Friday, September 23, 2011

၁၀ စုနှစ်ကျော်လွန်ခဲ့သော်လည်း အတိတ်သင်္ကြန်သည်...

သင်္ကြန်သီချင်းသံများ ဟိုနေရာကဖွင့် ဒီနေရာဖွင့် …
သင်္ကြန်ရောက်ဖို့ ဘယ်လောက်မှ မလိုတော့ပါ…
သင်္ကြန်ဆိုတာ ကျမအတွက်တော့ စားစရာအပြည့်ဖြင့် အခန်းတွင်းအောင်းကာ မြေမထိသည့်နှစ်တွေ ၁၀ နှစ်ကျော်ကြာခဲ့ပြီပဲ… ၁၀ နှစ်ကျော်က ဖြစ်ပျက်ခဲ့သည့် အဖြစ်အပျက်လေးတစ်ခုသည် ကျမအတွက် လက်တလော အဖြစ်အပျက်လေးတစ်ခုကဲ့သို့ မျက်ဝန်းထဲ ရှင်းရှင်းလင်းလင်းပေါ်လာခဲ့ပါသည်။
xxxxx
“သင်္ကြန်ကို စတိတ်ရှိုးလုပ်မယ်တဲ့ ” ကျမနဲ့ အတန်းတူသည့် သူငယ်ချင်းက ကျမ ကိုပြေးပြီး လာပြောခဲ့သည်။
ကျမ မျက်ဝန်းများ တဖျတ်ဖျတ်တောက်ပလာလျက် တီဗွီထဲက သင်္ကြန်ယိမ်းကသည့် အမတွေကို ပြေးမြင်လျက် ကချင်စိတ်များ တဖွားဖွားပေါ်လာပြီး … ရွာလူကြီးများတိုင်ပင်နေသည့် ဥက္ကဋ္ဌ အိမ်သို့ အပြေးအလွှား သွားရောက်နားထောင်ခဲ့သည်။ သူတို့တိုင်ပင်နေသည့် ယိမ်းအဖွဲ့အုပ်စုများရဲ့ အငယ်တန်းအုပ်စု ၁၂ ယောက်အဖွဲ့ထဲတွင် ကျမနာမည်လေး ရှေ့ဆုံးကပါခဲ့သည်။ အဲဒီအချိန်က ကျမ ခုနှစ်တန်းကျောင်းသူ အရွယ်ပင်ဖြစ်ပါသည်။ ပိန်ပိန်သွယ်သွယ်နဲ့ ခပ်နွဲ့နွဲ့ကျမအား သင်္ကြန်ယိမ်းထဲတွင် မထည့်မဖြစ်လူကြီးများ ထည့်ရပေမည်။

ကျမ အိမ်ပြန်ပြေးကာ အမေ့ကို ပြောပြတော့ အမေက ကျမကို မေးခဲ့သည်မှာ “ သမီး အရမ်းကချင်နေလား” တဲ့။ ကျမ မျက်ရည်များကျသည်အထိ ၀မ်းသာသည့်မျက်နှာဖြင့် ခေါင်းငြိမ့်ပြခဲ့ပါသည်။ ကျမ အကြောင်းကို သိနေသည့် အမေသည် သက်ပြင်းဖွဖွချကာ ဘာမှ ပြန်မပြောခဲ့ပါ။ ဒီလိုနဲ့ သင်္ကြန်အကများ တိုက်မည့်နေ့သို့ရောက်လာခဲ့ပါသည်။ အားလုံးတန်းစီတော့ ကျမသည် ရှေ့ဆုံးတန်းအလယ်မှ ပါဝင်ခွင့်ရခဲ့ပါသည်။ ရှေ့မှ ဇာတ်မျိုးဇာတ်နွယ် အဒေါ်ကြီးက ဦးစွာကပြပြီး သူကဲ့သို့ လိုက်ကရန်နှင့် သီချင်းရဲ့ ဘယ်နေရာဆို ကကွက်ဘယ်လိုပြောင်း စသဖြင့် သင်ကြားပြသသည်ကို အရင်ဆုံးမှတ်သားရပါသည်။

