက်ဆံရေးမှာ ရင်းနှီးမှု ပွင့်လင်းမှု ရိုးသားမှု မရှိဘူး။ မိသားစုဝင်တွေ မကြာခဏ စိတ်ဓါတ်ကျတယ်။ ဘ၀ဟာ အဓိပ္ပာယ်မရှိဘူလို့ ခံစားရတယ်။ တစ်ယောက်မဟုတ် တစ်ယောက် တစ်ခါတလေ သေချင်စိတ်ဖြစ်တယ်။ ဒီလိုလူတွေ အခုခေတ်မှာ ပိုများလာတယ်။လူသားဆိုတာ ဘ၀အဓိပ္ပာယ်ကို ရှာတဲ့ သတ္တ၀ါဖြစ်တယ်။ ကိုယ့်ဘ၀ အဓိပ္ပာယ်မရှိတော့ဘူးလို့ ခံစားရရင် သေချင်စိတ် ဖြစ်တယ်။ ဘ၀အဓိပ္ပာယ်ကို တွေ့ရင် ဒုက္ခခံရမှာကို မကြောက်ဘူး။အဓိပ္ပာယ်ရှိတဲ့ ဒုက္ခမျိုးကို ခံချင်တယ်။ အဓိပ္ပာယ်ရှိတဲ့ ကိစ္စအတွက် အနစ်နာခံရမှာ ကိုယ်ကျိုးစွန့်ရမှာ ၀န်မလေးဘူး။ တချို့ကိစ္စအတွက် အသက်ကိုတောင စွန့်ရမှာ ၀န်မလေးဘူး။ အဓိပ္ပာယ် မရှိတော့ဘူး ဆိုရင်တော့ အသက်ရှင်နေရတာကို မလိုချင်တော့ဘူး။အပေါ်ယံမှာ ပစ္စည်းဥစ္စာပြည့်စုံနေတယ်။ လိုချင်တာ အားလုံးရနေတယ်ဆိုပေမဲ့ ဘ၀အဓိပ္ပာယ်မရှိတော့ဘူးဆိုရင် ဘာအတွက် အသက်ရှင်နေရတာလဲလို့ မေးရတော့မယ်။သေချင်တယ်ဆိုတဲ့လူတွေ တော်တော်များများကို မေးကြည့်တော့ ဆယ်ယောက်မှာ ရှစ်ယောက်က ဘ၀အဓိပ္ပာယ် မရှိဘူး၊ ဘာမှ အဓိပ္ပာယ်မရှိဘူး၊ ဒါကြောင့် သေချင်တာလို့ ပြောကြတယ်။ အဲဒီလို သေချင်တယ်ဆိုတဲ့ သူတွေဟာ စားဝတ်နေရေး ပြည့်စုံနေကြတဲ့သူတွေများတယ်။ စားဝတ်နေရေး မပြည့်စုံလို့ သေချင်တယ် ဆိုတဲ့သူက နဲပါတယ်။There is a healing force in meaning.အဓိပ္ပာယ်ရှိတဲ့ ဘ၀အမြင်ဟာ စိတ်ရောဂါကို ပျောက်စေနိုင်တယ်။The frustration of man's search for meaning may also cause neurosis.အဓိပ္ပာယ်ကို ရှာလို့ မရရင် စိတ်ရောဂါ ဖြစ်နိုင်တယ်။ဒီပြဿနာကို မြင်လို့ ပညာရှင်တွေက သတိပေးကြတယ်။ လူတော်တော်များများဟာ ဘ၀အဓိပ္ပာယ်မဲ့နေတယ်လို့ ခံစားရလို့ စိတ်မပျော်မရွှင်တဲ့ ရောဂါတစ်မျိုး ဖြစ်နေတယ်။ နောင် မကြာခင်မှာ ဒီပြဿနာဟာ ပိုဆိုးလာမှာသေချာတယ်။ဒါကြောင့် ကလေးဘ၀ကတည်းက အဓိပ္ပာယ်ရှိတာကို လုပ်နိုင်အောင် အခြေအနေကို ဖန်တီးပေးမှ ဖြစ်မယ်။ အခြေအနေဆိုးလာမှ ဖြေရှင်းနေရရင် ရောဂါသက်သာဖို့တောင် တော်တော်မလွယ်ဘူး။ စိတ်ဓါတ်အင်အားပြည့်တဲ့သူ ဖြစ်လာဖို့ တော်တော်ခက်မယ်။အသက်ရှင်နေရတာ ဘာအဓိပ္ပာယ်ရှိသလဲ ဆိုတဲ့ မေးခွန်းဟာ အရေးအကြီးဆုံး မေးခွန်းဖြစ်ပါတယ်။ တိရစ္ဆာန်တွေဟာ ဒီမေးခွန်းကို မမေးကြဘူး။ လူသားကတော့ ဒီမေးခွန်းကိုမေးတယ်။ ဒါကြောင့် ဒီမေးခွန်းဟာ လူသားရဲ့ ထူးခြားတဲ့ မေးခွန်းလို့ ဆိုနိုင်တယ်။ လူပီသတဲ့သူတိုင်း ဒီမေးခွန်းကို မေးကြတယ်။ဒီမေးခွန်းဟာ အခုခေတ်မှာ တချို့လူတွေကို တော်တော်ခြောက်ခြားစေတဲ့ မေးခွန်းဖြစ်တယ်။ မေးရမှာ ကြောက်တယ်။ မမေးပဲလည်း မနေနိုင်ဘူး။အခုခေတ်မှာ ပစ္စည်းအမျိုးမျိုးရနိုင်ဖို့မခက်ဘူး။ ဒါပေမဲ့ အဓိပ္ပာယ်ရှိတဲ့ဘ၀၊ အဓိပ္ပာယ်ရှိတဲ့ဆက်ဆံရေးကို ရဖို့တော့ တော်တော်မလွယ်ပါဘူး။ ခေတ်မီပစ္စည်းအမျိုးမျိုး တည်ထွင်ပြီးတော့ လူတွေရဲ့ဆန္ဒကို ဖြည့်ဆည်းပေးနိုင်ပေမဲ့ လူတွေတောင့်တတဲ့ အဓိပ္ပာယ်ကိုတော့ ဘယ်သူမှ ဖြည့်ဆည်းမပေးနိုင်ဘူးနော်။အထူးသဖြင့် ရုပ်ပိုင်းလိုအပ်ချက်တွေ ပြည့်စုံနေတဲ့သူက ဘ၀အဓိပ္ပာယ်မဲ့တာကို  ပိုပြီး ပြင်းပြင်းထန်ထန် ခံစားရတယ်။ ဘာကြောင့်လဲ။ ဘာမှ လုပ်စရာမလိုတော့အောင် ပြည့်စုံနေတဲ့သူမျိုးက ပိုပြီးတောင် ဘ၀အဓိပ္ပာယ် မဲ့သွားနိုင်တယ်။စားဝတ်နေရေးပြည့်စုံရုံနဲ့ လူရဲ့လိုအပ်ချက်ဟာ မပြည့်စုံသေးဘူး။ လူငယ်တွေက လူကြီးတွေထက်ပိုပြီး ဘ၀အဓိပ္ပာယ်မဲ့တဲ့ ခံစားမှုဖြစ်တာ များတယ်။ ဘာလုပ်ရလုပ်ရ အဓိပ္ပာယ်မရှိဘူလို့ ခံစားနေရတယ်။ဘ၀နဲ့ပတ်သက်ပြီး လေးနက်တဲ့ခံယူချက် မရှိရင် ကိုယ့်ဘ၀ကို အဓိပ္ပာယ်ရှိတယ်လို့ခံစားရမှာ မဟုတ်ဘူး။လူငယ်တွေ စိတ်ကျရောဂါဖြစ်တာ ပိုများလာတယ်။ ဆိုးသွမ်းတာ၊ ရမ်းကားတာ ပိုများလာတယ်။ မူးယစ်ဆေးဝါးစွဲတာ အရက်စွဲတဲ့သူ ၂၀ မှာ ၁၈ ယောက်က သူတို့ဘ၀ အဓိပ္ပာယ်မရှိဘူး။ လုပ်နေရတဲ့ အလုပ်တွေဟာ အဓိပ္ပာယ်မရှိဘူးလို့ ပြောကြတယ်။ငါလုပ်နေတဲ့အလုပ်ဟာ ဘာအဓိပ္ပာယ်ရှိသလဲလို့ မေးလိုက်တာကိုက ငါဟာ လူသားတစ်ယောက်ဖြစ်တယ်လို့ ခိုင်ခိုင်မာမာ ဖော်ပြလိုက်တာပဲ။The search for meaning is a distinctive characteristic of being human.အဓိပ္ပာယ်ကိုရှာတာ လူရဲ့ထူးခြားတဲ့လက္ခဏာဖြစ်တယ်။ လူပီသတဲ့ လက္ခဏာဖြစ်တယ်။ ဘယ်တိရစ္ဆာန်မှ ဘ၀ရဲ့အဓိပ္ပာယ်ကို မမေးဘူး။ မစဉ်းစားဘူး။Man is always reaching out for meaning, always setting out on his search for meaning.အဓိပ္ပာယ်ကို မရှာရင် လူမပီသတော့ဘူး။ ဒါကြောင့် အသိဥာဏ်အဆင့် မြင့်လာရင် အဓိပ္ပာယ်ပိုပြီး စဉ်းစားတယ်။ ဘ၀ကိုက ဘ၀ကို အဓိပ္ပာယ်ရှိအောင်နေဖို့ တောင်းဆိုတယ်လို့ ဆိုချင်ပါတယ်။ အဲဒီလို တောင်းဆိုတာကို ပြည့်အောင် ဖြည့်ဆည်းဖို့လိုတယ်။ဒါကြောင့် ခေတ်အဆက်ဆက် လူတွေဟာ စားဝတ်နေရေးလောက်နဲ့ရပ်မနေပဲ လုပ်သမျှအလုပ်တွေကို တစ်မျိုးထူးအောင် လုပ်တယ်။ စားတာလည်း အဓိပ္ပာယ်ရှိအောင်နေဖို့ တောင်းဆိုတယ်လို့ ဆိုချင်ပါတယ်။ အဲဒီလို တောင်းဆိုတာကို ဖြည့်ဆည်းဖို့လိုတယ်။ဒါကြောင့် ခေတ်အဆက်ဆက်လူတွေဟာ စားဝတ်နေရေးလောက်နဲ့ရပ်မနေပဲ။ လုပ်သမျှအလုပ်တွေကို တစ်မျိုးထူးအောင် လုပ်တယ်။ စားတာလည်း အဓိပ္ပာယ်ရှိအောင်၊ ၀တ်တာလည်း အဓိပ္ပာယ်ရှိအောင်၊ နေတာထိုင်တာပြောတာဆိုတာ အဓိပ္ပာယ်ရှိအောင် ကြိုးစားတယ်။ မွေးလာတာအဓိပ္ပာယ်ရှိအောင်လုပ်တယ်။ အိမ်ထောင်ပြုတာ အဓိပ္ပာယ်ရှိအောင်လုပ်တယ်။ ဒါဟာ အလုပ်မရှိ အလုပ်ရှာပြီး အပိုအလုပ်တွေလုပ်တာ မဟုတ်ဘူး။လူမှာ မြင့်မြတ်တဲ့သဘာဝ ရှိပါတယ်။ ဒီအချက်ကို