Tuesday, December 20, 2011

သောကတွေများလို့ စိတ်ပင်ပန်းနေတာ

သောကတွေများလို့ စိတ်ပင်ပန်းနေတာ

ပြင်ပလောကကြီးကို ကိုယ်လိုချင်သလိုဖြစ်အောင် ပြောင်းလဲယူဖို့ မရနိုင်ပါဘူး။ အင်မတန်ကြိုးစားရင် နည်းနည်းလောက်များ ရမလား မပြောတတ်ဘူး။ သို့သော် ကိုယ့်စိတ်ကိုကိုယ် သိပြီးတော့ သတိလေးနဲ့ ဥာဏ်လေးနဲ့ ကြည့်ပြီး ပြုပြင်နိုင်မယ်ဆိုရင်တော့ တဖြည်းဖြည်း စိတ်တည်ငြိမ်မှု၊ စိတ်အေးချမ်းမှု၊ ရင့်ကျက်မှုဟာ ပိုပြီးတော့ ရလာနိုင်မှာ အမှန်ပဲ။

အင်မတန်ရှုပ်ထွေးပြီးတော့ ပရမ်းပတာဖြစ်နေတဲ့ ခေတ်ကာလကြီးထဲမှာပဲ စိတ်ကြည်လင်မှု၊ အေးချမ်းမှု ရှိအောင် ဘယ်လိုနေသွားကြမလဲ။ မသေချာတဲ့မရေရာတဲ့ အလုပ်တွေ လုပ်နေကြရင်းနဲ့ကိုပဲ စိုးရိမ်မှု ပူပန်မှု နည်းအောင် ဘယ်လိုနေသွားကြမလဲ။ ဒါဟာ နည်းလမ်းရှာမှ ဖြစ်မယ်နော်။
ဖြစ်ချင်တိုင်း ဖြစ်နေတဲ့၊ အပြောင်းအလဲတွေ အင်မတန် မြန်နေတဲ့ခေတ်ကြီးမှာ စိတ်တည်ငြိမ်အောင် အေးချမ်းအောင် တစ်နည်းနည်းနဲ့ မလုပ်ဘဲနဲ့ ဒီအတိုင်းသာ ဆက်သွားနေမယ်ဆိုရင် ဒီဒဏ်ကို ဒီစိတ်ဟာ ခံနိုင်မှာ မဟုတ်တော့ဘူး။ သောကတွေ များလာလို့ ကိုယ့်ကိုကိုယ် ယုံကြည်မှု မရှိတာမျိုး ဖြစ်သွားနိုင်တယ်။ တစ်နေ့နေ့တော့ ဒီစိတ်ဟာ ချုံးချုံးကျသွားနိုင်တယ်။

ပရမ်းပတာဖြစ်နေတဲ့ မသေချာ မရေရာမှုတွေ အပြည့်ရှိနေတဲ့ အထဲမှာ ကိုယ်က လမ်းရှာပြီး သွားလို့ရတယ်။ ဥပမာ-အင်မတန် ရေစီးသန်ပြီး ကျောက်ဆောင်တွေ အချွန်အတက်တွေ အကွေ့အကောက်တွေပေါတဲ့ မြစ်ကြီးထဲမှာ လူတွေ မျောပါနေကြတယ်။ တချို့လူတွေက တကိုယ်လုံး မြုတ်ပြီးမျောနေတယ်။ သူတို့ဟာ အချွန်အတက်တွေနဲ့ တိုးမိမယ်။ အကွေ့အကောက် ရှိနေရင်လည်း တိုက်မိမယ်။ ရေစီးသန်သန်နဲ့ မျောပါလာတဲ့ သစ်တုံးကြီးတွေနဲ့ ၀င်ဆောင့်မိမယ်။ တချို့ကတော့ ခေါင်းလေးဖော်ပြီး မျောနေတယ်။ သူတို့က အန္တရာယ်ကို ရှောင်နိုင်တယ်။ အဝေးကနေ ကွင်းပြီးရှောင်လို့ရတယ်။ ဒါကြောင့် မျောနေတာချင်းအတူတူ ခေါင်းလေးဖော်ပြီး မျောနေတဲ့သူက အင်မတန်သက်သာတယ်။ ခေါင်းဖော်ပြီး မျောတက်ဖို့လိုပါတယ်။

