Wednesday, September 28, 2011

ကျနော့်ရဲ့မှတ်ဥာဏ်

ညနေ ၆ နာရီ ပန်းချီသင်တန်းမှ အပြန် ကုက္ကိုင်းမှတ်တိုင်(ကမ္ဘာအေးဘုရားလမ်းမပေါ်)မှ ဆူးလေ။ ထိုမှတဖန် လမ်းမတော် ၅ လမ်းသို့ ဘက်စ်ကား ၂ ဆင့်စီးရသည်။ တစ်နေ့ ဘက်စ်ကားပေါ်တွင် မျက်နှာချင်းဆိုင်ထိုင်နေသည့် အမျိုးသမီးတစ်ဦးကိုကြည့်မိတော့ သူ့ကို ကျနော် တစ်နေရာတွင် ရင်းရင်းနှီးနှီးမြင်ဖူးသည်။

မူလတန်းတုန်းကသူငယ်ချင်းလား ( ဟင့်အင်း ဒါလည်းမဖြစ်နိုင် ) ဒါဖြင့် (အလယ်တန်းကျောင်းက သူငယ်ချင်းလား) ဒါလည်းမဟုတ်သေးဘူး။

ဒါဆို အထက်တန်းတုန်းက သူငယ်ချင်းလား။ ကျနော် ကျွမ်းဝင်ခဲ့သမျှ ပတ်ဝန်းကျင်တွေမှ မျက်နှာတွေ အားလုံးကို စိတ်နဲ့ပြန်လည်ပုံဖော်ပြီး တစ်ခုချင်းပြန်စဉ်းစား ကြည့်မိသည်။ လုံးဝမဟုတ်။ ဒါပေမဲ့ သေချာတာက သူမကို ကျနော် ရင်းရင်းနှီးနှီး သိနေခြင်းပင်။

သူမကို ရင်းနှီးသည့် သူငယ်ချင်းတစ်ယောက်ဟု ထင်ပြီး

သူမ မျက်နှာကို ကြည့်လိုက် စဉ်းစားလိုက်ဖြစ်နေသည့် ကျနော့်အား သူမကလည်း ပြန်လည်ပြုံးယောင်သန်းသည့် မျက်နှာဘေးဖြင့် ပြန်ပြန်ကြည့်သည်ကိုလည်း သတိပြုမိသည်။ ကျနော် ဆင်းရမည့်မှတ်တိုင်မရောက်ခင် ၁ မှတ်တိုင်အလိုတွင် ဘာဘဲဖြစ်ဖြစ် သူမ ကို ကျနော် နှုတ်ဆက်မည်။

ပြီးတော့ ကျနော့်ကို သိလားမေးမည်ဟု ပြုံးရယ်ကာ ပါးစပ်အဟတွင် ကျနော့်ဦးနှောက်ထဲသို့ သူမရဲ့မျက်နှာတစ်ခုက ရင်းရင်းနှီးနှီးတိုးဝင်လာသည်။

ကျနော်သိလိုက်ပါပီ။ ကျနော့်ရဲ့ မှတ်ဥာဏ်ထဲမှာ သူမကို လုံးဝမှတ်မိသွားပါပြီ။

ကျနော် ရင်းနှီးကျွမ်းဝင်နေသည်က သူမ မဟုတ်ပါ။ အမေချက်ကျွေးဖူးသည့် ငါးပုတ်သင်ငါး တစ်ကောင်သာဖြစ်ပါသည်။ ငါးပုတ်သင်ငါးဆိုသည်မှာ ဦးခေါင်းထဲတွင် ကျောက်ဖြူဖြူလေးပါသည့် ခေါင်းကြီးကြီးနဲ့ မျက်နှာမှာ ဟင်းပန်းကန်ထဲရောက်သည့်အထိ ပြုံးနေသည့် ငါးတစ်ကောင်သာဖြစ်ပါသည်။ ကျတော်ရှက်ရွံ့ခြင်း အားနာခြင်းတို့ဖြင့် သူမမျက်နှာကို ထပ်မကြည့်ရဲတော့ဘဲ မှတ်တိုင်မရောက်ခင် ကားပေါ်မှ ကမန်းကတန်း ပြေးဆင်းလိုက်ပါသည်။ပြီးနောက် ကျနော့်ရဲ့ မှတ်ဥာဏ်ကို ခပ်ရေးရေးလေး ကျိန်ဆဲလိုက်မိပါသည်။


ချိုခ

အက်ဆီးဒင့်

“အားးး”

ဆူးလေလမ်းမကြီးနှင့် အနော်ရထာလမ်းဆုံရာမီးပွိုင့်၌ ကျနော် လမ်းဖြတ်အကူးတွင် နီညိုရောင် ဆန်နီဆလွန်းကားလေး မီးဝါကို အဖြတ် ကျနော့်အား အရှိန်နှင့် တိုက်မိကာ အနော်ရထာ လမ်းဘက်ကူးသည့် မျဉ်းကြားပေါ်တွင် ကျနော် လဲပြိုကျသွားခဲ့သည်။

