Friday, September 23, 2011

အိမ်ထောင်ရှင်မ တစ်ယောက်၏ ဖွင့်ဟ၀န်ခံချက်

 “အလုပ်ပိတ်ရက်မို့ အခန်းထဲတွင် အေးအေးဆေးဆေး သီချင်းနားထောင်ရင်း ...အမေရိကားမှ အဖေရဲ့ပုံတူကို ရေးဖို့ out line ကောက်လိုက်မိသည်။

“ကလင်...ကလင်”
out line ကောက်လို့ လက်စမသတ်ခင် ဖုန်းမြည်သံက ထွက်လာသည်။ နံပါတ်ကို ကြည့်လိုက်တော့ ကျနော့်သူငယ်ချင်း အရင်းခေါက်ခေါက်ရဲ့ နံပါတ်။

“မီးမီး ... ပြော”
“နင်အခု အိမ်မှာပဲလား ... ဟားဟား မိုက်တယ်ကွာ ...Firehouse နဲ့ ငြိမ်ပြီး ရေးနေတယ်ပေါ့လေ ... ဟုတ်လား”

“ဟဟ ... ဒါပေါ့ မနာလိုမရှိနဲ့ သယ်ရင်း”
“ငါအခု လွတ်လပ်ရေးရနေတယ်ဟ ... သုံးနှစ်ကျော်မှာ ပထမဆုံးရတဲ့ လွတ်လပ်ရေးပဲ”

“ အနွေးရော ရှိလား” သူ့ သမီးလေးကို ကျနော် မေးမိတော့
“မောင် အနွေးကိုခေါ်ပြီး အပြင်သွားတယ်။ အဲဒါကြောင့် ငါပျော်နေတာပေါ့ဟ ... နင်ဘာစားမလဲ ငါလည်း စုတ်တံမကိုင်တာ ကြာပြီ။ တစ်ကားလောက်တော့ ပြန်သမ ကြည့်ချင်တယ်”
“ အိုကေ ဘာမှ ၀ယ်မလာနဲ့ ... ငါ ဖက်ထုပ်ပေါင်းလုပ်ထားတာ ရှိတယ်”

ကျနော် ဖုန်းချလိုက်တော့ သက်ပြင်းဖွဖွချမိတယ်..ဒီနေ့တော့ အဖေ့ပုံ တစ်ဝက်ပင် အပြီးသတ်တော့မည်မဟုတ်ပေ။
တံခါးခေါက်သံကြောင့် အခန်းတံခါးကို ချက်ခြင်းဖွင့်ပေးလိုက်တော့ ... ကြည်လင်ဝင်းပပြီး အပျော်လွန်နေသည့် မျက်နှာကြီးဖြင့် မီးမီး ၀င်လာပြီးကျနော် အသင့်ချထားသည့် ဖက်ထုပ်ပေါင်းတွေကို တစ်ခုပြီး တစ်ခု ပါးစပ်ထဲသို့ ထည့်ကာ ကျနော့်အား မနာလိုသည့် မျက်ဝန်းများဖြင့် မလွတ်တမ်းကြည့်နေခြင်းကို မသိချင်ယောင် ဆောင်ပြီး out line ဆက်ကောက်နေတော့ ကျနော့်လက်ထဲမှ ခဲတံ ကိုဆွဲလုပြီး

“ငါ့ရင့်ထဲမှာ နင့်ကို ပြောချင်တာတွေ ပြည့်နေတယ်...နင့်ခဲတံကြီး ချထားစမ်းပါဟယ်”

ကျနော် ပြုံးပြီး ခေါင်းငြိမ့်ပြလိုက်ပြီး ဖက်ထုပ်ပေါင်းတွေ ထပ်ထည့်ပေးပြီး၊ လက်ဖက်ပါ သုတ်လိုက်သည်။ တော်သေးသည်။ ဆေးတွေ မညှစ်ရသေးလို့။ ဆေးတွေက ညှစ်ပြီးရင် အလဟဿ ဖြစ်ကုန်ဦးမည်။


