Sunday, September 18, 2011

“အဖြူရောင်ရင်ဘက်တစ်ခုရဲ့ ချစ်ခြင်း’’


“ကလင်.........ကလင်’’ဖုန်းမြည်သံကြောင့် ဒေါက်တာနေညို ဖုန်းခွက်ကို ကိုင်ကာ ထူးလိုက်သည်။
“ဟယ်လို”
“ငါ မနက်က ပြန်ရောက်တယ်ကွ.......ညနေ မင်းအိမ်မှာ
နှစ်ယောက်တည်းပဲ...........၀ိုင်းမယ်ကွာ အိုကေ”
“ဟား ဟား...........တော်သေးတာပေါ့ကွာ...........ဒီည ဂျူတီမရှိလို့”
“အိုကေ မင်းဘာမှ မ၀ယ်နဲ့..............ငါယူလာတာတွေနဲ့ ၀ိုင်းမယ်”
ဒေါက်တာနေညိုသည် ဖုန်းကို ပိတ်ပြီး မတွေ့ရတာ အတော်ကြာနေပြီဖြစ်သည့်၊ ခုဆိုရင်
second mate ဖြစ်နေပြီး၊ သူငယ်ချင်းအားလုံးထဲတွင် လူပျို၊ လူလွတ်ဆိုလို့ သူနဲ့
နေညိုသာ ကျန်တော့သည်။ ကျန်သည့် သူငယ်ချင်းများအားလုံးသည် သားသမီး၊ ဇနီးတို့ဖြင့်
အားလပ်ချိန်မရှိ၊ အပျော်အပါးလှည့်မကြည့်အားဘဲ မိုးလင်းမိုးချုပ် နားချိန်ကို
မရှိပေ။ ခုလို တစ်နှစ်လုံးနေမှ တစ်ကြိမ်ပင်တွေ့ရခဲသည့်
သူငယ်ချင်းများနှင့်ဆုံဖို့ ဖုန်းဆက်လျှင်လည်း သူတို့ရဲ့သားကိစ္စ၊ သမီးကိစ္စတွေနှင့်ပင်
ဝိုင်းသည့်အဖွဲ့ထဲသူတို့ကိုပယ်ဖျက်လိုက်ရသောကြောင့် ဒီတစ်ကြိမ်တွင်မတော့
မည်သူ့ကိုမှ ဖုန်းမဆက်တော့ပေ။
ညနေ ၆ နာရီ ခွဲလောက်တွင် ဘဲလ်မြည်သံကြောင့် ဒေါက်တာ နေညို မှန်ဘီလူးမှ ကြည့်မိတော့ ကောင်းမြတ် ကိုတွေ့သည့်အတွက် တံခါးဖွင့်လိုက်ကာ ကောင်းမြတ် လက်ထဲမှာ အထုပ်များကို လှမ်းယူလိုက်ကာ
“မင်းကွာ ....ဒီလောက်အများကြီး သောက်မှာက 2 ယောက်တည်း”
“အဟဲ.....................” စပ်ဖြဲဖြဲရုပ်နဲ့ရယ်နေသည့်ကောင်းမြတ်ကို လက်သီးနဲ့လှမ်းထိုးပြီး စားစရာများကို ထမင်းစားပွဲပေါ် တင်လိုက်၏။
“ခဏလေးကွာ ဆေးရုံကခုမှပြန်ရောက်တာကွ၊ ရေချိုးလိုက်ဦးမယ်” ဟုပြောကာ
ရေချိုးခန်းဘက်သို့ဝင်ကာ ရေချိုးလိုက်သည်။
ပြီးနောက် နှစ်ယောက်သား စားပွဲတွင် စားစရာများကို ပန်းကန်တွေနဲ့လှယ်ထည့်၊
ရေခဲတုံးတွေထည့်၊ ဖန်ခွက်များထုတ်ယူကာ.........စတင်ကြ၏။ ကောင်းမြတ်ကလည်း သင်္ဘောပေါ်မှ
အတွေ့အကြုံမျိုးစုံ ကို ပြောရင်း....သောက်နေ၏။ ဒေါက်တာနေညိုတွင်မူ ပြောစရာ
အကြောင်းအရာသိပ်မရှိပေ။ ဒေါက်တာနေညိုဘ၀သည် ရိုးရှင်းလွန်းလှသည်။ တစ်ဦးတည်းသော
သားတစ်ယောက်ဖြစ်ပြီး........ဖခင်ဖြစ်သူမှာသဘောင်္ကပ္ပတိန်တစ်ယောက်ဖြစ်ပြီး၊
မိခင်ဖြစ်သူမှာ ကျောင်းဆရာမ တစ်ယောက်ဖြစ်၏။ သူ 10 တန်းနှစ်တွင် မိခင်ဖြစ်သူမှာ
သွေးကင်ဆာဖြင့်ဆုံးပါးသွားပြီး ဖခင်ဖြစ်သူသည် သင်္ဘောပေါ်တွင် ရောက်နေခဲ့၏။
ဖခင်ဖြစ်သူပြန်ရောက်လာသည့်နေ့တွင်
မိခင်အားသဂြိုလ်ခဲ့ပြီး.....မိခင်စိတ်ဖြင့်ပင် သူ့ဖခင်သည် ဒီမှာမနေလိုသည့်အတွက်
နိုင်ငံခြားသို့ပြန်လည်ထွက်ခွာပြီး သူ့အတွက် လိုအပ်သည့် ငွေမျာကို
ပို့ပေးခဲ့သည်။ ယခုအချိန်ထိ ပြန်မလာဘဲ နိုင်ငံတကာလှည့်ကာ နေထိုင်နေ၏။အထီးကျန်လွန်းသည့် ဘ၀ကိုတွေးကာ တစ်ခွက်ပြီး တစ်ခွက်……
ကောင်းမြတ်ပြောသည့် အကြောင်းအရာများသည် နေညို ခေါင်းထဲ ၀င်တစ်ချက်
မ၀င်တစ်ချက်.........ညဥ့်နက်လာသည့်အတွက် သူလည်း
မူးနေပြီ..........ကောင်းမြတ်ရဲ့စကားသံတွေကိုပင် လုံးဝမကြားတော့ပေ။
*****************
နံနက်မိုးလင်းတော့ ခေါင်းထဲတွင်နောက်ကျိနေ၏။ အိပ်ယာမှ ထလိုက်သည့်အခါ......သူ့အခန်းထဲတွင်
ဖြူဝင်းပြီး ချောမောလှပသည့် မိန်းကလေးတစ်ယောက်အ၀တ်အစားလဲနေသည်ကိုတွေ့ရသည့်အတွက် သူမျက်လုံးပြူးသွားပြီး ကိုယ့်ကိုယ်ကို ပြန်ကြည့်မိသည်။ မိန်းကလေးသည် ချိုမြသောအပြုံးဖြင့် သူ့အား
လက်ပြကာထွက်ခွာသွားသည်။ သူဘာမှ မမှတ်မိပေ။ ကောင်းမြတ်ကို ဖုန်းခေါ်ကြည့်တော့အိမ်တွင် မရှိပေ။
အိပ်ယာထစ ကိုက်ခဲနေသော ဦးခေါင်းသည်လည်း.......ဘယ်ကဘယ်လိုပျောက်သွားသည်မသိ။
ဖုန်းနံပါတ် တစ်ခုကို ချက်ခြင်းနှိပ်မိသွားသည်။
“မောနင်း.............ကိုညို” သူမရဲ့ နှုတ်ဆက်သံသည် ကျနော့်နားထဲ
ဗုံးတစ်လုံးလိုပေါက်ကွဲထွက်သွားသကဲ့သို့ ကျနော်ပြန်ထူးဖို့ဆွံ့အသွားခဲ့သည်။
“ကိုညို..........ဆက်ပြီး ပြန်လည်းမထူးဘူး......နေမကောင်းဘူးလား”
“မယ်ခင်.............ငါ့နင်နဲ့ ခဏလောက်တွေ့ချင်တယ်........နင့်အိမ်အောက်က
