Thursday, March 8, 2012

ဘယ်သူ့ကိုမှလည်း အပြစ်မတင်ရက်တော့ပါ

ကျနော့် မွေးရပ်မြေရွာလေးတွင် မူလတန်းကျောင်း စတုတ္ထတန်းအထိပဲရှိသည်။ စတုတ္ထတန်းအောင်တော့ ကျနော်တို့ရွာနဲ့တစ်ဆက်တည်းဖြစ်သည့်ရွာ (အလယ်တန်းကျောင်း)တွင် အဋ္ဌမတန်းအထိ ပညာသင်ခွင့်ရသည်။ ထိုမှ အောင်မြင်ပြီးနောက် ဒေးဒရဲမြို့ သို့မဟုတ် ကျိုက်လက်မြို့တို့တွင် အထက်တန်းကျောင်းကို သွားရောက်တက်ကြရသည်။

ကျနော် ရှစ်တန်းအောင်ပြီး ကျိုက်လက်မြို့ အထက(၁) တွင် ဆက်တက်ရသည်။ ကျနော်တို့အတန်းအား Bio သင်သည့် ဆရာသည် အဖေ့ ညီမ၀မ်းကွဲ၏ အမျိုးသားဖြစ်သည့်အတွက် ကျနော်တို့ရဲ့ Bio ဆရာသည် ကျနော့် ဦးလေး အော်တိုမက်တစ် ဖြစ်သွားခဲ့သည်။ ကျနော်အား သူ့ရဲ့ကျူရှင်ဝိုင်းတွင် Bio ဘာသာရပ်ကို သင်ယူရပြီး၊ ကျောင်းတွင် မသင်ရသေးသည့် အခန်းတွေအား ကျနော်က သင်ပြီးသားဖြစ်နေပြီး အတန်းထဲတွင် Bio ဆရာကြီးဖြစ်နေတော့သည်။ ကျူရှင်တက်သည့် ကျောင်းသားအားလုံးထဲတွင်တော့ ဆရာရဲ့တူမဆိုပြီး ကျနော်က အာကျအတုယူဖွယ်အဖြစ့် မြောက်ကြွကြွပေါ့။ ကျနော့်ရဲ့ အဲဒီမြောက်ကြွကြွပုံစံအား ရိုက်ချိုးခံရသည့်နေ့...

ဆရာရှေ့တွင် စာရှင်းပြနေသည့်အချိန် အားလုံးမှလည်း ဆရာာအား အာရုံစိုက်လျက်ရှိနေချိန်
ကျနော် ညတုန်းက စားထားသည့် ပဲလှော်အရှိန်ကြောင့် လေလည်ချင်ခဲ့သည်။ အသံမမြည်အောင် ကြမ်းပြင်ပေါ်တွင် ပိပိရိရိထိုင်နေသည့် တင်ပါးအား အနည်းငယ်ကြွလျက် အသာအယာလွှတ်လိုက်သည်။ ကျနော့်မျက်နှာသည် တော်တော်လေးကျေနပ်သွားသည့် အပြုံးမျိုး။ လူမသိ သူမသိ ကိစ္စရှင်းလိုက်နိုင်လို့ဖြစ်သည်။ ဒုတိယ တစ်ကြိမ် လေလည်မှုကိုလည်း ကျနော် ပထမနည်းအတိုင်း ဖြေရှင်းခဲ့ပြီး အန္တာရာယ်စက်ကွင်းမှလွတ်မြောက်သည့် အပြုံးလေးဖြင့် အိနြေ္ဒရရနေနိုင်ခဲ့သည်။

ကျနော့်အား ဒုက္ခပေးမည့် တတိယအလုံး...
ကျနော့်ကိုယ် ကျနော် သတိမထားမိလိုက်ခင် အလိုလျောက်ထွက်သွားသည့်အသံကြီး ((( ဘူ...........)))အားလုံးသော မျက်လုံးများသည် ဆရာစာသင်သည့် ကျောက်သင်ပုန်းပေါ်မှ ခွာလျက် ကျနော့်ထံသို့စုပြုံကျရောက်လာခဲ့သည်။ ကျနော် မျက်နှာတစ်ခုလုံး ရဲတွက်လျက် မျက်ရည်တွေပါ ၀ိုင်းတက်လာခဲ့သည်။ ကျနော် ငိုတော့မယ်ဆိုတာ သိသည့်ဆရာသည် သူ့ရဲ့ ရယ်ချင်နေသည့် မျက်နှာကြီးကို ထိန်းလျက်..ကျနော့် အဒေါ် သူ့အမျိုးသမီးအား ခေါ်လျက် ''အိမ်အောက်က ၀က်မကြီး မောင်းထုတ်လိုက်စမ်းပါ" ရုတ်တရက် စာသင်နေရာမှ ၀က်မောင်းခိုင်းသည့် ဆရာအား ကျနော့်အဒေါ်မှာ နားမလည်နိုင်သည့် မျက်ဝန်းဖြင့်ကြည့်နေခြင်းကြောင့် ဆရာက " ဒီမှာ ကလေးတွေ စာသင်နေတာ အနှောက်အယှက်ဖြစ်လို့" ဟူသည့် အကြောင်းပြချက်ပေးလိုက်ရသည်။ ဆရာ့အမျိုးသမီး ကျနော့်အဒေါ်ထွက်သွားတော့ ဆရာဆက်ပြောသည်မှာ
" အဲဒီ ၀က်မ တော်တော်ဆိုးတယ်။ ဘယ်အိမ်က ၀က်မလည်းမသိဘူး။ အိမ်အောက်လာလာအိပ်ပြီး အရမ်းအီးပေါက်တာ" ဟုပြောတော့မှ ကျနော့်ထံသို့ ရောက်နေသည့် အကြည့်အားလုံးသည် အိမ်အောက်မှာ အိပ်နေသည့် ၀က်မကြီးထံသို့ရောက်သွားတော့သည်

ထို့နောက် ရှက်ရှက်နှင့် ငိုချင်လျက်လက်တို့ဖြစ်နေသည့် ကျနော့်အခြေအနေကြောင့် စာသင်ခြင်းအလုပ်ကို ထိုနေရာတွင် ဖြတ်လျက် မနက်ဖန် မှဆက်သင်မည်ဟု မှာကြားလျက် အားလုံးကို ပြန်လွှတ်လိုက်တော့သည်။

ကျနော့်ကြောင့် အရှက်တကွဲဖြစ်သွားရှာသည့် ၀က်မကြီး~~
ဝက်မကြီးဖြစ်သွားသည့် ကျနော်~~
ကျနော့်အောက်တည့်တည့်တွင် လာအိပ်နေသည့် ကံဆိုးရှာသည့် ၀က်မကြီး~~
ကျနော့်အား သူတို့ရွာမှလက်ဆောင်အဖြစ်ယူလာပေးသည့် သူငယ်ချင်း~~
ပေးသမျှ အကုန်စားသည့်ကျနော်~~
ဘယ်သူ့ကိုမှလည်း အပြစ်မတင်ရက်တော့ပါလေ.......။