အရင်ခေတ်ကလူတွေရဲ့ဘ၀ဟာ ဘာနဲ့တူသလဲဆိုတော့ မြို့ပတ်ရထားလမ်းပေါ်မှာ သွားနေတဲ့ရထားနဲ့တူတယ်။ မြို့ပတ်ရထားလမ်းပေါ်မှာ သွားနေတဲ့ ရထားဟာ ပုံမှန်ဒီဘူတာက ထွက်တာ နောက်ဆုံး ပြန်လာရင် ဒီဘူတာကြီးပဲ ပြန်ဆိုက်တယ်။ ပုံမှန်နေတယ်။
ခုခေတ်လူတွေရဲ့ဘ၀ဟာ Hang Glider စီးရတာနဲ့ တူနေတယ်နော်။ စက်မပါပဲနဲ့ တောင်ပံကြီးက ငှက်လို တောင်ပံကြီးလုပ်ထားတာ။ စက်မပါတဲ့အတွက်ကြောင့် ကိုယ်လိုချင်တဲ့ဘက်ကို ချက်ချင်းသွားလို့မရဘူး။ လေကြောင်းကို ကြည့်ပြီးတော့ အဆင်ပြေသလို ခုန်ပြီးတော့ တက်သွားလိုက်ရတယ်နော်။ လေကြောင်းနဲ့ တည့်နေလို့ရှိရင် ၀ဲလို့ရတယ်။ တဖြည်းဖြည်း ၀ဲရင်း ၀ဲရင်းနဲ့ အမြင့်ကို တက်လို့ရတယ်။ ပြီးမှ ကိုယ်လိုတဲ့ဘက်ကို ဦးတည်ပြီးတော့ ထိုးချလိုက်ရင် ရောက်သွားနိုင်တယ်။
အခုအဲလိုခေတ်မျိုးဖြစ်နေပါပြီ။ လေကြောင်းကို အင်မတန် ဥာဏ်ကြီးကြီးနဲ့ အကဲခတ်ရလိမ့်မယ်။ ပတ်ဝန်းကျင် အခြေအနေ ခေတ်အခါ အခြေအနေကို အင်မတန်သတိထားပြီး အကဲခက်ရလိမ့်မယ်။ အဲဒီလို အကဲခတ်ပြီးတော့ အဆင်ပြေသလို ကြည့်ပြီးတော့ နေသွားမှဖြစ်မယ်။ ငါလုပ်ချင်သလို လုပ်လို့မဖြစ်ပါ့လား လို့စိတ်ညစ်နေလို့ မဖြစ်တော့တဲ့ ခေတ်ပါနော်။
ဒါကြောင့် အခုခေတ်၊ အထူးသဖြင့် လူငယ်တွေကို ပြောချင်တာ၊ ပေါ့ပေါ့နေလို့ မရတော့ဘူး။ အစွမ်းအစတွေအများကြီး ထုတ်ရလိမ့်မယ်။ အကြံဥာဏ်တွေ အများကြီး ထုတ်ရလိမ့်မယ်။ အလုပ်တွေကို အမျိုးမျိုးလုပ်ရလိမ့်မယ်၊ လုပ်နိုင်ရမယ်။ အမျိုးမျိုါ် စမ်းပြီးတော့ လုပ်ကြည့်ရမယ်။ ပြီးမှ ကိုယ်နဲ့ အဆင်ပြေတာလေး တွေ့ချင်တွေ့မယ်၊ အဲဒီအဆင်ပြေတာလေးနဲ့တွေ့ရင်တောင်မှ ဒီအလုပ်လးနဲ့ငါတစ်သက်လုံး လုပ်ကိုင်စားသောက် သွားရလိမ့်မယ် လို့ မမျှော်လင့်နဲ့၊ ပြောင်းသင့်ရင် ပြောင်းရဦးမှာ။
မမျှော်လင့်တဲ့ပြောင်းလဲမှုတွေ ဖြစ်လာတဲ့အခါမှာ ကြိုတင်ပြင်ဆင်ထားနိုင်တဲ့သူမှသာ ဘ၀ကိုအဆင်ပြေပြေနေနိုင်မယ်။ ဘ၀ဆိုတာ ကိုယ့်ရဲ့ဥာဏ်ပညာ လုံ့လ၀ီရိယ လုပ်ရည်ကိုင်ရည် ဘယ်လောက်ရှိတယ် ဆိုတာကို စမ်းတဲ့စာမေးပွဲပဲလို့ သဘောထားပြီးတော့ ကိုယ့်အစွမ်းအစတွေကို အမြဲတမ်း မြှင့်တင်ရင်း နေသွားရမယ်။