ကျမတို့ ၁၂ ယောက် အုပ်စု စပြီးအကတိုက်ကြရပါသည်။ စတိုက်သည့်နေ့တွင်ပင် ကျမပြသနာအကြီးအကျယ်တက်ပါတော့သည်။ သူများတွေ ဘယ်ယိမ်းလျှင် ကျမသည် ညာဘက်သို့ယိမ်းပါသည်။ သူများတွေ ခါးလေးတွေနွဲ့ပြီးကသည်ကို ကျမခါးသည် ကျောက်တိုင်ကဲ့သို့ဖြောင့်မက်ပြီး လက်များကသာ လှုပ်ရှားလျက် ဘယ်ဘက်ပို့လိုက် ညာဘက်ပို့လိုက်ဖြင့် ကျမကိုယ် ကျမတော့ အတော်သဘောကျနေခဲ့ပါသည်။

အားလုံးအဆင်ပြေပြေဖြစ်နေပါလျက် ကျမတစ်ယောက်တည်း သိသာထင်ရှားစွာ တစ်ဖွဲ့လုံးနှင့်ကွဲလွဲသည့် အကများဖြင့်ကြည့်ရသည်မှာ တော်တော်ဆိုးနေခဲ့ပါသည်။ ထို့ကြောင့် အကသင်ပေးသည့် အဒေါ်ကြီးသည် ကျမအားအဖွဲ့ထဲမှ ခဏဖယ်ရှားကာ သီးသန့်တစ်ယောက်တည်းသင်ပေးရှာပါသည်။ ထို့ကြောင့် ဘယ်ညာယိမ်းသည့်ကကွက် မှန်သွားခဲ့သည့်အတွက် အုပ်စုလိုက် အကတိုက်သည့်ထဲတွင် ပါဝင်ခွင့် ပြန်ရခဲ့သည်။ သို့ပေမဲ့ ကျမခါးမနွဲ့တက်ပါ။ တောင့်တောင့်ကြီးပင်ဖြစ်လျက်… စတိုက်သည့် အချိန်ထက်တော့ နည်းနည်းအဆင်ပြေလာသည်ဟု သင်ပေးသည့် အဒေါ်ကြီးကပြောပါသည်။ ကျမရဲ့တိုးတက်လာသည့် ကကွက်များအတွက် ကျမပျော်ရွှင်ကျေနပ်ခဲ့ရပါသည်။

အကြီးတန်းအကအဖွဲ့ထဲတွင် ကျမ အမ ၀မ်းကွဲများပါဝင်ခဲ့ပါသည်။ သူမတို့သည် ကျမကဲ့သို့ မဟုတ်ပဲ သင်္ကြန်အကအား ကျွမ်းကျင်ပိုင်နိုင်စွာ ကနိုင်ခဲ့ပါသည်။ ကျမတို့ သင်္ကြန်ယိမ်းအဖွဲ့အား အကဖျော်ဖြေရေးအဖွဲ့မှ လာရောက်စစ်ဆေးသည့်အခါ ညီညီညာညာလှလှပပ ကနေကြသည့် လူအုပ်ထဲတွင် ကျမရဲ့ကျောက်ရုပ်ကဲ့သို့ခပ်တောင့်တောင်အကများကြောင့် အကသင်ပေးသည့် အဒေါ်ကြီးအား ကျမကို ထုတ်ပယ်ပြီး လူစားထိုးရန်ပြောသွားခဲ့ပါသည်။

ကျမ၀မ်းနည်းနာကျင်စွာငိုကြွေးလျက် အိမ်သို့ပြေးကာ အမေ့ကို ပြောပြတော့ … အမေက ထိုလူကြီးအား … လူစားမထိုးရန်နှင့် ကျမအား သူကိုယ်တိုင်လေ့ကျင့်ပေးမည်ဟု အာမခံသည့်အတွက် ထိုလူကြီးမှာ ခုလောလောဆယ်တော့ ခဏ အစားထိုးထားမည် ကျမ အဆင်ပြေပြေကတတ်လာပါက အစားထိုးထည့်ထားသည့် ကောင်မလေးကို ပြန်ထုတ်မည်ဟုပြောခဲ့သည်။ ကျမအမေသည် ကျမ အားလက်ဆွဲကာ အိမ်တွင် ကက်ဆက်ဖွင့်ကာ အကသင်ပေးခဲ့ပါသည်။

