Wednesday, September 21, 2011

တစ်ခုသော ခရစ်စမတ်ည

ဒီဇင်ဘာ နှစ်ဆယ့်ငါးရက်နေ့ည… ခေါင်းတစ်ခုလုံးကိုက်ခဲနေသည့်အတွက် နေ့ခင်းဘက်က ရေးထားသည့် အခရိုင်းလစ်ပန်းချီကားသည်လည်း တစ်ပိုင်းတစ်စ၊ စုတ်တံများသည်လည်း မညီမညာပြန့်ကျဲလျက်၊ မှန်ချပ်ပေါ်မှ တင်ထားသည့် ဆေးများသည်လည်း ခြောက်သွေ့စပြုနေပြီ… နေ့လည်က အာထူး ပို့ထားသည့် ၀ိုင်ပုလင်းခွံနဲ့ ဖန်ခွက်ကလည်း လဲပြိုလျက်… ရှိနေသည်။

ပွယောင်းယောင်းဆံနွယ်များကို လက်နဲ့သပ်တင်လိုက်ပြီး ၀ရံတာသို့ထွက်ရပ်လိုက်တော့… ကျနော့် တစ်ကိုယ်လုံးကျင်ခနဲ့ဖြစ်သွားပြီး အခန်းတွင်းသို့ ပြန်လှည့်ဖြစ်ခဲ့သည်။ ဂွမ်းကပ်ပါးပါးတစ်ထည်ကို ခင်းလိုက်ပြီး...ထိုပေါ်တွင် လှဲချလိုက်ကာကိုယ်ကို လိမ့်လိုက်တော့ ကျနော့်တစ်ကိုယ်လုံး ဂွမ်းကပ်စောင်က ပတ်လျက်သားဖြစ်သွားပြီး မျက်လုံးများက ချက်ခြင်းပိတ်သွားခဲ့တယ်။

“အကို ဒီနေ့ဖိုးမူ” ကို အိမ်ခေါ်သွားမယ်။ အပါးရဲ့ ညီမက ကျနော်ကို အိမ်ခေါ်မည်ဆိုသောကြောင့် အပါးရဲ့ ခွင့်ပြုချက်ကို မျှော်လင့်တကြီးစောင့်နေမိ၏။
“ခေါ်သွားပြီး ဘယ်နေ့ပြန်ပို့မှာလဲ အယ်တို”
“ မနက်ဖန်ညနေ သိမ်းပြီးရင် စောထူး ကိုပြန်ပို့ခိုင်းလိုက်မယ်”
ခရစ်စမက်နေ့ဆိုနှစ်တိုင်း လာခေါ်နေကြ အပါးရဲ့ညီမသည် ဒီနှစ်လည်း ကျနော့်ကိုလာခေါ်ခြင်းဖြစ်သည်။

“ဒီနှစ်ဖိုးမူက တစ်ယောက်တည်းမဟုတ်ဘူး အယ်တိုရ…..သူ့ရဲ့ မိညိုလေးပါ ပါမှာ…သူဘယ်သွားသွား မိညိုလိုက်နေကြ”
တီတီ အယ်တို က ဖိုးမူနားတွင် ထိုင်နေသည့် မိညိုလေးကို ကြည့်ကာ ခေါင်းငြိမ့်ပြလိုက်သည်။ တီတီ အယ်တို တို့ရွာနဲ့ ကျနော်တို့ရွာသည် မိနစ်သုံးဆယ် လမ်းလျှောက်ရသည်။ မိုးတွင်းဆိုရင်တော့ လှေဖြင့်သွားနိုင်ပြီး နွေဘက်ဆိုရင် ခြေလျင်မှ လွဲပြီး တခြား သွားစရာမရှိပါ။ ကားလမ်းမရှိ၊ စက်ဘီးပင်စီးလို့မရသည့် တောရွာလေးဖြစ်သည်။

