“အားးး”
ဆူးလေလမ်းမကြီးနှင့်
အနော်ရထာလမ်းဆုံရာမီးပွိုင့်၌ ကျနော် လမ်းဖြတ်အကူးတွင် နီညိုရောင်
ဆန်နီဆလွန်းကားလေး မီးဝါကို အဖြတ် ကျနော့်အား အရှိန်နှင့် တိုက်မိကာ
အနော်ရထာ လမ်းဘက်ကူးသည့် မျဉ်းကြားပေါ်တွင် ကျနော် လဲပြိုကျသွားခဲ့သည်။
ရုတ်တရက်လူတွေဝိုင်းအုံလာသည့်အချိန်တွင်
ကျနော်ရှက်ကြောက်စွာ ကုန်းထပြီး လက်တွင်ကပ်နေသည့် ဖုန်တွေကိုခါကာ
လဲကျသွားသည့်နေရာသို့ ပြန်ကြည့်မိသည်။ ပြန်မကြည့်လို့မဖြစ်။
ရုပ်ရှင်တွေထဲကလို သေဆုံးသွားပြီး ၀ိညာဉ်အဖြစ်ထလာခြင်းမျိုး ဖြစ်မှာ
စိုးမိသည်။ လဲပြိုခဲ့သည့်နေရာတွင် ကျနော့် ခန္ဓာကိုယ်ကြီး ရှိမနေသည့်အတွက်
ဝိညာဉ်ချည်း သက်သက် ပြန်ထလာခြင်းမျိုး မဟုတ်ဟု ကျနော် စိတ်အေးသွားကာ
သက်ပြင်းငွေ့ငွေ့ချလိုက်မိသည်။
ပြီးတော့ လွင့်ထွက်သွားသည့်
ကချင်လွယ်အိပ်လေးကို ပြန်ကောက်ပြီး လူအုပ်ကြားထဲကတိုးထွက်လိုက်သည်။ ထိုစဉ်
မော်တော်ပီကယ် ၂ ဦးရောက်လာပြီး ကျနော့်ကို ဘယ်ညာနှစ်ဘက်မှ တွဲထူလိုက်သည်။
သူတို့နှစ်ဦးရဲ့လက်ကို ဖယ်ထုတ်ပြီး ကျနော့်နှုတ်မှလည်း “ရတယ် ဘာမှမဖြစ်ဘူး။
ရတယ်” လို့ခပ်တိုးတိုးပြောလိုက်မိသည်။ ကျနော့်ပြောစကားကို ဂရုမစိုက်ဘဲ
မော်တော်ပီကယ်နှစ်ယောက်က ဘယ်ညာနှစ်ဘက်ကနေ အတင်းဆွဲခေါ်သွားသည်။
ကျနော်လည်းဘာမှပြန်မပြောဘဲအလိုက်သင့် ပါသွားသည်။ကျနော့်ကို တိုက်မိသည့်
ကားကိုကြည့်လိုက်တော့ အိုး ဘုရားသခင် !!!!!! မီးလုံးကွဲပြီး ရှေ့မှန်
ကြေမွသွားသည်ကို တွေ့ရသည်။ကားမောင်းသည့်လူကိုကြည့်မိတော့ အသက် ၃၅ နှစ်အရွယ်
တရုတ်မဖြစ်ဟန်တူသည့် အန်တီတစ်ယောက်။ သူမသည် ကျနော့်အား
ဒေါသပြည့်လျှံနေသည့် မျက်ဝန်းများဖြင့် ကြည့်နေသည်။
ဘုရားသခင်!!!!!!!!