ရှေ့လျှောက်ကိုယ့်ဘ၀ကို အဆင်ပြေပြေနေသွားချင်တယ်ဆိုရင် စိတ်ငြိမ်းချမ်းမှုကို မပျက်အောင် ထိန်းပြီးနေနိုင်တဲ့ အရည်အချင်း ရှိမှဖြစ်မယ်။
သောကဖြစ်စရာတွေရှိနေပေမဲ့ လုပ်သင့်တာတွေကို ဆက်ပြီးလုပ်နိုင်အောင် ဘယ်လိုသဘောထားရမယ်၊ ကိုယ့်ရဲ့အင်အားတွေ ကိုယ့်ရဲ့ စိတ်တည်ငြိမ်မှုတွေ ကိုယ့်ဘ၀ရဲ့အဓိပ္ပာယ်တွေ ပျောက်မသွားအောင် ဘယ်လိုနေရမယ် စိတ်ဓါတ်မကျဖို့ ကိုယ့်ကိုယ်ကို ယုံကြည်မှု ကျမသွားဖို့ ဘယ်လိုလုပ်ရမယ်ဆိုတာကို လေးလေးနက်နက် သိထားရမယ်၊ လေ့လာရမယ်။

လိုချင်တာ ရတာမရတာနဲ့ပတ်သက်ပြီးတော့ စိတ်လှုပ်ရှားမှုသိပ်မဖြစ်ပဲ လုပ်စရာရှိတာကို ဆက်လုပ်နိုင်တဲ့သူ၊ စိတ်မပျက်တဲ့သူက ရေရှည်မှာ လိုချင်တာ ပိုရပါတယ်။

ပင်ပန်းနေတဲ့အခါ၊ အလုပ်တွေများပြီးတော့ မနိုင်မနင်းဖြစ်နေတဲ့အခါမျိုးမှာ တရားထိုင်ဖို့ အလိုအပ်ဆုံးပဲ။ ခန္စာကိုယ်ဆိုတာက သိဖို့ရာလွယ်ကူပါတယ်။ ဒါကြောင့် ခန္စာကိုယ်မှာ ထင်ရှားတာကို ရသလောက် သတိကပ်ပြီးတော့ နေဖို့၊ စိတ်ထဲမှာ စိတ်ညစ်စရာ၊ သောကဖြစ်စရာ၊ ပူပန်စရာတွေကို တွေးလာပြီဆိုရင်လည်း အဲဒါကို မြန်မြန် သတိလေးနဲ့ကပ်ပြီးတော့ သိလိုက်ဖို့က ပထမအဆင့်ပဲ။
သတိနဲ့နေတဲ့ အလေ့အကျင့်ကို များများလုပ်လာလို့ရှိရင် စိတ်က ကြည်လင်အေးချမ်းမှုရှိလာတဲ့အတွက်ကြောင့် ကိစ္စတစ်ခုခုကို ဘယ်လိုလုပ်ရင်ကောင်းမလဲ၊ ပြောစရာရှိရင်လည်းပဲ ဘယ်လိုပြောရင် ကောင်းမလဲဆိုတာကို စိတ်ကြည်ကြည်လင်လင်လေးနဲ့ စဉ်းစားလို့ရှိရင် ပိုပြီးတော့ သင့်တော်တဲ့ဝဘာဝကျတဲ့ မျှတတဲ့ အစီအစဉ်လေး တွေ့ပါလိမ့်မယ်။ စိတ်ကြည်လင်အေးချမ်းနေတဲ့ အချိန်မှာ ဖြစ်ပေါ်လာတဲ့၊ ရလာတဲ့ စိတ်ကူးဟာ ပိုပြီးတော့ အဆင်ပြေဖို့ များပါတယ်။

