Wednesday, September 21, 2011

အချစ်စစ်စစ်



“ကို ကလည်း ငယ့်ကိုမစောင့်ဘဲ တစ်ယောက်တည်းစားနေတယ်”
နောက်ဘက်မှ လက်သီးဖွဖွဖြင့် ထုခံလိုက်ရပြီး စကားသံချိုချိုနွဲ့နွဲ့ကြောင့် စားလက်စ ရှမ်းခေါက်ဆွဲအား ပါးစပ်မှ ပြန်မထွက်အောင် ပါးစပ်ကို ပိတ်လျက် နောက်သို့လှည့်ကြည့်မိလိုက်ရာ အသားဖြူဖြူသွယ်လျလျကိုယ်ဟန်လေးချစ်စဖွယ် မိန်းကလေးတစ်ယောက်ကို တွေ့ရသည်။ ကျမ ရဲ့အကြည့် စူးစူးနဲ့မျက်လုံးတွေကြောင့် သူမ ပါးစပ်အဟောင်းသားဖြင့်

“ဆောရီးနော် ငယ် လူမှားသွားလို့ပါ”

ကျမ ခေါင်းတစ်ချက် ငြိမ့်ပြလိုက်ပြီး စားလက်စကို ရပ်ကာ ကောင်တာတွင် ငွေရှင်းပြီး ထွက်ခဲ့လိုက်သည်။ တံခါးဝတွင် လူတစ်ယောက်နဲ့ တိုက်မိသည့်အတွက် “ဆောရီး” နှုတ်မှ အော်တိုထွက်သွားပြီး တိုက်မိသည့်လူကို ကြည့်မိတော့… သူ့ရဲ့အကြည့်စူးစူးဖြင့် ကြုံရသည်။
“ဘုရားသခင်” ဟု ကျမ ရင်တွင်းမှ ရေရွတ်မိသည်။ ထိုသူ၏ ဆံပင်ညိုဖျော့ဖျော့အရောင်များသည် ကျမကဲ့သို့ ပခုံးသာသာ ရှေ့နောက်တစ်ညီတည်း၊ ၀တ်ထားသည့် စပို့ရှပ် အရောင်ကလည်း ကြက်သွေးရောင်၊ ဘောင်းဘီကလည်း ကျမ ၀တ်ထားသည့် ကာကီရောင် လုံးဝတစ်ထပ်တည်း။ ကွာခြားတာဆိုလို့ သူ့အသားသည် ကျမ့ထက် အနည်းငယ်ပိုဖြူနေတာပဲရှိသည်။ ကျမမျက်နှာကို တစ်ဘက်သို့လွဲပြီး ရှောင်ထွက်လိုက်မိသည်။ တက္ကစီတစ်စီးကို တားပြီး ကျမနေထိုင်သည့် သင်္ဃန်းကျွန်းရွာလေးသို့ မောင်းခိုင်းလိုက်မိသည်။


ကျနော် ငယ်နှင့်ချိန်းထားသည့် “ရှမ်းရွာ” ဆိုင်သို့ နောက်ကျမှ ရောက်လာခဲ့ပြီး ဆိုင်ထဲတွင် စိတ်ကောက်ပြီး စောင့်နေမည့် ငယ့်ထံသာအာရုံက ရောက်နေသည့်အတွက် ဆိုင်ထဲမှ ထွက်လာသည့်လူနဲ့ ၀င်တိုက်မိသွားသည်။ “ဆောရီး” ဟူသော ခပ်ရှရှ အသံကြောင့် တိုက်မိသူ၏ မျက်နှာကို ကြည့်မိတော့ ကျနော့် ရင်ထဲတွင် ဘုရားသခင်ကို တမိသွားသည်။ သူမ ရဲ့ ဆံပင်၊ အင်္ကျီအရောင်၊ ဘောင်းဘီ ကျနော်နဲ့တစ်ထပ်တည်း။ ကွာခြားတာဆိုလို့ သူမအသားက အ၀ါရောင်ဖြစ်ပြီး ကျနော့်အသားက အဖြူရောင် ဖြစ်နေတာလောက်ပင်ဖြစ်သည်။ ကျနော် ခဏ ကြက်သေသေခိုက် သူမက အရင်ရှောင်တိမ်းကာ ထွက်ခွာသွားသည်။ ကျနော့် နှုတ်ဖျားမှ တောင်းပန်စကားတစ်ခွန်းမှ ထွက်ကျမသွားခြင်းအတွက် ကျနော့်ကို ကျနော် အပြစ်တင်မိသွားသည်။