ရုတ်တရက်လူတွေဝိုင်းအုံလာသည့်အချိန်တွင် ကျနော်ရှက်ကြောက်စွာ ကုန်းထပြီး လက်တွင်ကပ်နေသည့် ဖုန်တွေကိုခါကာ လဲကျသွားသည့်နေရာသို့ ပြန်ကြည့်မိသည်။ ပြန်မကြည့်လို့မဖြစ်။ ရုပ်ရှင်တွေထဲကလို သေဆုံးသွားပြီး ၀ိညာဉ်အဖြစ်ထလာခြင်းမျိုး ဖြစ်မှာ စိုးမိသည်။ လဲပြိုခဲ့သည့်နေရာတွင် ကျနော့် ခန္ဓာကိုယ်ကြီး ရှိမနေသည့်အတွက် ဝိညာဉ်ချည်း သက်သက် ပြန်ထလာခြင်းမျိုး မဟုတ်ဟု ကျနော် စိတ်အေးသွားကာ သက်ပြင်းငွေ့ငွေ့ချလိုက်မိသည်။

ပြီးတော့ လွင့်ထွက်သွားသည့် ကချင်လွယ်အိပ်လေးကို ပြန်ကောက်ပြီး လူအုပ်ကြားထဲကတိုးထွက်လိုက်သည်။ ထိုစဉ် မော်တော်ပီကယ် ၂ ဦးရောက်လာပြီး ကျနော့်ကို ဘယ်ညာနှစ်ဘက်မှ တွဲထူလိုက်သည်။ သူတို့နှစ်ဦးရဲ့လက်ကို ဖယ်ထုတ်ပြီး ကျနော့်နှုတ်မှလည်း “ရတယ် ဘာမှမဖြစ်ဘူး။ ရတယ်” လို့ခပ်တိုးတိုးပြောလိုက်မိသည်။ ကျနော့်ပြောစကားကို ဂရုမစိုက်ဘဲ မော်တော်ပီကယ်နှစ်ယောက်က ဘယ်ညာနှစ်ဘက်ကနေ အတင်းဆွဲခေါ်သွားသည်။ ကျနော်လည်းဘာမှပြန်မပြောဘဲအလိုက်သင့် ပါသွားသည်။ကျနော့်ကို တိုက်မိသည့် ကားကိုကြည့်လိုက်တော့ အိုး ဘုရားသခင် !!!!!! မီးလုံးကွဲပြီး ရှေ့မှန် ကြေမွသွားသည်ကို တွေ့ရသည်။ကားမောင်းသည့်လူကိုကြည့်မိတော့ အသက် ၃၅ နှစ်အရွယ် တရုတ်မဖြစ်ဟန်တူသည့် အန်တီတစ်ယောက်။ သူမသည် ကျနော့်အား ဒေါသပြည့်လျှံနေသည့် မျက်ဝန်းများဖြင့် ကြည့်နေသည်။

ဘုရားသခင်!!!!!!!! ကယ်တော်မူပါ!!!!!!!!! သူမရဲ့ပျက်စီးသွားသည့်ကားအတွက် အလျော်ပေးဖို့ ကျနော့်တွင် အဲလောက်ပိုက်ဆံများများမရှိပါ။ ပတ်ဝန်းကျင်မှလူတွေအားလုံး၏ မျက်လုံးသည် ကျနော့်ပေါ်တွင်ကျရောက်နေသည်။ ကျနော့်ကို ဘာထင်နေသည်မသိ။ ဖြစ်နိုင်ရင် အဲဒီနေရာကနေ ရုတ်တရက် အငွေ့ပျံပြီး ပျောက်သွားလိုက်ချင်သည်။

မော်တော်ပီကယ်နှစ်ယောက်ကလည်း ကျနော့်ကို ကားတစ်စီးထဲသို့အတင်းထည့်နေသည်။ကျနော်လည်း လူတွေရဲ့အကြည့်အောက်ကလွတ်ရင် ပြီးရောဆိုသည့်အတွေးဖြင့် သူတို့တင်သည့် ကားပေါ်သို့ အလိုက်သင့်လေး တက်လိုက်သည်။ ကားပေါ်တွင် ဘေးမှ ထိုင်သည့်အန်တီကို ကြည့်မိတော့

ဘုရားသခင်! ကျနော့်ကိုတိုက်သည့် အန်တီ! သူက စူးစူးရဲရဲဖြင့် ကျနော့်အားကြည့်ကာ “အန်တီအမှားမဟုတ်ဘူး။ သမီးမှားတာ။ သမီးက မီးစိမ်းနေတာကို ဖြတ်ကူးတာ“ “အန်တီရယ် သမီးတောင်းပန်ပါတယ်“ ကျနော် နဲ့အဲဒီ့အန်တီပြောနေသည်ကို နားထောင်နေသည့် မော်တော်ပီကယ်က