အရေးကြီးတာကို အရေးကြီးတာမှန်းလည်း မသိဘူး။ အရေးမကြီးတာကို အရေးမကြီးတာမှန်းလည်း မသိဘူး။ မသိဘဲနဲ့ အရေးမကြီးတာတွေရော၊ အရေးကြီးတာတွေရော ရောလိုက်ပြီးတော့ အားလုံးကိုပဲ အရေးကြီးတယ် ထင်နေကြလို့ ဒီလောက် စိတ်ရှုပ်ပြီးတော့ ဒီလောက် စိတ်ပင်ပန်းနေတာပါ။

ကိုယ့်စိတ်ထဲမှာ သောကများနေရင် စာရွက်လေးတစ်ရွက်ယူပြီးတော့ ငါ ဘယ်ကိစ္စတွေနဲ့ သောကများတယ်ဆိုတာကို နံပါတ် ၁၊ ၂၊ ၃၊ ၄၊ ၅၊ ၆၊ ၇၊ ၈၊ ၉၊ ၁၀ ထိုးပြီးတော့ ရေးချကြည့်စမ်းပါ။ ရေးချပြီးတော့ ပြန်စဉ်းစားကြည့်စမ်းပါ။ ဒီကိစ္စတွေအတွက်နဲ့ ငါ စိတ်ဆင်းရဲနေခဲ့တာ ဘယ်လောက် ကြာပြီလဲ၊ ပူနေတာ ဘယ်လောက်ကြာပြီလဲ။ ဒီကိစ္စကို အဆင်ပြေအောင် ငါဘယ်လိုနည်းနဲ့ လုပ်ရင်ရမလဲ၊ နည်းလမ်းရှာလိုက်ပါ။ ထပ်ခါတလဲလဲ မပြီးနိုင်အောင် တွေးနေတာက ပိုပြီးတော့ အင်အားကို ကုန်ခမ်းသွားစေတယ်နော်။

