Getting a return on their love is not what matters to them.
ကိုယ်က သူ့ကိုချစ်တယ်ဆိုပြီးတော့ အကျိုးရှိအောင် လုပ်ပြီးတော့ သူ့ဆီက တစ်စုံတစ်ခု ပြန်ရဖို့အရေးကို လုံးဝ မျှော်လင့်ချက်မထားဘူး။
တချို့ကတော့လည်း
သူတစ်ပါးအတွက် အနစ်နာခံပါတယ် ဆိုပြီးတော့ သူတပါးရဲ့ဘ၀ကို
အပိုင်စီးထားတာတွေ ရှိတယ်။ သတိထားကြည့်ရင် တွေ့လိမ့်မယ်။ '' ငါ
နင်တို့အတွက် အနစ်နာခံရတာ၊ နင်တို့ကို ကယ်တင်ထားရတာ၊ နင်တို့အတွက်
အနစ်နာခံထားရတာမို့လို့ ငါပြောတဲ့စကားကို နင်တို့ တသွေမတိမ်းလိုက်နာရမယ်။
နင်တို့ဥာဏ်နဲ့နင်တို့ မစဉ်းစားနဲ့တော့၊ ငါပြောတာ၊ ငါလုပ်ပေးတာကို
လက်ခံလိုက်၊ ခေါင်းငြိမ့်လိုက်၊ ငါက ကောင်းတယ်ဆိုရင် ကောင်းတယ်လို့ပဲ
ယူဆတော့၊ ငါက မကောင်းဘူးဆိုရင် မကောင်းဘူးလို့ဘဲ ယူဆလိုက်တော့။ ငါက
နင်တို့ကို ကယ်တင်ထားရသည့်အတွက်ကြောင့် နင်တို့ဘ၀နဲ့ ပတ်သက်ပြီး အစစအရာရာ
ဆုံးဖြတ်ပိုင်ခွင့်ရှိတယ်။'' လို့ သဘောထားမိတတ်တယ်။ တချို့
ဒီလိုသဘောထားမိတာတွေ ရှိတယ်နော်။ ဒီလိုပြောတတ်တာတွေလည်း အများကြီး
ကြားဖူးပါတယ်။ ဒီလိုပြောတယ်ဆိုရင် တကယ့်မေတ္တာ မဟုတ်တော့ဘူး။
Truly unconditional love is both free and freeing.
တကယ်စစ်မှန်တဲ့ မေတ္တာ၊ နှောင်ကြိုးမဲ့မေတ္တာမျိုးဟာ လွတ်လပ်နေတယ်။ လွတ်လပ်မှုကိုလည်း ပေးတယ်။
မေတ္တာပေးတာမှာ
တစ်ခုခု နှောင်ကြိုးပါနေရင် သူ့ဆီက တစ်ခုခုမျှော်လင့်နေရင် ကိုယ်က
မျှော်လင့်နေရတာနဲ့ကိုပဲ မလွတ်လပ်တော့ဘူး။ ငါမျှော်လင့်တာ သူ့ဆီက
ရပါ့မလား၊ ဘယ်တော့ရမလဲ၊ မရရင် ဘယ်လို လုပ်ရပါ့မလဲ၊ တွေးနေရတယ်၊
မလွတ်လပ်တော့ဘူး။ ငါ ဘာမှ မမျှော်လင့်ပါဘူး။ ငါတတ်နိုင်တာ
လုပ်ပေးလိုက်ပြီးပြီ၊ ပြီးပြီ။ ဒါပဲ။ လွတ်လပ်သွားတယ်နော်။
ရတဲ့လူကလည်းပဲ
သူ့ဆီက ငါ အကူအညီယူထားတယ်၊ ရထားတယ်။ သူက ငါ့ကို မေတ္တာ
အင်မတန်ကြီးမားလွန်းလို့ ငါ့ကို အကူအညီတွေ အများကြီးပေးတယ်၊ ငါသူ့ကို
ကျေးဇူးပြန်ဆပ်ရဦးမှာပဲ၊ သူကတော့ တစ်ခုခု ပြန်မျှော်လင့်ဦးမှာပဲဆိုတဲ့
စိတ်ကလေး သူ့မှာရှိနေရင် မြင်တိုင်း မြင်တိုင်း အကြွေးရှင်ကို
ပြန်မြင်ရတဲ့လူလို ဖြစ်နေတယ်။ အကြွေးမဆပ်သေးဘူးလားလို့ မေးတာကို ခံရသလို
ဖြစ်နေတယ်။ ခံရသိပ်ခက်တယ်နော်။
ဒါကြောင့် တကယ်ချစ်ရင် နင်
ငါ့ကျေးဇူးကို မသိပါဘူးလို့ မပြောပါနဲ့။ နင်တို့ ကျေးဇူးကန်းတယ်လို့
မပြောလိုက်ပါနဲ့။ ဘာကြောင့်တုန်းဆိုတော့ ဒီလိုပြောလိုက်ရင် အဓိပ္ပာယ်က
နှောင်ကြိုးပါနေတယ်၊ လွတ်လပ်တဲ့ မေတ္တာ မဟုတ်တော့ဘူး။ ပေးနိုင်ရင်
လွတ်လွတ်ကျွတ်ကျွတ်ပဲ ပေးလိုက်ပါ။ ဒီလို မပေးနိုင်ရင်လည်း မပေးနိုင်မှန်း
သိလိုက်ပါ။ အပြစ်မတင်ပါနဲ့။ ဒါဟာ အတင်းကြီး ဖြစ်အောင် လုပ်လို့ရတာ
မဟုတ်ဘူး။
မေတ္တာဆိုတာ ငါ မေတ္တာစစ်ထားမယ်ဆိုတာနဲ့လည်း ဖြစ်မသွားဘူး။ အင်မတန်အသိဥာဏ်ကြီးမှ အမြဲတမ်း ကိုယ့်စိတ်ကို သိနေ၊ ကြည့်နေမှ ဖြစ်လာတယ်။
ဆရာတော်ဦးဇောတိက (မဟာမြိုင်တောရ)
* မေတ္တာတရားလမ်းပျောက်ရာမှ လမ်းမှန်ပေါ်ရောက်လာသူ *
တကယ်ချစ်တာပဲလား?