ဆိုင်ကို ခဏ ဆင်းခဲ့ဟာ”
“အာ....ရုံးသွားဖို့ ဒီမှာ ဘာမှ အဆင်သင့်မဖြစ်သေး......ဟင်းအိုးတန်းလန်းကြီး
ကိုညိုရ”
“ခုလာမှာ မဟုတ်ဘူး..........ရေးချိုးပြီးမှ ထွက်လာမှာ...........ငါ့ကို
အချိန်နည်းနည်းလေးပေးပါဟာ”
“အိုကေ..........ကိုညို ....... အောက်ရောက်ရင် ဖုန်းခေါ်လိုက်နော်”
ရေချိုးခန်းထဲဝင်ကာ ရေကို အဝ
စိမ်ချိုးလိုက်ပေမဲ့...........စိတ်ရှုပ်ထွေးမှု တွေက ပျောက်မသွားခဲ့ပေ။
နေညိုသည် မိခင်ဆုံးကတည်းက
..........ဖခင်လည်းအနားမှာမရှိသည့်အတွက်....အထီးကျန်နေခဲ့သည်။
နေညို.........ယခု ဖုန်းဆက်ခေါ်သည့် မယ်ခင် ဆိုသူနဲ့ ဆုံတွေ့ပုံမှာ
မိုးရွာသောနေ့တစ်နေ့......စမ်းချောင်းမြို့နယ်၊
ဘားဂရာလမ်းမပေါ်တွင်.........တောင်းစားနေသည့် အဖိုးကြီးတစ်ဦးအား
မနိုင်မနင်းဖြင့် တွဲထူကာ တံစက်မြိတ် ရှိရာ ခေါ်ဆောင်နေသည့် သူမအား........ကူညီကာ
တွဲပို့ခဲ့ခြင်းဖြင့် စခဲ့သည်။ ညစ်ပေနေသည့် အဖိုးအိုအား တွဲထူလိုက်သည့်
ကျနော့်အား မျက်လုံးပြူးပြူးလေးဖြင့် ကြည့်ကာ နှုတ်မှ တိုးညင်းသောအသံဖြင့်
“ကျေးဇူး” တဲ့
အသားဝင်းဝင်း မျက်လုံးနက်နက်တောက်တောက်လေးဖြင့် မယ်ခင်၏ မျက်ဝန်းများသည်
ကျနော့်အား နွေးထွေးမှု တွေပေးခဲ့သည်။ နောက်တစ်ကြိမ်ထပ်ဆုံခြင်းမှာလည်း ......
ထိုအဖိုးအိုကြောင့်ပင်ဖြစ်ပါသည်။  ကျောင်းသွားဖို့အတွက် လမ်းလျှောက်လာစဉ်
ထိုအဖိုးအိုအား မုန့်များပေးကာ အဖိုးအို၏ ဒဏ်ရာအားဆေးထည့်ပေးနေသည့် မယ်ခင် အား ထပ်မံတွေ့ရသည့်အတွက် ခဏတာ ငေးကြည့်မိသွားခိုက် သူမ လှည့်အကြည့်ဖြင့်ဆုံကာ.........
“ဟင်.........မနေ့က အကိုကြီးပါလား........မနေ့ကတည်းက ကျေးဇူးတင်နေတာ”
“အဘိုးက........ရေမြောင်းပေါက်ထဲ ခြေထောက်ချော်ကျတာ.......လမ်းသွားလမ်းလာတွေက
အဘိုးရဲ့ ပေပေကျံကျံပုံစံကြောင့် တစ်ယောက်မှ မထူပေးဘူး..........ခင်က
တစ်ယောက်တည်းထူရတာဆိုတော့ အဖိုး ထပ်ပြီးဒဏ်ရာ ရမှာစိုးတာ.........အကိုကြီး
ကူညီပေးလို့တော်သေးတယ်”
ကျနော်ပြုံးပြပြီး“မင်းနာမည်က.....ခင် လား.........မင်းလို
လူမျိုးလည်းရှားတယ်ကွ.........ဒီလိုလမ်းဘေးတောင်းစားသည့်လူတွေ တွေ့ရင် ရှောင်သွားတာများတယ်.....ငါ့နာမည်က
နေညို။ နောက်တွေ့ခေါ်ပေါ့ကွာ ..........ခုတော့ ကျောင်းသွားတော့မယ်”
ခေါင်းလေးငြိမ့်ပြကာ ကျနော့်အားငေးကြည့်ကျန်ခဲ့သည့် သူမရဲ့မျက်နှာလေးသည် ကျနော့်ရင်ထဲ နွေးထွေးခဲ့၏။
သူမရဲ့ကြင်နာတတ်သည့် မျက်ဝန်းတစ်စုံကြောင့် သူမကို
ကျနော်ခင်ခဲ့တယ်။တစ်နေ့သူမအလုပ်မှ အပြန်နှင့်ဆုံခဲ့သည်။
“မယ်ခင်…..ရုံးဆင်းတာလား“
“ဟုတ်------ကိုညို………ဒီနေ့နောက်ကျတယ်…..ခင်လုပ်နေတဲ့ ဒီဇိုင်းကို မနက်ဖန်အပြီးအပ်ရမှာမို့လက်စသက်နေတာနဲ့နောက်ကျသွားတာ“
“ကိုညိုရော…..ဘယ်သွားမလို့လဲ…..ဒီလမ်းထဲမှာနေတာလား“
“ဟုတ်တယ် မယ်ခင်………City Mark ကိုသွားမလို့’’
“ခင်လည်း အိမ်မှာလိုတာတွေ တစ်လက်စတည်းဝင်ဝယ်မလားလို့……….အတော်ဘဲ“
သူမနဲ့အေးအေးဆေးဆေး စကားပြောချင်နေတာနဲ့အတော်ပင်ဖြစ်သွားသည်။
“မယ်ခင်က ဘယ်မှာနေတာလဲ“
“လမ်းမတော်မှာ ကိုညို“
“မိသားစုနဲ့လား“
“မဟုတ်ဘူးကိုညို…………ခင်တစ်ယောက်တည်းနေတာ“
“ဟင်……..ဒါဆို မိဘတွေကရော“
“နယ်မှာ…မြစ်ဝကျွန်းပေါ်က ရွာလေးတစ်ရွာမှာကိုညို……..အဖေက လယ်သမား…..လယ်တွေအများကြီးပိုင်တာတော့မဟုတ်ဘူးနော်…..၀မ်းစာရရုံလောက်လေးဘဲ“ ဟုပြောကာ သူမ တစ်ယောက်တည်း ပြုံးနေ၏။
“ညည်းက ဘာတွေပြုံးတာလဲ……..ကျုပ်လိုက်လုမှာစိုးလို့လား“
“အာ……..မဟုတ်ပါဘူး………သူဌေးထင်နေမှာစိုးလို့……….ဟီးးးးးးးးးး“
ကျနော်တို့နှစ်ယောက် လမ်းလျှောက်လာရင်း ဆိုက်ကားဂိတ်နားတွင် ရန်ဖြစ်နေသည်ကိုတွေ့ရသည်။ လူသုံးယောက်က တစ်ယောက်တည်းကို ၀ိုင်းထိုးနေကြခြင်းဖြစ်သည်။ မယ်ခင်သည် သူ့လက်ထဲမှာ ခြင်းနှင့် အိတ် ကို ကျနော့်ကို ပေးပြီး ရန်ဖြစ်နေသည့် လူတွေကြားပြေးဝင်သွားပြီး………တစ်ယောက်တည်းဘက်မှာ ကာလိုက်သည်။ ကျနော် မျက်လုံးပြူးကျယ်သွားသည်။ အကြောင်းမှာ သုံးယောက်ထဲမှ တစ်ယောက်သည် အုတ်ခဲဖြင့် ထုဖို့ရွယ်လိုက်ရာ မယ်ခင့် ခေါင်းတည့်တည့်……….ကျနော်လည်း လက်ထဲမှာ ရှိသည့် ပစ္စည်းတွေကို ပစ်ချခဲ့ပြီး အုတ်ခဲကိုင်ထားသည့်လူအား ပြေးတွန်းလိုက်သည်။ အဖြစ်အပျက်သည် မြန်ဆန်လွန်းသည်။ မယ်ခင်လည်း မျက်လုံးအ၀ိုင်းသားဖြင့်……..သူ့နောက်က လူကိုဘဲ ကာကွယ်ရမလို…….ကျနော့်ဘေးကို ပြေးကာရမလိုဖြစ်နေသည်။ထိုအချိန်တွင်……..လူသုံးယောက်မှာ ကြက်သေသေကာ