“ကို ကလည်းနောက်ကျလိုက်တာ ခုနက ငယ် ကိုယ်နဲ့ မိန်းကလေးတစ်ယောက်ကို မှားပြီး ကျောကို ထုမိသွားတယ် သိလား… အဲမိန်းကလေးက ကိုယ်နဲ့တော်တော်တူတယ် ယောက်ျာလေးပုံစံလေး…နောက်ကျောကကြည့်ရင် လုံးဝကိုယ့်ပုံသဏ္ဍာန်” ငယ့်စကားတွေကို ကျနော် မကြားတစ်ချက် ကြားတစ်ချက်… ကျနော်ကိုယ်တိုင်တောင် ကြက်သေသေသွားသေးတာ ငယ် လူမှားတာမဆန်းပါ။ အဲဒီနေ့က ကျနော် အရမ်းကြိုက်သည့် “ရှမ်းရွာ” မှ ရှမ်းခေါက်ဆွဲသည် အရသာမဲ့လို့နေခဲ့၏။

မနေ့က ဆရာဝန်နဲ့တွေ့ဖို့ချိန်းထားသည်အား မိန်းကလေးတစ်ယောက်ရဲ့မှားယွင်းစွာနှုတ်ဆက်မှု့၊ ကျမနဲ့ပုံသဏ္ဍာန်တူသည့် လူနဲ့မတော်တစ်ဆ တွေ့ဆုံမှု့တို့ကြောင့် မတွေ့ဖြစ်ခဲ့သည့်အတွက် ဒီနေ့ထပ်မံထွက်လာခဲ့ရ၏။ မေ့မေ့ကို ကုသပေးခဲ့သည့်ဆရာဝန်ကြီးပင်ဖြစ်ပါသည်။ မေမေသည်လည်း ကင်ဆာရောဂါဖြင့်ပင်ဆုံးသွားခဲ့ပြီး သူမရဲ့ရောဂါအမွေကို ကျမကိုပါ ပေးခဲ့ပါသည်။ ကျမတွင် မေမေနှင့်တူတာဆိုလို့ ရောဂါရှိတာ တစ်ခုပင်ဖြစ်ပါသည်။ ကျန်သည့် အရာအားလုံးသည် အပါး ဖြင့်တူပါသည်။
အရပ်ရှည်တာ၊ မျက်ခုံးထူပြီးမျက်အိမ်ကျယ်တာ၊ နေထိုင် စားသောက်ပုံကအစ အပါးနှင့်ထပ်တူဖြစ်ပါသည်။
ကျမရောက်သွားသည့်အချိန်တွင် ဆရာဝန်ကြီးအခန်းထဲတွင် လူရှင်းနေပါသည်။ ဆရာဝန်ကြီးနဲ့ သူ့ရဲ့လက်ထောက်ဆရာဝန် နှစ်ယောက်တည်းသာရှိပါသည်။

“သမီးရေ နောက်လ အန်ကယ်နယ်ပြောင်းရမယ်… သမီးအတွက် အန်ကယ် ဒေါက်တာမိုးမြင့် နဲ့လွှဲခဲ့မယ်နော်…လိုအပ်တာတွေတော့ အန်ကယ်ဟိုကနေ ညွှန်ကြားပေးမှာပါ”

သူမ ပြုံးကာ ခေါင်းငြိမ့်ပြလိုက်သည်။ တစ်ပတ်စာအတွက် လိုအပ်သည့်ဆေးဝါးများကို ညွှန်ကြားကာပေးပြီးနောက် ဆရာဝန်ကြီးအား နှုတ်ဆက်ကာထွက်လာခဲ့သည်။ အချိန်နည်းနည်း ရသည့်အတွက် ဒဂုံစင်တာသို့ဝင်ကာ လိုအပ်တာလေးတွေဝယ်ဖို့စိတ်ကူးရလာသည့်အတွက် ၀င်ဖြစ်သွားသည်။ ခေါင်းစည်းကွင်းလေးတွေရောင်းသည့် ကောင်တာရှေ့တွင် သူမ နှစ်သက်သည့်ခေါင်းစည်းကွင်းလေးအား လက်ရွယ်လိုက်စဉ် သူမကဲ့သို့ ထိုခေါင်းစည်းကွင်းလေးကို လာကိုင်သည့် လက်နဲ့အမှတ်တမဲ့ ဆုံသွားခဲ့သည်။ သူမ မော့ကြည့်လိုက်တော့… ဘုရားသခင် ကိုပုံတူ… ဒီနေ့တော့ သူမနှင့် အ၀တ်အစားတူမနေခဲ့ပါ။ သူကစတင်ပြီး ပြောလာသည်မှာ