ReplyDelete* ချစ်တာနဲ့ မေတ္တာဟာ တူသလိုနဲ့ ကွဲပြားလှပါတယ်။
* ချစ်တာက သံယောဇဉ်ကို အရင်းခံပြီး မေတ္တာကတော့ ဗြဟ္မစိုရ်တရားကို
အရင်းခံပါတယ်။
* သံယောဇဉ်ဟာ ပူလောင်စေတတ်ပြီး ဗြဟ္မစိုရ်ကတော့ အေးမြစေတတ်ပါတယ်။
* ချစ်တာက ကိုယ့်အတွက်ဖြစ်ပြီး မေတ္တာက သူများအတွက်ပဲ ဖြစ်ပါတယ်။
* ပိုင်ဆိုင်ချင်တာ၊ ရယူချင်တာ၊ ထိန်းချုပ်ချင်တာ၊ မနာလိုတာ၊ သဝန်တိုတာ စတာတွေဟာ အချစ်ရဲ့ သင်္ကေတ သဘောတွေဖြစ်ပြီး ကြီးပွားစေချင်တာ၊ အန္တရယ်ကင်းစေချင်တာ၊ ကိုယ်ကျန်းမာ၍ စိတ်ချမ်းသာစေချင်တာ စတာတွေဟာ မေတ္တာရဲ့ သင်္ကေတ သဘောတွေ ဖြစ်တဲ့အတွက် အချစ်နဲ့ မေတ္တာဟာ အပူနဲ့ အအေးလို ကွားခြားလှပါတယ်။
* ချစ်တာက တဏှာပေမတွေနဲ့ ရောယှက်နေတဲ့အတွက် ပူလောင်စေပြီး မေတ္တာကတော့ အကျိုးလိုလားခြင်း သက်သက်ဖြစ်တဲ့အတွက် အေးမြစေပါတယ်။
* တစ်ယောက်နှင့်တစ်ယောက် တွေ့တုန်းဆုံးတုန်း ချစ်ခင်ကြခြင်းသည် တစ်ချို့ကအချစ်-ဂေဟဿိတပေမတဏှာကိုအရင်းခံကြသည်။ တစ်ချို့က မေတ္တာ-အပြစ်မလိုလားခြင်းကို အရင်းခံကြသည်။
တကယ်စစ်မှန်သော မိတ်ဆွေစစ်ကိုကား ခွဲခြားဖို့ရန်ခက်ခဲလှသည်။ အမှန်စစ်မှန်သော အပေါင်းအသင်းတို့သည် မေတ္တာ-ခွင့်လွှတ်ခြင်း၊ သည်းခံခြင်း၊ နားလည်တတ်ခြင်း-သဘောကို အခြေခံတတ်သည်။
ထိုမေတ္တာရဲ့သဘောသဘာဝက-
(၁) တစ်ဖက်သူရဲ့အကျိုးစီးပွါးကို ရှေးရှုကျင့်ကြံခြင်း၊
(၂)ရန်ငြိုးကို ပယ်ဖျောက်နိုင်ပီး ငြိမ်းအေးခြင်းလက္ခဏာရှိခြင်း။
(၃) သူတစ်ပါးတို့ရဲ့ စိတ်ချမ်းသာခြင်း၊ နှစ်သက်ခြင်းကိုသာ ပြုလုပ်တတ်ပြီး ဖြောင့်မတ်မှန်ကန်စွာ ကြည့်တတ်ခြင်း။(ဗုဒ္ဓ)
* မျော်လင့်ချက်မထားပဲ သူဘာပဲဖြစ်နေနေ။ ကိုယ်ကသူ့ဆီမှ ဘာမျော်လင့်ချက်မှမလိုလား။ တကယ်လိုလားခဲ့သည့်တိုင် အဲဒီလိုလားတဲ့ မျော်လင့်ချက်ဟာ သူ့အတွက်ပဲဖြစ်ရမယ်။ သူဘယ်လိုအဆင့်တန်းပဲဖြစ်ဖြစ် နားလည်ပေးနိုင်ရမယ်။ ခွင့်လွှတ်တတ်ရမယ်။ သူ့ဆီက ပေးဆက်မှုကို ရသည်ဖြစ်စေ၊ မရသည်ဖြစ်စေ သူ့အပေါ်မှာသာမူတည်နေရမယ်။ ကိုယ့်အတွက်မစဉ်းစား။ ကိုယ့်အတွက်မလိုလားဘူး။ သူ့ဆီကမျော်လင့်ချက်တစ်ခုခု၊ ပိုင်ဆိုင်လိုမှုတစ်ခုခုကို မလိုလားဘူးလို့စိတ်ထားနိုင်ရမယ်။ သည်လိုမေတ္တာမျိုးကိုတော့ လိုချင်မှု-လောဘ၊ နှစ်ဦးနှစ်ဘက်ပျက်စီးခြင်းဒေါသ၊ အဆိုးအကောင်းကိုမဝေဖန်နိုင်ခြင်း မောဟ-တို့ လုံးဝကင်းစင်ပြီးသော အရိယာသူတော်စင်ဘုရား ရဟန္တာများသန္တာန်မှာသာ အမြဲဖြစ်နိုင်သည်။