“ခင်ဗျားတို့နဲ့ဘာဆိုင်လို့ …… ၀င်ပါတာလဲ“ မယ်ခင့် နှုတ်ဖျားမှ
“သုံးယောက်နဲ့ တစ်ယောက်တည်းမို့လို့“ ဟု တိုးဖွဖွထွက်လာသည်။ကျန်သုံးယောက်မှာ လူတွေဝိုင်းအုံလာပြီး သူတို့အတွက်အန္တရာယ်ဖြစ်မည်ကို ကြိုသိသည့်အနေဖြင့် မကျေမနပ်ကြည့်ကာ ဆိုက်ကားကိုယ်စီဖြင့် ထွက်ခွာသွားသည်။ မယ်ခင့် အလုပ်ကမပြီးသေးပေ။
“ကိုညို ခင့်အိတ်ရော ဘယ်မှာလဲ………..ခင့်အိတ်ပေးပါ” ဒီတော့မှ ကျနော် သတိဝင်လာကာ……..ပစ်ချခဲ့သည့်နေရာမှ ခင့်ပစ္စည်းများကို ကောက်ထားသည့် လူရဲ့လက်ထဲမှ လှမ်းယူပြီး ခင့်ကို ပေးလိုက်သည်။ ခင်သည် သူမအိတ်ကို လျင်မြန်စွာဖွင့်လျက်…အထိုးခံရသည့်လူရဲ့ ဒဏ်ရာတွေကို အရက်ပျံဖြင့်စွတ်ပြီး ဆေးထည့်ပေးပြီး ဒဏ်ရာစပ်မည်ဆိုးသည့်အတွက် ပါးစပ်မှလည်း မှုတ်ပေးနေသေးသည်။
“မနက်ဖန်လောက်ဆို ကောင်းသွားမှာပါ“ ဟုပြောပြီး လက်တစ်ဘက်ကို ဆုပ်ကိုင်ကာ အားပေးလိုက်သည်။
“ကိုညို…..ခင် City Mark ကို မ၀င်တော့ဘူး” ဟုဆိုကာ ကျနော့်လက်ထဲမှ သူမ ခြင်းလေးကိုလှမ်းယူလိုက်သည်။ ပြီးနောက် ပါးစပ်မှ ညဉ်းညူသံလေးဖြင့်……..“ဘာလို့ တစ်ယောက်နဲ့တစ်ယောက် ဒီလို မတရားတွေ လုပ်နေတာလဲမသိဘူးနော်“ တဲ့။ သူမကို ကျနော် ငေးကြည့်ပြီး ကျန်ခဲ့တယ်။ ကျနော်လည်း “ City Mark’’ကို မသွားဖြစ်ဘဲ အိမ်သို့ ပြန်ခဲ့တယ်။
သူမနဲ့တွေ့ဖန်များလာလေ လူတွေအပေါ်နွေးထွေမှုတွေပေးသည့် သူမရဲ့ ပင်ကိုယ်စရိုက်လေးကို ခင်တွယ်လေဖြစ်လာခဲ့သည်။ ပန်းချီကျောင်းတက်သည့်သူမကြောင့်ပဲ ကျနော်လည်း ပန်းချီတွေကို
စိတ်ဝင်စားလာခဲ့တယ်။ ကျောင်းပိတ်ရက် ပြပွဲတွေရှိလျှင်လည်း သူမနဲ့အတူတူ
လိုက်ကြည့်ပြီး ဆွေးနွေးခဲ့တယ်။ သူမသည် အဝေးသင်တက္ကသိုလ်တွင် Physic မေဂျာဖြင့် ကျောင်းတက်နေပြီး....နိုင်ငံခြားကုမ္ပဏီတစ်ခုတွင်အလုပ်လုပ်ရင်း
ညနေပိုင်းတွင် ပန်းချီသင်တန်းတစ်ခုတက်နေသည့် အချိန်ပိုမရှိသည့်
ကောင်မလေးဖြစ်သည်။ပြီးတော့ သူမရသည့် ၀င်ငွေဖြင့် တစ်လတစ်ခါ မိဘမဲ့ဂေဟာနဲ့၊
ဆင်းရဲချို့တဲ့သူများကို လှူသေးသည်။ တစ်ခါတစ်ရံ သူမ လိုချင်သည့်
ပစ္စည်းတစ်ခုကိုလည်း ၅ ခါလောက်ကြည့်ပြီးမှ မယူသည့်အခါလည်း ရှိသည်။အဲဒီအခါ
ကျနော်က သူမကို မေးမိသည်။
“ညည်း ၅ ကြိမ်လောက်ကြည့်ပြီးပီ.....ကြိုက်ရဲ့သားနဲ့ဘာဖြစ်လို့မယူတာလဲ”
“အာ.......ကိုညိုကလည်း ခင်စဉ်းစားမိတယ်............ခင်က ဒီပစ္စည်းကို
ယူချင်တာဘဲရှိတယ်..........တကယ်မလိုအပ်ဘူး..........ဒီပစ္စည်းမ၀ယ်ရလို့လဲ
ခင်ဘာမှ မဖြစ်ဘူး...............ဒီပစ္စည်းဝယ်မည့်ပိုက်ဆံကို
........မရှိတဲ့လူတွေပေးလိုက်မယ်.......သူတို့အတွက်
လိုအပ်တယ်လေ..........သူတို့ကိုပေးလိုက်ရတဲ့ပီတိနဲ့ ဒီပစ္စည်းကို ရလို့
ပျော်ရွှင်တဲ့စိတ် လုံးဝ မလဲနိုင်ပါ” ဟု စပ်ဖြဲဖြဲလေးတုန့်ပြန်တတ်သည်။
သူမနဲ့ခင်မင် သိကျွမ်းခွင့်ရပြီး သူမသည် ကျနော့်အတွက် တစ်ခါတစ်ရံ အမေတစ်ယောက်၊ တစ်ခါတစ်ရံ သူငယ်ချင်းကောင်းတစ်ယောက်၊တစ်ခါတစ်ရံ မောင်ငယ်လေးတစ်ယောက်လို တတွတတွတ် ဆုံးမတတ်ပြီး နွေးထွေးမှု တွေပေးတတ်သေးသည်။ သူမနှင့်ပတ်သက်သည့် ထိုအကြောင်းအရာများကို ပါးပါးဖုန်းဆက်သည့်အခါ ပြောပြဖြစ်တော့ ပါးပါး က၀မ်းသာပြီး…“အေး…ဒီတစ်ခေါက်ပြန်လာရင်………မင်းပြောသည့် မယ်ခင်အိမ်ကို သွားလည်မယ်…ခုကတည်းက တစ်ခါတည်းပြောထားလိုက်” ဟု ၀မ်းသာအားရသောအသံဖြင့် ပါးပါးက တုန့်ပြန်ခဲ့တယ်။ ကျနော့်လည်း မယ်ခင့်ကို ပြောပြတော့ မယ်ခင်သည် ပြုံးကာ
“ကိုညိုပါးပါးကို ခင်လည်းတွေ့ချင်တယ်”ဟုဆိုခဲ့သည်။
သိပ်မကြာပါ။ ပါးပါး ပြန်လာပြီး မယ်ခင့် ကိုပင် အကြောင်းမကြားဘဲ သူ့အိမ်သို့သွားခဲ့သည်။ တံခါးလေးဖွင့်ကာ မျက်လုံးအ၀ိုင်းသားဖြင့် မြင်မြင်ချင်းပင် “ကိုညို့ပါးပါး“ ဟုဆိုကာ နေရာပေးလျက် ခဏ စောင့်ခိုင်းပြီး အနောက်ဘက်သို့ ၀င်သွားသည်။ ခဏ နေတော့ “လက်ထဲတွင် အငွေ့တစ်ထောင်းထောင်းဗန်းလေးဖြင့်ထွက်လာပြီး……
