Monday, September 19, 2011

လူပျိုကြီးတစ်ယောက်ရဲ့ ဖွင့်ဟ၀န်ခံချက်

ကျနော်အလုပ်လုပ်သည့် ကုမ္ပဏီသည် လူငါးယောက်အချိုးကျ ရှယ်ယာများဖြင့်စုပေါင်းကာ ဖွဲ့စည်းထားခြင်းဖြစ်သည်။
သုံးယောက်မှာ အိမ်ထောင်သည်များဖြစ်ပြီး ကျန်နှစ်ယောက်မှာ လူပျိုလူလွတ် များဖြစ်ကြသည်။ လူပျို နှစ်ယောက်ထဲမှ တစ်ယောက်သည် နှစ်ဆယ့်ကိုးနှစ်ဖြစ်ပြီး ကျန်လူပျိုတစ်ယောက်မှာ အသက်ငါးဆယ့်တစ်နှစ်ခန့်ရှိသည့် လူပျိုကြီးဖြစ်ပါသည်။

လူပျိုကြီးရဲ့နာမည်မှာ ဦးအောင်သိန်း ဖြစ်ပြီး ၀န်ထမ်းများအားလုံးက သူ့ကိုလေးလေးသိန်းဟုခေါ်ကြသည်။ သူ့၏ပုံသဏ္ဍာန်မှာ အမြဲတမ်းသေသပ်၊ သန့်ရှင်းပြီး ရုံးသို့လာတိုင်း ထမင်းချိုင့်အကြီးကြီး တစ်ချိုင့်အမြဲပါလာတတ်ပြီး၊ ၀န်ထမ်းများထမင်းစားချိန်တွင် သူချက်ထားသည့် လက်ရာများကို တစ်နေ့တစ်မျိုးမရိုးနိုင်အောင် ကျွေးသည့်အတွက် ရုံးမှ ၀န်ထမ်းများအားလုံး သူ့ကိုချစ်ခင်ကြသည်။

ကျနော့်အတွက် လေးလေးသိန်းသည် အထူးအဆန်းသဖွယ်ဖြစ်နေပါသည်။ ရုပ်ရည်ချောမောခန့်ညား၊ ငွေကြေးကလည်းပြည့်စုံ၊ ပညာရေးတွင်လည်း B.Com CPA တစ်ယောက်ဖြစ်ပြီး စိတ်သဘောထား အလွန်ကောင်းသည့် လေးလေးသိန်း ဘာကြောင့် လူပျိုကြီးဖြစ်နေရလဲ ကျနော်အလွန်အမင်း သိချင်နေပါသည်။ ထိုရုံးတွင် အလုပ်လုပ်သည့် လူအားလုံးထဲတွင် ကျနော်သည် နောက်အကျဆုံးဖြစ်သည့်အတွက် လေးလေးသိန်းအား မေးမြန်းဖို့ တော်တော် အောင့်အီးထားရပါသည်။

ကျနော် လေးလေးသိန်းအား မေးမြန်းဖို့အခွင့်အရေးတစ်ခု ရရှိလာပါသည်။ ကုမ္ပဏီလက်ကမ်းကြော်ငြာအတွက် ကျနော့်အား သူလိုချင်သည့် ဒီဇိုင်းတစ်ခုလုပ်ပေးဖို့အတွက် ကျနော့်အခန်းတွင်းသို့ရောက်ရှိ
လာပါသည်။ ပြုံးချိုစွာဝင်လာသည့် သူ့အား ကျနော်လည်း အပြုံးဖြင့်ဆီးကြိုကာ၊ သူလိုချင်သည့် ပုံစံအား ပုံကြမ်းလေးရေးပြလိုက်တော့ သဘောကျကာ ကျနော့်အား ဒီပုံစံလေးဘဲ လုပ်ပေးပါဟုပြောပါသည်။ ထို့နောက် ကျနော့်ရဲ့ ပုံကြမ်းလေးနဲ့ ပတ်သက်ပြီး စကားစရင်းဖြင့် စကားများအပြန်အလှန်ပြောဆိုဖြစ်တော့ ကျနော် သိချင်နေသည့် အကြောင်းအရာလေးအား စကားစဖြစ်သွားခဲ့သည်။

“လေးလေးက ရုပ်ရည်လဲချောတယ်၊ ဥစ္စာပစ္စည်းလည်းပြည့်စုံတယ်၊ ပညာကလည်းတတ်တယ် ဘာဖြစ်လို့လူပျိုကြီးလုပ်တာလဲ !!!”