လေးလေးနက်နက် သဘောပေါက်ဖို့ လက်ခံဖို့လိုပါတယ်။ ဘာလုပ်လုပ် အဲဒီမြင့်မြတ်တဲ့သဘာဝကို ရှေ့တန်းတင်ပြီးမှ စဉ်းစားသင့်တယ်။စီးပွားရေး လုပ်တာမှာလည်း ရောင်းသူ ၀ယ်သူ နှစ်ဦးနှစ်ဖက်လုံဟာ စိတ်ကောင်းကောင်းနဲ့ ရောင်းမှ ၀ယ်မှ လူရဲ့မြင့်မြတ်မှုကို နေရာ ပေးရောရောက်မယ်။ ဒါမှလည်း စိတ်ချမ်းသာမယ်။ ကိုယ်လုပ်တဲ့အလုပ်ဟာ ကိုယ်ရဲ့မြင့်မြတ်တဲ့သဘာဝကို ထိခိုက်သွားရင် လုပ်ရကျိုးနပ်တယ်လို့ မဆိုနိုင်ဘူး။ကျောင်းဆရာအလုပ်လည်း ထို့အတူပါပဲ။ ဆရာတပည့် နှစ်ဦးနှစ်ဖက် စိတ်ထားမြင့်မားလာအောင် ရည်ရွယ်ချက်ထားပြီး လုပ်မှ ပညာရေးဟာ အဓိပ္ပာယ်ရှိမယ်။နိုင်ငံကောင်းဖို့ လုပ်တာမှာလည်း စိတ်ထားမြင့်မားဖို့ဆိုတဲ့ ရည်ရွယ်ချက်ထားပြီး လုပ်ရင် ပိုပြီးအဆင်ပြေမယ်၊ လေးနက်မယ်။စိတ်ထားတွေနိမ့်ရင် ဘာလုပ်လုပ် ကောင်းမှာမဟုတ်ဘူး။လူငယ်တွေရဲ့စိတ်ထားကို လျှော့မတွက်ပါနဲ့၊ လူငယ်တွေမှာအဓိပ္ပာယ်ရှိတဲ့ပညာကို လေးလေးစားစားသင်ချင်စိတ် ရှိပါတယ်။ အဓိပ္ပာယ်ရှိတဲ့ အလုပ်ကို လေးလေးစားစား လုပ်ချင်တဲ့စိတ် ရှိပါတယ်။အဲဒီလိုပညာမျိုး အဲဒီလိုအလုပ်မျိုးကို လုပ်နိုင်အောင် ဘယ်လို အကူအညီပေးရမလဲ ဆိုတာကို လူကြီး မိဘတွေ ၀ိုင်းစဉ်းစားဖို့ လိုတယ်။ အဓိပ္ပာယ်ရှိတဲ့ပညာ အဓိပ္ပာယ်ရှိတဲ့အလုပ်ကို မလုပ်ရရင် ခံစားချက်ပြင်းပြင်းနဲ့ပေါက်ကွဲတတ်တယ်။ လူကြီးတွေကိုလည်း အထင်မကြီးတဲ့စိတ် ဖြစ်တတ်တယ်။ ဘယ်သူ့ကိုမှ အထင်မကြီးတော့ဘူး၊ ဘာကိုမှ တန်ဖိုးမထားတော့ဘူး ဆိုရင် သူ့ဘ၀ကိုသူ ဖျက်ဆီးလိမ့်မယ်။ စိတ်ဓါတ်ကျတာ၊ ရမ်းကားတာ၊ အရက်မူးယစ်ဆေးဝါးစွဲတာတွေဟာ ဘ၀အဓိပ္ပာယ်ပျောက်နေလို့ လုပ်ကြတာပါ။ ကိုယ့်ဘ၀မှာ အဓိပ္ပာယ်ရှိတာကို လုပ်နေရရင် ကိုယ့်ကိုယ်ကိုကိုယ် မဖျက်ဆီးပါဘူး။တချို့ကိုယ့်ကိုကိုယ် သတ်သေတာလည်း များသောအားဖြင့် ဘ၀အဓိပ္ပာယ် မဲ့နေတယ်လို့ခံစားရလို့ပါ။ ဘာမှ အဓိပ္ပာယ်မရှိတဲ့ ဘ၀မျိုးကို ဘယ်သူ နေချင်ပါ့မလဲ။
ဘုန်းကြီးရေးတဲ့စာတွေကို လူငယ်တွေအများဆုံးဖတ်ကြတယ်လို့သိရတယ်။ အဲဒီလို သိရတာ ဘုန်းကြီး ၀မ်းသာတယ်။ ဘာဖြစ်လို့ လူငယ်တွေဘုန်းကြီးရဲ့စာတွေကို ဖတ်ကြတာလဲ။ ပထမအချက်က သူတို့ကို ဘုန်းကြီးတန်ဖိုးထားတယ်။ သူတို့မှာ စိတ်ကောင်း ရှိတယ်၊ ကောင်းတာကို လုပ်ချင်တယ်ဆိုတာကို ဘုန်းကြီးသိတယ်။ ဒါကို သိဖို့က သိပ်မခက်ပါဘူး။ ဘုန်းကြီးလည်း တစ်ချိန်တုန်းက လူငယ်လေးဖြစ်ခဲ့ပါတယ်။ တစ်ချိန်းတုန်းက ဆိုတာ သိပ်မကြာသေးပါဘူးနော်။ ဘုန်းကြီးကို ဆိုးတယ်လို့ တချို့လူကြီးတွေက ပြောကြတယ်။ သူတို့ ဘုန်းကြီးအကြောင်းကို မသိပဲ ပြောတာ။ ဘုန်းကြီးကောင်းတာတွေလုပ်ဖို့ ဘယ်လောက်ကြိုးစားတယ်ဆိုတာ သူတို့မသိကြပါဘူး။နောက်တစ်ချက်က ဘုန်းကြီးရဲ့ စာတွေက သူတို့စိတ်ကို သူတို့သိဖို့နဲ့ သူတို့ဘ၀ကို သူတို့တန်ဖိုးထားဖို့ လမ်းပြပေးထားတယ်။ သူတို့ပိုကောင်းတဲ့သူတွေ ဖြစ်ချင်လို့သာ ဘုန်းကြီးစာတွေကို ဖတ်ကြတာပါ။ တခြားအကြောင်းမရှိပါဘူး။ ဘုန်းကြီးစားတွေက အပျင်းပြေဖတ်လို့မရပါဘူး။ ဒါကိုကြည့်ရင်ပဲ လူငယ်တွေဟာ သိပ်ကောင်းချင်ကြတယ်ဆိုတာ ပေါ်လွင်ပါတယ်။အဓိပ္ပာယ်ရှိတဲ့ ဘ၀အမြင်ကို လူတိုင်း လိုချင်ကြပါတယ်။ တချို့ကြိုးကြိုးစားစား ရှာတယ်။ အဲဒီလို အဓိပ္ပာယ်ရှိတဲ့ ဘ၀အမြင်ကို ရထားတဲ့သူဟာ ဘယ်လောက် ဒုက္ခတွေနဲ့ကြုံရကြုံရ ခံနိုင်တယ်။ ဒုက္ခနဲ့တွေ့ရလို့ စိတ်ဓါတ်မကျဘူး။ နင်လားဟဲ့ လောကဓံ ဆိုပြီး ကြံ့ကြံ့ခံပြီး ရင်ဆိုင်တယ်။ လောကဓံကို အရှုံးမပေးဘူး။ ကိုယ့်ရဲ့မြင့်မြတ်တဲ့ စိတ်ထားကို အပျက်မခံဘူး။ ဘ၀ကို ရောင်းမစားဘူး။ ကိုယ့်ကိုယ်ကို တန်ဖိုးမချဘူး။ အားလုံးကို ခံနိုင်ရည်ရှိအောင် မြင့်မြတ်တဲ့စိတ်က ခံနိုင်ရည်ကို ပေးတယ်။လူတွေဟာ အဆင့်မြင့်တဲ့ ရည်မှန်းချက်နဲ့ အဓိပ္ပာယ်ရှိတဲ့ဘ၀ကို လိုချင်ကြတယ်။ အလုပ်လုပ်တဲ့အခါမှာလည်း ငွေရရုံလောက်နဲ့ မကျေနပ်ဘူး။ စိတ်ထားနဲ့အသိဥာဏ်ကို မြှင့်ပေးနိုင်တဲ့ အလုပ်မျိုး၊ အရည်အချင်းကောင်းတွေထွက်လာတဲ့ အလုပ်မျိုး၊ ကိုယ့်အရည်အချင်းကို ပြည့်ပြည့်၀၀ သုံးရတဲ့အလုပ်မျိုးကို လုပ်ချင်တယ်။ငွေရပြီး ကိုယ့်ကိုယ်ကို ရောင်းစားရတဲ့ အလုပ်မျိုး၊ ကိုယ့်ခံယူချက်ကို သစ္စာဖောက်ရတဲ့အလုပ်မျိုးကို လုပ်ရရင် စိတ်ရောဂါဖြစ်တယ်။ ဒါကြောင့် တချို့လူတွေ ငွေရပြီး စိတ်မချမ်းမသာဖြစ်နေကြတယ်။ ကိုယ်ဘာလုပ်တယ်၊ ဘာကြောင့်လုပ်တယ်ဆိုတာကို ကိုယ်သိတယ်။ သူများလည်း သိသလောက်တော့ သိပါတယ်။ကိုယ့်ကိုယ်ကို ညာနေရတာ ပင်ပန်းပါတယ်။ ဟန်လုပ်နေရတာပင်ပန်းပါတယ်။ သူများကို ညာနေရတာလည်း ပင်ပန်းပါတယ်။ မယုံပဲနဲ့ ယုံချင်ဟန်ဆောင်ပေးနေရတာလည်း ပင်ပန်းပါတယ်။ အဲဒီလို ပင်ပန်းတာတွေကလည်း ဖိဆီးမှု(stress)တွေ များလာတဲ့ အခါ (depression) စိတ်ကျရောဂါ ဖြစ်ပါတယ်။ကိုယ့်ကိုယ်ကို လေးစားမှုမရှိတဲ့သယဟာ တကယ်စိတ်ချမ်းသာတဲ့သူ မဖြစ်နိုင်ဘူး။ ဆက်ဆံရေးတွေမှာ ဟန်လုပ်နေရတဲ့သူဟာ စိတ်ချမ်းသာမှု အစစ်ကို မရနိုင်ဘူး။ ဒါကြောင့် စိတ်ထားကောင်းကောင်းနဲ့ အားလုံးအတွက် အကျိုးများတဲ့ အဓိပ္ပာယ်ရှိတဲ့ အလုပ်ကို လုပ်မှသာ လူပီသတဲ့လူဖြစ်ပြီး စိတ်ချမ်းသာမယ်၊ စိတ်ကျန်းမာမယ်၊ နေပျော်တဲ့ဘ၀ကိုရမယ်။လူရဲ့အဆင့်မြင့်တဲ့ ရည်မှန်းချက်ဟာ အဆင့်အတန်းမြင့်တဲ့စိတ်ထားနဲ့ လေးနက်တဲ့ မြင့်မြတ်တဲ့ မှန်ကန်တဲ့ ဘ၀အမြင် အသိဥာဏ်ရဖို့ပဲ။ ကျန်တာတွေအားလုံးဟာ အဲဒီရည်မှန်းချက် အကောင်အထည်ပေးဖို့ လုပ်ရတာပဲ။ ပညာရေးဟာလည်း အဲဒီကိုပဲ ဦးတည်ရမယ်။ စားဝတ်နေရေး အဆင့်မြင့်ဖို့လောက် ငွေရတဲ့အလုပ်ကို လုပ်တက်ရုံလောက်ဆိုရင် အဆင့်နိမ့်တဲ့ ရည်မှန်းချက် ဖြစ်နေလို့ စိတ်ကျေနပ်မှု သိပ်ရမှာမဟုတ်ဘူး။ဒါကြောင့် အသက်နဲနဲကြီးလာတဲ့အခါမှာ "ငါသိထားတာတွေဟာ အပေါ်ယံ ဆန်လိုက်တာ၊ ဘ၀တန်ဖိုး ဘ၀အဓိပ္ပာယ်ကို ငါဘာမှ မ သိသေးပါလား" လို့တွေါ်မိတတ်တယ်။ အဲဒီလို တွေးမိတယ်ဆိုရင် တော်သေးတယ်။တကယ်လေးနက်တဲ့ အသိဥာဏ် မြင့်မြတ်တဲ့အသိဥာဏ်ကို လိုချင်ရင် ရနိုင်ပါတယ်။ တချို့ အဲဒီလိုတောင်မတွေးမိလို့ တစ်သက်လုံး ငွေနဲ့ အပေါ်ယံအပျော်အပါးလောက်နဲ့ နေသွားကြတယ်။ လူဖြစ်ကျိုး မနပ်လိုက်တာ။ ကိုယ့်ဟာကိုယ် ပျော်ပျော်နေသွားတယ်ဆိုရင် တော်သေးတယ်။ ကိုယ်ပျော်ဖို့ သူများကို အသုံးချတယ်။ ကိုယ့်ကြောင့် သူများဘ၀ နစ်မွန်းသွားရတယ်ဆိုရင် လူမဆန်ဘူးလို့ ဆိုရတော့မယ်။စီးပွားရေးဟာလည်း စိတ်ထားမြင့်မားရေးအတွက် အထောက်အကူပေးနိုင်မယ်။ စီးပွားရေးလုပ်ရင်း စိတ်ထားအဆင့်အတန်း နိမ့်တဲ့သူ ဖြစ်သွားရင် ဘာအဓိပ္ပာယ်ရှိမလဲ။ ငါလုပ်နေတဲ့ စီးပွားရေးလုပ်ငန်းနဲ့ ငါနေတဲ့လောကကို အကျိုးပြုမယ်လို့ ရည်ရွယ်ချက်ထားပြီး လုပ်ရင် စိတ်ထားမြင့်မြတ်လို့ အဓိပ္ပာယ်ရှိတယ်လို့ ခံစားရမယ်။ဘာသာရေးဟာလည်း ထို့အတူပါပဲ ထုံးစံအတိုင်းလုပ်ရတဲ့ အလုပ်မဟုတ်ဘူး။ ကိုယ့်စိတ်ထား တစ်နေ့တခြား မြင့်မားလာအောင် ဥာဏ်နဲ့ကြည့်ပြီး လုပ်သွားနေရမယ်။ အဆင့်အမြင့်ဆုံးစိတ်ထားမျိုး၊ အဆင့်အမြင့်ဆုံး အသိဥာဏ်မျိုး ရအောင် လုပ်မယ်လို့ ရည်မှန်းချက် ထားရမယ်။ ဒါမှ တကယ် အဓိပ္ပာယ်ရှိမယ်။လူမှုဆက်ဆံရေးမှာလည်း ကိုယ့်ရဲ့အကောင်းဆုံးစိတ်ထားကို ဖော်ထုတ်ဖို့ဆိုတဲ့ ရည်ရွယ်ချက် ထားမှသာ အဲဒီဆက်ဆံရေးဟာ ကိုယ့်အတွက်ကော အများအတွက်ပါ အကျိုးများမယ်။ ကျေနပ်စရာ ကောင်းမယ်။ စိတ်ချမ်းသာစရာ ကောင်းမယ်။ များသောအားဖြင့် ကိုယ့်အတွက် အသုံးချဖို့ဆိုတဲ့ ရည်ရွယ်ချက်နဲ့ ဆက်ဆံနေကြလို့ ဆက်ဆံရေးတွေဟာ ကျေနပ်စရာမဖြစ်ဘူး။ အသုံးချတာကို ခံနေရတဲ့သူဟာ ကိုယ့်ကို လူတယောက်အဖြစ် တန်ဖိုးထားတာကို မခံရဘူး။ အဲဒါ အင်မတန် ခံရခက်တယ်။ကိုယ်က သူများကို အဆင့်နှိမ့်လိုက်ရင် ကိုယ်ပါ အဆင့်နှိမ့်သွားတယ်။သူ့ကို လူလို သဘောမထားရင် ကိုယ်လည်းလူမဟုတ်တော့ဘူး။ လူမှန်ရင် လူကို လူလို မြင်ရမယ်။ လူလို ဆက်ဆံရမယ်။ လူကို တန်ဖိုးချတဲ့ဆက်ဆံရေးဟာ လောကကို ဖျက်ဆီးတဲ့ ဆက်ဆံရေးဖြစ်တယ်။"အူမ တောင့်မှ သီလစောင့်မယ်" ဆိုတဲ့စကားကို ဘုန်းကြီး လက်မခံပါဘူး။ အစကတည်းက ကိုယ်ကျင့်တရားကို တန်ဖိုးမထားတဲ့သူဟာ အူမဘယ်လောက်တောင့်တောင့် သီလမစောင့်ပါဘူး။ စည်းစိမ်ဥစ္စာ ကြွယ်ဝချမ်းသာပြီး ကိုယ်ကျင့်တရား မရှိတဲ့သူတွေ အများကြီးတွေ့ရပါတယ်။"အူမ တောင့်မှ သီလစောင့်မယ်" ဆိုတဲ့စကားဟာ ဘုရားဟောနဲ့လည်း မညီပါဘူး။ ဘုရားက အသက်ကိုစွန့်ရမယ်ဆိုရင် စွန့်လိုက်ပါ သီလကို