Thursday, December 15, 2011

မေတ္တာ

မိမိကိုယ်ကို ပိုပြီးတော့ အသိဥာဏ်ကြီးမာလာအောင် တိုးတက်လာအောင် လုပ်တာနဲ့၊ သူတစ်ပါးကိုလည်းပဲ ပိုပြီးတော့ အသိဥာဏ် ကြီးမားလာအောင်၊ တိုးတ်လာအောင် ဆောင်ရွက်ပေးတာဟာ မေတ္တာပါ။ကိုယ့်ကိုယ်တိုင် စိတ်ဓါတ်နဲ့အသိဥာဏ် ရင့်ကျက်လာအောင်၊ မြင့်မြတ်လာအောင် လုပ်ပြီးတော့ သူတစ်ပါးကိုလည်းပဲ စိတ်ဓါတ်နဲ့အသိဥာဏ် ရင့်ကျက်လာအောင် အကူအညီပေးနိုင်တာ အထောက်အကူ ပေးနိုင်တာက မေတ္တာပါပဲ။သူတစ်ပါးကို မေတ္တာထားနိုင်ဖို့ဆိုတာ ကိုယ့်ကိုယ်ကို အဖက်ဖက်က ပိုပြီးတော့ ကြီးပွားလာအောင်၊ တိုးတက်လာအောင်၊ အသိဥာဏ်နဲ့စိတ်ဓါတ်တိုးတက်မှု၊ ရင့်ကျက်မှုဖြစ်လာအောင် အထောက်အကူ ပေးမှသာ ဖြစ်နိုင်ပါတယ်။ကိုယ်ကိုယ်တိုင်က တကယ်စိတ်ချမ်းသာနေမှသာ သူတစ်ပါး စိတ်ချမ်းသာမှုကို တကယ်လိုလားတဲ့စိတ် အပြည့်အ၀ဖြစ်တယ်။We are incapable of loving another unless we love ourselves.မိမိကိုယ်ကိုမိမိ မချစ်လို့ရှိရင် သူတစ်ပါးကို ချစ်ဖို့ရာ မတတ်နိုင်ပါဘူး။မေတ္တာဟာ မျက်နှာကို ကျက်သရေရှိစေတယ်၊ လှပစေတယ်၊ ချစ်စရာ ခင်စရာကောင်းစေတယ်။မေတ္တာဟာ power အစစ်ပဲ။ ကျန်တဲ့ power တွေက power အတုတွေ မြတ်စွာဘုရားရဲ့ မေတ္တာဟာ အခုအချိန်ထိ power ကြီးတုန်းပဲ။ သူများကိုယ့်ကို ကြောက်တာဟာ power အစစ်မဟုတ်ဘူး။တကယ့်စစ်မှတ်တဲ့ မေတ္တာဟာ သူ့ဘက်က တုံ့ပြန်မှု မရှိလည်းပဲ ကိုယ့်မေတ္တာက ဆက်လက်ပြီးတော့ ရှိနေဦးမှာပဲ၊ တည်တံ့နေဦးမှာပဲ၊ စစ်မှန်တဲ့မေတ္တာကို ပြန်ယူလိုက်လို့ မရပါဘူး။ ပြန်ရုပ်သိမ်းလို့ မရပါဘူး။ အကယ်၍ ပြန်ယူလိုက်လို့ရရင် အဲဒါ မေတ္တာစစ် မဟုတ်ပါဘူး။တကယ့်မေတ္တာဟာ တစ်ယောက်ကိုတစ်ယောက် အပြစ်ရှိတဲ့လူတစ်ယောက် ဆိုတဲ့ ခံစားမှုမျိုးဖြစ်အောင် မလုပ်ဘူး။တကယ်စစ်မှန်တဲ့ မေတ္တာမှာ အကြောင်းပြချက်၊ တောင်းဆိုချက် မရှိဘူး။Truly unconditional love is both free and freeing.