ကယ်တော်မူပါ!!!!!!!!! သူမရဲ့ပျက်စီးသွားသည့်ကားအတွက် အလျော်ပေးဖို့
ကျနော့်တွင် အဲလောက်ပိုက်ဆံများများမရှိပါ။ ပတ်ဝန်းကျင်မှလူတွေအားလုံး၏
မျက်လုံးသည် ကျနော့်ပေါ်တွင်ကျရောက်နေသည်။ ကျနော့်ကို ဘာထင်နေသည်မသိ။
ဖြစ်နိုင်ရင် အဲဒီနေရာကနေ ရုတ်တရက် အငွေ့ပျံပြီး ပျောက်သွားလိုက်ချင်သည်။
မော်တော်ပီကယ်နှစ်ယောက်ကလည်း
ကျနော့်ကို ကားတစ်စီးထဲသို့အတင်းထည့်နေသည်။ကျနော်လည်း
လူတွေရဲ့အကြည့်အောက်ကလွတ်ရင် ပြီးရောဆိုသည့်အတွေးဖြင့် သူတို့တင်သည့်
ကားပေါ်သို့ အလိုက်သင့်လေး တက်လိုက်သည်။ ကားပေါ်တွင် ဘေးမှ ထိုင်သည့်အန်တီကို
ကြည့်မိတော့
ဘုရားသခင်! ကျနော့်ကိုတိုက်သည့် အန်တီ! သူက
စူးစူးရဲရဲဖြင့် ကျနော့်အားကြည့်ကာ “အန်တီအမှားမဟုတ်ဘူး။ သမီးမှားတာ။ သမီးက
မီးစိမ်းနေတာကို ဖြတ်ကူးတာ“ “အန်တီရယ် သမီးတောင်းပန်ပါတယ်“ ကျနော်
နဲ့အဲဒီ့အန်တီပြောနေသည်ကို နားထောင်နေသည့် မော်တော်ပီကယ်က
“ခင်ဗျားက
မီးဝါနေတာကို ဖြတ်မောင်းတာ။ ဒီကလေးကလည်း မျဉ်းကျားကနေကူးတာ။ ခုလောလောဆယ်
ရန်ကုန်ဆေးရုံကြီး အရေးပေါ်ဌာနကိုအရင်မောင်းပါ။ ကျန်တဲ့ပြဿနာ ရုံးရောက်မှ
ရှင်းမယ်။ သမီးဘာမှ မကြောက်နဲ့ သမီးဘက်မှာ ဦးတို့ရှိတယ်။ ဦးတို့
ဥပဒေအတိုင်းဆောင်ရွက်ပေးမယ်”
မော်တော်ပီကယ်ရဲ့ စကားကြောင့် အန်တီကြီးက ကျနော့်လက်ကို ဆုပ်ကိုင်လာပြီး
“သမီးရယ်
အန်တီကို အမှု့မဖွင့်ပါနဲ့“ ဟုဆိုကာ ငိုချလိုက်လေသည်။
အန်တီရဲ့မျက်ရည်တွေကြောင့် ကျနော် သနားခြင်းကြီးစွာဖြင့် “ပေါက်ပေါက်ရှာရှာ
အန်တီရယ်။ အန်တီ့ကို ဘာဖြစ်လို့သမီးကအမှုလုပ်ရမှာလဲ။ အခုတောင်
ဒီဦးလေးကြီးက အတင်းကားပေါ်တင်လို့ပါလာတာ။ သမီးစိတ်နဲ့ သမီးဆို အိမ်ကိုတောင်
ပြန်ရောက်နေလောက်ပြီ”
အန်တီရဲ့လက်ကို ဆုပ်ကိုင် နှစ်သိမ့်လိုက်သည်။
မော်တော်ပီကယ်
ဦးလေးကြီးကလည်း ကျနော့်ကို အသာအယာ သူ့ဘက်ဆွဲကာ “ညဉ်းက ကလေးဘဲရှိတာ
အမှု့ကတော့ ဖွင့်ရမှာပဲ။ အပြင်ဘက်မှာ ဒဏ်ရာမရှိပေမဲ့ အတွင်းမှာ ဘာဖြစ်တယ်