“ နင့်ဘ၀က မိုက်တယ်ဟာ ... ဘာအပူအပင်မှ မရှိဘူး ...
စားချင်တာ ထလုပ်စားမယ် ...
စာအုပ်ဖတ်ချင်ရင် ဖတ်မယ်...
ပန်းချီရေးချင် ကောက်ရေးလိုက်မယ် ...
သွားစရာရှိရင် အခန်းသော့ပိတ်ပြီး သွားမယ် ...တကယ့်ကို သုခဘုံနော်"
“ ဟင် ဘယ်လိုဖြစ်ရပြန်တာ တုန်း ... အေးချမ်းအောင် နေလို့ပါဟာ ... လူတိုင်းမှာ ကိုယ့်အပူနဲ့ကိုယ်တော့ ရှိကြတာချည်းဘဲ...အပူနည်းတာနဲ့ များတာပဲ ကွာတာပါဟ” ဟု ကျနော် ပြောမိသည်။

“ ငါလည်း ချစ်သူနဲ့နေရရင် ပျော်စရာကောင်းမယ် ... ဘာမှ မလိုအပ်တော့ဘူး။ အရာရာပြည့်စုံမယ် ဒီလိုပဲတွေးခဲ့တာပဲ ... ဒါတောင် မောင်က သူများတွေလို အသောက်အစားမရှိ၊ ရှုပ်ပွေတာလည်း မရှိဘူး ... သူများတွေလို သောက်စားဖောက်ပြန်နေတာဆိုရင် ငါ ကိုယ့်ငါ အဆုံးစီရင်တာ ကြာပြီ... ”

သူမက ကျနော် ဖျော်ပေးထားသည့် ကော်ဖီကို တစ်ငုံသောက်ပြီး ဆက်ပြောပြန်သည်။

“ မိုးလင်းတာ နဲ့ အနွေးမနိုးခင် ငါ့မှာ အနွေးနဲ့ မောင် စားဖို့ ထပြီး စီစဉ်ရတယ် ... အဲလိုစီစဉ်ချက်ပြုတ်နေတုန်း ... အနွေးက နိုးလာတာနဲ့ မားမား ...ဆိုပြီး ငါ့ဆီပြေးလာ...
သူတို့စားဖို့ စီစဉ်ရတာ တစ်ဘက် ... အနွေးကို အပေါ့အပါး တည်ရတာက တစ်ဘက်၊
သူအပေါ့အပါး သွားပြီးရင်လည်း ကိစ္စက မပြီးသေးဘူး ... ကိုယ်လက်သန့်စင်ပေး ပြီး သူ့ကို အရင်နံနက်စာ ခွံရသေးတယ်နော်။
သူဗိုက်ပြည့်သွားတော့ မောင့်အတွက်စားဖို့အဆင့်သင့်ြ
ပင်ထာရသေးတယ်။ အဲဒါပြီးပြီလားဆိုတော့မပြီးဘူး။ မောင်မနိုးခင် အနွေးက ဂျီကျရင် မောင်နိုးမှာစိုးလို့ ငါ့မှာ သူ့ကို မနိုင်မနင်းကြီး ချီပြီး ရှေ့နောက် ဟိုလျှောက်ဒီလျှောက်၊

ဗိုက်က စာလို့အသံမြည်နေတာတောင် မစားနိုင်သေးဘူး။
နောက်သူ့အဖေ နိုးတော့မှ သူ့အဖေကို နံနက်စာ စားရင်း အနွေးကို ကြည့်ခိုင်းထားပြီး၊ နေ့လည်စာအတွက် ဈေးကို ပြေးလွှား၊ ဈေးက ပြန်လာမှ နံနက်စာ ကမန်းကတမ်း ပါးစပ်ထဲအတင်းသွင်း၊ သူ့အဖေ သင်တန်းမသွားခင် ငါ့မှာ သူကလေးကြည့်ထားတုန်း
နံနက်စာကို အပြေးအလွှားချက်ပြုတ်၊ လျှော်စရာရှိတဲ့ အ၀တ်အစားတွေကို တစ်ခါတည်းစိမ်စရာရှိတာ စိမ်ထား၊ ချက်လို့ပြီးတော့ အ၀တ်တွေ ချေးနူးလောက်ပြီလည်း ဆိုရော၊ အ၀တ်လျှော်စက်ထဲထည့်၊ တစ်အိမ်လုံး သန့်ရှင်းရေးပြေးလုပ်လိုက်ရသေးတယ်...”