“ရှမ်းခေါက်ဆွဲချက်စားတာ ပါးပါး အရသာတော့ မကောင်းဘူး“ဟု ပြုံးကာပြောတော့
“သားကြွားနေတဲ့ မယ်ခင့်လက်ရာစားရချည်သေးရဲ့” ဟုပြောလိုက်သည်။ ခုမှ စတွေ့ပြီး ကျနော်မိတ်ဆက်ပေးစရာမလိုဘဲ ရင်းနှီးနေသည်မှာ သူတို့နှစ်ယောက်ကဘဲ သားအဖ ပုံစံပေါက်နေသည်။ အဲဒီနေ့က နေ့လည်စာကိုလည်း မြန်မာစာနဲ့ဝေးနေသည့် ပါးပါးအား မယ်ခင်က သီးစုံချဉ်ရည်ဟင်း၊ ၀တ်သားအစပ်ချက်၊ ငါးပိရည်၊ တို့စရာစုံစုံလင်လင် တို့ဖြင့် ကျွေးရာ ပါးပါးမှာ ခေါင်းမဖော်တမ်းစားခဲ့သည်။ အိမ်ရောက်တော့ ပါးပါး က ကျနော့်အား
“ငါ့သား နေညို အရွေးတော်လိုက်တာ…….ရုပ်လေးကလည်း ချစ်စရာလေး.အချက်အပြုတ်ကလည်း ကောင်း၊ ရိုးသားအေးချမ်းပြီး ပွင့်ပွင့်လင်းလင်းလေး……နောက်တစ်ခါ ပါးပါး ပြန်မလာတော့ဘူး….မယ်ခင့်လက်မင်းကို အပ်ခဲ့မယ်“ ဟုဆိုနေသည့်အတွက် ပါးပါး အားကျနော်ပြုံးပြလိုက်မိတယ်။
“အဲလောက် အ လည်း ဒီတစ်သက်မိန်းမယူမနေနဲ့တော့ နေညိုရ……..မိန်းကလေးကတော့ စမလားကွ” ကျနော် ပါးပါးကို ဘာတစ်ခုမှ ထပ် မပြောတော့ပါ၊ မယ်ခင်ရဲ့ ကျနော့်အပေါ်ရိုးသားဖြူစင်မှုကို သိနေသည့်အတွက်ပင်ဖြစ်သည်။ မယ်ခင်သည် လူတိုင်းနဲ့လိုက်လျောညီထွေဆက်ဆံတတ်သည်။ ပေါင်းရခက်ပြီး စကားနည်းသည့် ပါးပါးလိုလူကိုပင် ချက်ချင်းရင်းနှီးသွားသည့် မှော်အတတ်လေးလဲရှိနေပြန်သေးသည်။
ထိုကြောင့်လည်း သူမကို ပိုပြီး ခင်မင်မိတယ်။
သူမနှင့်အမြဲတမ်း ဖုန်းပြောဖြစ်သည်။
ဖုန်းပြောဖြစ်တိုင်း........စာမေးပွဲနီးပြီလား၊ စာတွေရနေပြီလား။ ဒီနေ့ဘာစားလဲ။
အပြင်စာတွေမစားနဲ့နော် ကိုညို။ စားချင်တာရှိရင် ခင်ပို့ပေးမယ်။ စနေ၊ တနင်္ဂနွေ
ရုံးအားရက်မှနော်။သူမ စကားတွေက တကယ့်ကို နွေးထွေးစေခဲ့သည်။
သူမနဲ့ခင်မင်ခွင့်ရသည်မှာ ကျနော့်အတွက် အမေအသက်ပြန်ရှင်လာသကဲ့သို့ခံစားရသည်။
နောက်ပိုင်း ကျနော် ဆရာဝန်ဖြစ်စ..နယ်တွင်
တာဝန်ထမ်းဆောင်ဖို့သွားရမည်ဆိုတော့.....သူမသည် ကျနော့်အား တတွတ်တွတ် မှာခဲ့သည်။
“ကိုညို......အရက်တွေမသောက်နဲ့နော်.......အမှားဆိုတာ..........လုပ်ပြီးမှ
နောက်တရလို့မရဘူး အလုပ်ကိုပဲ အာရုံစိုက်.........မရှိဆင်းရဲသားတွေကို
ပိုက်ဆံမပေးဘူးဆိုပြီး........မကုပဲမနေနဲ့.......သူတို့ကိုပိုပြီး
ဂရုစိုက်ရမယ်နော်” မိခင်တစ်ယောက်ကဲ့သို့ မှာနေသည်မှာ အမျိုးစုံပင်။ ကျနော်သူ့ကို
စကားတစ်ခွန်းမေးဖူးတယ်။
“မယ်ခင်...........ညဉ်း ရုပ်လေးကလည်း သူများတွေလို ပြင်ဆင်ခြယ်သစရာမလိုဘဲ
ချောပါတယ်”
“ကောင်လေးတွေလည်း ကြိုက်ပါတယ်........ညဉ်းက ဘာလို့ချစ်သူမရှိရတာလဲ”သူမ ဟက်ဟက်ပက်ပက်
ရယ်မောကာ ကျနော့်ကျောပြင်ကို လက်သီးဖြင့် ထိုးပြီး
“ခင် ပြောရင် ကြီးကျယ်တယ်ပြောဦးမည်............ခင် ခုလိုနေတော့ လူတိုင်းကို
ကူညီလို့ရတယ်လေ........ခင်သာ ချစ်သူရှိကြည့်ပါ့လား............သူက
ဒီလိုအလုပ်တွေဘယ်လုပ်ခွင့်ပေးမလဲ..........သူ့တစ်ယောက်ပဲ
ကြင်နာရမှာ.....ကျန်တဲ့လူတွေကိုကြင်နာလို့ မရတော့ဘူးလေ...........”
“ဒီတိုင်းဘဲကောင်းပါတယ်ကိုညိုရာ.........လွတ်လပ်တယ်။
ကိုညို သိတဲ့အတိုင်းလေ............ခင့်မှာ ကိုယ်ပိုင် စည်းမျဉ်း၊
စည်းကမ်းရှိတယ်......အဲဒါကြောင့် ခင့်အိမ်ကလည်း ခင့်ကို တစ်ယောက်တည်း
နေခွင့်ပြုတာပေါ့” ကျနော်ဘာမှ မပြောတော့ပါ။ သူမ ပြောတာလည်း
ဟုတ်တယ်လေ.......သူမမှာသာ ချစ်သူရှိကြည့်ပါ့လား......ကျနော်နဲ့ခုလို
စကားပြောခွင့်တောင် ရတော့မည် မဟုတ်ပေ။ မယ်ခင် ပြောသလိုဘဲ ဒီအတိုင်းလေးဘဲ
ကျေနပ်ပါတယ် ခင်....................ကျနော်လည်း နယ်မှာ တာဝန်ကုန်လို့
ရန်ကုန်ကို ပြန်ရောက်ပြီး သူမနဲ့ အရင်လိုပဲ ပိတ်ရက်လေးတွေမှာ
ပန်းချီပြခန်းတွေကြည့်.........သူမ ဆရာလုပ်သမျှ ခေါင်းညိမ့်ရင်း
ဖြတ်သန်းခဲ့တယ်။ အပေါင်းအသင်းများပြန်လာလို့ အရက်သောက်မည်ဆိုရင်တော့ သူမကို
ကျနော်မပြောပါ။ ပြောရင် ကန့်ကွက်မည်မှာသေချာသည်။
ဒီတစ်ကြိမ်လည်း သူမကို မပြောမိသည့်အတွက်ပင်............