နေ့စဉ်နဲ့အမျှ ဒေါမနသလို့ခေါ်တဲ့ မကျေနပ်မှုတွေ တစ်နေ့ကို အကြိမ်ပေါင်းများစွာ ဖြစ်နေမယ်ဆိုရင် ဒီဒေါမနသကြောင့် ဖြစ်ပေါ်လာတဲ့၊ ကြမ်းတမ်းတဲ့၊ ပူလောင်တဲ့ စိတ္တဇရုပ်တွေကြောင့် ခန္စာပျက်စီးမှုနှုန်းဟာ များလာတယ်။ အဲဒါ မကြောက်ဘူးလား၊ ကြောက်စရာ မကောင်းဘူးလား။
အဲဒီလို တစ်ကိုယ်လုံးမှာ ဖြစ်နေတဲ့ တင်းကျပ်မှု၊ စိတ်ထဲမှာ တင်းကျပ်မှု၊ အလိုမကျမှု၊ စိတ်ညစ်ညူးမှု၊ စိတ်နောက်ကျိမှုတွေများလေလေ အားကုန်လေလေပဲ။ အားကုန်ရုံတင်မကဘူး၊ ဒီခန္စာကိုယ်နဲ့ ဒီစိတ် ပျက်စီးမှု ပိုများလာတယ်။ မြန်မြန်အိုသွားတယ်။ စိတ်ဓါတ်အင်အားတွေ ကုန်သွားလို့ အေးအေးဆေးဆေးနက်နက်နဲနဲ စဉ်းစားရမယ့်ကိစ္စကျတော့ အားမရှိတော့ဘူး။ တရားအားထုတ်ဖို့ဆိုတာ ကျန်းမာဖို့၊ အားရှိဖို့ အများကြီး လိုတယ်နော်။
ဒါကြောင့် ကိုယ့်ခန္စာကိုယ်အားနဲ့ စိတ်အားကို ချွေတာဖို့ အလွန့်အလွန်အရေးကြီးပါတယ်။ ဒီအင်အားက ပိုက်ဆံပေးပြီးတော့ ၀ယ်ချင်တိုင်းဝယ်လို့မရဘူး။ တစ်နေ့ကျရင် ဒီလိုပူလောင်မှုတွေက များပြီးတော့ ခန္စာကိုယ်ရော စိတ်ရော လုံးလုံးပုံကျသွားတဲ့ အခါမှာ ပြန်ပြီးတော့ နာလန်ထူဖို့ဟာ ထင်သလောက် မလွယ်ပါဘူး။

အခုခေတ်လူတွေက အလုပ်အင်မတန်များလွန်းလို့ မနက်နိုးနိုးချင်းပဲလူက ယောက်ယက်ခတ်နေတယ်။ စိတ်က မအေးချမ်းဘူး။ စိတ်ထဲမှာ တင်းကျပ်မှုတွေ ရှိနေတယ်။ အဲဒီတင်းကျပ်မှုက အင်မတန်ကြောက်ဖို့ကောင်းတယ်။ အဲဒါကို အမြဲတမ်း သတိထားပြီး လျှော့ချထားဖို့ လိုပါတယ်။ တင်းကျပ်မှု (tension) များရင် အင်မတန် အားကုန်တယ်။
မကျေနပ်မှုအခံဓါတ် (Recidual Frustration) ရှိနေရင် တစ်ခုခုဖြစ်တိုင်း အဲဒီအခံဓါတ်က ကြီးကြီးလာတယ်။ ကိုယ့်စိတ်ကိုကြည့်ပြီးတော့ အဲဒီအခံဖြစ်နေတဲ့ မကျေနပ်မှုလေးကို သိနေပြီး ရှုမှတ်နေရင် ပြေသွားတယ်။ ဒေါသရဲ့ သဘာဝ သူ့အကြောင်းကောင်းကောင်းသိသွားရင် သူ အစွမ်းမပြနိုင်တော့ဘူး။
အခုလို အမြဲတမ်း ဒေါသကို ဖြေထားနိုင်တဲ့လူဟာ တော်ရုံတန်ရုံ စိတ်ဆိုးစရာ တွေ့ပေမဲ့ ပေါက်ကွဲတဲ့အဆင့်ကို မရောက်တော့ဘူး။ အဲဒီလို မပေါက်ကွဲတဲ့အတွက်ကြောင့် ကိုယ့်မှာ သက်သာမှုရှိတယ်။ တစ်ဖတ်သားမှာလည်း ကိုယ့်ကြောင့် စိတ်ဆင်းရဲမှု မဖြစ်ဘူး။ လုပ်ရမယ့်ကိစ္စကိုလည်း စိတ်အေးအေးနဲ့၊ သတိနဲ့၊ ဥာဏ်နဲ့ယှဉ်ပြီးတော့ လုပ်လိုက်ရတဲ့အတွက်ကြောင့် အကောင်းဆုံးသတိနဲ့၊ ဥာဏ်နဲ့ယှဉ်ပြီးတော့ လုပ်လိုက်ရတဲ့အတွက်ကြောင့် အကောင်းဆုံး အရည်အသွေးတွေ ထွက်နေတယ်။ ပိုပြီးတော့ အဆင်ပြေတယ်။