တကယ်စစ်မှန်တဲ့ မေတ္တာ၊ နှောင်ကြိုးမဲ့ မေတ္တာမျိုးဟာ လွတ်လုပ်နေတယ်၊ လွတ်လပ်မှုကိုလည်း ပေးတယ်။စားဝတ်နေရေးမှာ မှီခိုမှုမရှိတာ ( financially independent ) ခံစားမှုပိုင်းမှာ မှီခိုမှုမရှိတာ (emotionally independent ) စိတ်ပိုင်းဆိုင်ရာ မှီခိုမှုမရှိတာ (psychologically independent) အသိဥာဏ်ပိုင်းဆိုင်ရာ မှီခိုမှုမရှိတာ၊ (intellectually independent) မျိုးတွေ ဖြစ်လာအောင် နေ့စဉ် ကိုယ်တတ်နိုင်သလောက် အထောက်အကူ ပေးနေတာဟာ တကယ့်မေတ္တာစစ်ကို ပြနေတာပဲ။ကိုယ်ချစ်တဲ့သူဟာ အသိဥာဏ်ပိုင်း ဆိုင်ရာမှာ ကိုယ့်အပေါ် မှီခိုအားကိုးမှု ဖြစ်မနေဘူးဆိုတဲ့ ရည်ရွယ်ချက် ထားရမယ်။တကယ်မေတ္တာအစစ်အမှန်နဲ့ချစ်ရင် ကိုယ့်ချစ်တဲ့သူကို ကိုယ့်ခြေထောက်ပေါ်ကိုယ် ရပ်တည်နိုင်တဲ့သူ၊ ကိုယ့်အသိဥာဏ်နဲ့ကိုယ် စဉ်းစားနိုင်တဲ့သူ၊ ဆုံးဖြတ်နိုင်တဲ့သူ၊ သွားရဲလာရဲ၊ ပြောရဲဆိုရဲ၊ လုပ်ရဲကိုင်ရဲတဲ့သူ ဖြစ်လာအောင် လုပ်ပေးချင်တယ်။အဲဒါကို အဓိပ္ပာယ်ပြောင်းပြန်ကောက်လိုက်ရင် ကိုယ့်အပေါ်မှာ မှီခိုနေအောင်၊ ကြောက်နေအောင်၊ အားငယ်တတ်အောင် လုပ်နေမယ်ဆိုရင် ချစ်ရာမရောက်တော့ဘူး။တကယ်တမ်းစဉ်းစားကြည့်ရင် တစ်ယောက်နဲ့တစ်ယောက်က ဘယ်အချိန်မှာ တကယ်အချစ်ဆုံးဖြစ်မလဲဆိုတော့ သူလည်း သူ့အားသူကိုးနိုင်တဲ့သူ၊ ကိုယ်လည်း ကိုယ့်အား ကိုယ်ကိုးနိုင်တဲ့သူ၊ သူမရှိလည်း ကိုယ့်ဘ၀ကိုယ် အဓိပ္ပာယ်ရှိရှိ ပြည့်ပြည့်စုံစုံ နေသွားနိုင်တဲ့သူ၊ ကိုယ်မရှိလည်း သူ့ဘ၀သူ အဓိပ္ပာယ်ရှိရှိ ကျေကျေနပ်နပ် ချမ်းချမ်းသာသာ နေသွားနိုင်တဲ့သူ၊ ဒီလိုလူနှစ်ယောက်ရဲ့ ချစ်ခြင်းသာလျှင် တစ်ယောက်ကိုတစ်ယောက် တကယ်အစစ်အမှန်ချစ်တယ်လို့ ပြောလို့ရမယ်။မေတ္တာတွေအားလုံးကို ခြုံပြီးတော့ ကြည့်လိုက်ရင် တူတဲ့အချက် ရှိပါတယ်။ အဲဒါ ဘာလဲဆိုတော့ ပိုပြီးတော့ သိစေချင်တယ်၊ တတ်စေချင်တယ်။ ကိုယ့်ခြေထောက်ပေါ်ကိုယ် ရပ်တည်စေချင်တယ်။ ကိုယ့်ဥာဏ်နဲ့ကိုယ် ဆုံးဖြတ်ပြီးတော့ ကိုယ့်ဘ၀ကို တန်ဖိုးရှိရှိ နေတတ်စေချင်တယ်။ လွတ်လပ်တဲ့သူ ဖြစ်စေချင်တယ်။ တရားအားထုတ်ပြီး အေးအေးချမ်းချးမ်း နေတတ်တဲ့သူ ဖြစ်စေချင်တယ်။ အဲဒါမေတ္တာပဲနော်။မေတ္တာဆိုတာ အကျိုးကို လိုလားခြင်း ဆိုတာ သေသေချာချာ စဉ်းစားမှနော်။ အကျိုးကို လိုလားခြင်းဆိုတော့ အကျိုးဆိုတာ ဘာလဲ၊ ဘယ်လိုလဲ ဆိုတာ သိမှဖြစ်မယ်။ အကျိုးကိုလိုလားခြင်း ဆိုတာဟာ အသိဥာဏ်ရှိမှ ဖြစ်နိုင်တာနော်။ ဘယ်ဟာ ကောင်းတယ်၊ ဘယ်ဟာ မကောင်းဘူး ဆိုတာ မသိဘဲနဲ့ အကျိုးကို လိုလားတယ်ဆိုတာ မဖြစ်နိုင်ပါဘူး။ ဒါကြောင့် ဥာဏ်ရှိမှ မေတ္တာရှိတယ်။တကယ်အဆင့်မြင့်တဲ့ မေတ္တာမှာ အသိဥာဏ်ဟာ ပါနေတယ်။ ရင့်ကျက်မှုပါနေတယ်။ မေတ္တာနဲ့တွဲပြီး အဲဒီအသိဥာဏ်နဲ့ ရင့်ကျက်မှုကိုပါ မြင်ရတယ်။ မေတ္တာစစ်ရဲ့သဘောကို ကြည့်ရင်းနဲ့ ကိုယ့်ရဲ့ ရင့်ကျက်တဲ့ လူကြီးဆန်တဲ့ သဘောထားနဲ့ အသိဥာဏ်ကို မြင်နေရတယ်။ ပြီးတော့ အဲဒီမေတ္တာရဲ့ အေးချမ်းမှုကိုလည်း အပြည့်အ၀ သိလို့ရတယ်။မေတ္တာဆိုတာဟာ ကိုယ့်စိတ်အတွက် အဟာရတမျိုး ပြန်ဖြစ်သွားတယ်နော်။ သူတစ်ပါးအတွက်လည်း အဟာရဖြစ်တယ်။ ကိုယ့်အတွက်လည်း အဟာရဖြစ်တယ်။It is actually impossible to forsake our own spiritual development in favour of someone else's.
