Thursday, December 15, 2011

'' နောင်တော့ကောင်းကောင်းနေတော့မယ်'' ဆိုတာထက် '' ယခုပဲ ကောင်းကောင်းနေပါတော့မယ်'' ဆိုတာက နောင်ရေးစိတ်အေးရဖို့ ပိုသေချာပါတယ်။-(၂)

၂။ မအားဖူးလို့ မပြောပါနဲ့။ ရှိတာကိုသာ သိအောင်လုပ်ပါ။ လူ့ဘ၀ဆိုတာ တွန်းအားတွေလည်း များတယ်၊ အလုပ်ကိစ္စတွေလည်း မအားလပ်အောင် အလွန်ပင် များပြားပါတယ်။ အသိထူးခြားတယ်။ ဒါကြောင့် တရားနဲ့ထိုက်တန်တာပါ။ လူဆိုတာ နတ်များလို ကံဟောင်းကို ထိုင်စားနေတဲ့ဘ၀မဟုတ်တော့ တလှုပ်လှုပ်နဲ့ စားဝတ်နေရေးအတွက် အလုပ်လုပ်နေရပါတယ်။ အလုပ်များလို့လည်း လူနဲ့တရားထိုက်တန်တာဖြစ်လို့ အလုပ်များတာဟာ တရားဝင်ပေါက်တွေများနေတာပဲလို့ အားရှိစရာ တွက်တက်ဖို့လိုမှာပါ။ အလုပ်နဲ့တရား တွဲမိပေါင်းမိဖို့ ကြိုးစားရမှာဖြစ်တယ်။
သတိနဲ့စိတ်ပေါက်ကို ဖာထေးပိတ်ဆို့နိုင်သူဟာ ရှိတာကို သိနိုင်လောက်အောင် အသိရှင်းပါတယ်။ အလုပ်များပေမဲ့ မရှုပ်ပါဖူး။ အသိရှုပ်တာကိုပဲ အလုပ်ရှုပ်တယ်လို့ပြောနေကြတာပါ။ အသိရှင်းရင် ကံအရှိ ခန္စာအရှိ၊ ရုပ်နာမ်အရှိတွေဟာ ကြည့်နိုင်သလောက်မြင်ရပါတယ်။ မြင်သလောက်လည်း စွမ်းအားကို ယူတက်ပါတယ်။ စားဝတ်နေရေး၊ လူမှုရေး၊ စီးပွားရေး ကိစ္စမျိုးစုံတွေထဲမှာ ဒါန၊ သီလ၊ သမာဓိ၊ ၀ိပဿနာသမာဓိ စွမ်းအားတွေ ပါဝင်နေကြတာကို အားရှိစရာကောင်းလောက်အောင် တွေ့မြင်ရပြီး ပါးနပ်လိမ္မာကျွမ်းကျင်စွာ စုဆောင်းရယူတက်လာပါတယ်။ အရှိဟာ အသိနဲ့ထိန်းပေးနိုင်ရင် အားလုံးစွမ်းအားတွေကြီးပါပဲ။