ကျမ အမေသည် သင်နေရင်းဖြင့် ဘယ်လိုမှ နွဲ့နှောင်းမှု မရှိသည့် ကျမအား နောက်ဖေး ၀ါးရုံပင်မှ ၀ါးစိမ်းတုတ်ဖြင့်ရိုက်ကာ သင်ကြားပေးခဲ့သည်။ ကျမ ခြေသလုံးတွင်လည်း အရှိုးရာများထပ်လျက် မည်သို့မှ ဖြစ်ဖြစ်မြောက်မြောက် ကတတ်ခြင်းမရှိခဲ့ပါ။ နောက်ဆုံး အမေလက်လျှော့ကာ အမ၀မ်းကွဲ ၂ ယောက်က သင်ပေးပြန်ပါသည်။ အမများလည်း အမေ့နည်းတူ ကျမအား အကသင်ပေးခြင်းလက်လျှော့ခဲ့ပါသည်။ ထို့အတွက် ကျမ ထမင်းမစားနိုင်ပါ။ အကတိုက်နေသည့် ရွယ်တူများကို ငေးမောလျက်ထိုနေရာမှ လုံးဝမထခဲ့ပါ။ ကျမရဲ့ခေါင်းမာမာ ပေကပ်ကပ်နိုင်မှုများသည် အိမ်ပေါ်မှ အောက်မဆင်းရ အဖေ့အမိန့်အား လက်ခံလိုက်ရပါသည်။

အိမ်ပေါ်တွင် ကျမ စိတ်ပျက်စွာထိုင်နေခိုက် အိမ်ရှေ့မှ အသက်(၁၆) နှစ်ခန့် အသားဖြူဖြူ ၀၀ မျက်နှာပြည့်ဖောင်းဖောင်း ခါးမရှိသည့် အမသည် ကျမတို့အိမ်ထဲ လှမ်းကြည့်ကာ အိမ်ရှေ့တွင် သုံးလေးခေါက်ဖြတ်လျှောက်နေသည်အား ကျမတွေ့ရပါသည်။ နောက်တစ်ခေါက်ဖြတ်အလျှောက်တွင် ကျမလှမ်းကြည့်ပြီး ရယ်ပြလိုက်တော့ အ၀တ်လျှော်နေသည့် အမေ့ကို မျက်နှာချို သွေးကာ ကျမဆီသို့ ၀င်လာပါသည်။ ပြီးနောက် ကျမအား တိုးတိုးလေး ကပ်လျက် သင်္ကြန်စတိတ်ရှိုးပွဲတွင် က ချင်ကြောင်းနှင့် ကျမ အား သီချင်းဆိုပေးရန် အကူအညီတောင်းတော့ ကျမ မျက်ဝန်းများအရောက်လက်သွားကာ၊ သီချင်းဆိုပေးမည်ဖြစ်ကြောင်းတိုးတိုးလေး ကတိပေးလိုက်ပါသည်။ ထိုအမသည် ၀မ်းသာပျော်ရွှင်ကာ ခါးမရှိသည့် သူ့ကိုယ်လုံးအား နွဲ့ကာနွဲ့ကာလျှောက်လျက်ပြန်သွားပါသည်။