“ ခင်ဗျားပဲ ယူလိုက်ပါ”

ကျမ တကိုယ်လုံးပူနွေသွားလျက်ဖြင့် လျင်မြန်စွာခေါင်းကိုသွက်သွက် ငြိမ့်ပြလိုက်ပြီး ငွေရှင်းကာထိုနေရာမှ ထွက်ခွာလာခဲ့သည်။ ကျမရင်ဘတ်ရဲ့ဆန္ဒအရ ခပ်လှမ်းလှမ်းမှနေပြီး သူ့အားလိုက်လံကြည့်မိခဲ့ရသည်။ ထို့နောက် ဆိုင်ရှေ့တွင် ခေတ္တရပ်နေပြီး ကျမအား သူဖြင့်မှားယွင်းစွာနှုတ်ဆက်သည့်သည့် အမျိုးသမီးလေးဖြင့် ထွက်လာနေသည်ကို တွေ့ရသည်။ ကျမ သူတို့နောက်မှ တိတ်တဆိတ်လိုက်လာခဲ့မိသည်။
ကျမ အငှားကားတားတိုင်း ကျမရှေ့တွင်အမြဲလိုလိုရှိနေတက်သည့်  ဦးလေးကြီးသည်လည်း ကျမ ညွှန်ကြားသည့်အတိုင်း သူတို့ကားနောက်မှ လိုက်ပေးခဲ့သည်။ လက်ကိုင်ဖုန်းရောင်းသည့်ဆိုင်လေးထဲသို့ဝင်သွားတာကိုတွေ့ရသည်။ ထို့နောက်နှစ်ယောက်သားဆိုင်ထဲမှ ထွက်လာပြီး ကောင်မလေးအားကားပေါ်တင်ပေးကာ ထိုသူ ဆိုင်ထဲသို့ပြန်ဝင်သွားသည်။ ဒီလောက်ဆိုလုံလောက်ပါပြီ။ ဒီဆိုင်လေးသည် သူ၏ ဆိုင်လေးပင်ဖြစ်လိမ့်မည်။ အဘယ်ကြောင့်ဆိုသော် ထိုဆိုင်လေး၏ ကောင်တာတွင် ပုံတူ ၀င်ထိုင်နေသည်ကို တွေ့ရသည့်အတွက်ကြောင့်ပင်ဖြစ်ပါသည်။ လိပ်စာကိုမှတ်သားကာ အိမ်သို့ပြန်ခဲ့သည်။ ထိုနေ့မှ စပြီး ကျမ ထိုလိပ်စာလေးသို့ သူနဲ့ကျမ အတူရွေးမိသည့်ခေါင်းစည်းကွင်းလေးအားစတင်ပေးပို့ခြင်းဖြင့် တစ်ပတ်တစ်ကြိမ်ကျ ခေါင်းစည်းကွင်းလေးတွေ ပို့ပေးဖြစ်ခဲ့ပါသည်။ ပေးပို့သည့်လိပ်စာနေရာလေးတွင် ကျမစာကျက်ဖို့အတွက် အပါးဝယ်ပေးထားည့် မြို့ထဲအခန်းလေးရဲ့ လိပ်စာကို တပ်လိုက်ပါသည်။

ကျနော့်ဆီကိုတစ်ပတ်တစ်ခါ ရောက်လာသည့် ခေါင်းစည်းကွင်းလေးများသည် ကျနော့်ကို တစ်ကြိမ်တစ်ခါမှ မခံစားဖူးသည့် နူးညံ့ သည့်ခံစားချက်တစ်စုံတစ်ရာကိုပေးစွမ်းနိုင်ခဲ့ပါသည်။ ပထမဆုံး ကျနော့်ဆီရောက်လာသည့် ခေါင်းစည်းကွင်းလေးသည် ဒဂုံစင်တာတွင် ကျနော်နှင့်လိုက်ဖတ်မည်ထင်သည့် အနက်ရောင် ကွင်းလေးအား လက်ရွယ်လိုက်စဉ် မိန်းကလေးတစ်ယောက်နှင့်အကြိုက်တူသည့်အတွက် လက်လျော့လိုက်သည့် ခေါင်းစည်းကွင်းလေးပင်ဖြစ်ပါသည်။ စာအိတ်ပေါ်က နာမည်နေရာတွင်
သို့
    ပုံတူ
     -----------------
     -----------------
                                       မှ
                                           ခရမ်းပြာ
                                           --------------
ဟု တပ်ထားပါသည်။ ကျနော် သူမကို အလွန်အမင်းသိချင်ပါသည်။ ပို့သည့်နေရာမှ လူမနေသည့် အခန်းတစ်ခန်းလိပ်စာဖြစ်သည့်အတွက် သူမ မည်သူဆိုတာ စုံစမ်းဖို့အင်မတန်ခက်ခဲလှသည်။ ထို့ကြောင့် သူမကို စုံစမ်းသည့်အလုပ်ကို ကျနော်လက်လျော့လိုက်ပါသည်။ ခေါင်းစည်းကွင်းလေးတွေပို့သည့် ကောင်မလေးအကြောင်း ငယ့်ကိုပြောပြတော့ ငယ်က