တီတီအယ်တိုတို့အိမ်တွင် ရန်ကုန်မှာရောက်လာသည့် မျက်မမြင်တီးဝိုင်းသမားများ၊ သင်းအုပ်ဆရာများနှင့် ဖိတ်ထားသည့်ဧည့်သည်များဖြင့် ပြည့်ကြပ်နေသည်။ ကျနော်နဲ့ ရွယ်တူဖြစ်သည့် မူ့မူ့ဆေး ဖြင့် ထားခဲ့ပြီး ခရစ်စမတ်ည အစီအစဉ်များအတွက် စားစရာများ ပြင်ဆင်နေသည်။ မိညိုလေးနဲ့ကျနော်အားကြည့်လျှက် မူ့မူ့ဆေးသည် ကျနော်တို့နဲ့ဝေးဝေးတွင်ရပ်နေ၏။“မိညိုက လိမ္မာပါတယ် မကိုက်တက်ဘူး” လာကိုင်ကြည့်ပါ့လား။ သူမ နောက်သို့ဆုတ်သွားပြီး ခပ်ဝေးဝေးသို့ရှောက်ထွက်သွားသည်။

ကျနော်လည်း မိညိုလေးနဲ့အတူ ချောင်းစပ်မှ ဓနိတောလေးတွင် ထိုင်ကာ ဘုရားကျောင်းထဲသို့ ၀င်ထွက်သွားလာနေသည့် အပါးဆွေမျိုးတွေကို ငေးကြည့်မိသွားသည်။ နှစ်စဉ် နှစ်တိုင်း ခရစ်စမက်ဆိုရင် ကျနော်အလွန်ပျော်ပါသည်။ အပါး ညီမတွေ တူတွေနဲ့အတူ ဘုရားကျောင်းဝန်းကျင်မှာရှိသည့် မာလကာခြံထဲမှ အူနီသီးများကိုခူးယူစား၊ ချောင်းကမ်းဘေးရှိ ဓနိတော့မှ ဓနိသီးများကို ခွဲစားကာ ပျော်ရွှင်ခဲ့ရသည်။ ဒီနှစ်တော့ အပါးအမျိုးတွေသည် မိညိုလေးကြောင့် ကျနော့်နားသို့ မည်သူမှ မကပ်ပါ။ ညက မှောင်စပြုလာတော့ ရန်ကုန်မှ လာရောက်သည့် မျက်မမြင်တီးဝိုင်းမှာလည်း စတင်တီးခတ်နေပြီ။

တီတီအယ်တိုက ကျနော့်အား လာခေါ်တော့ ကျနော် ခေါင်းရမ်းပြလိုက်ပြီး မိညိုလေးအားပွေ့ဖတ်ထားလိုက်မိသည်။ မိညိုသည် ကျနော့်ပါးလေးအား လျှာဖြင့်လျှက်ပြီး ပြုံးပြပါသည်။ ခဏနေတော့ တီတီအယ်တို မှ ခုံဝိုင်းလေးတစ်ခုပေါ်တွင် စားစရာအပြည့်ဖြင့် ကျနော်နဲ့မိညိုအား ပြင်ဆင်ပေးပါသည်။ စားပြီးသည့်နောက် မိညို သည့် ကျနော့် ဘောင်းဘီအနားစလေးအား နှုတ်သီးဖြင့်ဆွဲကာ ကျနော်တို့ ရွာဘက်ပြန်ဖို့ ဦးတည်နေသည်။ တီတီအယ်တိုကို ပြောရင်တော့ ခွင့်ပြုမည်မဟုတ်ပါ။

ဧည့်သည်များနှင့်အလုပ်ရှုပ်နေသည့်က တစ်ကြောင်း၊ ည ဆယ့်တစ်နာရီ ရှိပီဖြစ်သည့်အတွက်က တစ်ကြောင်း ထို့ကြောင့် မိညိုနဲ့ကျနော် ရွာသို့ ပြန်ခဲ့သည့်။ မိညိုသည် ရှေ့မှ ပြေးလိုက်၊ ကျနော့်ဆီ ပြန်လာလိုက် စောင့်ခေါ်လိုက်ဖြင့် မိနစ်သုံးဆယ် ခရီးသည် တစ်နာရီကြာသွားသည်။