ဆိုတာ မသိနိုင်ဘူး။ ဆေးရုံရောက်မှာ ဓါတ်မှန်ရိုက်ပြီး
စစ်ဆေးတာတွေလုပ်ရမယ်။'
တစ်ယောက်တစ်မျိုးနဲ့
တော်တော်စိတ်ပျက်စရာကောင်းနေသည်။ခုလောလောဆယ် ကျနော် အိမ်ပြန်ချင်တာပဲသိသည်။
မော်တော်ပီကယ်ကြောင့်သာ ကားပေါ်ရောက်လာရတာ။ ကျနော့်စိတ်အလိုဆို
အိမ်ပြန်ရောက်နေလောက်ပြီ။
ဆေးရုံကြီး
အရေးပေါ်ဌာနသို့ရောက်သောအခါ အခြေအနေက ပိုဆိုးသွားသည်။ ၀ွီၤးခ်ဲတစ္စီး
ကျနော်စီးလာသည့် ကားဘေးသို့ ရောက်လာသည်။ ထို့နောက် မော်တော်ပီကယ်သည်
ကျနော့်အား တစ်ဘက်တစ်ချက်မှ နေပြီး ၀ှီးချဲပေါ်အတင်း တင်တော့သည်။ လူတွေ
ဝိုင်းအုံပြီးကြည့်နေသည့်အတွက် ကျနော်လည်း ရောယောင်ကာ ၀ှီးချဲပေါ်သို့
အော်တိုမစ်တစ် ရောက်သွားသည်။ ကျိုးပဲ့နေသည့် လူနာတွေကျတော့ ၀ှီးချဲမရှိ။
လူကောင်းပကတိ ကျနော့်မှာတော့ ၀ှီးချဲပေါ်တွင်အခန့်သားဖြင့် ဘေးတွင်လည်း
ဆရာဝန်အရွယ်အစားမျိုးစုံ ၀ိုင်းဝိုင်းလည်နေသည်။ ဟောက်စ်ဆင်းစ
အကိုချောချောလေးတွေလည်း ၀ိုင်းဝိုင်းလည်လို့ ။ သူတို့တွေက
တစ်ယောက်တစ်ခွန်းဘာတွေမေးမှန်းမသိ။ ၀ိုင်းကြည့်နေသည့်လူတွေကိုလည်း
ပြုံးပြရသေးသည်။
နောက်မှ သိရသည်က ( ကျနော့်အား
ရုပ်ရှင်သရုပ်ဆောင်တစ်ယောက်ဟု ထင်ကာ ဟာသရုပ်ရှင် ဇာတ်ကား ရိုက်နေသည်
ထင်သည့်အတွက် ) ၀ိုင်းကြည့်ကြခြင်းဖြစ်သည်ဟု မော်တော်ပီကယ်ဦးလေးကြီးက
ပြောပြခဲ့သည်။ ကျနော့်တစ်ကိုယ်လုံးကို ဓါတ်မှန်ရိုက်ကြည့်ကြသည်။
ပွန်းပဲ့ဒဏ်ရာတွေကို ဆေးထည့်ပေးသည့် ဆရာဝန်ကြီးများက ကျနော့်အား
နောက်ပြောင်ကျီစယ်ကြသည်။ “ညည်းနယ်၊ ထူးဆန်းတာအေ။ ကားလေးသနားပါတယ်။
မီးလုံးကွဲ၊ ခေါင်းလည်းအက်၊ ညည်းကျတော့ မျက်နှာက အပြုံးမပျက်” “ဆရာနော်။
သမီးဒဏ်ရာတွေကိုတော့ အမာရွတ်မဖြစ်အောင် လုပ်ပေးပါ“ “ဒဏ်ရာပါဆို အမာရွတ်တော့
ကျန်မှာပေါ့အေ့“
“ဒါဆိုရင်တော့ သွားပါပြီ။ ဒီတစ်သက်ကြိုက်မယ့်သူရှိမှာ မဟုတ်တော့ပါဘူး“
ကျနော့်ရဲ့အပြောကြောင့်
ဆရာဝန်ကြီးတွေ ၀ိုင်းပြီးရယ်ကြသည်။ ပြီးနောက် ဆေးတွေလည်းထိုးပေးသည်။