“ရှုးကြောင်ကြောင် အမျိုးသမီးပဲဖြစ်မှာပေါ့ ကို တဲ့”

ကျနော် ငယ့်ကို ဘာတစ်ခုမှ ပြန်မပြောဖြစ်ပါ။ ငယ်နှင့်ကျနော်သည် ငယ်ငယ်ကတည်းက အိမ်နီးချင်းဖြစ်ပါသည်။ ငယ်သည် ကျနော့်ထက် သုံးနှစ်ခန့်ငယ်ပြီး ငယ်ငယ်ကတည်းက ယောက်ျားလေးအပေါင်းအသင်းဆိုလို့ ကျနော်တစ်ယောက်တည်းသာရှိခဲ့ပြီး ကြီးလာတော့ လူကြီးချင်းသဘောတူသည့်ကျနော်နှင့်ပင် တွဲဖြစ်ပါသည်။ လူကြီးတွေက လက်ထပ်ဖို့တိုက်တွန်းပင်မဲ့ အကြောင်းပြချက် မခိုင်လုံစွာဖြင့် ကျနော် အမြဲငြင်းဆိုခဲ့ပါသည်။ ငယ်သည်လည်း ကျနော့်စိတ်တိုင်းကျ လူကြီးတွေကို နားချပေးရှာပါသည်။  ခေါင်းစည်းကွင်း ကိစ္စတွင်မတော့ သူမ ကျနော့်ကို ပြင်းပြင်းထန်ထန်ကန့်ကွက်ပါသည်။ အမြဲလက်တွေ့ဆန်သည့် ကျနော့်ကို ဒီ ဘာမဟုတ်သည့် ခေါင်းစည်းကွင်းများကြောင့် ခေါင်းစားမခံဖို့နှင့် ခေါင်းစည်းကွင်းလေးများအား စွန့်ပြစ်ဖို့ ကျနော့်အားတောင်းဆိုခဲ့ပါသည်။ ကျနော်ငယ့်ကို ဘာမှမပြောတော့ပါ။ သူမ ပို့ပေးသည့် ခေါင်းစည်းကွင်းလေးများကိုတော့  နေ့တိုင်းသုံးဖြစ်ပါသည်။



ဒီနေ့မနက်စောစောထကာ ကျနော်လိုချင်သည့် ပုံစံမျိုးခြံလေး မင်္ဂလာဒုံဘက်တွင်သွားကြည့်မည်ဟု မေမေကိုပြောကာ ကျနော် ထွက်လာခဲ့ပါသည်။ ခြံလေးသည် တစ်ဧက ကျယ်ဝန်းပြီး ခြံထောင့်နေရာတွင် တိုက်ပုပုလေးတစ်လုံးရှိပါသည်။ ခြံရှင်သည် ကျနော်နှင့် သူငယ်ချင်းကို စည်းကြိုကာ၊ အဖွားလည်း အသက်အရွယ်အရ ဒီခြံလေးအားရောင်းချပြီး လှူဒါန်းကာ ရိပ်သာတွင် တရားအားထုတ်ဖို့ အချိန်ရောက်ပြီဖြစ်သည့်အတွက် ရောင်းရခြင်းဖြစ်ကြောင်းပြောပြပါသည်။ ကျနော်လည်း အဖွားပြောသည့် ဈေးနှုန်းအား သဘောတူကာ စာချုပ်စာတမ်းများပြင်ဆင်ပြီး နောက်တနေ့မနက်ပိုင်းတွင် ကျေးရွာရုံးရှိလူကြီးများရှေ့တွင် လက်မှတ်ထိုးကာ လွှဲပြောင်းယူလိုက်ပါသည်။ ခြံရှင်အဖွားအား ဒီခြံလေးတွင် အချိန်မရွေးလာရောက် နေထိုင်နိုင်ကြောင်း ပြောပြီး၊ ရိပ်သာမပြောင်းမချင်း နေထိုင်နိုင်ကြောင်းပြောခဲ့ပါသည်။ ခြံရှင်အဖွားသည် သူနှင့်ကပ်လျက်ခြံတွင် မိန်းကလေးတစ်ယောက်တည်းသစ်ပင် ပန်းပင်များစိုက်ပျိုးလျက် နေထိုင်သည့်အကြောင်း ပြောပြတော့ ကျနော်စိတ်ဝင်စားမှုမရှိခဲ့ပါ။ ထိုအကြောင်းအရာအား ကျနော်စိတ်ဝင်စားမှုမရှိသည့်အတွက် အဖွားရိပ်သာပြောင်းမည့်နေ့ ဖုန်းဆက်ရန်နှင့်အားလုံးကျနော် လိုက်ပြီးကူညီ ပေးမည်ဟုပြောကာ ကျနော့်လိပ်စာကတ်အားပေးခဲ့ကာ အိမ်သို့ ပြန်ခဲ့ပါသည်။