“ခင်ဗျားက မီးဝါနေတာကို ဖြတ်မောင်းတာ။ ဒီကလေးကလည်း မျဉ်းကျားကနေကူးတာ။ ခုလောလောဆယ် ရန်ကုန်ဆေးရုံကြီး အရေးပေါ်ဌာနကိုအရင်မောင်းပါ။ ကျန်တဲ့ပြဿနာ ရုံးရောက်မှ ရှင်းမယ်။ သမီးဘာမှ မကြောက်နဲ့ သမီးဘက်မှာ ဦးတို့ရှိတယ်။ ဦးတို့ ဥပဒေအတိုင်းဆောင်ရွက်ပေးမယ်”

မော်တော်ပီကယ်ရဲ့ စကားကြောင့် အန်တီကြီးက ကျနော့်လက်ကို ဆုပ်ကိုင်လာပြီး
“သမီးရယ် အန်တီကို အမှု့မဖွင့်ပါနဲ့“ ဟုဆိုကာ ငိုချလိုက်လေသည်။ အန်တီရဲ့မျက်ရည်တွေကြောင့် ကျနော် သနားခြင်းကြီးစွာဖြင့် “ပေါက်ပေါက်ရှာရှာ အန်တီရယ်။ အန်တီ့ကို ဘာဖြစ်လို့သမီးကအမှုလုပ်ရမှာလဲ။ အခုတောင် ဒီဦးလေးကြီးက အတင်းကားပေါ်တင်လို့ပါလာတာ။ သမီးစိတ်နဲ့ သမီးဆို အိမ်ကိုတောင် ပြန်ရောက်နေလောက်ပြီ”
အန်တီရဲ့လက်ကို ဆုပ်ကိုင် နှစ်သိမ့်လိုက်သည်။

မော်တော်ပီကယ် ဦးလေးကြီးကလည်း ကျနော့်ကို အသာအယာ သူ့ဘက်ဆွဲကာ “ညဉ်းက ကလေးဘဲရှိတာ အမှု့ကတော့ ဖွင့်ရမှာပဲ။ အပြင်ဘက်မှာ ဒဏ်ရာမရှိပေမဲ့ အတွင်းမှာ ဘာဖြစ်တယ် ဆိုတာ မသိနိုင်ဘူး။ ဆေးရုံရောက်မှာ ဓါတ်မှန်ရိုက်ပြီး စစ်ဆေးတာတွေလုပ်ရမယ်။'

တစ်ယောက်တစ်မျိုးနဲ့ တော်တော်စိတ်ပျက်စရာကောင်းနေသည်။ခုလောလောဆယ် ကျနော် အိမ်ပြန်ချင်တာပဲသိသည်။ မော်တော်ပီကယ်ကြောင့်သာ ကားပေါ်ရောက်လာရတာ။ ကျနော့်စိတ်အလိုဆို အိမ်ပြန်ရောက်နေလောက်ပြီ။

ဆေးရုံကြီး အရေးပေါ်ဌာနသို့ရောက်သောအခါ အခြေအနေက ပိုဆိုးသွားသည်။ ၀ှီင်္းချဲတစ်စီး ကျနော်စီးလာသည့် ကားဘေးသို့ ရောက်လာသည်။ ထို့နောက် မော်တော်ပီကယ်သည် ကျနော့်အား တစ်ဘက်တစ်ချက်မှ နေပြီး ၀ှီးချဲပေါ်အတင်း တင်တော့သည်။ လူတွေ ၀ိုင်းအုံပြီးကြည့်နေသည့်အတွက် ကျနော်လည်း ရောယောင်ကာ ၀ှီးချဲပေါ်သို့ အော်တိုမစ်တစ် ရောက်သွားသည်။ ကျိုးပဲ့နေသည့် လူနာတွေကျတော့ ၀ှီးချဲမရှိ။ လူကောင်းပကတိ ကျနော့်မှာတော့ ၀ှီးချဲပေါ်တွင်အခန့်သားဖြင့် ဘေးတွင်လည်း ဆရာဝန်အရွယ်အစားမျိုးစုံ ၀ိုင်းဝိုင်းလည်နေသည်။ ဟောက်စ်ဆင်းစ အကိုချောချောလေးတွေလည်း ၀ိုင်းဝိုင်းလည်လို့ ။ သူတို့တွေက တစ်ယောက်တစ်ခွန်းဘာတွေမေးမှန်းမသိ။ ၀ိုင်းကြည့်နေသည့်လူတွေကိုလည်း ပြုံးပြရသေးသည်။