ကိုယ့်မှာ လေးနက်မြင့်မြတ်တဲ့ အသိဥာဏ်နဲ့စိတ်ဓါတ် ဖြစ်ပေါ်လာအောင် မလုပ်ဘဲနဲ့ သူတစ်ပါးမှာ လေးနက်တဲ့ မြင့်မြတ်တဲ့ အသိဥာဏ်နဲ့စိတ်ဓါတ်ဖြစ်ပေါ်လာအောင် လုပ်မပေးနိုင်ပါဘူး။သူတစ်ပါးရဲ့ စိတ်ဓါတ်နဲ့အသိဥာဏ်လေးနက်မှု၊ ရင့်ကျက်မှု၊ မြင့်မြတ်မှု၊ရှိလာအောင် ကိုယ်က အထောက်အကူ ပေးလေလေ ကိုယ့်မှာလည်းပဲ လေးနက်တဲ့ မြင့်မြတ်တဲ့ စိတ်ဓါတ်နဲ့အသိဥာဏ် ပိုပြီးတော့ ကြီးမားလာလေလေပဲ ဖြစ်လာတယ်။ကိုယ်က တရားအားထုတ်လို့ အေးချမ်းလာလေလေ ပိုပြီးတော့ ချစ်တတ်လာလေလေ ဖြစ်လာတယ်။ ပိုပြီး သန့်ရှင်းစင်ကြယ်တဲ့ လွတ်လပ်တဲ့ မေတ္တာမျိုးနဲ့ ချစ်နိုင်လေလေ တရားဘက်ကလည်း ပိုပြီး အထောက်အကူ ရလေလေပဲ။ပစ္စည်းဥစ္စာ ပြည့်စုံရုံနဲ့ စိတ်ချမ်းသာမှု၊ စိတ်ကျေနပ်မှု မဖြစ်နိုင်ဘူး။ ကိုယ့်ပတ်ဝန်းကျင်က လူတွေရဲ့ ချစ်ခင်မှုကိုရမှ ပိုပြီး စိတ်ချမ်းသာတယ်၊ ကျေနပ်တယ်။ ငါ့မှာ ငါ့ကို တကယ်ချစ်ခင်လေးစားတဲ့၊ တန်ဖိုးထားတဲ့ မိတ်ဆွေတွေ ရှိတယ်။ ငါ့မှာ အခက်အခဲရှိရင် သူတို့ ငါ့ကို ပစ်မထားဘူး။ ကြည့်ရှုကြမယ်။ ကူညီကြမယ် ဆိုပြီးတော့ စိတ်အေးချမ်းမှုဖြစ်တယ်။ မေတ္တာကသာ စိတ်ကို လုံခြုံမှု ဖြစ်စေပါတယ်။ကိုယ့်ကိုယ်ကို မလုံခြုံတဲ့သဘော၊ စိတ်မချတဲ့သဘော၊ စိတ်မအေးတဲ့သဘောဟာ အမှန်မှာ မေတ္တာကင်းမဲ့လို့ ဖြစ်တာပဲ။ လူတွေက မေတ္တာကင်းလေလေ မလုံခြုံမှုက ပိုများလေလေပဲ။ ကိုယ့်ကိုယ်တိုင်က သူတစ်ပါးကို မချစ်တက်၊ မခင်တက်၊ မယုံကြည်တတ်တဲ့သူဟာ သူတစ်ပါးကလည်း ကိုယ့်ကို ချစ်လိမ့်မယ်၊ ခင်လိမ့်မယ်လို့ မယုံဘူး။ တကယ်လုံခြုံမှုဆိုတာဟာ ပစ္စည်းဥစ္စာမှာ မရှိဘူး။ မေတ္တာမှာပဲ ရှိတယ်။သူတစ်ပါးကို မေတ္တာ၊ ဂရုဏာထားတယ်။ သူတစ်ပါးကို ကောင်းစေချင်တယ်ဆိုရင် စိတ်မှာ လုံခြုံနေမယ်၊ အင်အားတွေရှိနေမယ်၊ ကြောက်ရွံ့အားငယ်နေတာ မရှိနိုင်တော့ဘူးပေါ့။ကိုယ်က အများအပေါ်မှာ ချစ်ခင်မှု၊ မေတ္တာ၊ ဂရုဏာ တကယ်ထားနိုင်တယ်၊ ကိုယ့်ကို