တချို့ခေတ်ကာလမှာ လူတွေဟာ စိတ်အေးချမ်းမှု မရှိဘူး။ စိတ်ချလက်ချ လုံလုံခြုံခြုံ နေနိုင်မှု မရှိဘူး။ ကြောက်နေရတယ်။ စိုးရိမ်နေရတယ်။ အထူးသဖြင့် လူလူချင်း ကြောက်နေရတယ်။ အဲဒီလို ကြောက်နေရတဲ့ လူ့အသိုင်းအ၀ိုင်းမှာ လူတွေရဲ့ အမွန်မြတ်ဆုံး စိတ်နေသဘောထားတွေဟာ ထွက်ပေါ်မလာနိုင်ဘူး။ က္ကုနြေ္ဒရရ သိက္ခာရှိရှိ မနေနိုင်ကြဘူး။ တစ်ယောက်ကိုတစ်ယောက် မယုံကြည်ရ၊ စိတ်မချရလို့ ဦးတဲ့သူက အနိုင်ကျင့်တတ်တဲ့ စိတ်ထားတွေ ဖြစ်လာတယ်။ လူလူချင်း အခွင့်အရေးယူတာတွေ များတယ်။ ခြိမ်းခြောက်တာတွေ များတယ်။ လူတွေ တစ်ကိုယ်ကောင်း ဆန်တယ်။

ကိုယ့်အကြောင်းကိုကိုယ် ပိုသိမယ်၊ ကိုယ့်ပတ်ဝန်းကျင် လောကကြီးအကြောင်းကိုလည်း ပိုသိမယ်ဆိုရင် အခက်အခဲတွေ အပြောင်းအလဲတွေက ကိုယ့်ကို လွှမ်းမိုးသွားတာကို ခံရတာ နဲမယ်။ ကိုယ်ခံအား ကောင်းတဲ့သူဟာ ရောဂါပိုးကူးစက်မှုကို ပိုပြီးခံနိုင်သလိုပဲ။ ဒါကြောင့် စိတ်မှာ immunity ကောင်းအောင် လုပ်ရမယ်။
ကိုယ့်ပတ်ဝန်းကျင်မှာ ရှုပ်ထွေးနေတာတွေကို မရေရာတာတွေကို ခံနိုင်ရည်ရှိဖို့အတွက် ကိုယ့်ရဲ့အတွင်းမှာပဲ အင်အားပိုကောင်းလာအောင် လုပ်ရမယ်။ အပြင်ကို အားကိုးလို့ကတော့ ဘယ်လိုနည်းနဲ့မှ မရနိုင်တော့ဘူး။ အားကိုးရာ အားထားရာကို အတွင်းမှာ ဖြစ်လာအောင် လုပ်ရမယ်။

အတွေးတွေက စည်းကမ်းရှိလာတဲ့အခါ စိတ်ပင်ပန်းမှု တော်တော်နဲသွားမယ်။ အချိန်ကုန် သက်သာမယ်။ တစ်ဆင့်ပြီးတစ်ဆင့် စနစ်တကျတွေးလို့ရမယ်။ အတွေး လမ်းချော်မသွားဘူး။ တခါတလေ အတွေးလမ်းချော်သွားရင် သိပြီးတော့ လမ်းကြောင်းပေါ် ပြန်တင်လို့ရတယ်။
ဘယ်လောက် အရေးကြီးတဲ့ကိစ္စကို တွေးနေတာဖြစ်ပါစေ ကြားမှာ ခဏလောက် ဘာမှမတွေးပဲ စိတ်ကို အနားပေးတတ်တဲ့ အလေ့အကျင့်ကို လေ့ကျင့်ဖို့လိုတယ်။ တစ်နာရီမှာ တစ်မိနစ်လောက် အေးချမ်းတဲ့စိတ်နဲ့နေနိုင်တယ်ဆိုရင်ပဲ ဒီလူဟာ စိတ်အခြေအနေ ပုံမှန်နေလို့ ရနိုင်တယ်။ စိတ်ကြည်လင်မှုရအောင် နေလို့ရတယ်။