အိမ်သို့ပြန်ရောက်ရောက်ချင်း မေမေက ကျနော့်အား ဆီးကြိုလျက် စကားပြောဖို့ စာဖတ်ခန်းထဲသို့ခေါ်ခဲ့၏။

“သား  မေမေ မင်းကိုပြောစရာရှိတယ်”  ဟု စကားစလျက် မေမေသည် သူ့ပြောချင်သည့် အကြောင်းအရာကို စတင်ပါသည်။

“ ငယ် နဲ့လက်ထပ်ဖို့ကို ဘာကြောင့်ဒီလောက်အချိန်ဆွဲနေတာလဲ သား… ငယ်ခင်ဗျာ သားကို ချစ်လွန်းလို့ ဘာမှ မပြောရှာတာ…သူလည်းအရွယ်ရောက်ပြီ…မိန်းကလေးဆိုတာက ယောက်ျားလေးလိုမဟုတ်ဘူးသား … ပြီးတော့ သားနဲ့တစ်နေ့လက်ထပ်ရမှာပဲလေ…သားလည်းမငယ်တော့ဘူး…ခုလောက်အချိန်ဆွဲနေဖို့မလိုတော့ဘူးလို့ မေမေထင်တယ်”

မေမေသည် သူမပြောချင်သည့် စကားလုံးများကို တတွတ်တွတ်ပြောချသွားပါသည်။

“မေမေ ပြောတာမှန်ပါတယ် မေမေ သားလည်း မိန်းမယူမယ်ဆိုရင် ငယ့်ကိုပဲယူဖြစ်မှာပါ…ဒါပေမဲ့ သားလွှတ်လွှတ်လပ်လပ်နေချင်သေးတယ် သားခေါင်းထဲမှ အိမ်ထောင်ပြုဖို့ ခုချိန်ထိ မစဉ်းစားရသေးဘူးမေမေ…အဆင်သင့်လည်းမဖြစ်သေးဘူး…”

မေမေသည် သက်ပြင်းဖွဖွချပြီး ခေါင်းရမ်းနေပါသည်။ တစ်လက်စတည်း ကျနော် ခြံဝန်းလေး ၀ယ်ဖြစ်သွားသည့်အကြောင်း မေမေကို ပြောပြလိုက်ပါသည်။ ထိုခြံလေးအကြောင်း ငယ့်ကို အသိမပေးဖို့လည်းပြောလိုက်မိပါသည်။ အဘယ်ကြောင့်ဆိုသော် ထိုခြံလေးတွင် ကျနော်တစ်ယောက်တည်း အေးအေးဆေးဆေးလေးနေချင်ပါသည်။ ကျနော်လက်မထပ်ချင်သည့် အကြောင်းအရာအား မည်သူတစ်ဦးတစ်ယောက်ကိုမှ ရင်မဖွင့်ချင်ပါ။ ကျနော်ပြောပြခဲ့လျင်လည်း ငယ်သည် လက်ခံမည့်သူမဟုတ်ပါ။ ဘယ်သောအခါမှလည်း ထိုအကြောင်းအရာအား ပြောပြလိမ့်မည်မဟုတ်ပါ။