ချစ်တဲ့ခင်တဲ့လူတွေ များများရှိတယ်ဆိုရင် စိတ်မှာ အင်မတန်လုံခြုံပါတယ်။ဒါကြောင့် မေတ္တာကိုပဲ အင်မတန်လုံခြုံတဲ့ သံချပ်ကာအင်္ကျီလို့ သဘောထားပြီးတော့ ကိုယ့်ပတ်ဝန်းကျင်မှာ ကိုယ်ရဲ့မေတ္တာကိုပဲ စည်းရိုးသဘောမျိုးနဲ့ ထားပြီး နေမယ်ဆိုရင် စိတ်ထဲမှာ လုံခြုံမှု၊ ပြည့်စုံမှုသဘောမျိုး ခံစားရလိမ့်မယ်။ ကိုယ့်ရဲ့မေတ္တာ၊ ကိုယ့်ရဲ့သတိ၊ သမာဓိကြောင့် အင်မတန် တည်တည်ကြည်ကြည်၊ ကြည်ကြည်လင်လင်၊ အေးအေးချမ်းချမ်း နေထိုင်သွားလာ လုပ်ကိုင်နိုင်ပါတယ်။ကိုယ်ကိုယ်တိုင်က စည်းကမ်းရှိရှိ ထိန်းထိန်းသိမ်းသိမ်း မနေဘဲနဲ့ သားသမီးကို စည်းကမ်းရှိအောင် ထိန်းထိန်းသိမ်းသိမ်း နေတတ်အောင် သင်ပေးလို့ မရဘူး။ကိုယ်ကိုယ်တိုင်က စည်းကမ်းမရှိရင် သူတစ်ပါးကို စည်းကမ်းရှိအောင် သွန်သင်ဆုံးမလို့ မရနိုင်သလို ကိုယ့်ကိုယ်ကို မချစ်ရင်လည်းဘဲ သူတစ်ပါးကို ချစ်ဖို့ဆိုတာ မဖြစ်နိုင်ပါဘူး။ ကိုယ်ကိုယ်တိုင်က စည်းကမ်းနဲ့နေမှသာ ကိုယ့်ကိုယ်ကို ချစ်ရာရောက်တယ်။ ပြီးမှ သူများကို စည်းကမ်းနဲ့နေအောင် အကူအညီ ပေးရမယ်။ ဒါမှ ကိုယ့်ကိုယ်ကိုလည်း ချစ်ရာရောက်သလို သူတစ်ပါးကိုလည်း ချစ်ရာရောက်တယ်။လူတိုင်းလိုလိုပါပဲ တကယ်တော့ မမှတ်မိကြလို့ပါ၊ တစ်ဘ၀ မဟုတ်တစ်ဘ၀မှာတော့ မိဘနဲ့သားသမီး၊ ဆရာနဲ့တပည့် တော်ခဲ့ကြမှာပါ။ သံသရာမှာ မတော်စပ်ဘူးတဲ့သူ မရှိပါဘူးလို့ ဘုရားဟောထားတာ ရှိတယ်။ အဲဒီသဘောလေးကို ပြန်ဆင်ခြင်မိတဲ့အခါမှာ တွေ့ရသမျှ လူတိုင်းကို ကျေးဇူးဆပ်ချင်တဲ့ သဘော ဖြစ်လာနိုင်တယ်။သူ့ကိစ္စတစ်ခုခုကို ကိုယ်က တတ်နိုင်တုန်း ပစ္စည်းနဲ့ပဲဖြစ်ဖြစ်၊ အကြံဥာဏ်နဲ့ပဲဖြစ်ဖြစ် ကိုယ်တတ်နိုင်သလောက် အတတ်နိုင်ဆုံး လုပ်ပေးလိုက်ရတာဟာ ငါ့အတွက် အခွင့်ထူးကြီးတစ်ခုကို ရတာပါလားလို့ ခံစားတတ်ရင် ဘယ်လောက်များကောင်းမလဲ၊ ဘယ်လောက်ကျေနပ်စရာကောင်းမလဲနော်။ ဒါဟာ ရပိုင်ခွင့်တစ်ခု မဟုတ်ဘူး၊ အခွင့်ထူးတစ်ခု ရတာပါ။တကယ်ချစ်ရင် နင် ငါ့ကျေးဇူးကို