သာမန်လူများ၏ လူနည်းစုသန္တာန်မှာတော့ သည်မေတ္တာမျိုးဖြစ်လေ့ရှိကြသည်။ သည်လိုမေတ္တာမျိုးကိုထားနိုင်သောသူများလည်း ရှိကြသည်။ သို့သော် သူတို့သန္တာန်မှာအမြဲမဖြစ်နိုင်ကြ။ ရာထူးဂုဏ်သိမ်၊ ဥစ္စာပစ္စည်းပိုင်ဆိုင်မှု များလာချိန်နှင့် အလွန်သည်းခံနိုင်ခဲတဲ့အချိန်၊အမှန်တကယ်အခက်ခဲပေါင်းများစွားနဲ့ကြုံတွေ့ရတဲ့အချိန်မျိုးမှာ အဲသည်လို မေတ္တာမျိုးပျောက်ကွယ်သွားတတ်သည်။ ကြာကြာထိမ်းမထား
နိုင်ပေ။
သာမန်လူတော်တော်များများအတွက်ကတော့ မိမိကိုလည်းနားလည်ပေးနိုင်တယ် ၊ ခွင့်လွှတ်ပေးနိုင်တယ်၊ အနေလည်းနီးစပ်နေတယ်ဆိုရင် မိတ်ဆွေအဖြစ်ပေါင်းသင်းတတ်ကြသည်။
သို့သော် လမ်းကြုံတဲ့အခါ ဈေးမှာ ထမင်းကျွေးရုံမျှဖြင့် ကူညီပေးကြခြင်းသည် မိတ်ဆွေစစ်ကား ဖြစ်မလာနိုင်သေး။ မိတ်ဆွေစစ်ဟု မခွဲခြားနိုင်သေး။ မိမိကိုယ်ကိုက မိတ်ဆွေစစ်ဟုတ်မဟုတ်ကိုတော့ လူတော်တော်များများ ဆန်းစစ်ကြည့်ကြမည်မဟုတ်ပေ။ သို့ဆိုကာမူ မိမိကရော မိတ်ဆွေပီသသလားလို့ ဆန်းစစ်ကြည့်မိတဲ့အခါတိုင်း မိမိအပေါ်မှာ ဘယ်အတိုင်းတာထိအနွံတာခံ၊ ယုံကြည်အားထားရတဲ့သူရှိနေပြီလဲ ဆိုတဲ့ ခြားနားချက်အားဖြင့် ခန့်မှန်းနိုင်သည်။
တစ်ယောက်နှင့် တစ်ယောက် ယုံကြည်မှုသည် ထိုသူတို့၏နောက်ကွယ်တွင် ပိုမိုထင်ရှားကြောင်း သက်သေအဖြစ်ရှိရမည်။ နောက်ကွယ်မှာမိမိအပေါင်းသင်းနှင့်ပတ်သက်လာလျှင် မိမိက မိမိရဲ့အပေါင်းအသင်းအတွက် အကောင်းဆုံးကိုယ်စားပြုခြင်းဖြစ်နေရမည်။ သည်လိုဆို ပေါင်းသင်းခြင်းစစ်မှန်မမှန် ခွဲခြားနိုင်သည်။ တကယ်ချစ်တတ်သူအဖြစ်သတ်မှတ်နိုင်သည်။
ရေးသားသည်။ ။ ဒုခမံ ခမတိ၊ ဒုဒ္ဒဒံ ဒဒါတိ၊ ဒုကရံ ကရောတိ-အင်္ဂုတ္တရနိကါယ်မေတ္တာသုတ်ပါဠိနှင့် A Friend in need is a Friend indeed -စားသားများကို အခြေခံလျှက် မိမိညာဏ်စွမ်းသလောက်မျှဝေလိုက်ရပါသည်။
မေတ္တာဖြင့်။ sonmothers@gmail.com