နောက်မှ သိရသည်က ( ကျနော့်အား ရုပ်ရှင်သရုပ်ဆောင်တစ်ယောက်ဟု ထင်ကာ ဟာသရုပ်ရှင် ဇာတ်ကား ရိုက်နေသည် ထင်သည့်အတွက် ) ၀ိုင်းကြည့်ကြခြင်းဖြစ်သည်ဟု မော်တော်ပီကယ်ဦးလေးကြီးက ပြောပြခဲ့သည်။ ကျနော့်တစ်ကိုယ်လုံးကို ဓါတ်မှန်ရိုက်ကြည့်ကြသည်။ ပွန်းပဲ့ဒဏ်ရာတွေကို ဆေးထည့်ပေးသည့် ဆရာဝန်ကြီးများက ကျနော့်အား နောက်ပြောင်ကျီစယ်ကြသည်။ “ညည်းနယ်၊ ထူးဆန်းတာအေ။ ကားလေးသနားပါတယ်။ မီးလုံးကွဲ၊ ခေါင်းလည်းအက်၊ ညည်းကျတော့ မျက်နှာက အပြုံးမပျက်” “ဆရာနော်။ သမီးဒဏ်ရာတွေကိုတော့ အမာရွတ်မဖြစ်အောင် လုပ်ပေးပါ“ “ဒဏ်ရာပါဆို အမာရွတ်တော့ ကျန်မှာပေါ့အေ့“

“ဒါဆိုရင်တော့ သွားပါပြီ။ ဒီတစ်သက်ကြိုက်မယ့်သူရှိမှာ မဟုတ်တော့ပါဘူး“

ကျနော့်ရဲ့အပြောကြောင့် ဆရာဝန်ကြီးတွေ ၀ိုင်းပြီးရယ်ကြသည်။ ပြီးနောက် ဆေးတွေလည်းထိုးပေးသည်။ ဆေးထိုးမယ်ဆိုတော့ ကျနော့်ရဲ့မျက်နှာ ပုရွက်ဆိတ်လောက်ပဲရှိတော့သည်။

အဲဒါကိုကြည်ပြီး ဆရာဝန်ကြီးတစ်သိုက်က ကျနော့်ကို ၀ိုင်းပြီး နောက်ပြောင်ကျီစယ်ရင်းဖြင့် ဆေးထိုးပြီးသွားသည်ကိုပင် ကျနော်မသိလိုက်ပါ။

အနာဆေးထည်၊့ သောက်ရမည့်ဆေးတွေပေးနဲ့ အားလုံးအပြီးတွင် ပြီးခဲ့သည့်အပတ်ကမှ အမေရိကားကပြန်လာသည့် ဆရာဝန်ကြီးက  အမာရွတ်မကျန်သည့် ဆေးတွေထည့်ပေးထားသည်ဟု ပြောပြသည်။

ကားမောင်းသည့် အန်တီပိုက်ဆံတော်တော်များများရှင်းပေးလိုက်ရသည်။ အမှုဖွင့်ဖို့ တတွတ်တွတ် ပြောနေသည့် မော်တော်ပီကယ်ဦးလေးကြီးကို ကျနော်က ခေါင်းခါကာ မဖွင့်ဖို့အကြိမ်ကြိမ်ပြောသည့်အခါ ထိုဦးလေးမှာ ကျနော့်အားစိတ်ပျက်ဖွယ်မျက်ဝန်းတို့ဖြင့်ကြည့်ကာ လက်လျော့ဟန်ဖြင့် “ညဉ်း ဘက်က မဖွင့်ဖူးဆိုလဲ ငါတို့ဘက်ကတော့ ယာဉ်စည်းကမ်း လမ်းစည်းကမ်းဖောက်ဖျက်မှုနဲ့တော့ အမှု ဖွင့်ရမှာပဲ” ဟုဆိုကာ ၅၁ လမ်းရုံးကို အုပ်ထိန်းသူလက်မှတ်ထိုးဖို့ခေါ်လာခဲ့ဟုဆိုတာ ကျနော့်ကို လှည့်ပင်မကြည့်တော့ပေ။

ကျနော့်အားတိုက်သည့်ကားကိုတော့ သိမ်းသွားပါသည်။ အန်တီကြီးကတော့ သူ့ကိုအမှု မဖွင့်ဖို့အတွက် ကျနော့်အိမ်ထိလိုက်လာကာ ကျန်းမာရေးသိပ်မကောင်းသည့် ကျနော့်အဖွားကို အမှု ပိတ်ရန်လက်မှတ်ထိုးဖို့အတွက် အတင်းပူဆာနေပါသည်။