မသိပါဘူးလို့ မပြောပါနဲ့။ နင်တို့ကျေးဇူးကန်းတယ်လို့ မပြောလိုက်ပါနဲ့။ ဘာကြောင့်တုန်းဆိုတော့ ဒီလိုပြောလိုက်ရင် အဓိပ္ပာယ်က နှောင်ကြိုးပါနေတယ်၊ လွတ်လပ်တဲ့မေတ္တာ မဟုတ်တော့ဘူး။ ပေးနိုင်ရင်လွတ်လွတ်ကျွတ်ကျွတ်ပဲ ပေးလိုက်ပါ။ မပေးနိုင်ရင်လည်း မပေးနိုင်မှန်း သိလိုက်ပါ။ အပြစ်မတင်ပါနဲ့။ အတင်းအကြပ် ကျေးဇူးတင်ခိုင်းလို့ မရပါဘူး။များသောအားဖြင့်တော့ စိတ်မချမ်းသာဖြစ်ရတာက ကိုယ့်ဘက်ကသဘောထား တကယ်မမှန်လို့ပါနော်။ မျှော်လင့်ချက် ထားနေသေးလို့ပါ။ အဲဒီတော့ တကယ်အဆင့်မြင့်တဲ့မေတ္တာကို မထားနိုင်သေးခင်မှာ ကိုယ့်မေတ္တာမှာ မျှော်လင့်ချက်ပါနေသေးတယ် ဆိုတာလေးကိုတော့ ရိုးရိုးသားသား သတ္တိရှိရှိသိပါ။ ငါဟာ တစ်ခုခုမျှော်လင့်နေသေးတယ်။ ငါ့မေတ္တာဟာ တကယ့်လွတ်လပ်တဲ့မေတ္တာ မဖြစ်သေးပါဘူး။ အဲဒါကို သိတာဟာ ပထမအဆင့် အရေးကြီးဆုံးပဲနော်။ ဒီအချက်ကို အဓိကထား ပြောချင်တာပါ။ငါ နင့်အပေါ်မှာ ဒီလိုမျှော်လင့်ချက်တွေ ထားနေတယ်ဆိုတာကို ပွင့်ပွင့်လင်းလင်း ပြောကြည့်စမ်းပါ။ ရိုးရိုးသားသား ပြောလိုက်ပါ။ ကိုယ့်ဘက်က ဘာမျှော်လင့်တယ်ဆို ပြောပြတာပဲ။မေတ္တာဟာ မနောကံတစ်ခုတည်းနဲ့ မရဘူး။ မေတ္တာမနောကံ ရှိသလို မေတ္တာဝစီကံလည်း ရှိရဦးမယ်၊ မေတ္တာ ကာယကံလည်း ရှိရဦးမယ်။ စိတ်ထဲကတော့ ချစ်ပါတယ်၊ ပါးစပ်ကတော့ ဘာမှမပြောဘူး လို့နေကြတာ တွေလည်း တော်တော်များများ ရှိပါတယ်။ အဲဒီလိုနေလို့ မဖြစ်ဘူး။ ဘယ်လောက်အသက်ကြီးကြီး ချစ်တယ်ဆိုတဲ့ အမူအရာကို ပြဖို့လိုတယ်။ ချစ်တယ်ဆိုတာကို ပြောဖို့လိုပါတယ်။ တတ်နိုင်သလောက် လေးနက်တဲ့ စစ်မှန်တဲ့ ကြီးမားတဲ့ မေတ္တာနဲ့ ချစ်တတ်စေချင်ပါတယ်။ကိုယ်ချင်းစာတရားဟာ လူ့သဘာဝဖြစ်တယ်၊ မြင့်မြတ်တဲ့ သဘာဝဖြစ်တယ်၊ ဒါတွေဟာ လူ့အရည်အချင်းလည်း ဖြစ်တယ်။ ငါလည်း အကျိုးရှိအောင်၊ သူတစ်ပါးလည်း အကျိုးရှိအောင် မျှမျှတတ လုပ်မယ်၊ တစ်ကိုယ်ကောင်း ဆန်ဆန်မလုပ်ပါဘူးဆိုပြီး