ဟု ကျနော် စကားစလိုက်တော့ ကျနော့်အား မျက်လုံးပြူးကြည့်တော့ ကျနော် နည်းနည်းရှိန်သွားပြီး မမေးသင့်သည့် စကားကို မေးလိုက်မိပြီဟု နောင်တရမိပါသည်။ ကျနော် နောင်တ မကြာမြင့်လိုက်ပါ...လေးလေးသိန်းထံမှ အသံထွက်လာပါသည်။

“ကျုပ်အသက် အခု ငါးဆယ့်တစ်နှစ်...လွတ်လပ်လိုက်တာမှ ပြောမနေပါနဲ့အေ...သွားချင်ရာသွား...နောက်ကြောင်းလှည့်ကြည့်စရာ
မလိုဘူး”
“နေပါဦး ညည်းကို ကျုပ်မေးပါရစေ...ယောက်ျားတစ်ယောက် မိန်းမတစ်ယောက်ကို ဘာအတွက်ယူတာလဲ” ဟု ကျနော့်ကို မေးခွန်းပြန်ထုတ်လာပါသည်။ ကျနော်လည်း ကျနော် သိသလောက် ပြောရပါတော့သည်။

” အိမ်မှုကိစ္စလုပ်ဖို့၊ ချက်ပြုတ်၊ လျော်ဖွပ်ဖို့၊ နေမကောင်းဖြစ်သည့်အခါ ပြုစုဖို့၊ လေးလေးသိန်းရဲ့ ရင်သွေးလေးတွေ မွေးပေးဖို့ ...ဒါတွေအတွက် လိုအပ်တာပေါ့ လေးလေးရဲ့” ဟု ပြန်ဖြေမိပါသည်။

“အံမယ် ညည်းက ဒါတွေဘဲ သိတာလေ...ကျုပ်မေးမယ်နော် ညည်းကို”
“ဟုတ်မေးလို့ရပါတယ်”
”ကျုပ်နေ့တိုင်း ရုံးကိုလာတာ ... ထမင်းဆိုင်က ဘယ်တုန်းက ၀ယ်စားဖူးလဲ ... ကျုပ်ချက်တာတွေ ညည်းတို့လည်းစားနေတာဘဲ ... အရသာမရှိတဲ့ဟင်း ပါဖူးလား”
“ဟင့်အင်း” ကျနော် ခေါင်းခါပြမိတော့ နောက်တစ်ခွန်းထပ်မေးလာပါသည်။
“ကျုပ်ပုံစံ ညစ်ညစ်ပတ်ပတ် ဘယ်နှစ်ခါတွေ့ဖူးလဲ ... အိမ်ထောင်သည် တစ်ယောက်နဲ့ယှဉ်ရင်တောင် ကျုပ်အ၀တ်တွေက ပိုပြီး ကျော့ကော့နေတယ်.. မဟုတ်ဘူးလား”
“အင်း” ကျနော်ခေါင်း ညိမ့်မိပြန်တယ်။
“ကျုပ် ပုံစံကို ကြည့်တာနဲ့ ကျုပ်အိမ်မှာ ဘယ်လောက်သန့်ရှင်းသပ်ရပ်တယ်ဆို
တာ ညည်းသိတယ်မဟုတ်လား”
“ဟုတ်” ကျနော် ခေါင်းငြိမ့်မိပြန်တယ်။