အဖွားက ကျနော့်အား အခန်းထဲသို့ခေါ်ကာ “ညည်းဒဏ်ရာတွေ ပျောက်မှဘဲ အမှု ပိတ်ပေးလိုက်။ ညည်းဒဏ်ရာမပျောက်ဘဲ အမှု ပိတ်လိုက်ရင် ဆေးခန်းစရိတ် ကိုယ့်ဟာကိုပေးနေရလိမ့်မယ်“ ဟု ကျနော့်အား ပြောပါသည်။ ကျနော့်ဘက်ကတော့ အန်တီကြီး စိတ်သောက မရောက်စေချင်ပါ။ သူဆေးဖိုးမပေးလည်း ပြသနာမရှိပါ။ ကျနော့်ဘက်ကတော့ သူ့ကိုယ်စားဝင်တွေးပေးပြီး သူ့ကိုအေးချမ်းစေချင်သည်။ကျနော့်အတွက် စိတ်အနှောက်အယှက်မဖြစ်စေလိုပါ။ ကျနော့်ကို မုန်းလို့ ကားနဲ့တိုက်တာမှ မဟုတ်တာ။ မတော်တဆပဲ။ အဖွားကို လက်မှတ်လက်ထိုးပေးဖို့ ကျနော်နားချရပါသည်။ဆေးထိုးထားသည့်အရှိန်ကြောင့် ကျနော်တော်တော်လေး အိပ်ချင်နေပါသည်။

အဖွားလက်မှတ်လိုက်မထိုးပေးမချင်း ကျနော် မအိပ်ပါ။ အဖွားကို အတင်းနာပူနာဆာလုပ်ပါသည်။ လက်လျှော့ပုံမပေါက်သည့် ကျနော့်ရဲ့စိတ်ကို သိနေသော အဖွားသည် နောက်ဆုံးတွင် အနွေးထည်ခပ်ပါးပါးလေး ၀တ်ကာ လက်မှတ်လိုက်ထိုးပေးဖို့ ပြင်ပါသည်။ အန်တီကြီးကိုလည်း ၂ ရက်ခြားလာကြည့်ပေးဖို့ပြောပါသည်။

အန်တီကြီးကလည်း အဖွားကို ထိုင်ကန်တော့ကာ မပျောက်မချင်းလာကြည့်ပေးပါ့မယ်လို့ ကတိပေးပါသည်။ အဖွားလည်း လက်မှတ်လိုက်ထိုးပေးလိုက်ပါတယ်။ ထိုနေ့ညက နာကျင်ခြင်းအလျဉ်းမရှိ ကျနော်အိပ်ပျော်သွားပါတယ်။ နောက်နေ့တွင်မူ ကျနော့်တစ်ကိုယ်လုံး ကိုက်ခဲကာ အဖျားဝင်ပြီး လုံးဝမထနိုင်တော့ပါ။ အန်တီကြီးလည်း လုံးဝရောက်မလာတော့ပါ။ အန်တီကြီးရဲ့ လိပ်စာကိုလည်း ကျနော်တောင်းမထားမိလိုက်ပါ။ ကျနော်မနေ့က ပြထားသည့် ဆေးစာအုပ်လေးဖြင့် အရေးပေါ်ဌာနက ဆရာဝန်ကြီးထံ ထပ်ပြဖြစ်ပါသည်။ ကျနော့်ကို မြင်တော့ ဆရာဝန်ကြီးက“ညဉ်းကိုတိုက်တဲ့ ကားပိုင်ရှင်ရော“ လို့မေးပါသည်။ တစ်ကိုယ်လုံးနာကျင်ကိုက်ခဲနေသည့်ကြားကနေ ဆရာဝန်ကြီးအား ကျနော့်ကိုယ်ပိုင် ဟန်အတိုင်း ရယ်မောပြုံးရွှင်ကာ “ လူပီသခြင်း “ပါ ဆရာလို့ပြောလိုက်ပါသည်။

“ အေးကွာ ကောင်းရော--------------- ညဉ်းလည်းလူပီပီသသ ကိုယ့်ဟာကိုယ် လာပြတယ်ပေါ့“ ဟုဆိုတာ ကျနော့် ဦးခေါင်းကို ဖွဖွ ပွတ်သပ်လိုက်ပါသည်။

နှစ်ပတ်လောက်နေတော့ အဖျား လုံးဝပျောက်သွားကာ ဒဏ်ရာတွေလည်း ကျက်သွားပါသည်။ ကျနော့်အား ကားဖြင့်တိုက်မိသည့် အန်တီ့ကို ကျနော် နေကောင်းသွားပြီဖြစ်ကြောင်း စိတ်မပူဖို့ပြောပြချင်ပါသည်။ သို့သော် ကျနော့်တွင် အန်တီနှင့် ပတ်သက်သည့် လိပ်စာ၊ ဖုန်းနံပါတ် ဘာတစ်ခုမှ မရှိပေ။

ဘယ်သူတွေ ဘယ်လိုစိတ်ထားဘဲ ရှိရှိ ကျနော်အသက်ရှင်နေသမျှတော့ ကျနော် လူပီသရပါမည်။လူတွေစိတ်ချမ်းသာစေဖို့ အတက်နိုင်ဆုံး ကျနော်ကြိုးစားနေမှာ။


ချိုခ

Friday, September 23, 2011

၁၀ စုနှစ်ကျော်လွန်ခဲ့သော်လည်း အတိတ်သင်္ကြန်သည်...