စိတ်ဆိုတာ ၀မ်းသာစရာထက် ပူစရာကို ပိုပြီးတော့ တွေးတတ်တယ်။ အဆင်ပြေတဲ့ကိစ္စထက် အဆင်မပြေတဲ့ကိစ္စကို ပိုတွေးတယ်။ အဲဒီတော့ အတွေးထဲမှာ နေတဲ့သူဟာ စိတ်ဆင်းရဲနေတဲ့သူပဲ။

အာရုံတစ်ခုနဲ့ ကိုယ့်စိတ်နဲ့တွေ့ဆုံတဲ့အခါမှာ ကိုယ့်စိတ်ရဲ့ပူးပေါင်းဆောင်ရွက်မှုကို မရပဲနဲ့ ခံစားမှုမဖြစ်နိုင်ဘူး။ ကိုယ့်စိတ်က ကိုယ်လိုချင်တဲ့အဓိပ္ပာယ်ကို ကောက်မှ ခံစားမှုက ဖြစ်လာမယ်။
ဝမ်းနည်းစရာကိုလည်း ခံစားတတ်ရမယ်၊ ၀မ်းသာစရာလည်း ခံစားတတ်ရမယ်။ ၀မ်းနည်းစရာ ကြုံပါလျက်နဲ့ ၀မ်းမနည်းတတ်တဲ့သူဟာ ( တရားထူးရပြီးလို့ ၀မ်းမနည်းတော့တာ မဟုတ်ရင်) စိတ်ဓါတ်ချို့တဲ့မှု ရှိနေတယ်လို့ ဆိုနိုင်တယ်။ ခံစားမှု သေနေတာနဲ့ တူတယ်။ ဒါပေမယ့် ခံစားမှု လွန်ကဲလွန်းရင်လည်း စိတ်ရောဂါလို့ ဆိုနိုင်တယ်။ ဖြစ်လာတဲ့ အခြေအနေ အတွေ့အကြုံနဲ့ လိုက်လျောမှုရှိတဲ့ ခံစားမှုမျိုးဖြစ်ရင် ပုံမှန်စိတ် ရှိတယ်လို့ ဆိုနိုင်တယ်။

ကိုယ့်ဘ၀မှာ စိတ်ဆင်းရဲမှု တစ်ခုခု ကြုံလာတဲ့အခါမှာ ကိုယ့်ဘက်က ပူးပေါင်းဆောင်ရွက်မှု ပါနေတယ် ဆိုတာကို သဘောပေါက်ဖို့ လိုတယ်။ လူတစ်ယောက်ရဲ့ဘ၀မှာ အခက်အခဲတွေ ဒုက္ခတွေ ထပ်ခါတလဲလဲ ကြုံရပြီဆိုရင် အဲဒီလူဟာ သူ့ဟာသူစဉ်းစားဖို့ ကောင်းပြီ။ ငါ့မှာဒုက္ခတွေ ဒီလောက်များအောင် ငါကိုယ်တိုင်က ဘယ်လောက်ပူးပေါင်းဆောင်ရွက်ပြီးတော့ လုပ်ပေးနေသလဲ။
ကိုယ့်ဘ၀မှာ စိတ်ဆင်းရဲမှု ကိုယ်ဆင်းရဲမှု အမျိုးမျိုးဖြစ်ဖို့၊ အဆင်မပြေဖြစ်ဖို့၊ မအောင်မြင်ဖို့၊ မကြီးပွားဖို့ လုပ်နေတဲ့ အကြောင်းတရားဟာ ကိုယ့်စိတ်ထဲမှာပဲ ရှိတယ်။ ဒါကြောင့် တရားအားထုတ်ပြီးတော့ ကိုယ့်စိတ်ကို ကိုယ်ကြည့်ပြီးတော့ မိမိကိုယ်တိုင် အဲဒီလို ကိုယ့်ဟာကိုယ် ဒုက္ခရောက်အောင် မတိုးတတ်အောင် မကြီးပွားအောင် လုပ်နေတာတွေကို မြင်ပြီးတော့ သိပြီးတော့ ရပ်တန့်လိုက်မယ်ဆိုရင်၊ ဖယ်ရှားလိုက်မယ်ဆိုရင် ကိုယ့်ဘ၀ဟာ ပိုပြီးတော့ လမ်းချောသွားလိမ့်မယ်။