************************************************************
သူမနေထိုင်သည့် တိုက်အောက်သို့ရောက်တော့ ဖုန်းခေါ်လိုက်တယ်ဆိုရင်ပဲ
“လာပြီ ကိုညိုရေ........တစ်ခါတည်းရုံးသွားဖို့ပါအဆင်သင့် ကိုညိုနဲ့စကားပြောပြီးတာနဲ့
ရုံးတန်းသွားမှာ........ခု ဆင်းလာနေပြီ” ကျနော် ထောင့်ကျကျ စားပွဲမှာထိုင်ပြီးစောင့်နေလိုက်တယ်။
မကြာပါဘူး........စပို့ရှပ် အဖြူရောင်၊ ဂျင်းဘောင်းဘီအပြာရောင်လေးနဲ့ လက်ထဲတွင်
ထမင်းချိုင့်ခြင်းလေးဆွဲကာ ရောက်လာ၏။
“ဒီနေ့မှ ဘယ်လိုဖြစ်တာလဲ ကိုညိုရဲ့” မေးလည်းမေး မျက်စောင်းလည်းရွယ်လိုက်သည်။
ကြည်စင်နေသည့်သူမ မျက်နှာကို မကြည့်ဘဲ..............
“ညက ငါနဲ့ကောင်းမြတ် သောက်ဖြစ်တယ်”
“ဟင်......ကိုကောင်းမြတ် ပြန်ရောက်နေပြီလား”
“ဟုတ်တယ်.........မနေ့က မနက်ပိုင်းကပဲ”
ရောက်ပြီး.......ညပိုင်းသောက်ဖြစ်သွားတာ.......ငါ့အခန်းမှာဘဲ”
“အဲဒါ.......သောက်ပြီးမှ ခင့်ကို ဘာလို့လာပြောနေတာလဲ.......မသောက်ခင်က ပြောရင်
တားမယ်မှန်းသိတယ်.........ဟုတ်”
ကျနော် ခေါင်းငြိမ့်ပြလိုက်ပြီး“ မယ်ခင် နင်ညနေ ပန်းချီသန်းတန်းသွားမှာလား”
“သွားမှာပေါ့ကိုညိုရဲ့..........ခင်ဘယ်တုန်းက သင်တန်းလစ်ဖူးလို့လဲ”
“ညနေမှဘဲ သင်တန်းကိုလာတော့မယ်ဟာ”
“ဟင်...........ခုတစ်ခါတည်းပြောလေ....ခင် အချိန်ရပါသေးတယ်”
“ညနေမှပြောတော့မယ်.........မယ်ခင်” ဖွဖွလေးပြုံးကာ ခေါင်းငြိမ့်ပြလိုက်သည့်
သူမကို နှုတ်ဆက်ကာ ကျနော်ထွက်လာခဲ့တယ်။ ကျနော် ဒူးတွေလည်း
မခိုင်တော့ပေ.......ခေါင်းတွေရှုပ်ထွေးကာ ဘာတစ်ခုမှ
စိတ်မ၀င်စား...........ဒီနေ့ဘာလုပ်လုပ်
အမှားမှားအယွင်းယွင်းတော့ဖြစ်တော့မယ်ဆိုတာ သိနေပြီ.....ဆေးရုံကိုလည်း
မသွားမဖြစ်သွားရဦးမည်။ဆေးရုံရောက်သည့်အခါ ကျနော့်အခန်းဝသို့ရောက်လျှင်
ဓါတ်ခွဲခန်းမှ ကျနော်နဲ့ရင်းနှီးသည့် သူနာပြုဆရာမလေးက
ကျနော့်အားပြုံးပြကာဒေါက်တာရေ........မနေ့က
သွေးလျှူဖို့သွေးစစ်တဲ့ကောင်လေး..ရုပ်လေးသန့်သန့်လေးနဲ့.......သူ့သွေးအခြေအနေမကောင်းလို့ဒေါက်တာ”
ကျနော့်အမှားနဲ့ကျနော် မျက်ခုံးပင့်တက်သွားကာ
“ဘာဖြစ်လို့လဲ ဆရာမ”
“HIV POSITIVE တဲ့ မယုံလို့ထပ်စစ်ကြည့်တာ ဒီအဖြေဘဲ ထပ်ထွက်နေတယ်ဒေါက်တာ”ကျနော်
ခေါင်းအသာညိမ့်ပြကာ အခန်းထဲဝင်ခဲ့တယ်။ အဲဒီနေ့က
ကျနော်စိတ်နဲ့ကိုယ်မကပ်ခဲ့ဘူး၊ ညနေပိုင်း မယ်ခင်
ရဲ့ပန်းချီသင်တန်းသွားဖို့ကိုပဲ အာရုံထဲမှာရှိနေခဲ့တယ်။ ညနေဆေးရုံမှ အပြန်
အိမ်သို့မ၀င်ဘဲ မယ်ခင် ရဲ့ပန်းချီသင်တန်းသို့တန်းသွားလိုက်မိတယ်။
ကျောင်းသားတော်တော်များများ အောက်ဒိုးသွားနေကြပြီး
ကျနော်လာမည်ပြောထားသည့်အတွက်အခန်းထဲတွင် သူနဲ့၊ ကရင်၊မွန်၊တရုတ်လူမျိုးစပ်သည့် ကောင်လေး ( 2 ) ယောက်သာရှိပြီး၊ စားပွဲပေါ်မှပန်းခြောက်တွေထိုးထားသည့် ပန်းအိုးတစ်လုံးပုံကို ရေဆေးဖြင့် ရေးနေကြသည်။ ကျနော်လည်း မယ်ခင့်ဘေးမှာထိုင်ကာ ကြည့်နေမိတယ်။ သူမသည် ဆွဲလက်စ ပန်းချီကားကို လက်စသက်ပြီး
ကျနော့်ဘက် သို့လှည်ကာပြုံးပြသည်။ကျနော် ဘေးကပ်လျှက်ခုံမှ
မွန်တရုတ်လေးအား လှမ်းကြည့်ပြီး သူမ ၀ရံတာသို့ထွက်လာခဲ့တယ်။
“မယ်ခင်........ညည်းအပြစ်တင်လည်း ကျုပ်ခံရမှာဘဲ.......ညက
သောက်ဖြစ်တယ်........ငါလည်း
နည်းနည်းလွန်သွားပြီး......ဘာမှကိုမသိတော့ဘူး............မိုးလင်းတော့
မိန်းကလေးတစ်ယောက် ငါ့အခန်းထဲမှာ” သူမသည် ပါးစပ်ဟလျက်သားဖြင့် ကျနော့်လက်ကို
လှမ်းပြီးဆုပ်ကိုင်လိုက်တယ်။
ကျနော် နောက်သို့ အသာရုတ်လိုက်ကာ“ငါဒီနေ့ တစ်နေ့လုံး အလုပ်ထဲမှာ
အာရုံမရှိဘူး..........တစ္ဆေတစ်ကောင်လိုဘဲ.........ညည်းနဲ့ပဲ စကားပြောချင်နေတာ”
သူမ မျက်ဝန်းမှ မျက်ရည်တွေပြည့်လျှံလာတာတွေ့ရတယ်။ ဒေါသလုံးဝမတွေ့ရပေ။
ကျနော်လည်း သူမကို အသာငေးကြည့်နေမိတယ်......ဆူပူလိမ့်မည်လို့ထင်ထားတာ....သူမနှုတ်မှ