သူမ ပြန်သွားတော့ အ၀တ်လျှော်နေသည့် အမေ့နားကပ်ကာ လျှော်ပြီးသားအ၀တ်များကို ကူလှမ်းရန်ယူတော့ အမေသည် ကျမအား နွေးထွေးသည့် အကြည့်ဖြင့်ကြည့်လျက် လက်ဆေးပေးပြီး ကျမ အရပ်ဖြင့်မီသည့်တန်းတွင် လှမ်းဖို့ပြောကာ ခွင့်ပြုပါသည်။ ကျမ ကိုမွေးထားသည့် အမေဖြစ်သည့်အတွက် ကျမတွင် ပြောစရာ စကားရှိနေသည်ကို သိပြီးဖြစ်သည့် အမေက “ ခုန … မခိုင် လာသွားတာ သမီးကို သူကဖို့ သီချင်းဆိုခိုင်းတာ မို့လား” အမေ့ရဲ့အမေးစကားကို ကျမ ချက်ခြင်း ခေါင်းငြိမ့်လိုက်တော့ အမေသည်
“ မခိုင်လည်း သနားပါတယ် သူလည်း အပျိုအရွယ်လေးဆိုတော့ ကချင်ရှာမှာပေါ့ … သူ့ကိုဆို ကာလသားတွေက ဆိုပေးချင်တဲ့လူမရှိဘူး … သမီးမဆိုပေးရင်လည်း သူ့ခမျာ ကရမှာမဟုတ်”  ဟုဆိုပြီး
ရယ်မောကာ ခွင့်ပြုခဲ့ပါသည်။ အမေက ပြောသေးသည်မှာ “နင့်အဖေ မသိစေနဲ့” တဲ့ ကျမ ၀မ်းသာပျော်ရွှင်ပြီး ကက်ဆက်ခွေတွေကို ရှေ့ချကာ ကျမ ဆိုနိုင်မည့် သီချင်းကို ရွေးချယ်လိုက်ပါသည်။ ကျမပိုင်ပိုင်ကျွမ်းကျင်စွာဆိုနိုင်သည့် “ ဟောတော့” သီချင်းကို ရွေးချယ်ကာ အဖေအလုပ်သွားသည့် အချိန်များတွင် မခိုင် နှင့် နှစ်ယောက်သား သီချင်းဆိုတိုက်သည့် အိမ်သို့သွားကာ အဆိုအကတိုက်ခြင်းအား ချောချောမောမောဖြင်လေ့ကျင့်နိုင်ခဲ့ပြီ့း ဖျော်ဖြေမည့်နေ့သို့ ရောက်ရှိခဲ့ပါသည်။

စတိတ်ရှိုးစင်ကြီး၏ အောက်ဖက်တွင် အုန်းတုံးများခံလျက် အပေါ်အမိုးအား အုန်းလက်များမိုးကာထားပြီး မီးချောင်းများထိန်ထိန်လင်းလျက်၊ နောက်ဖက်တွင် ချာချာလည်နေသည့် ရောင်စုံမီးအ၀ိုင်းကြီးဖြင့် ကြီးကျယ်ခမ်းနားလွန်းသည့် စတိတ်စင်ကြီးသည်ကျမအား များစွာရင်ခုန်စိတ်လှုပ်ရှားစေခဲ့ပါသည်။ နောက်တစ်ခုမှာ နှစ်ယောက်တည်း သီချင်းဆိုခြင်းအားဖြင့်ကျမကို လူတွေပိုပြီး အာရုံစိုက်ခံရခြင်းကိုလည်း အင်မတန်ပျော်ရွှင်ခဲ့ပါသည်။

တစ်ဖွဲ့ပြီးတစ်ဖွဲ့ ဖြေဖျော်ပြီးနောက် ကျမတို့အလှည့်သို့ရောက်လာခဲ့ပါသည်။ အဖေသိမည်ဆိုးသည့်အတွက် ကျမ နာမည်ကို ထည့်ပြီး မခေါ်ခိုင်းခဲ့ပါ။ မခိုင် နာမည် ခေါ်လိုက်သည်နှင့် တပြိုင်နက် ၀တုတ်ခါးပျောက် မင်းသမီးလေး မခိုင်နဲ့ အာဗြဲစိန်ကျမတို့နှစ်ယောက် မြူးကြွသွက်လက်စွာ စင်ပေါ်သို့ လှမ်းသွားခဲ့ပါသည်။