ဆေးထိုးမယ်ဆိုတော့ ကျနော့်ရဲ့မျက်နှာ ပုရွက်ဆိတ်လောက်ပဲရှိတော့သည်။
အဲဒါကိုကြည်ပြီး ဆရာဝန်ကြီးတစ်သိုက်က ကျနော့်ကို ၀ိုင်းပြီး နောက်ပြောင်ကျီစယ်ရင်းဖြင့် ဆေးထိုးပြီးသွားသည်ကိုပင် ကျနော်မသိလိုက်ပါ။
အနာဆေးထည်၊့
သောက်ရမည့်ဆေးတွေပေးနဲ့ အားလုံးအပြီးတွင် ပြီးခဲ့သည့်အပတ်ကမှ
အမေရိကားကပြန်လာသည့် ဆရာဝန်ကြီးက အမာရွတ်မကျန်သည့် ဆေးတွေထည့်ပေးထားသည်ဟု
ပြောပြသည်။
ကားမောင်းသည့်
အန်တီပိုက်ဆံတော်တော်များများရှင်းပေးလိုက်ရသည်။ အမှုဖွင့်ဖို့ တတွတ်တွတ်
ပြောနေသည့် မော်တော်ပီကယ်ဦးလေးကြီးကို ကျနော်က ခေါင်းခါကာ
မဖွင့်ဖို့အကြိမ်ကြိမ်ပြောသည့်အခါ ထိုဦးလေးမှာ
ကျနော့်အားစိတ်ပျက်ဖွယ်မျက်ဝန်းတို့ဖြင့်ကြည့်ကာ လက်လျော့ဟန်ဖြင့် “ညဉ်း
ဘက်က မဖွင့်ဖူးဆိုလဲ ငါတို့ဘက်ကတော့ ယာဉ်စည်းကမ်း
လမ်းစည်းကမ်းဖောက်ဖျက်မှုနဲ့တော့ အမှု ဖွင့်ရမှာပဲ” ဟုဆိုကာ ၅၁
လမ်းရုံးကို အုပ်ထိန်းသူလက်မှတ်ထိုးဖို့ခေါ်လာခဲ့ဟုဆိုတာ ကျနော့်ကို
လှည့်ပင်မကြည့်တော့ပေ။
ကျနော့်အားတိုက်သည့်ကားကိုတော့
သိမ်းသွားပါသည်။ အန်တီကြီးကတော့ သူ့ကိုအမှု မဖွင့်ဖို့အတွက်
ကျနော့်အိမ်ထိလိုက်လာကာ ကျန်းမာရေးသိပ်မကောင်းသည့် ကျနော့်အဖွားကို အမှု
ပိတ်ရန်လက်မှတ်ထိုးဖို့အတွက် အတင်းပူဆာနေပါသည်။
အဖွားက
ကျနော့်အား အခန်းထဲသို့ခေါ်ကာ “ညည်းဒဏ်ရာတွေ ပျောက်မှဘဲ အမှု
ပိတ်ပေးလိုက်။ ညည်းဒဏ်ရာမပျောက်ဘဲ အမှု ပိတ်လိုက်ရင် ဆေးခန်းစရိတ်
ကိုယ့်ဟာကိုပေးနေရလိမ့်မယ်“ ဟု ကျနော့်အား ပြောပါသည်။ ကျနော့်ဘက်ကတော့
အန်တီကြီး စိတ်သောက မရောက်စေချင်ပါ။ သူဆေးဖိုးမပေးလည်း ပြသနာမရှိပါ။
ကျနော့်ဘက်ကတော့ သူ့ကိုယ်စားဝင်တွေးပေးပြီး
သူ့ကိုအေးချမ်းစေချင်သည်။ကျနော့်အတွက် စိတ်အနှောက်အယှက်မဖြစ်စေလိုပါ။
ကျနော့်ကို မုန်းလို့ ကားနဲ့တိုက်တာမှ မဟုတ်တာ။ မတော်တဆပဲ။ အဖွားကို
လက်မှတ်လက်ထိုးပေးဖို့ ကျနော်နားချရပါသည်။ဆေးထိုးထားသည့်အရှိန်ကြောင့်