ခရစ်စမက်ညဖြစ်သည့်အတွက် ကျနော့်တစ်ကိုယ်လုံး ရွှဲရွှဲစိုနေပါသည်။ မိညိုလည်း ထိုနည်းအတိုင်းပင်ဖြစ်ပါသည်။ ကျနော်တို့ ရွာကိုရောက်တော့ ရွာလမ်းအတိုင်းမ၀င်ဘဲ၊ ကျနော်တို့အိမ်နောက်ဘက် နွားတင်းကုပ်မှ ၀င်လာခဲ့သည်။ ကျနော့်အိမ်သည် မီးအလင်းရောင်ပျောက်နေသည့်အတွက် လူကြီးတွေအားလုံး အိပ်မောကြနေပီဆိုတာ သိရပြီးနောက် နောက်ဖေး နွားတင်းကုပ်ဘေးရှိ ကောက်ရိုးပုံတွင် လှိုဏ်ဂူလေးလုပ်ပြီး ၀င်ကွေးလိုက်သည်။ မိညိုလည်း ကျနော့်ခြေရင်း မေးတင်ပြီး အိပ်မောကျလျက်။

နံနက်လေးနာရီ ခွဲလောက် ကျနော်နိုးတော့ မိညိုလေးကလည်း လှုပ်လှုပ်ရှားရှား အဆင်သင့် ကျနော့်ကို စောင့်လို့။ ကျနော်က ခြေဗလာနဲ့လယ်ကွင်းတစ်ပတ်ပြေးတော့ မိညိုလေးက ကျနော်နဲ့ထပ်ကြပ်မကွာ။ တစ်နေရာရောက်တော့ အသံတစ်ခုကြောင့်ကျနော် နောက်ဆုတ်မိတယ်။ မိညိုလေးက ကျနော့်ကို ကာကွယ်ဖို့ ကျနော့်ရှေ့ကနေ ကာပြီး တ၀ုတ် ၀ုတ်ထိုးဟောင်တယ်။

ကျနော် ကြက်သေသေသွားတဲ့ တစ်ခဏမှာပဲ မိညိုလေး လဲကျသွားခဲ့တယ်။ မိညိုလေး လည်ပင်းတွင် အစွယ်ရာလေး နှစ်ပေါက် သွေးစို့နေခဲ့ပါတယ်။ ကျနော့် ခြေဖ၀ါးမှာ ရိုးပြတ်တွေကို မီးရှို့ထားတဲ့ ပြာမှုန်တွေနဲ့ နှင်းတွေ၊ မိညိုကိုယ်လုံးမှာလဲ ရိုးပြတ်ပြာတွေနဲ့…  မိညိုလေးကို ပွေ့ဖတ်ပြီး ကျနော် ငိုနေခဲ့တာ ဘယ်လောက်ကြာနေခဲ့ပြီလဲ..!!

မျက်ရည်စတွေနဲ့ ကျနော့် မျက်လုံး အစုံကို ပိတ်အချ.... နားထဲတိုးဝင်လာသည့် ဖုန်းမြည်သံတစ်ခုကြောင့် ပိတ်ထားတဲ့ မျက်လုံးနှစ်ဖတ်ကို အားယူဖွင့်လိုက်တော့ ကျနော့် လက်အစုံထဲမှာ ဘယ်အရာမှ ရှိမနေခဲ့..။

“မိညိုလေးရေ....” ဆိုတဲ့ အက်ကွဲကွဲ ကျနော့် အသံကို ကိုယ်တိုင်သတိထားမိချိန်မှာပဲ။ ကျနော်.......!!!!!

ပြန်မမက်ချင်တော့တဲ့ အတိတ်ရဲ့အိမ်မက်တစ်ခုက ခုချိန်ထိ ကျနော့်ကို တိုးတိတ်တိတ် ခြောက်လှန့်လို့နေဆဲပေါ့..။

ချိုခ

No comments:

Post a Comment