၃။ ကုန်ဆုံးခြင်းရဲ့ရလဒ်ဟာ စွမ်းအားပဲဖြစ်တယ်။ ကုန်ဆုံးခြင်းရဲ့နောက်မှာ စွမ်းအား ရလာဒ်တခုခု ကျန်နေခဲ့ရမယ်။ လူ့ရဲ့လက်ထဲမှာရှိနေတဲ့ သက်ရှိသက်မဲ့အားလုံး ကိုယ်ရှိချင်သလောက် ရှိနေကြမှာမဟုတ်ပဲ သူရှိနိုင်သလောက်သာ ရှိနေပြီး ကန့်သက်ချိန်ပြည့်ရင် ကုန်ဆုံးပျောက်ကွယ်သွားကြမှာတွေကြီးပဲ။
ကုန်ဆုံးသွားရင် ထင်းတုံးတွေပုံထားပြီး မီးရှို့ပစ်လိုက်သလို အလကားကုန်သွားတာမျိုး မဖြစ်စေသင့်ဘူး။ အကုန်စာရင်းတွေပြပြီး မပူသင့်မမောသင့်ဘူး။ နေ့စဉ်ပစ္စည်းတွေ ရှာဖွေပြီး အိုဖို့ နာဖို့ သေဖို့ ပူဖို့ လောင်စာထည့်ပေးတာနဲ့ဘဲ ပစ္စည်းတွေ ကုန်မယ်ဆိုရင် သိပ်ရှုံးတာပေါ့။ တရားမပါတဲ့ လူရဲ့ စားဝတ်နေရေးဟာ ထင်းတုံးတွေပုံပြီး မီးရှို့ပစ်နေသလို လောင်လောင်ပြီး ကုန်ကုန်သွားကြတာဖြစ်လို့ သိပ်နှမြောစရာကောင်းတယ်။
ထင်းပုံကြီးကို ထမင်းဟင်းချက်သည့်အခါ ယူယူပြီး မီးဆိုက်အသုံးချလိုက်တော့ ထင်းတုံးတွေကုန်သွားပေမယ့် တဖက်က ထမင်းဟင်းကျက်လို့ စားရတာမျိုး ပြစရာကျန်ခဲ့တာမျိုး ဖြစ်သင့်ပါတယ်။
ကိုယ့်လက်ထဲမှာရှိတဲ့ ကိုယ်နဲ့ဆိုင်သည့်အရာတွေအားလုံး အချိန်စေ့ရင် တနည်းနည်းနဲ့ ကုန်သွားမှာချည်းပဲ။ ဘာတစ်ခုမှ ဆုပ်ကိုင်ထားလို့မရပါဘူး။ အချုပ်အားဖြင့် စားသုံးလို့ကုန်၊ ပေးလို့ကုန်၊ ပျောက်ပျက်လို့ကုန်တဲ့။ အကုန်သုံးမျိုးနဲ့ နေ့စဉ်ကုန်နေရတာချည်းပါ။ ဒီလိုကုန်ဆုံးသွားတဲ့အခါ ဒါနရနိုင်တဲ့နေရာမှာ ဒါနအားတွေ ကျန်ရစ်ခဲ့အောင် သဒ္စါနဲ့စိတ်ကို သန့်စင်၊ သတိနဲ့စိတ်ကိုထိန်း၊ ဥာဏ်နဲ့ ကျွမ်းကျင်ပါးနပ်စွာယူထားရမယ်။
ဝေယျာဝစ္စတွေ၊ သီလတွေရနိုင်တဲ့နေရာမှာ မလွတ်တမ်းဆွဲယူနိုင်ရမယ်။ သမာဓိရနိုင်သည့် နေရာရောက်ပြန်တော့ သတိဝရိယတွဲပြီး စူးစူးစိုက်စိုက် တည်တည်ငြိမ်ငြိမ် ခုလည်းသေချာ နောင်လည်း စိတ်အေးရအောင် တခါတည်း ယူထားသင့်ပါတယ်။ ဘာပဲလုပ်လုပ် စိတ်ပေါက်ကို လုံအောင်ဖာပြီး သေသေသပ်သပ် ပိပိရိရိ အေးအေးချမ်းချမ်းပဲလုပ်သင့်ပါတယ်။
ဝိပဿနာရနိုင်တဲ့ နေရာကျပြန်တော့  အသိကိုလျို့ဝှက်မထားပဲ အကုန်ထုတ်သုံးမှပဲ။  စိတ်ပေါက်ကို သတိနဲ့ဖာထားရင် အသိလည်းလုံနေလို့ ရှိတာကို တကယ်သိမြင်ရပါတယ်။ နေ့စဉ်ထမင်းနဲ့စားသောက်ဖွယ်ရာတွေစားနေတာကိုပဲ ကြည့်ပါ။ မနက်စားလိုက်တော့ ညနေစာတယ်။ ညနေစားလိုက်တော့ မနက်မှာ ဆာနေပြန်တယ်။  ဒါတွေဟာ ကြည့်တက်ရင် ၀ိပဿနာပဲ။ ကုန်သွားလို့ဆာတာဆိုတော့ ကုန်တာ ပြောင်းလဲဖောက်ပြန်တာဟာ အနိစ္စပဲ။ ဆာတာဟာ ဒုက္ခပဲ။ ခန္စာဟာ ကိုယ့်အလိုမလိုက်၊ ကိုယ်ကသာ ခန္စာနောက်လိုက်ပြီး ကျွေးရ၊ စားရမှဖြစ်လို့ အနတ္တပဲ။
အမှိုက်ပုံးထဲ နေ့စဉ်အမှိုက်ပစ်နေတာဟာ ၀ိပဿနာပဲ။ သုံးမဖြစ်အောင် အမှိုက်ထဲပစ်လိုက်ရအောင် ပြောင်းလဲဖောက်ပြန်သွားတာ ဖြစ်လို့ အနိစရှုရုံပဲ။ ဖြစ်ချင်တာမဖြစ်၊ မဖြစ်ချင်တာဖြစ်သွားလို့ ဒုက္ခပေါ့။ '' ဟဲ့အမှိုက်တွေ ပစ္စည်းကောင်းတွေ ပြန်ဖြစ်ကြစမ်း'' လို့ခိုင်းလို့မရ။ ကိုယ့်အလို သူမလိုက်တော့ အနတ္တဆိုတာ ရှင်းနေတာပဲ။
ပစ္စည်းတွေ သူခိုးခိုးခံရလို့ ပျောက်သွားတာတောင်မှ သတိနဲ့အသိကောင်းသူဟာ အပူမကျန်စေပဲ ၀ိပဿနာရှု့ပြီးအမြတ်ထုတ်ယူနိုင်ပါသေးတယ်။ အသိ သတိကောင်းသူအတွက် အများချုံးချငိုစရာ ပူလောင်စရာအားလုံးဟာ ပြုံးပြစရာ ငြိမ်းအေးစရာတွေချည်ဖြစ်နေတက်ပါတယ်။