သင်္ကြန်သီချင်းသံများ ဟိုနေရာကဖွင့် ဒီနေရာဖွင့် …
သင်္ကြန်ရောက်ဖို့ ဘယ်လောက်မှ မလိုတော့ပါ…
သင်္ကြန်ဆိုတာ ကျမအတွက်တော့ စားစရာအပြည့်ဖြင့် အခန်းတွင်းအောင်းကာ မြေမထိသည့်နှစ်တွေ ၁၀ နှစ်ကျော်ကြာခဲ့ပြီပဲ… ၁၀ နှစ်ကျော်က ဖြစ်ပျက်ခဲ့သည့် အဖြစ်အပျက်လေးတစ်ခုသည် ကျမအတွက် လက်တလော အဖြစ်အပျက်လေးတစ်ခုကဲ့သို့ မျက်ဝန်းထဲ ရှင်းရှင်းလင်းလင်းပေါ်လာခဲ့ပါသည်။
xxxxx
“သင်္ကြန်ကို စတိတ်ရှိုးလုပ်မယ်တဲ့ ” ကျမနဲ့ အတန်းတူသည့် သူငယ်ချင်းက ကျမ ကိုပြေးပြီး လာပြောခဲ့သည်။
ကျမ မျက်ဝန်းများ တဖျတ်ဖျတ်တောက်ပလာလျက် တီဗွီထဲက သင်္ကြန်ယိမ်းကသည့် အမတွေကို ပြေးမြင်လျက် ကချင်စိတ်များ တဖွားဖွားပေါ်လာပြီး … ရွာလူကြီးများတိုင်ပင်နေသည့် ဥက္ကဋ္ဌ အိမ်သို့ အပြေးအလွှား သွားရောက်နားထောင်ခဲ့သည်။ သူတို့တိုင်ပင်နေသည့် ယိမ်းအဖွဲ့အုပ်စုများရဲ့ အငယ်တန်းအုပ်စု ၁၂ ယောက်အဖွဲ့ထဲတွင် ကျမနာမည်လေး ရှေ့ဆုံးကပါခဲ့သည်။ အဲဒီအချိန်က ကျမ ခုနှစ်တန်းကျောင်းသူ အရွယ်ပင်ဖြစ်ပါသည်။ ပိန်ပိန်သွယ်သွယ်နဲ့ ခပ်နွဲ့နွဲ့ကျမအား သင်္ကြန်ယိမ်းထဲတွင် မထည့်မဖြစ်လူကြီးများ ထည့်ရပေမည်။

ကျမ အိမ်ပြန်ပြေးကာ အမေ့ကို ပြောပြတော့ အမေက ကျမကို မေးခဲ့သည်မှာ “ သမီး အရမ်းကချင်နေလား” တဲ့။ ကျမ မျက်ရည်များကျသည်အထိ ၀မ်းသာသည့်မျက်နှာဖြင့် ခေါင်းငြိမ့်ပြခဲ့ပါသည်။ ကျမ အကြောင်းကို သိနေသည့် အမေသည် သက်ပြင်းဖွဖွချကာ ဘာမှ ပြန်မပြောခဲ့ပါ။ ဒီလိုနဲ့ သင်္ကြန်အကများ တိုက်မည့်နေ့သို့ရောက်လာခဲ့ပါသည်။ အားလုံးတန်းစီတော့ ကျမသည် ရှေ့ဆုံးတန်းအလယ်မှ ပါဝင်ခွင့်ရခဲ့ပါသည်။ ရှေ့မှ ဇာတ်မျိုးဇာတ်နွယ် အဒေါ်ကြီးက ဦးစွာကပြပြီး သူကဲ့သို့ လိုက်ကရန်နှင့် သီချင်းရဲ့ ဘယ်နေရာဆို ကကွက်ဘယ်လိုပြောင်း စသဖြင့် သင်ကြားပြသသည်ကို အရင်ဆုံးမှတ်သားရပါသည်။

