ညနေ ၆ နာရီ ပန်းချီသင်တန်းမှ အပြန်
ကုက္ကိုင်းမှတ်တိုင်(ကမ္ဘာအေးဘုရားလမ်းမပေါ်)မှ ဆူးလေ။ ထိုမှတဖန် လမ်းမတော် ၅
လမ်းသို့ ဘက်စ်ကား ၂ ဆင့်စီးရသည်။ တစ်နေ့ ဘက်စ်ကားပေါ်တွင်
မျက်နှာချင်းဆိုင်ထိုင်နေသည့် အမျိုးသမီးတစ်ဦးကိုကြည့်မိတော့ သူ့ကို
ကျနော် တစ်နေရာတွင် ရင်းရင်းနှီးနှီးမြင်ဖူးသည်။
မူလတန်းတုန်းကသူငယ်ချင်းလား ( ဟင့်အင်း ဒါလည်းမဖြစ်နိုင် ) ဒါဖြင့် (အလယ်တန်းကျောင်းက သူငယ်ချင်းလား) ဒါလည်းမဟုတ်သေးဘူး။
ဒါဆို
အထက်တန်းတုန်းက သူငယ်ချင်းလား။ ကျနော် ကျွမ်းဝင်ခဲ့သမျှ ပတ်ဝန်းကျင်တွေမှ
မျက်နှာတွေ အားလုံးကို စိတ်နဲ့ပြန်လည်ပုံဖော်ပြီး တစ်ခုချင်းပြန်စဉ်းစား
ကြည့်မိသည်။ လုံးဝမဟုတ်။ ဒါပေမဲ့ သေချာတာက သူမကို ကျနော် ရင်းရင်းနှီးနှီး
သိနေခြင်းပင်။
သူမကို ရင်းနှီးသည့် သူငယ်ချင်းတစ်ယောက်ဟု ထင်ပြီး
သူမ
မျက်နှာကို ကြည့်လိုက် စဉ်းစားလိုက်ဖြစ်နေသည့် ကျနော့်အား သူမကလည်း
ပြန်လည်ပြုံးယောင်သန်းသည့် မျက်နှာဘေးဖြင့် ပြန်ပြန်ကြည့်သည်ကိုလည်း
သတိပြုမိသည်။ ကျနော် ဆင်းရမည့်မှတ်တိုင်မရောက်ခင် ၁ မှတ်တိုင်အလိုတွင်
ဘာဘဲဖြစ်ဖြစ် သူမ ကို ကျနော် နှုတ်ဆက်မည်။
ပြီးတော့
ကျနော့်ကို သိလားမေးမည်ဟု ပြုံးရယ်ကာ ပါးစပ်အဟတွင် ကျနော့်ဦးနှောက်ထဲသို့
သူမရဲ့မျက်နှာတစ်ခုက ရင်းရင်းနှီးနှီးတိုးဝင်လာသည်။
ကျနော်သိလိုက်ပါပီ။ ကျနော့်ရဲ့ မှတ်ဥာဏ်ထဲမှာ သူမကို လုံးဝမှတ်မိသွားပါပြီ။
ကျနော်
ရင်းနှီးကျွမ်းဝင်နေသည်က သူမ မဟုတ်ပါ။ အမေချက်ကျွေးဖူးသည့် ငါးပုတ်သင်ငါး
တစ်ကောင်သာဖြစ်ပါသည်။ ငါးပုတ်သင်ငါးဆိုသည်မှာ ဦးခေါင်းထဲတွင်
ကျောက်ဖြူဖြူလေးပါသည့် ခေါင်းကြီးကြီးနဲ့ မျက်နှာမှာ
ဟင်းပန်းကန်ထဲရောက်သည့်အထိ ပြုံးနေသည့် ငါးတစ်ကောင်သာဖြစ်ပါသည်။
ကျတော်ရှက်ရွံ့ခြင်း အားနာခြင်းတို့ဖြင့် သူမမျက်နှာကို ထပ်မကြည့်ရဲတော့ဘဲ
မှတ်တိုင်မရောက်ခင် ကားပေါ်မှ ကမန်းကတန်း ပြေးဆင်းလိုက်ပါသည်။ပြီးနောက်
ကျနော့်ရဲ့ မှတ်ဥာဏ်ကို ခပ်ရေးရေးလေး ကျိန်ဆဲလိုက်မိပါသည်။
ချိုခ
No comments:
Post a Comment