အားနဲချက်တစ်ခုကို ဖုံးဖို့ကြိုးစားလေလေ ဘာကို ဖုံးဖို့ကြိုးစားနေတယ်ဆိုတာ လူသိလေလေပဲ။ ၀န်ခံလိုက်တဲ့ အားနဲချက်ကို ပြုပြင်ရတာ လွယ်သွားတယ်။ ၀န်ခံလိုက်တာနဲ့ပဲ အဲဒီအားနဲချက်ဟာ အရင်လောက် မဆိုးတော့ဘူး။
စိတ်ဓါတ်ရင့်ကျက်လာလေလေ ကိုယ့်အားနဲချက်ကို ၀န်ခံရမှာ မကြောက်လေလေပဲ။ ၀န်ခံနိုင်တဲ့စိတ်ဟာ မကြောက်တဲ့စိတ် ဖြစ်တယ်။ ၀န်ခံနိုင်တဲ့စိတ်ဟာ သတ္တိရှိတဲ့စိတ် ဖြစ်တယ်။ ၀န်ခံနိုင်တဲ့စိတ်ဟာ ရိုးသားတဲ့စိတ်ဖြစ်တယ်။ ၀န်ခံနိုင်တဲ့စိတ်ဟာ ကိုယ့်ကိုယ်ကို ယုံကြည်မှုရှိတဲ့သူရဲ့စိတ် ဖြစ်တယ်။ ၀န်ခံနိုင်တဲ့စိတ်ဟာ ပိုပြီးလွတ်လပ်မှု ရှိတဲ့စိတ် ဖြစ်တယ်။ ၀န်ခံလိုက်ပြီးရင် ပိုပြီး ကောင်းတာတွေကို လုပ်နိုင်တယ်။
ဝန်မခံနိုင်ရင် စိတ်ထဲမှာ တင်းကျပ်မှု (stress) ဖြစ်တယ်။ ဒီတင်းကြပ်မှု (stress) ကြောင့် အားအင်ကုန်ခမ်းတယ်။ တခြားကောင်းတဲ့ကိစ္စတွေကို အဲဒီအချိန်မှာ မစဉ်းစားနိုင်ဘူး။ မလုပ်နိုင်ဘူး။

သိပ်ပင်ပန်းလွန်းတဲ့အခါ စိတ်မရှည်ဘူး။ မလွှဲသာမရှောင်သာ ပင်ပန်းလွန်းတဲ့အခြေအနေကို ကြုံရရင် စကားများများ မပြောပါနဲ့။ ကိုယ့်လုပ်ဖော်ကိုင်ဖက်တွေကိုလည်း ပြောစရာရှိတာကို နောက်မှ အေးအေးဆေးဆေးပြောမယ်ဆိုတဲ့အကြောင်း မှာထားပြီး အနားယူပါ။

စိတ်အေးချမ်းတဲ့သူ အဖို့တော့ သစ်ပင်တွေကြားထဲမှာ လေတိုးသွားတဲ့ အသံလေးကိုက စိတ်ကို တစ်မျိုး အေးချမ်းစေတယ်။ မြို့ကြီးပြကြီးတွေမှာ အလုပ်အကိုင်တွေနဲ့ သောကများပြီး စိတ်ရှုပ်နေကြတဲ့သူတွေအဖို့ ဒါတွေကို ခံစားနိုင်ဖို့ သိပ်မလွယ်ဘူး။


ဆရာတော် ဦးဇောတိက


No comments:

Post a Comment