တီးလုံးလေး စလိုက်တာနဲ့ ကျမလည်း လေ့ကျင့်ထားသည့်အတိုင်း ဟန်ပန်အပြည့်ဖြင့် သီချင်းအား စပြီးဆိုပါတော့သည်။ မခိုင်လည်း စည်းဝါးအလိုက် ကွေးနေအောင်ကပါတော့သည်။ ကျမ သီချင်းဆိုလို့ တစ်ဝက်ခန့်အရောက်တွင် စင်ထောင့်မှ အရပ်မြင့်သည့် အဖေ့ကို တုတ်တစ်ချောင်းဖြင့် ဘွားကနဲတွေ့လိုက်ရပါသည်။ ကျမ စင်အောက်ရောက်ရင် အရိုက်ခံထိတော့မည်။

အဖေစိတ်ဆိုးပြီးရိုက်လျင်အရမ်းကြောက်စရာကောင်းပါသည်။ မည်သူမှ ၀င်ပြီးမဆွဲရဲပါ။ သူလက်ညောင်းသည်အထိ ရိုက်တက်ပါသည်။ သူမောသွားမှ အမေက ပေါက်ပြဲသွားသည့် ဒဏ်ရာကို ဆေးထည့်ပေးရဲပါသည်။ ခုကိစ္စက ပိုဆိုးပါသည်။ ပွဲခင်းထဲတွင် အရိုက်ခံထိမည်။ လူအားလုံးဝိုင်းကြည့်မည်။ သီချင်းဆိုအပြီး အောက်ရောက်တာနဲ့အရိုက်ခံရမည်ကို တွေးကာ ကျမဆိုနေသည့် သီချင်းအား မရပ် တတ်တော့ပါ။ ဂျာအေးသူ့အမေရိုက်သလိုဖြစ်နေပါသည်။ တီးနေသည့်လူများကလည်း ကျမအဆိုမရပ်သည့်အတွက် တီးတာမရပ်ပါ။ ကသည့်အမကြီးသည် မောနေပြီဖြစ်သည့်အတွက် ကျမအား ရပ်ရန်အချက်ပြနေပြီ…ကျမ မရပ်တတ်တော့ပါ။ ကျမ တကိုယ်လုံးလည်း အဖေ့ကိုကြောက်စိတ်ဖြင့် တုန်ရင်နေပြီး သီချင်းကိုလည်း မျက်လုံးမှိတ်ပြီး အော်ဆိုနေပါသည်။ ပရိတ်သတ်ထဲမှ အော်သံ တီးဝိုင်းရပ်သွားသံကြောင့် ကျမ မျက်လုံးဖွင့်ကြည့်ချိန်တွင် ကျမဘေးတွင် ခွေခွေလေးလဲနေသည့် အကမင်းသမီးလေး မခိုင်…စင်ပေါ်မှ လှေခါးအတိုင်းမဆင်းပဲ ကျမ လွှားကနဲခုန်ချကာ ရွာလမ်းအတိုင်းမပြန်ပဲ နောက်ဖေးဘက် လယ်ကွင်းတွေကို ဖြတ်ပြီး အိမ်ကို သုတ်ခြေတင်ပြီးပြေးပါသည်။ ဖိနပ်မပါသည့်အတွက် ပတ်ကြားအက်များနဲ့ခဲများထိရှမှုကြောင့် ကျမခြေထောက်တွေလည်း ပေါက်ပြဲနေပါသည်။ အိမ်နောက်ဘက် လယ်တောထဲသွားသည့်လမ်းမှ ၀င်လာပြီး အိမ်ပေါ်မတက်ရဲသည့်အတွက် စပါးကျီထဲဝင်ကာ အဖေတို့ပြောနေသည့် စကားများကို ကြားနေရပါသည်။