ဆင်ခြင်လိုက်ရင် လူပီသတဲ့စိတ်ထား ဖြစ်သွားပြီ။ မေတ္တာ၊ ဂရုဏာဆိုတာလည်း လူ့သဘာဝပါပဲ၊ သမာဓိဆိုတာလည်း လူ့သဘာဝပဲ။ လူတိုင်းမှာ ပင်ကိုယ်သဘာဝ မနေနဲ့ရှိပြီးသားပဲ။ လေ့ကျင့်ပြုစု ပျိုးထောင်ပေးလို့ရှိရင် ပိုအားကောင်းလာနိုင်တာပဲ။အထင်ကြီးတာတွေ၊ အထင်သေးတာတွေ ရှိနေရင်လည်း ပွင့်လင်းရိုးသားတဲ့မေတ္တာနဲ့ ဆက်ဆံလို့မရတော့ဘူး။ ဒါတွေ ဘာမှမရှိတော့တဲ့အခါမှ လူကို လူလိုမြင်လာတယ်။ စစ်မှန်တဲ့မေတ္တာကို ပေးနိုင်လာတယ်။ ကိုယ်က စစ်မှန်တဲ့မေတ္တာကို ပေးနိုင်ဖု့ အရေးကြီးပါတယ်။ ရဖို့ကတော့ မမျှော်လင့်တာပဲ ကောင်းပါတယ်။ မမျှော်လင့်ဘဲ ရမှ ပိုကောင်းပါတယ်။အများအကျိုးကို ဆောင်ရွက်ပေးပြီး ဂုဏ်ဖော်လွန်းရင် သူများကျေးဇူးမတင်တော့ဘူး။ ဂုဏ်မဖော်လေလေ အများက သူတို့ကို ပိုချစ်လေလေပဲ။ ချစ်တာကိုလိုချင်လွန်းလို့ မရဘူးနော်။ မလိုချင်ရင် အလိုအလျောက် ရတယ်။ကိုယ်က စစ်မှန်တဲ့မေတ္တာနဲ့ ချစ်နိုင်ဖို့၊ ပေးနိုင်ဖို့က ကိုယ့်အတွက် အရေးကြီးဆုံးနဲ့ အကောင်းဆုံးပဲ။ အဲဒါဟာ အင်မတန်ရင့်ကျက်တဲ့ တည်ငြိမ်တဲ့ အေးချမ်းတဲ့ သဘောထားကြီးတဲ့ မေတ္တာစိတ် ဖြစ်တယ်။ အဲဒီစိတ်က အားရစရာ ကျေနပ်စရာ အကောင်းဆုံးပဲ။ရုပ်ပိုင်းအားဖြင့် ကိုယ့်မှာ လိုအပ်တဲ့အရာတွေကို သူတစ်ပါးက ကူညီတယ်။ ထောက်ပံ့တယ်။ နေမကောင်းဖြစ်တဲ့အခါ ပြုစုပေးတယ်။ ဒါတွေ လိုအပ်ပါတယ်။ ဒါပေမဲ့ စိတ်ပိုင်းအားဖြင့် ဘယ်သူ့အပေါ်မှာမှ မှီခိုမှု၊ အားကိုးမှု မရှိသင့်ဘူး။ကိုယ့်ကိုယ်ကို အားကိုးပါ။ သတိနဲ့မေတ္တာကို အဆောင်အဖြစ်ထားပါ။                                                                                                                                                                                                                                                    


ဆရာတော် ဦးဇောတိက

No comments:

Post a Comment