ကျနော်တော်တော်လေး အိပ်ချင်နေပါသည်။
အဖွားလက်မှတ်လိုက်မထိုးပေးမချင်း
ကျနော် မအိပ်ပါ။ အဖွားကို အတင်းနာပူနာဆာလုပ်ပါသည်။ လက်လျှော့ပုံမပေါက်သည့်
ကျနော့်ရဲ့စိတ်ကို သိနေသော အဖွားသည် နောက်ဆုံးတွင် အနွေးထည်ခပ်ပါးပါးလေး
ဝတ်ကာ လက်မှတ်လိုက်ထိုးပေးဖို့ ပြင်ပါသည်။ အန်တီကြီးကိုလည်း ၂
ရက်ခြားလာကြည့်ပေးဖို့ပြောပါသည်။
အန်တီကြီးကလည်း အဖွားကို
ထိုင်ကန်တော့ကာ မပျောက်မချင်းလာကြည့်ပေးပါ့မယ်လို့ ကတိပေးပါသည်။ အဖွားလည်း
လက်မှတ်လိုက်ထိုးပေးလိုက်ပါတယ်။ ထိုနေ့ညက နာကျင်ခြင်းအလျဉ်းမရှိ
ကျနော်အိပ်ပျော်သွားပါတယ်။ နောက်နေ့တွင်မူ ကျနော့်တစ်ကိုယ်လုံး ကိုက်ခဲကာ
အဖျားဝင်ပြီး လုံးဝမထနိုင်တော့ပါ။ အန်တီကြီးလည်း လုံးဝရောက်မလာတော့ပါ။
အန်တီကြီးရဲ့ လိပ်စာကိုလည်း ကျနော်တောင်းမထားမိလိုက်ပါ။ ကျနော်မနေ့က
ပြထားသည့် ဆေးစာအုပ်လေးဖြင့် အရေးပေါ်ဌာနက ဆရာဝန်ကြီးထံ ထပ်ပြဖြစ်ပါသည်။
ကျနော့်ကို မြင်တော့ ဆရာဝန်ကြီးက“ညဉ်းကိုတိုက်တဲ့ ကားပိုင်ရှင်ရော“
လို့မေးပါသည်။ တစ်ကိုယ်လုံးနာကျင်ကိုက်ခဲနေသည့်ကြားကနေ ဆရာဝန်ကြီးအား
ကျနော့်ကိုယ်ပိုင် ဟန်အတိုင်း ရယ်မောပြုံးရွှင်ကာ “ လူပီသခြင်း “ပါ
ဆရာလို့ပြောလိုက်ပါသည်။
“ အေးကွာ ကောင်းရော---------------
ညဉ်းလည်းလူပီပီသသ ကိုယ့်ဟာကိုယ် လာပြတယ်ပေါ့“ ဟုဆိုတာ ကျနော့် ဦးခေါင်းကို
ဖွဖွ ပွတ်သပ်လိုက်ပါသည်။
နှစ်ပတ်လောက်နေတော့ အဖျား
လုံးဝပျောက်သွားကာ ဒဏ်ရာတွေလည်း ကျက်သွားပါသည်။ ကျနော့်အား
ကားဖြင့်တိုက်မိသည့် အန်တီ့ကို ကျနော် နေကောင်းသွားပြီဖြစ်ကြောင်း
စိတ်မပူဖို့ပြောပြချင်ပါသည်။ သို့သော် ကျနော့်တွင် အန်တီနှင့် ပတ်သက်သည့်
လိပ်စာ၊ ဖုန်းနံပါတ် ဘာတစ်ခုမှ မရှိပေ။
ဘယ်သူတွေ
ဘယ်လိုစိတ်ထားဘဲ ရှိရှိ ကျနော်အသက်ရှင်နေသမျှတော့ ကျနော်
လူပီသရပါမည်။လူတွေစိတ်ချမ်းသာစေဖို့ အတက်နိုင်ဆုံး ကျနော်ကြိုးစားနေမှာ။
ချိုခ
No comments:
Post a Comment