ကျမတို့ ၁၂ ယောက် အုပ်စု စပြီးအကတိုက်ကြရပါသည်။ စတိုက်သည့်နေ့တွင်ပင် ကျမပြသနာအကြီးအကျယ်တက်ပါတော့သည်။ သူများတွေ ဘယ်ယိမ်းလျှင် ကျမသည် ညာဘက်သို့ယိမ်းပါသည်။ သူများတွေ ခါးလေးတွေနွဲ့ပြီးကသည်ကို ကျမခါးသည် ကျောက်တိုင်ကဲ့သို့ဖြောင့်မက်ပြီး လက်များကသာ လှုပ်ရှားလျက် ဘယ်ဘက်ပို့လိုက် ညာဘက်ပို့လိုက်ဖြင့် ကျမကိုယ် ကျမတော့ အတော်သဘောကျနေခဲ့ပါသည်။

အားလုံးအဆင်ပြေပြေဖြစ်နေပါလျက် ကျမတစ်ယောက်တည်း သိသာထင်ရှားစွာ တစ်ဖွဲ့လုံးနှင့်ကွဲလွဲသည့် အကများဖြင့်ကြည့်ရသည်မှာ တော်တော်ဆိုးနေခဲ့ပါသည်။ ထို့ကြောင့် အကသင်ပေးသည့် အဒေါ်ကြီးသည် ကျမအားအဖွဲ့ထဲမှ ခဏဖယ်ရှားကာ သီးသန့်တစ်ယောက်တည်းသင်ပေးရှာပါသည်။ ထို့ကြောင့် ဘယ်ညာယိမ်းသည့်ကကွက် မှန်သွားခဲ့သည့်အတွက် အုပ်စုလိုက် အကတိုက်သည့်ထဲတွင် ပါဝင်ခွင့် ပြန်ရခဲ့သည်။ သို့ပေမဲ့ ကျမခါးမနွဲ့တက်ပါ။ တောင့်တောင့်ကြီးပင်ဖြစ်လျက်… စတိုက်သည့် အချိန်ထက်တော့ နည်းနည်းအဆင်ပြေလာသည်ဟု သင်ပေးသည့် အဒေါ်ကြီးကပြောပါသည်။ ကျမရဲ့တိုးတက်လာသည့် ကကွက်များအတွက် ကျမပျော်ရွှင်ကျေနပ်ခဲ့ရပါသည်။

အကြီးတန်းအကအဖွဲ့ထဲတွင် ကျမ အမ ၀မ်းကွဲများပါဝင်ခဲ့ပါသည်။ သူမတို့သည် ကျမကဲ့သို့ မဟုတ်ပဲ သင်္ကြန်အကအား ကျွမ်းကျင်ပိုင်နိုင်စွာ ကနိုင်ခဲ့ပါသည်။ ကျမတို့ သင်္ကြန်ယိမ်းအဖွဲ့အား အကဖျော်ဖြေရေးအဖွဲ့မှ လာရောက်စစ်ဆေးသည့်အခါ ညီညီညာညာလှလှပပ ကနေကြသည့် လူအုပ်ထဲတွင် ကျမရဲ့ကျောက်ရုပ်ကဲ့သို့ခပ်တောင့်တောင်အကများကြောင့် အကသင်ပေးသည့် အဒေါ်ကြီးအား ကျမကို ထုတ်ပယ်ပြီး လူစားထိုးရန်ပြောသွားခဲ့ပါသည်။

ကျမ၀မ်းနည်းနာကျင်စွာငိုကြွေးလျက် အိမ်သို့ပြေးကာ အမေ့ကို ပြောပြတော့ … အမေက ထိုလူကြီးအား … လူစားမထိုးရန်နှင့် ကျမအား သူကိုယ်တိုင်လေ့ကျင့်ပေးမည်ဟု အာမခံသည့်အတွက် ထိုလူကြီးမှာ ခုလောလောဆယ်တော့ ခဏ အစားထိုးထားမည် ကျမ အဆင်ပြေပြေကတတ်လာပါက အစားထိုးထည့်ထားသည့် ကောင်မလေးကို ပြန်ထုတ်မည်ဟုပြောခဲ့သည်။ ကျမအမေသည် ကျမ အားလက်ဆွဲကာ အိမ်တွင် ကက်ဆက်ဖွင့်ကာ အကသင်ပေးခဲ့ပါသည်။

ကျမ အမေသည် သင်နေရင်းဖြင့် ဘယ်လိုမှ နွဲ့နှောင်းမှု မရှိသည့် ကျမအား နောက်ဖေး ၀ါးရုံပင်မှ ၀ါးစိမ်းတုတ်ဖြင့်ရိုက်ကာ သင်ကြားပေးခဲ့သည်။ ကျမ ခြေသလုံးတွင်လည်း အရှိုးရာများထပ်လျက် မည်သို့မှ ဖြစ်ဖြစ်မြောက်မြောက် ကတတ်ခြင်းမရှိခဲ့ပါ။ နောက်ဆုံး အမေလက်လျှော့ကာ အမ၀မ်းကွဲ ၂ ယောက်က သင်ပေးပြန်ပါသည်။ အမများလည်း အမေ့နည်းတူ ကျမအား အကသင်ပေးခြင်းလက်လျှော့ခဲ့ပါသည်။ ထို့အတွက် ကျမ ထမင်းမစားနိုင်ပါ။ အကတိုက်နေသည့် ရွယ်တူများကို ငေးမောလျက်ထိုနေရာမှ လုံးဝမထခဲ့ပါ။ ကျမရဲ့ခေါင်းမာမာ ပေကပ်ကပ်နိုင်မှုများသည် အိမ်ပေါ်မှ အောက်မဆင်းရ အဖေ့အမိန့်အား လက်ခံလိုက်ရပါသည်။