မည်သည့်စကားလုံးမှ ထွက်မလာပေ။ ၀ရံတာသို့ ကရင်၊မွန်၊တရုတ်စပ်ကောင်လေးလည်း ထွက်လိုက်လာသည်။
“ခင် ဘာဖြစ်လို့လဲ နေမကောင်းဘူးလား” ဟု မျက်နှာပျက်ကာ မျက်လုံးများနီရဲနေသည့် ခင့်ရဲ့နဖူးသို့ လက်ရွယ်လိုက်စဉ် သူမသည် ကောင်လေးရဲ့လက်ကို ပုတ်ထုတ်လိုက်ပြီး........“ပါးစပ်ကမေး...လက်မပါနဲ့” ဟု ဒေါသဖြင့် တုန့်ပြန်လိုက်သည်။ ကျနော်သိသည့် သူမသည် တစ်ခါမှ ယခုလို မရိုင်းပါ။ သူမ ဘာကို
ဒေါသထွက်နေသည်မသိ။ ကောင်လေးလည်း ရှက်သွားပြီး ကျောပိုးအိတ်ကိုလွယ်ပြီး၊ “ငါပြန်နှင့်တော့မယ် ”ဟုဆိုကာ ထွက်သွားသည်။
“ကိုညို ......ခင်ပြန်တော့မယ်”ကျနော် ဘာမှ မပြောမိ သူမကို ငေးကြည့်နေမိတယ်။ ထွက်သွားပြီးမှ သူမ
ပြန်လှည့်လာသည်။
“အဲအမျိုးသမီး နေတဲ့နေရာသိလားကိုညို”
“မသိဘူး.........မယ်ခင်........ကောင်းမြတ် သိမယ်ထင်တယ်..........ငါ သူ့ဖုန်းကို
ခေါ်တာ ဖုန်းမကိုင်ဘူး၊ သူ့အိမ်ကိုခေါ်တော့လည်း အိမ်မှာမရှိဘူးဒဲ့”
“ကိုကောင်းမြတ်ကို ရအောင်ဆက်သွယ်ပါကိုညို........ကိုကောင်းမြတ်နဲ့ဆက်သွယ်လို့ရရင် ခင့်ကို
ဖုန်းခေါ်ပါ ကိုညို” ဟုပြောကာ ကျနော်ကို ကျောခိုင်း ထွက်ခွာသွား၏။ ကောင်းမြတ်သည် သူ့အားအပြစ်တင်မည်စိုးသည့်အတွက် ကျနော့်ကို တစ်ပတ်လောက်နေမှ ဆက်သွယ်လာခဲ့သည်။ ကောင်းမြတ်ကို အိမ်လာဖို့ခေါ်ပြီး ခင့်ကိုပါ ဖုန်းခေါ်လိုက်သည်။ ခင်သည် သူ့အရာရှိကိုပြောပြီး ချက်ခြင်းထွက်လာမည်ဟုပြောပြီး ဖုန်းပိတ်လိုက်သည်။
ကိုကောင်မြတ်ကိုတွေ့တော့
“ ကိုမြတ်……..ကိုညိုအခန်းမှာ ထားခဲ့သည့် အမျိုးသမီးနဲ့ ခင်တွေ့ချင်တယ်“
“ခဏလေး ငါဆက်သွယ်ကြည့်မယ်” ဟုဆိုကာ ကောင်းမြတ် ဖုန်းခေါ်နေ၏။ မည်သူမည်ဝါ ဆိုတာ နာမည်မသိသည့်အတွက် လူကိုယ်တိုင် ညနေပိုင်း သွားရောက်ကြည့်မှ သိမည်ဟုဆိုခဲ့သည်။ ညနေပိုင်း ခင်နဲ့ချိန်းကာ သူမတို့စုရပ်နေရာသို့ သွားရောက်ခဲ့တယ်။ သူမကိုတော့မတွေ့ရပါ။မနေ့ကတော့မူဆယ်ဘက်မှာ အလုပ်လုပ်မယ်ဆိုပြီး ထွက်သွားသည့် မိန်းကလေး နှစ်ယောက်ရှိသည်ဟုဘဲသိလိုက်ရသည်။ သူမတို့ပြန်ရောက်လျှင် ဆက်သွယ်ပေးဖို့ ခင့်ဖုန်းနံပါတ်ကိုပေးခဲ့၏။
ကျနော် ထိုနေ့က စပြီး အိပ်မပျော်ခဲ့ဘူး၊ ကျနော်ပုံစံသည် တဖြည်းဖြည်းပိန်လာပြီး
ညှင်းသိုးသိုးဖြစ်လာတယ်။ ကျနော့်ပုံစံကိုကြည့်ပြီး ခင်က “ ကိုညို ကစိတ်ကောင်းရှိတာ ဘာမှမဖြစ်နိုင်ပါဘူး…..အိပ်ပျော်အောင်အိပ်နော်……မအိပ်ခင် အသက်ရှုလေ့ကျင့်ခန်းလုပ်နော်…….အိပ်ယာပေါ်ရောက်မှ မအိပ်ပျော်ဘူးဆိုရင်….တစ်၊ နှစ်၊ သုံးလေး ကိုရွတ် အဲဒါမှမဟုတ်ရင်လည်း …..မယ်ခင်……….မင်ခယ် ဆိုပြီးရွတ် အိပ်ပျော်သွားလိမ့်မယ်“ ဟု ရွှတ်နောက်နောက်လေး အားပေးစကားပြော၏။ အဲဒီနောက်ပိုင်းကစပြီး ခင်နဲ့ကျနော်ပိုမို ရင်းနှီးလာခဲ့၏။ အရင်ကဆို ခင်နဲ့စကားပြောတိုင်း စိတ်ထဲက နဲနဲရှိန်နေတက်သည်။ခင်တွင် သူများတွေနဲ့မတူသည့် ပါဝါတစ်ခုရှိတာတော့သေချာသည်။ ခင်သည် လူချစ်လူခင် အင်မတန်ပေါသည်။ ခင်လမ်းသွားလို့ မည်သည့်ယောက်ျားလေးကမှ မနောက်ရဲပေ။ အဲဒီအဖြစ်အပျက်နောက်ပိုင်း ခင်သည် စကားပြောတိုင်း ကျနော့်လက်တစ်ဘက်ကို နွေးထွေးစွာဆုပ်ကိုင်ပြီး ပြောသည့်အလေ့အကျင့်လေးရှိလာခဲ့သည်။ ကျနော့်မျက်နှာ အရမ်းညှိုးနေလျှင် သူ့ပခုံးလေးကို ပုတ်ပြပြီး ခေါင်းတင်ခွင့်ပေးခဲ့သည်။ ခင်က စပြီး မနက်တိုင်းဖုန်းဆက်ခဲ့သည်။ ဖုန်းပြောတိုင်း အမြဲအားပေးစကားတွေပြောပြီး၊ အရင်ကထက် ကျနော့်အပေါ်ပိုမိုနွေးထွေးလာခဲ့တယ်။
တနင်္ဂနွေနေ့တိုင်း ဆင်းရဲချို့တဲ့သည့်နေရာတွေမှာ သူမနဲ့အတူ
စားစရာတွေသွားဝေရသည်။ သူမရဲ့ အားပေးမှု နွေးထွေးမှု တွေကြောင့် ကျနော်
ပြန်လည်လန်းဆန်းတက်ကြွလာခဲ့ပြီး၊ အလုပ်ကိုလည်း ပုံမှန်ပြန်လုပ်နိုင်ခဲ့တယ်။
တစ်နှစ်ခွဲလောက်ကြာတော့ ကျနော် သွေးစစ်ကြည့်ဖို့ စိတ်ကူးမိတာနဲ့ သွေးကို
ဖောက်ယူကာ ဓါတ်ခွဲခန်းဆရာမလေးအား သူငယ်ချင်းတစ်ယောက်ရဲ့
သွေးအား စစ်ဆေးပေးရန် ပေးလိုက်တယ်။