မူးလဲသွားသည့် မခိုင်အတွက် အမေဆေးဖိုးပေးနေသည်ကိုလည်း ကြားရပါသည်။ အဖေမှ အမေ့ကို ကြိမ်းမောင်း နေသံကိုလည်းကြားရပါသည်။ ကျမ အသက်ကိုပင် ပြင်းပြင်းမရှုမရဲပါ။ ကျမပျောက်သွားသည့်အတွက် အမေ့ရဲ့ငိုသံပါကြီးနဲ့ကျမကို ရှာပေးဖို့ပြောနေသည့်အသံတွေကိုလည်း ကြားနေရပါသည်။ ကျမ အိမ်ပေါ် သို့တက်သွားချင်ပေမဲ့ အဖေ့ရဲ့ဒေါသကိုကြောက်သည့်အတွက် အသံပင်မပေးရဲခဲ့ပါ။ ကျမအား စိတ်ပူပြီး ငိုနေသည့် အမေ့ကိုလည်း ကျမ စပါးကျီထဲတွင် ရှိနေသည့်အကြောင်းပြောပြချင်သည့်စိတ်ဖြင့် ကျမမျက်ရည်တွေ ကျနေမိပါသည်။

ကံကောင်းစွာဖြင့် အိမ်တွင်မွေးထားသည့်ခွေးကလေး ဖိုးလုံးရဲ့ဟောင်သံကြောင့် အမေသည် နောက်ဖေးသို့ပြေးလာကာကြည့်ပါသည်။ ထိုနောက် စပါးကျီဝတွင် ကြောက်ဒူးတုန်ပြီး မျက်ရည်များပြည့်နေသည့် ကျမကိုတွေ့သွားပြီး ဖတ်ကာငိုပါတော့သည်။ အမေ့ငိုသံကြောင့် အဖေသည် နောက်ဖေးသို့လိုက်လာကာကြည့်ပြီး ဘာမှ မပြောပဲ အိမ်ပေါ်ပြန်တက်သွားပါသည်။

မိုးလင်းတော့အဖေက ကျမအား ဆူပူကြိမ်းမောင်းခြင်းမရှိပဲ ပြောပြသည်မှာ…နောက်ကို အဖေမသိပဲ ဘာမှမလုပ်ရန်နှင့် တကယ်လို့ မခိုင် အမောဆို့ပြီး သေသွားပါက ကျမ သည် အိမ်မှာမနေရ၊ ကျောင်းမတက်ရတော့ပဲ ကလေးထောင်ထဲရောက်သွားမည်ဖြစ်ကြောင်း ပြောပြပါသည်။ ကျမလည်း အဖေ့စကားကို ခေါင်းငြိမ့်လျက်…နောက်ကို ဘယ်သောအခါမှ အဖေမသိပဲ၊ အဖေ့ခွင့်ပြုချက်မရပဲ ဘာမှ မလုပ်တော့ပါဟု ဆုံးဖြတ်လိုက်ပါသည်။ ထိုနှစ်မှစပြီး နောက်ပိုင်းတွင် သင်္ကြန်တွင်းများသည် ကျမနဲ့ အစိမ်းသက်သက်ဖြစ်နေပြီး၊ အိမ်တွင်းမှာ မိဘကိုကူညီခြင်း၊ အဘိုးအဘွား များနှင့် ဘုန်းကြီးကျောင်း များသို့လိုက်ကာ ဥပုသ်စောင့်ခြင်းနှင့် နှစ်ဆန်းတစ်ရက်နေ့တွင် လယ်ကွင်းထဲမှ ရေခန်းငါးလွှတ်ခြင်းများဖြင့်သာ သင်္ကြန်တွင်းတိုင်းကို ကုန်ဆုံးစေခဲ့ပါတော့သည်။ အဖြစ်အပျက်သည် ဆယ်စုနှစ်တော်တော်လေးကျော်လွန်နေပြီဖြစ်သော်လည်း သင်္ကြန်တေးသံများကြားတိုင်း ထိုအဖြစ်အပျက်လေးသည် မျက်လုံးထဲတွင် လောလောလက်လက်ဖြစ်ပျက် ထားသကဲ့သို့ .......။

ချိုခ

No comments:

Post a Comment