ညနေပိုင်းတွင် ခြံရှင်အဖွားမှ မနက်ဖန်တွင် ရိပ်သာသို့ပြောင်းမည့်အကြောင့် ကျနော့်အားဖုန်းဆက်ပါသည်။ မနက်ဖန် အဖွားကို ရိပ်သာပို့ဖို့အတွက် အိပ်ယာစောစောဝင်ဖြစ်သည်။ အိပ်ယာဘေးတွင် ခရမ်းပြာဆိုသည့် ကောင်မလေးပို့ထားသည့်ခေါင်းစည်းကွင်းလေးမျာကို ကြည့်ပြီး ကျနော်ပြုံးမိသွားသည်။ နှုတ်ဖျားမှလည်း

“မင်းဘယ်သူလဲ ကောင်မလေးရယ်”

မနက်မိုးလင်းတော့ စောစောထကာ မင်္ဂလာဒုံမြို့နယ်ထဲတွင်ရှိသည့် ကျနော်ဝယ်ထားသည့် ခြံလေးထဲသို့ရောက်တော့ အဖွားက အားလုံးအဆင်သင့်ဖြစ်နေပြီးဖြစ်သည်။ ကျနော်အဖွားကို ရိပ်သာပို့ပေးပြီး လိုအပ်တာရှိသည်ဖြစ်ဖြစ်၊ တစ်ခုခုခိုင်းစရာရှိသည်ဖြစ်လျှင်ဖြစ်ဖြစ် ကျနော့်အား သားတစ်ယောက်လို သဘောထားပြီး အချိန်မရွေးခေါ်ဖို့ပြောတော့ အဖွားက သာဓု ခေါ်ပြီး စုတွေပေးပါသည်။ ထိုနေ့က ခြံကလေးထဲသို့ ပြန်လာပြီး သန့်ရှင်းရေးလုပ်ကာ ကျနော်အတွက် လိုအပ်သည့်ပစ္စည်းတွေကို စာရင်းလုပ်ပြီး ပတ်ဝန်းကျင်ကို လေ့လာမိသည်။ အဖွားပြောပြသည့် ကောင်မလေးတစ်ယောက်တည်းနေသည့် ခြံဝန်းသည် ကျနော့်ခြံကဲ့သို့ တစ်ဧက နီးပါးကျယ်ဝန်းပြီး၊ ဈေးတွင်ရောင်းသည့် ပန်းမျိုးစုံကို စနစ်တစ်ကျစိုက်ပျိုးထားပါသည်။ သူမ စိုက်ပျိုးထားသည်မှာ စနစ်ကျလှသည်။ ခြံထောင့်တွင်လည်း သီးပင်စားပင်များမှာ အဆင်သင့်ခူးစားရုံပင်။ ခြံထဲတွင် လူအရိပ်အယောင်မျှ ပင်မတွေ့ရပေ။ ကျနော့်ခြံလေးနဲ့ သူမခြံကို ကူးဖို့အတွက် လူတစ်ယောက်ဝင်စာ တံခါးလေးတစ်ချပ်တော့ရှိသည်။ ဟိုဘက်ဒီဘက်အလွယ်တကူသွားလာနိုင်သည်။ ထိုတံခါးလေးမှ ကျနော်အလွယ်တကူသွားလိုက်ပြီး ပျဉ်ထောင်အိမ်လေးရှေ့တွင်ရပ်ကာ အသံပေးလိုက်သည်။ တုံ့ပြန်သံလုံးဝမကြားရပေ။ အိမ်တံခါးကတော့ ဖွင့်လျက်ရှိနေသည်။ ကျနော်အသံပေးကာ အိမ်ပေါ်သို့လှမ်းတက်လိုက်မိသည်။ ဖွင့်နေသည့် အခန်းတံခါးဝကို အပြင်မှ ခေါင်းဝင်ကြည့်လိုက်တော့ ကျနော် မျက်လုံးပြူးသွားရသည်။ ကြမ်းပြင်ပေါ်တွင် သွေးစတစ်ချို့ဖြင့် မိန်းကလေးတစ်ယောက်။ ပြန့်ကျဲနေသည့် ခေါင်းစည်းကွင်းများ။ သွေးစွန်းနေသည့် စာအိတ်ဖြူဖြူလေးပေါ်တွင်

သို့
    ကိုပုံတူ
     -----------------
     -----------------
                                       မှ
                                           ခရမ်းပြာ
                                           --------------
ကျနော် မျက်လုံးတွေ ပြာဝေသွားပြီး သူမကို ပွေ့ထူကာ ဖုန်းနံပါတ်တစ်ခုကို နှိပ်လိုက်မိသည်။ ကျနော်သူမကို ပွေ့ယူပြီး အိမ်ရှေ့ကိုရောက်တော့ တက္ကစီတစ်စင်းအဆင့်သင့်တွေ့ရဖြင့် ထိုကားပေါ်သို့ပြင်တင်ကာ မောင်းခိုင်းလိုက်သည်။ အဖိုးအိုသည် ဆေးခန်းကြီးတစ်ခုသို့မောင်းသွားကာ သွက်လပ်စွာ လှုပ်ရှားပြီး သူမအား ဆေးရုံအခန်းတစ်ခု ပြင်ဆင်ပြီးဖြစ်သွားသည်။ လာကြည့်သည့် ဆရာဝန်ကြီးသည် ကျနော်ပြနေကျ ဆရာဝန်ကြီးပင်ဖြစ်သည်။

“မောင်မိုးမြင့်က ခရမ်းပြာနဲ့သိနေတာလား” ဟုပြုံးပြီးမေးပါသည်။ ကျနော် ဘာတစ်ခုမှ ပြန်မဖြေလိုက်ပါ။
“ခရမ်းက ခေါင်းမာတယ်…အန်ကယ်သူ့ကို ဆေးရုံမှာနေခိုင်းတာ ဘယ်လိုမှ ပြောမရဘူး…ဆေးရုံမှာ အချိန်ပြည့်နေရင်တောင် သူ့အတွက် အချိန်က သိပ်မကျန်တော့ဘူး…ပြောမရလို့ ဒီတိုင်းပဲကြည့်နေလိုက်တာ” ဟု ဆရာဝန်ကြီးက ပြောပါသည်။

“သူက ဘာရောဂါလည်း ဒေါက်တာ” ကျနော် စိတ်လှုပ်ရှားစွာမေးလိုက်တော့
“သွေးကင်ဆာ သူအမေ လည်းဒီရောဂါနဲ့ပဲလေ အရမ်းသနားစရာကောင်းတယ်… သူ့အမေဆုံးတော့ သူ့အဖေက မြန်မာပြည်မှာမရှိဘူး… သူ့အဖေကို အကြောင်းကြားလို့ရောက်လာတယ် … ကားအက်စီးဒင့်ကြောင့် မြန်မာပြည်ကို ပြန်ရောက်ရောက်ချင်းပဲ ဆုံးသွားတယ် ”
“တကယ်ကို ကံမကောင်းရှာတဲ့ ကလေးမလေးပါ” ဆရာဝန်ကြီးရဲ့ပြောပြချက်ကြောင့် ကျနော့်ဦးခေါင်းတစ်ခုလုံး ပေါက်ကွဲထွက်သွားမတက် နင့်နင့်သီးသီး ခံစားလိုက်ရတယ်။ ကျနော်သူမကို စသိတာ ခေါင်းစည်းကွင်းနဲ့စာအိတ်လေး… ဒီနေ့မှ နှစ်ဆယ်ရက်မြောက်ပဲရှိသေးတယ် ကောင်မလေးရယ် …
“ မောင်မိုးမြင့်ခေါင်းကရော အခြေအနေဘယ်လိုလဲ”
“ခုတစ်လောတော့ ကောင်းပါတယ် ဒေါက်တာ” ဆရာဝန်ကြီး ညှိုးနွမ်းစွာထွက်ခွာသွားသည့်နောက်… အခန်းဝတွင် ကားမောင်းသည့် ဦးလေးကိုတွေ့ရသည်။ လက်ထဲတွင် စာအုပ်တစ်အုပ်ကိုင်လျက်ဖြင့်…
“ကားပေါ်မှာ ကျကျန်ခဲ့တာ… ခရမ်းပြာ စာအုပ်ဖြစ်မယ်” ဟုဆိုကာ ကျနော့်ကို ကမ်းသည့်အတွက် အသာလှမ်းယူလိုက်သည်။