သူပြောတာ နားထောင်ရင်း သူတော့မသိ ကျနော် ရေတစ်ခွက် မော့ချပြီး ... သူ့ကိုလည်း ရေတစ်ခွက် ကမ်းပေးလိုက်မိသည်။ ရေတစ်ငုံသောက်ပြီး သူမ စကားဆက်ပြန်သည်။

“တစ်အိမ်လုံး အိမ်သန့်ရှင်းရေးလဲ ပြီးရော အ၀တ်လျှော်စက်ထဲက အ၀တ်တွေ ထုတ်လှမ်း၊ ရေချိုးခန်းထဲ ကမန်းကတန်းဝင်ပြီး၊ သနပ်ခါးတောင် မလူးအားဘူး၊ အင်္ကျီနဲ့ ဘောင်းဘီတစ်ထည် ကပျာကယာ ကောက်ဝတ်ပြီး၊ မောင့်ဆီက အနွေးကို ခေါ်လိုက်တယ်။ သူကတော့ စာမေးပွဲအတွက် သင်တန်းသွားပြီ၊ ငါ့ကိစ္စတွေက မပြီးသေးဘူး။ အနွေးကို နေ့လည်စာကျွေးဖို့ ချော့ပြီး အောက်ကို ခဏချထားပြီး သူစားဖို့လုပ်ရသေးတယ်။ ငါ အနွေးအတွက် နေ့လည်စာပြင်လို့ သူ့အောက်ခဏလေးချထားမိတာတောင်၊ ပလပ်ပေါက်ကိုင်လို့ ထမင်းပန်းကန် ခဏချ၊ သူ့ဆီပြေးသွား၊ ရိုက်ပုတ်အော်ဟစ် ငါ့မှာ ဘီလူးမကြီးကို ဖြစ်လို့။ သူများမိခင်တွေလို ဖြစ်ချစ်ရာဖြစ် ပစ်မထားတတ်တော့လည်းဟယ် ... အိမ်ထောင် စကျ ကတည်းက ငါ့မှာလေ ကျွန်မကြီး လုံးလုံးကိုဖြစ်တော့တာပဲ။ သူစားသောက်ပြီး အိပ်ချင်လာတော့လည်း ဂျီကျသေးတယ်။ ငါပါ လိုက်ဝင်ပြီး သူနဲ့အတူတူ အိပ်ရတယ်။ သူအိပ်ပျော်သွားမှ ထမင်းကို ကမန်းကတန်းစား၊ မီးပူတိုက်စရာရှိတာတွေ တိုက်။ မီးပူတိုက်ပြီးလို့ သူ အိပ်ပျော်နေတုန်း စာအုပ်လေးဖတ်မလား ကောက်ကိုင်ရုံရှိသေးတယ်။ မားမားဆိုပြီး နိုးလာတော့၊ ငါ့မှာ သူနဲ့အတူတူဆော့ရ။ အစားလည်း ကောင်းကောင်းမစားရ၊ အိပ်လည်းကောင်းကောင်းမအိပ်ရ၊ ဒါတောင် မောင်က ပိုက်ဆံကို အလုံအလောက်ရှာပေးထားလို့၊ ပိုက်ဆံကိစ္စပါ ပူပင်နေရမယ်ဆိုရင် ... ငါ့ကိုယ်ငါ အဆုံးစီရင်တာ ကြာလှပြီ"

သူ့စကားပင်မဆုံးသေးပါ။ သူ့ယောက်ျားထံမှ ဖုန်းက ၀င်လာသည်။ သူတို့အိမ်ပြန်ရောက်နေပြီ။ အနွေးက မားမားကိုမတွေ့လို့ ငိုနေတာ လုံးဝချော့လို့မရဘူးဆိုသည့်အတွက် ... လက်ကျန်ကော်ဖီကိုကောက်မော့ပြီး ကမန်းကတန်းပြေးသွားသည့် သူ့အား ကျနော်ငေးကြည့်ရင်း ကျန်ခဲ့သည်။

ဒါတောင် သူပြောသွားတာ တစ်နေ့တာအဖြစ်အပျက် အကုန်မဟုတ်သေးပါ။
သုံးနှစ်လုံးလုံးအဖြစ်အပျက်တွေဆိုရင်ဖြင့် ကျနော်လုံးဝ ဆက်မတွေးရဲတော့ပေ။ အဖေ့ပုံတူကိုလည်း ဆက်မရေးဖြစ်တော့ပါ။ အတွေးတွေတစ်လှေကြီးနဲ့ ကျနော်အခန်းထဲမှာ ငြိမ်သက်စွာကျန်ခဲ့သည်။

ချိုခ

No comments:

Post a Comment