“ ညည်းပြောတဲ့ ကျုပ်ရင်သွေးမွေးပေးဖို့ဆိုတာတော့ ... ကျုပ်က ကလေးတော့ချစ်ပါတယ်...ကြာရှည်သည်းမခံနိုင်ဘူး...မြင်ရင် ခဏတော့ချစ်လိုက်မယ်အေ ... ကလေးငိုသံဆို လုံးဝကို နားမခံနိုင်ဘူး...ကလေးတစ်ယောက်ကြီးအောင် ပြုစုဖို့ လွယ်တာမဟုတ်ဘူး။ ...မိန်းမတစ်ယောက်ရဲ့တာဝန်၊ ကလေးတစ်ယောက်ရဲ့တာဝန်ဆိုတာ ဘယ်လောက်ကြီးလဲဆိုတာ ညည်းနားလည်လို့လား ... သူများ သားသမီးကို ယူပြီးသွားရင် ပြည့်စုံအောင်ထားနိုင်ဖို့လိုလာပြီ ... ကျုပ်ကပြည့်စုံအောင် ထားတယ်ဘဲထား ... ဒါနဲ့မပြီးဘူး ... သူလိုချင်တာမှန်သမျှ ဖြည့်ဆည်းပေးနိုင်ဦးမှ ...ပြီးရင် ကျုပ်လွတ်လွတ်လပ်လပ်နေတဲ့အခါ အနားမှာလာပြီး ကျုပ်စိတ်မ၀င်စားသည့် သူတို့နဲ့ပတ်သက်သည့် အကြောင်းအရာတွေလာပြောမယ် ... နားမထောင်ပြန်ရင် ... စိတ်ကောက် ရန်လုပ်မယ်...ကျုပ်စိတ်ကြိုက် ကိုယ်ပိုင်အချိန်ဆိုတာ ရှိလာမှာမဟုတ်ပါဘူးအေ”

“ဟုတ်တယ်နော်” ကျနော့်နှုတ်မှ ထောက်ခံမိသွားတယ်။ ထို့နောက် ဆက်ပြောပြန်သေးသည်။

” ကျုပ်သူတစ်ပါးပြုစုရလောက်အောင် နေမကောင်း မဖြစ်သေးဘူး ...ခေါင်းကိုက်တာ၊ ရာသီဥတုကြောင့်ဖျားတာ ဒီလောက်လေးဘဲဖြစ်ဖူးသေးတယ် ... အသက်ကြီးလာလို့ဖြစ်လာပြီထားပါအေ ... လူ့သက်တမ်း ခြောက်ဆယ် သက်မှတ်လိုက်ပြီ ဆိုပါစို့ ... ကျုပ်အခု ငါးဆယ့်တစ်နှစ် ... ငါးဆယ့်ငါး နှစ်ထိတော့ ကျန်းကျန်းမာမာနေနိုင်မယ်လို့ ထင်တယ်အေ ... ဒီကြားထဲ တစ်ခုခု ဖြစ်တယ်ပေါ့ ... ဝေဒနာခံစားရ ... နာ့စ်ငှားမယ် ... အိပ်ယာထဲလဲနေသည့်အချိန် အထီးကျန်တယ်ဘဲထား ... အလွန်ဆုံး ငါးနှစ်ပေါ့ ... သေမှာ သေချာတယ် ... ငါးဆယ့်ငါးနှစ်ကို ကျုပ်စိတ်ကြိုက် လွတ်လွတ်လပ်လပ်နေမယ် ... ကျန်တဲ့ငါးနှစ်ဘဲ အထီးကျန်ခံမယ် ... မိန်းမယူမယ်ဆိုရင် အသက် နှစ်ဆယ့်ငါးမှာ ယူမယ်ထားပါအေ ... နှစ်ဆယ့်ငါးနှစ်လုံး မိန်းမနဲ့ ကလေးဒုက္ခတွေခံရမယ် ... သေခါနီး ငါးနှစ် အထီးမကျန်ဘူးဆိုတော့ ... လူပျိုကြီးအဖြစ် ငါးဆယ့်ငါးနှစ်လုံး ပျော်ပျော်ရွှင်ရွှင်ဖြတ်သန်းမယ် ... ဒါကျုပ်ခံယူချက်ပါအေ” ဟုဆိုတာ ကျနော့်စားပွဲမှ ထွက်သွားခဲ့သည်။
လေးလေးသိန်းရဲ့နောက်ကျောကို ကြည်ပြီး ကျနော် ပါးစပ်အဟောင်းသားဖြင့် ကျန်ခဲ့ရသည်။


ချိုခ

No comments:

Post a Comment