နောက်နေ့တွင် ဆရာမလေး မျက်နှာမကောင်းဘဲ
“ဒေါက်တာ သူငယ်ချင်းက ဘာအလုပ်လုပ်တာလဲ”
“သင်္ဘောသားပါ ဆရာမ……..အဖြေရပြီလားဆရာမ”
“ဒေါက်တာ့သူငယ်ချင်းအတွက် စိတ်မကောင်းပါဘူး ကျမ နှစ်ခါ ပြန်စစ်တာ အဖြေတူနေတယ်ဒေါက်တာ…အခြားနေရာမှာ ထပ်စစ်ကြည့်ခိုင်းရင် ပိုပြီးသေချာလိမ့်မယ်ထင်တယ်” ဆရာမလေးသည် စိတ်မကောင်းသည့်မျက်နှာဖြင့် သွေးစစ်ဆေးသည့် စာရွက်ကို ဒေါက်တာ နေညိုအားကမ်းပေးလိုက်ပြီး ထွက်ခွာသွားသည်။ ကျနော်ခင့်ကို ဖုန်းခေါ်လိုက်ပြီး ညနေ သင်တန်းမသွားဖို့ပြောလိုက်မိတယ်။
“ကိုညိုကလည်း သင်တန်းမသွားလို့မဖြစ်ဘူးလေ…..ကိုညိုပဲ သင်တန်းကို လာလိုက်နော်“ ကျနော်ဘာမှ ထပ်မပြောပဲ သင်တန်းကိုသာ သွားဖို့ဆုံးဖြတ်လိုက်တယ်။
ဒီတစ်ခါတော့ သင်တန်းသားတွေစုံနေသည်။ ကျနော်ရောက်နေသည်ကို ခင်လည်း သိပုံမရပါ။ ကျနော်လည်း ကားပေါ်တွင်သာ သင်တန်းပြီးချိန်ကို စောင့်နေလိုက်၏။ သင်တန်းပြီတော့ သူမ ကျနော်ဆီတန်းတန်းမတ်မတ်လျှောက်လာသည်ကို တွေ့ရသည်။ ဒီနေ့လည်း သူမ အဖြူရောင် စပို့ရှပ်နဲ့ ဂျင်းအနက်ရောင်ဘောင်းဘီလေးဝတ်ထားသည်။ သူမသည် အမြဲတမ်းအဖြူရောင်အင်္ကျီကိုသာ ၀တ်ဆင်တတ်သည်။ တစ်ခါတစ်ရံကျနော်ကစနောက်ပြီး“ညည်း အဖြူရောင် ဘောင်းဘီပါ ၀တ်ပါ့လား“ဟုဆိုလျှင် “ ကိုညိုကတော့ ပေါက်တက်ကရ ပြောတော့မယ်“ ဟုဆိုကာ အကျယ်ကြီး အော်ရယ်တတ်ပြန်သေးသည်။
သူမ အနားရောက်လာတော့ အတွေးစကို ဖြတ်ပြီး………..“မယ်ခင်…….လင်းသစ်မှာ ခဏ သွားထိုင်ရအောင်“ဟုဆိုတော့ သူမ ခေါင်းတစ်ချက်ညိမ့်ပြသည်။ လင်းသစ်သို့လမ်းလျှောက်ပြီး သွားခဲ့သည်။ သူမ ပဲနို့တစ်ခွက်မှာပြီး ကျနော့်ကို လှမ်းကြည့်တော့ “ မစားတော့ပါဘူးဟာ…………..ငါ နင့်ကိုပြောစရာရှိတယ်……အရင်သောက်လိုက်နော်“သူမ ကျနော့်စကားကို နာခံကာ ပဲနို့ခွက်ကို တစ်ခါတည်း ကုန်အောင်မော့ချလိုက်ပြီး ပြောလေဆိုသည့် အကြည့်ဖြင့် ကြည့်လာခဲ့တယ်။
“ငါဒီနေ့ သွေးစစ်တာ အဖြေရပြီ မယ်ခင်“ စိတ်လှုပ်ရှားနေသည့် ဟန်လေးဖြင့် သူမ မျက်တောင်မခတ် နားထောင်နေခဲ့တယ်။
“positive“ မယ်ခင်…………
သူမ လှုပ်လှုပ်ရှားရှားဖြစ်သွားပြီး……..“မနောက်နဲ့နော် ကိုညို…..ဒါနောက်စရာစကားမဟုတ်ဘူး“
“နောက်နေတာ မဟုတ်ဘူး……..မယ်ခင် ဒီမှာ သွေးစစ်ထားသည့် စာရွက်“ သူမ 5 မိနစ်ခန့် ငြိမ်သက်သွားပြီး ကျနော် ခေါ်လိုက်မှ အသိဝင်လာကာ
“ကိုညို……..ဘာဆက်လုပ်မလဲဟင်“ ကျနော် သက်ပြင်းဖွဖွချပြီး
“ထူးဆန်းတယ်နော် မယ်ခင်…….ငါလေ မားမားက ကျောင်းဆရာမ ဖြစ်နေလို့လားမသိဘူး……….တစ်ခါမှ မဟုတ်တာ မလုပ်ဖူးဘူး……..မားမားဆုံးပြီးတော့ ပါးပါးနဲ့…..နိုင်ငံခြားမှာပဲ လှည်လည်နေတော့လည်း …….. ငါတစ်ယောက်တည်း……အထီးကျန်ကျန်နဲ့ စာတွေပဲ လေ့လာခဲ့တယ်…..နောက်ပိုင်း နင်နဲ့ခင်မင်ခွင့်ရပြီး…..ငါ့အကြောင်းကို အစအဆုံးနင်သိပါတယ်ဟာ“ ကျနော့်စကားကြောင့် သူမ မျက်ဝန်းမှ မျက်ရည်များကျလာသောကြောင့် တစ်ရှုးလှမ်းပေးလိုက်သည်။
“ခု ဆရာဝန်ဖြစ်ပြီးနောက်ပိုင်း………..ကျောင်းတုန်းက အပေါင်းအသင်းတွေနဲ့တွေ့ရင်…..အရက်တော့သောက်တာပေါ့ဟာ……..မိန်းကလေး ကိစ္စသူတို့ခေါ်တိုင်း ငါငြင်းဆိုခဲ့တယ်………..ခုလည်း ငါလုံးဝ မထင်ထားဘူး…….ငါကိုယ်တိုင်လုံးဝမသိလိုက်ပဲ……..ဒီလိုတွေဖြစ်သွားတယ်…….“
“တော်ပါတော့ ကိုညိုရယ် ဆက်မပြောနဲ့တော့နော်……..ခင့်ကို ဘာအကြောင်းပဲရှိရှိ အချိန်မရွေးဖုန်းဆက်ခေါ်နော်…….ကိုညို ဒီအကြောင်းကို ဘယ်သူ့ကိုမှ မပြောပါနဲ့…….စိတ်ဓါတ်လည်းမကျနဲ့……..အစားအသောက်အနေအထိုင်နဲ့ လိုအပ်တဲ့ဆေးတွေ အမြဲသုံးရင်……..လူကောင်းတစ်ယောက်လို သက်တမ်းစေ့နေနိုင်တယ်………ခင်တို့ရုံးမှာ ဆရာဝန်အမကြီးတစ်ယောက်ရှိတယ်……ကလေးနှစ်ယောက်နဲ့……ကလေးတွေမှာတော့ ဒီရောဂါမရှိဘူး………သူ့ယောက်ျားဆီကနေ ကူးတာ…………လူကောင်းတစ်ယောက်ပဲ…….အလုပ်တောင်လုပ်နိုင်သေးတယ်…….ပျော်ပျော်ရွှင်ရွှင်နဲ့ဖြတ်သန်းနေတာ…………ကိုညိုလည်း အဲလိုနေရမယ်နော်…..အပြင်စာလုံးဝမစားနဲ့…………“ သူမသည် ကျနော့်အား ပြောနေသည်မှာ ကျနော့်လက်ရှိအခြေအနေကို မေ့ပြီး ပြုံးမိသွားတော့ သူမရှက်သွားကာ မျက်စောင်းရွယ်သည်။