နေ့စဉ်လူတွေလုပ်နေကြတဲ့ စားဝတ်နေရေး၊ စီးပွားရေး၊ လူမှုရေးတွေအားလုံးဟာ အသိသတိခေါင်းတွဲ တပ်ဆင်ပေးလိုက်ရင် ဒါန၊ သီလ၊ သမာဓိ ၀ိပဿနာစွမ်းအားတွေချည်ပါပဲ။
ပြီးတော့ ရှင်လာရင် ဧကန်သေရမယ်။ ဖြစ်လာရင် ဘာမဆိုပျက်ရမယ်။ ရလာရင် အချိန်စေ့တော့ကုန်ဆုံးသွားရမယ်။ တွေ့ဆုံလာရင် ကန့်သပ်ချိန်ပြည့်တော့ ကွဲရမယ်။ ဒါဟာ ဘ၀သံသရာမှာ သွားနေကြ၊ ပုံမှန်လည်ပတ်နေရတဲ့ လမ်းရိုးကြီးပါ။ အသိ သတိမပါသူတွေ မူးလဲသွားကြပေမဲ့ အသိသတိအားကောင်းသူတွေအတွက်တော့ ဒါတွေဟာ '' အား'' တွေကြီးပါပဲ။
လူကို လောက ကနိုင်တယ်။ လောကကိုတော့ (တရား) ဓမ္မကနိုင်တယ်။ (တရား) ဓမ္မကိုနိုင်တာကတော့ သတိပညာပါ။ သတိပညာနဲ့ ဓမ္မကိုလက်ကိုင်ထားနိုင်ရင် လောကကို နိုင်ပီဖြစ်လို့ လူဟာ လောကအလယ်မှာ ကောင်းဆိုး ၂-တန် ဘယ်လောကဓံနဲ့တွေ့တွေ့နေရာတိုင်း အ၀င်ဆန့်သွားပါတယ်။

No comments:

Post a Comment