ပထမ စာမျက်နှာကို ဖွင့်လိုက်မိသည်။

ကျမရဲ့ စိတ်လှုပ်ရှားဖွယ် ဘ၀စာမျက်နှာအစ
………………………………………………………
မထင်မှတ်ဘဲ ချောမောလှပသည့် မိန်းကလေးတစ်ယောက်ရဲ့ မှားယွင်းစွာ နှုတ်ဆက်မှုကြောင့် … ကျမရင်ထဲက တိုးတိတ်စွာခေါ်မိသည့် … ပုံတူ နဲ့စတင်တွေ့ဆုံရတယ်။ ကျမခန္ဓာကိုယ်တစ်ခုလုံး လေထဲမှ လွှင့်မျောသွားသလိုခံစားရတယ်။ ဒီလိုခံစားမှု့ဟာ ကျမ ဘ၀ရဲ့ပထမဆုံးအတွေ့အကြုံတစ်ခုပါပဲ။ ကျမ နှုတ်ခမ်းတစ်စုံဟာ အလိုလိုချိုမြသွားတယ်လို့ ခံစားရတယ်။
ပါးပါးကို သတိရလိုက်တာ … ( ရိုင်းရိုင်း … စိတ်ခံစားချက်ကို ဘယ်တော့မှ မြိုသိပ်မထားနဲ့ … စိတ်ထဲမှာရှိသမျှ နှုတ်ကနေ အကုန်ဖွင့်ဟပစ်လိုက် ) ပါးပါး ရဲ့စကားသံတွေ ကြားယောင်နေမိတယ်။
***ကျမ ရှင့်ကို အရမ်းသဘောကျတယ် ပုံတူ***
………………………………………………………..
ဒီနေ့မဖြစ်မနေ ဆေးခန်းသွားရမယ် … မနေ့က ပျက်ကွက်မှု့ကြောင့်ပေါ့ J
ရှင့်ဆံပင်တွေက ကျမဆံပင်နဲ့ တူတူ ပခုံးသာသာဆိုတော့ ခေါင်းစည်းကွင်းလေးတွေ ၀ယ်မယ် J
…………………………………………………………
ဆေးခန်းက ပြန်တော့ ဒဂုံစင်တာမှာ ပုံတူ နဲ့ဆုံတယ် J
ပုံတူ နဲ့ကျမ အကြိုက်ချင်းလည်းတူနေပြန်ပါပြီ J
အစိမ်းရင့်ရင့် ခေါင်းစည်းကွင်းလေးကို တူတူ ကိုင်မိသွားတယ် J
သူ့လက်က နောက်ကိုဆုပ်ပြီး ကျမ ယူဖို့ပြောတော့ ကျမ ဆုံးဖြတ်လိုက်တယ် သူ့ကိုပေးဖို့ပေါ့ J
ပုံတူတို့ကားလေးနောက်ကနေ လိုက်ကြည့်မိသွားတယ် J
ပုံတူရဲ့ဆိုင်လိပ်စာလေးကို သိလိုက်ရပြီ ခေါင်းစည်းကွင်းလေးပို့လိုက်တယ် J
အဲဒီနေ့က ကျမအတွက် ပျော်ရွှင်စရာနေ့လေးပေါ့ J J J
……………………………………………………………

ဒီနေ့ ကျမသူ့ကိုပို့ဖို့အတွက် စာအိတ်မှာလိပ်စာတပ်လိုက်တယ် L
ကျမ ခေါင်းတွေမထူချင်လောက်အောင် လေးလံလာတယ် L
ကျမ နှာခေါင်းကနေ သွေးစက်တစ်ချို့ စာအုပ်ဖြူဖြူလေးပေါ် စွန်းထင်းကုန်ပါပြီ L
ကျမ***********

ကျနော် အခန်းထဲကို ပြန်ဝင်လိုက်တယ်… သူမ မလှုပ်မယှက် … မျက်နှာတစ်ပြင်လုံး ဖြူလွှလွှ သွေးရောင်ပါးပါးပင် မတွေ့ရ…
ကျနော် အသာပွေ့ထူလိုက်မိတယ်… သူမ နှုတ်ခမ်း နှစ်လွှာပြုံးနေတာကို တွေ့လိုက်ရတယ် … ပြီးတော့ ငြိမ်သက်သွားတယ်…
 လူတစ်ယောက်ရဲ့ပွေ့ယူခြင်းကို ခံစားလိုက်ရတယ်…ကျမအရမ်းပျော်တယ် … ကျမကိုပွေ့ယူလိုက်သည့်လူက
ကျမ ရဲ့ပုံတူဖြစ်နေလို့ပေါ့…
ကောင်မလေးရေ … မင်းဘယ်သူဆိုတာကို သိတဲ့အချိန်ဟာ… မင်းငါ့ကို စွန့်ခွာသွားတဲ့နေ့ပဲနော်…
ကျနော်လည်း မင်းနောက်ကို မကြာခင် လိုက်လာခဲ့မှာပါ ကောင်မလေးရယ်…


ချိုခ





No comments:

Post a Comment