“အေးပါဟာ ………မနက်က သိသိချင်းတော့ ငါလည်း လုံးဝမရပ်တည်နိုင်ဘူးဖြစ်သွားတယ်……….မယ်ခင့်စကားကြောင့် အားရှိသွားပြီ“ ပြန်ကြစို့မယ်ခင်…..ငါ့ကို စိတ်ပူပြီး အိမ်ရောက်ရင် ငိုမနေနဲ့ဦးနော်“ သူမ ခေါင်းမငြိမ့်ပါ……..ဆက်လက်ငိုပွဲဆင်မည့်ပုံပင်။
ကျနော်လည်း သူမရဲ့အားပေးစကား……သူမပို့ပေးသည့် အစားအသောက်နဲ့ ဂရုစိုက်မှု တွေကြောင့်…….လူကောင်းတစ်ယောက်လိုပင် ရပ်တည်နိုင်ခဲ့တယ်။အလုပ်ထဲမှာတော့ လူနာတွေကို ကိုင်တွယ်တိုင်း လက်အိတ်အသုံးပြုပြီး၊ ပိုမိုဂရုစိုက်ရသည်။ စိတ်ကောင်းရှိသည့် မယ်ခင်သည်လည်း……သူမကူညီဖူးသည့် ပြင်သစ်လင်မယားရဲ့ကျေးဇူးကြောင့် ပန်းချီပညာလေ့လာရင် အခွင့်အရေးရရှိခဲ့သည်။ သူမ သွားခါနီးတော့ ကျနော်.တော်တော်လေးချောက်ခြားသွားခဲ့သည်။ ကျနော့်ဘေးမှာ အားပေးဖော်မရှိတော့ဖူးဆိုသည့်အသိဖြင့်။သူမ သွားဖို့နီးလာတော့ ကျနော်လည်း အလုပ်မှ နှုတ်ထွက်လိုက်သည်……ဆင်းရဲနွမ်းပါးသည့် ရပ်ကွက်လေးတွင် ဆေးခန်းလေးဖွင့်ဖို့သူမတိုက်တွန်းသည့်အတွက် ဖွင့်ဖြစ်သွားသည်။ငွေကြေးမတတ်နိုင်သည့် လူနာတွေကို အခမဲ့ကုသပေးခဲ့သည်။သူမ မသွားခင်………ကျနော့်ဆေးခန်းလေးသို့လာရောက်ကာ ဘယ်လိုနေရမယ်၊ ဘယ်လိုစားရမယ် တို့အား အမေတစ်ယောက်ကဲ့သို့ တတွတ်တွတ်မှာသည်မှာ ကျနော် လုံးဝ မခံစားနိုင်ပေ။ သူမကတော့ တော်တော်လေး တက်ကြွနေသည်…သူမ ၀ါသနာပါသည့် ပညာကို ထိုပညာတွေစုဝေးရာ နိုင်ငံမှာ သင်ယူရမည်ဖြစ်သောကြောင့်ဖြစ်လိမ့်မည်။ သူမ သွားမည့်နေ့က လေဆိပ်သို့ ကျနော်လိုက်ပို့ပေးဖြစ်သည်။ ထိုနေ့တွင်လည်း ဂျင်းဘောင်ဘီအပြာရောင် စပိုစ့်ရှပ်အဖြူလေးနှင့် သူမပုံစံလေးသည် နိုင်ငံခြားသွားမည့်ပုံနဲ့မတူ…ရိုးရိုးရုံးသွားနေကျပုံစံလေးပင်။ လေဆိပ်ထဲမ၀င်ခင်…………သူမ မှာစရာရှိတာတွေမှာပြီး………..ခြေဖျားလေး ထောက်ကာ ကျနော့်နဖူးပြင်လား သူမရဲ့ နှုတ်ခမ်းလေးဖြင့် နမ်းရှိုက်ပြီး ပျောက်ကွယ်သွားခဲ့တယ်။
မနက်တိုင်း……..သူမဆီမှ မေးလ်တစ်စောင်ရရှိပြီး……အစားအသောက်ကို ရေးပြီးပို့တတ်သည်။ နေကောင်းလားအမြဲမေးသည်။ သူမ မေလ်းကို ဖတ်ရသည့်အခါတိုင်း သူမ အနားမှာလာပြောနေသလို ခံစားရတယ်။ ကျေးဇူးတင်ပါတယ် မယ်ခင်……..အမေတစ်ယောက်လို၊ သူငယ်ချင်းတစ်ယောက်လို၊ အမတစ်ယောက်လို အားပေးတက်တဲ့နင့်ရဲ့နွေးထွေးမှု့တွေကြောင့် …….ငါ့ကိုယ်ငါ ရောဂါသည်တစ်ယောက်လို့တောင် မထင်တော့ပါဘူး။
မယ်ခင့်ဆီ ကျနော် မေလ်းတစ်စောင်ရေးလိုက်မိတယ်……………….

သို့
ချစ်လှစွာသောမယ်ခင်
ငါ့အတွက် စိတ်မပူနဲ့တော့နော်………….ခုဆိုရင် ငါလည်း တော်တော်လေးနေသားကျပြီး HIV ရှိတဲ့လူတစ်ယောက်လို့တောင် ငါ့ကိုယ်ငါမထင်တော့ဘူး။ အရာအားလုံးဟာ နင့်ရဲ့နွေးထွေးမှု တွေကြောင့်ပါ မယ်ခင်။ ခုဆိုရင် ငါ့ရဲ့ဆေးခန်းလေးလည်း တော်တော်အောင်မြင်နေပြီး ထပ်ချဲ့ထားတယ်။ နင်ထွက်သွားတုန်းက ပုံစံမဟုတ်တော့ဘူးမယ်ခင်။ တက်နိုင်တဲ့လူတွေဆီက ငွေကြေးယူပြီး မတတ်နိုင်သည့် လူတွေကို အခမဲ့ကုသပေးလို့ ရေရှည်ရပ်တည်နိုင်ပါပြီ။ နင်ပို့ပေးတဲ့ ငွေတွေကိုလည်း အိုးမင်းမစွမ်းလူနာတွေကို လှူဖြစ်တယ်။ မယ်ခင်က စိတ်ကောင်းရှိပြီး နွေးထွေးမှု တွေပေးသည့်အတွက်…..ဘယ်နေရာ ရောက်ရောက်လူကောင်းတွေနဲ့ပဲတွေ့မယ်ဆိုတာ ငါယုံကြည်တယ်……..နင့်ကြောင့် ငါသိလိုက်တာတစ်ခုရှိတယ်မယ်ခင်…….လူသားတွေအမှန်တကယ်လိုအပ်တာ ငွေမဟုတ်ဘူး…….နွေးထွေးကြင်နာမှု လက်တစ်စုံဆိုတာကိုပေါ့………….
ငါချစ်တဲ့ ငါ့ကိုနွေးထွေးမှု တွေပေးတဲ့မယ်ခင်
မယ်ခင်ဖြစ်ချင်သည့် လူသားတိုင်းအပေါ်နွေးထွေးမှုတွေ ……… မယ်ခင့်စိတ်တိုင်းကျ ပေးနိုင်ပါစေ။


ချစ်တဲ့
နေညို
 စာလေးရေးပြီးတော့ send ကို ကလစ်လုပ်လိုက်၏။


ချိုခ Dec 4-2010

No comments:

Post a Comment