မစွန့်ပါနဲ့လို့ဟောပါတယ်။ကိုယ့်ကိုယ်ကို အဆင့်အတန်းမြင့်မားတဲ့လူသားလို့ ပြည့်ပြည့်၀၀ ခိုင်ခိုင်မာမာ ခံယူထားတဲ့သူဟာ အူမတောင့်ဖို့အရေးကိုလည်း သီလ မပျက်တဲ့နည်းနဲ့ လုပ်မှာပဲ။ သမ္မာအာဇီဝ ဆိုတာ မဂ္ဂင်ရှစ်ပါးထဲမှာ တစ်ပါးအပါအ၀င်ဖြစ်ပါတယ်။ ဒါကြောင့် အူမတောင့်မှ သီလစောင့်မယ် ဆိုတဲ့စကားဟာ လူကို လျှော့ဈေးပေးထားတဲ့ စကားဖြစ်ပါတယ်။ တနည်းအားဖြင့်တော့ လူကို စော်ကားတဲ့စကား ဖြစ်ပါတယ်။ဆင်းရဲရင် ခိုးမှာပဲလို့တော့ ပုံသေတွက်လို့မရပါဘူး။ ဆင်းရဲပေမဲ့ ကိုယ့်ဂုဏ်သိက္ခာကို ကိုယ်တန်ဖိုးထားတဲ့သူ ရှိပါတယ် ဆိုတာကို လက်ခံရမယ်။ ဆင်းရဲတာ ချမ်းသာတာ အဓိကမဟုတ်ပါဘူး။ ဘာကို တန်ဖိုးထားသလဲဆိုတာက အဓိက ဖြစ်ပါတယ်။ ဆင်းရဲတဲ့သူမှာလည်း ဘ၀အဓိပ္ပာယ်ကို တန်ဖိုးထားတဲ့စိတ် ရှိပါတယ်။ ချမ်းသာတဲ့သူမှာလည်း ဘ၀အဓိပ္ပာယ်ကို တန်ဖိုးထားတဲ့စိတ် ရှိပါတယ်။ ဘ၀ကို အဓိပ္ပာယ်ရှိရှိ နေချင်တာဟာ ဆင်းရဲချမ်းသာမရွေး လိုချင်ကြတဲ့အရာ ဖြစ်ပါတယ်။ကိုယ့်ဘ၀ဟာ ဘာအဓိပ္ပာယ်မှ မရှိတော့ဘူးလို့ ခံစားရရင် စိတ်မချမ်းသာနိုင်တော့ဘူး။ အသက်မသေပေမဲ့ ဘ၀သေသွားသလို ဖြစ်သွားပြီး တချို့ ဘ၀သေတဲ့ ခံစားမှုကို မခံနိုင်တော့လို့ သေလိုက်တာ ရှိတယ်။ဘ၀အဓိပ္ပာယ် ဆိုတာကို မရှာတော့တဲ့သူ ရှိသလား။ ရှိမယ်ထင်တယ်။ အဲဒီလိုလူဟာ လူပီသတဲ့စိတ် မရှိနိုင်တော့ဘူး။ အင်မတန်အဆင့်နိမ့်တဲ့ စိတ်ထားနဲ့ နေသွားရမယ်။ စားလိုက် အိပ်လိုက် အပျော်အပါးခံစားလိုက်နဲ့ နေသွားတဲ့သူတွေ ရှိပါတယ်။ ဒါပေမဲ့ စိတ်ထားနဲ့ အသိဥာဏ်နည်းနည်းမြင့်လာတာနဲ့ အဓိပ္ပာယ်ရှိတာကို လုပ်ချင်လာတယ်။ငယ်ငယ်ကတည်းက စိတ်ထားမြင့်အောင် သင်ပေးရင် ရပါတယ်။ အဲဒီလိုသင်ပေးနိုင်ရင် လူ့အသိုင်းအ၀ိုင်းဟာ ပိုပြီး ဘေးကင်းတဲ့ အသိုင်းအ၀ိုင်းဖြစ်လာမယ်။ စိတ်ထားမြင့်မှ လူပီသတယ် စိတ်ထားမြင့်မှ စိတ်ကျန်းမာတယ်။ စိတ်ထားနိမ့်တာဟာ ချို့တဲ့မှုတစ်မျိုးဖြစ်တယ်။ အဟာရချို့တဲ့ရင် မကျန်းမာသလို စိတ်ထားနိမ့်ရင်လည်း မကျန်းမာဘူးလို့ ဆိုနိုင်တယ်။The will to meaning is not only a true manifestation of man's humanness, but also a reliable criterion of mental health.အဓိပ္ပာယ်မရှိတဲ့ဘ၀၊ အဆင့်မြင့်တဲ့ ဦးတည်ချက် မရှိတဲ့ ဘ၀မျိုးကို နေနေတဲ့သူဟာ လူပီသတဲ့ဘ၀ကို မနေတတ်သေးဘူး။အဆင့်မြင့်တဲ့ ဦးတည်ချက်တစ်ခု ရှိတဲ့သူဟာ အခက်အခဲတွေကို ပိုပြီး ခံနိုင်ရည်ရှိတယ်။ ကိုယ့်ရဲ့ အဆင့်မြင့်တဲ့စိတ်ထားက ကိုယ်ခံနိုင်ရည်ကို မြှင့်ပေးတယ်။ကိုယ်ကျိုးအတွက် ဘာမဆို လုပ်တဲ့သူဟာ စိတ်ထားအဆင့်တော်တော် နိမ့်သေးတယ်။ စိတ်ထားအဆင့် မြင့်လာတာနဲ့ အများကောင်းကျိုးဆိုတာကို စဉ်းစားလာတယ်။ဒါကြောင့် တကိုယ်ကောင်း ဆန်လွန်းတဲ့သူဟာ အဆင့်နိမ့်သေးတဲ့လူဖြစ်တယ်။ ကိုယ့်ပတ်ဝန်းကျင်မှာ အဆင်မပြေတာတွေကို မြင်နေရပါလျက်နဲ့ ''ငါနဲ့ ဘာမှ မဆိုင်ဘူး'' လို့ သဘောထားနိုင်တဲ့သူဟာ စိတ်ထားအဆင့် နိမ့်နေသေးတဲ့သူ ဖြစ်တယ်။အတ္တစွဲကို လွန်မြောက်ပြီးတော့ ဖြူစင်တဲ့စေတနာနဲ့ လူ့အသိုင်းအ၀ိုင်းကို အကျိုးပြုနိုင်တဲ့သူဟာ တကယ် အဆင့်မြင့်တဲ့သူ ဖြစ်တယ်။ ဒါကြောင့် ကိုယ့်အကျိုးကို ရှေ့တန်းတင်ပြီး ကိုယ့်မှာ အကျိုးရှိဖို့ အများအကျိုးထိခိုက်နေတာကို ဘာမှ ဂရုမစိုက်ပဲ မညှာမတာ လုပ်နေတဲ့သူဟာ တော်တော်အဆင့်နိမ့်တဲ့လူ ဖြစ်တယ်။ အဲဒီလိုလူမျိုး ဖြစ်ချင်သလား။ကိုယ့်အတွက် အကျိုးအမြတ်ရဖို့တစ်ခုကိုပဲ ဦးစားပေးပြီးတော့ လူအများထိခိုက်တာကို လုပ်နေရင် ငွေတော့ရမယ်၊ မြင့်မြတ်တဲ့စိတ်ကိုတော့ အဆုံးရှုံးခံလိုက်ရမယ်။ အဲဒီလိုလူဟာ စိတ်အေးချမ်းမှုကို ရနိုင်မှာ မဟုတ်ဘူး။မြင့်မြတ်တဲ့ စိတ်ထားနဲ့ ကောင်းတဲ့အလုပ်ကို လုပ်ရင် အဓိပ္ပာယ်ရှိတယ်လို့ ခံစားရမယ်။ ဘယ်သူ့အတွက် လုပ်တာဖြစ်ဖြစ် အဓိပ္ပာယ်ရှိတယ်။ မိဘအတွက် လုပ်ရင်လည်းကောင်းတယ်။ သားသမီးအတွက် လုပ်ရင်လည်း ကောင်းတယ်။ ဘာမှဆွေမျိုးမတော်တဲ့ သူတွေအတွက် လုပ်ဖို့လည်း လိုတယ်။ ပိုပြီး စိတ်ဓါတ်မြင့်လာရင် လူသားအားလုံးအတွက် အကျိုးရှိတာကို လုပ်ချင်လာမယ်။ရိုးရိုးကိစ္စလေးတွေ နေ့စဉ်လုပ်နေရတဲ့ ကိစ္စလေးတွေမှာလည်း စိတ်ထားကောင်းကောင်းနဲ့လုပ်ရင် အဓိပ္ပာယ်ရှိတာကို လုပ်နေတယ်လို့ ခံစားနိုင်ပါတယ်။ ဘတ်(စ်)ကား မောင်းတာမှာလည်း စိတ်ထားကောင်းကောင်းနဲ့မောင်းရင် အဓိပ္ပာယ်ရှိပါတယ်။ တက္ကစီကား မောင်းတာမှာလည်း စိတ်ထားကောင်းရင် အဓိပ္ပာယ်ရှိပါတယ်။ လမ်းဘေးမှာ ဈေးရောင်းတာလည်း စိတ်ထားကောင်းရင် အဓိပ္ပာယ်ရှိပါတယ်။စိတ်ထားမကောင်းရင်တော့ ဆရာဝန်က လူနာကို အလိုအပ်ပဲဆေးတွေထိုးပြီး ပိုက်ဆံယူတာမျိုးဆိုရင် အင်မတန် စိတ်ထားညံ့တယ်လို့ဆိုနိုင်တယ်။ အဲဒီဆရာဝန်ဟာ ငါ့အလုပ်ဟာ အဓိပ္ပာယ်ရှိတယ်။ ငါ့ဘ၀ဟာအဓိပ္ပာယ်ရှိတယ်လို့ ဘယ်လိုခံစားရမလဲ။ကျောင်းဆရာ ဆိုရင်လည်းတပည့်တွေ စဉ်းစားတတ်တဲ့သူတွေဖြစ်လာအောင် သင်ပေးရင် စိတ်ထား စေတနာကောင်း ငါ့အလုပ်ဟာ အဓိပ္ပာယ်ရှိတယ်၊ ငါ့ဘ၀ဟာ အဓိပ္ပာယ်ရှိတယ်လို့ ခံစားရမယ်။ ပိုက်ဆံရဖို့ကို အဓိကထားပြီး သင်ရင်တော့ အဓိပ္ပာယ်ရှိတယ်လို့ ခံစားရမှာ မဟုတ်ဘူး။ နေ့စဉ်ကိုယ်လုပ်သမျှကိစ္စတွေကို ပိုပြီး စိတ်ထားကောင်းကောင်းနဲ့ လုပ်နေမှ ဘ၀တစ်ခုလုံး အဓိပ္ပာယ်ရှိမယ်။ဒုက္ခကြီးကြီးမားမား ကြုံရပြီးမှ စိတ်ထားမြင့်မြတ်သွားတဲ့သူတွေ အများကြီးရှိပါတယ်။ အဲဒီလိုလူအတွက် သူကြုံရတဲ့ဒုက္ခဟာ အဓိပ္ပာယ်ရှိတယ်လို့ ခံစားရမယ်။ သေလောက်တဲ့ ရောဂါမျိုး ဖြစ်ပြီးမှ စိတ်ဓာတ်ရင့်ကျက်လေးနက် မြင့်မြတ်လာတဲ့သူတွေ ရှိတယ်။ ပစ္စည်းဥစ္စာတွေ အကုန်လုံးဆုံးရှုံးသွားပြီးမှ ဘ၀အဓိပ္ပာယ်ကို ရှာတွေ့သွားတဲ့သူတွေ ရှိတယ်။ တချို့ထောင်ကျသွားပြီးမှ လေးနက်တဲ့အသိဥာဏ်ကို ရတဲ့သူလည်း ရှိပါတယ်။အဓိပ္ပာယ်ဆိုတာ အတွေ့အကြုံတိုင်းမှာရနိုင်ပါတယ်။ ကိုယ်က မြင်တတ်ဖို့ ယူတတ်ဖို့ပဲ လိုတယ်။ ဒါကြောင့် ကောင်းတာဖြစ်စေ ဆိုးတာဖြစ်စေ ကြုံရတဲ့အခါမှာ ဒီအတွေ့အကြုံဟာ ငါ့ကို ပိုပြီး စိတ်ထားကောင်းတဲ့သူ ပိုပြီး အသိဥာဏ် လေးနက်တဲ့သူ ဖြစ်စေရမယ် လို့ သဘောထားရင် အဲဒီအတွေ့အကြုံဟာ တန်ဖိုးရှိတဲ့ အဓိပ္ပာယ်ပြည့်ဝတဲ့ အတွေ့အကြုံ ဖြစ်လာာမယ်။
Meaning is available under any conditions, even the worst conceivable ones.ဘယ်လို အခြေအနေမျိုးမှာဖြစ်ဖြစ် အဓိပ္ပာယ်ကို ရှာတွေ့နိုင်ပါတယ်။ အဆိုးဆုံးလို့ဆိုရတဲ့ အခြေအနေမျိုးမှာတောင် တွေ့နိုင်တယ်။ သေခါနီးအခြေအနေမှာတောင် ဘ၀အဓိပ္ပာယ်ကို တွေ့နိုင်ပါတယ်။ သေတယ် ဆိုတာလည်း အဓိပ္ပာယ်ရှိတဲ့ ဘ၀အတွေ့အကြုံဖြစ်နိုင်တယ်။ဒုက္ခရောက်တဲ့အခါ ငါ့မှာ ဘာဖြစ်လို့ ဒုက္ခရောက်ရတာလဲလို့ မေးတတ်တယ်။ တကယ်မေးသင့်တဲ့မေးခွန်းက ငါဘာသင်ခန်းစာ ယူရမလဲ။ ဘာလုပ်သင့်သလဲလို့ မေးသင့်တယ်။ ငါတတ်နိုင်တာ ဘာရှိသလဲလို့ မေးသင့်တယ်။Life retains its meaning under any conditions. It remains meaningful literally up to its last moment, up to one's last breath.ဘ၀ဟာ ဘယ်လိုအခြေအနေမျိုးမှာပဲဖြစ်ဖြစ် အဓိပ္ပာယ်ကို ဆောင်ထားပါတယ်။ နောက်ဆုံးအချိန်အထိ၊ နောက်ဆုံး ထွက်သက်ဝင်သက်အထိ အဓိပ္ပာယ် ရှိနေသေးတယ်။ကိုယ်တွေ့ကြုံခံစားရတဲ့ ဒုက္ခထဲက လေးနက်တဲ့ အသိဥာဏ်ကို ရအောင် လုပ်နိုင်တဲ့သူ  ဒုက္ခကြုံရလို့ စိတ်ထားပိုပြီး လေးနက်သွားတဲ့သူဟာအောင်မြင်မှု ရတဲ့သူလို့ ဆိုနိုင်တယ်။ ကောင်းတာတွေ ကြုံရပြီး စိတ်ထားညံ့သွားတဲ့သူဟာ ရှုံးနိမ့်သွားတဲ့သူလို့ ဆိုနိုင်တယ်။မိဘတွေ ချမ်းသာပြီး လိုတာတွေအားလုံး ရနေတဲ့သူတချို့ဘ၀အဓိပ္ပာယ် မဲ့နေလို့ စိတ်ဓါတ်ကျနေတာ အများကြီးတွေ့ရပါတယ်။We can meet people who in spite of success are caught in despair.ပစ္စည်းဥစ္စာ ချမ်းသာတယ်၊ ရာထူးရှိတယ်၊ ဒါကြောင့်အောင်မြင်တယ်လို့ ဆိုနိုင်တဲ့သူတွေ (ဘ၀အဓိပ္ပာယ် မဲ့နေလို့) စိတ်မချမ်းသာမှုထဲမှာ လှောင်ပိတ်မိနေတာကို တွေ့နိုင်ပါတယ်။We come across people who in spite of failure have arrived at a sense of fulfillment and even happiness, because they have found meaning even in suffering.ဆုံးရှုံးမှုတွေကို ကြုံနေရပေမဲ့ ဘ၀အဓိပ္ပာယ်ကို ရှာတွေ့လို့ ကိုယ့်ဘ၀ကို ကိုယ်ကျေနပ်တဲ့သူတွေ၊ စိတ်ချမ်းသာနေတယ်လို့တောင် ဆိုနိုင်တဲ့သူတွေကို တွေ့နိုင်ပါတယ်။

ဆရာတော် ဦးဇောတိက

No comments:

Post a Comment