အိမ်ပေါ်တွင် ကျမ စိတ်ပျက်စွာထိုင်နေခိုက် အိမ်ရှေ့မှ အသက်(၁၆) နှစ်ခန့် အသားဖြူဖြူ ၀၀ မျက်နှာပြည့်ဖောင်းဖောင်း ခါးမရှိသည့် အမသည် ကျမတို့အိမ်ထဲ လှမ်းကြည့်ကာ အိမ်ရှေ့တွင် သုံးလေးခေါက်ဖြတ်လျှောက်နေသည်အား ကျမတွေ့ရပါသည်။ နောက်တစ်ခေါက်ဖြတ်အလျှောက်တွင် ကျမလှမ်းကြည့်ပြီး ရယ်ပြလိုက်တော့ အ၀တ်လျှော်နေသည့် အမေ့ကို မျက်နှာချို သွေးကာ ကျမဆီသို့ ၀င်လာပါသည်။ ပြီးနောက် ကျမအား တိုးတိုးလေး ကပ်လျက် သင်္ကြန်စတိတ်ရှိုးပွဲတွင် က ချင်ကြောင်းနှင့် ကျမ အား သီချင်းဆိုပေးရန် အကူအညီတောင်းတော့ ကျမ မျက်ဝန်းများအရောက်လက်သွားကာ၊ သီချင်းဆိုပေးမည်ဖြစ်ကြောင်းတိုးတိုးလေး ကတိပေးလိုက်ပါသည်။ ထိုအမသည် ၀မ်းသာပျော်ရွှင်ကာ ခါးမရှိသည့် သူ့ကိုယ်လုံးအား နွဲ့ကာနွဲ့ကာလျှောက်လျက်ပြန်သွားပါသည်။

သူမ ပြန်သွားတော့ အ၀တ်လျှော်နေသည့် အမေ့နားကပ်ကာ လျှော်ပြီးသားအ၀တ်များကို ကူလှမ်းရန်ယူတော့ အမေသည် ကျမအား နွေးထွေးသည့် အကြည့်ဖြင့်ကြည့်လျက် လက်ဆေးပေးပြီး ကျမ အရပ်ဖြင့်မီသည့်တန်းတွင် လှမ်းဖို့ပြောကာ ခွင့်ပြုပါသည်။ ကျမ ကိုမွေးထားသည့် အမေဖြစ်သည့်အတွက် ကျမတွင် ပြောစရာ စကားရှိနေသည်ကို သိပြီးဖြစ်သည့် အမေက “ ခုန … မခိုင် လာသွားတာ သမီးကို သူကဖို့ သီချင်းဆိုခိုင်းတာ မို့လား” အမေ့ရဲ့အမေးစကားကို ကျမ ချက်ခြင်း ခေါင်းငြိမ့်လိုက်တော့ အမေသည်
“ မခိုင်လည်း သနားပါတယ် သူလည်း အပျိုအရွယ်လေးဆိုတော့ ကချင်ရှာမှာပေါ့ … သူ့ကိုဆို ကာလသားတွေက ဆိုပေးချင်တဲ့လူမရှိဘူး … သမီးမဆိုပေးရင်လည်း သူ့ခမျာ ကရမှာမဟုတ်”  ဟုဆိုပြီး
ရယ်မောကာ ခွင့်ပြုခဲ့ပါသည်။ အမေက ပြောသေးသည်မှာ “နင့်အဖေ မသိစေနဲ့” တဲ့ ကျမ ၀မ်းသာပျော်ရွှင်ပြီး ကက်ဆက်ခွေတွေကို ရှေ့ချကာ ကျမ ဆိုနိုင်မည့် သီချင်းကို ရွေးချယ်လိုက်ပါသည်။ ကျမပိုင်ပိုင်ကျွမ်းကျင်စွာဆိုနိုင်သည့် “ ဟောတော့” သီချင်းကို ရွေးချယ်ကာ အဖေအလုပ်သွားသည့် အချိန်များတွင် မခိုင် နှင့် နှစ်ယောက်သား သီချင်းဆိုတိုက်သည့် အိမ်သို့သွားကာ အဆိုအကတိုက်ခြင်းအား ချောချောမောမောဖြင်လေ့ကျင့်နိုင်ခဲ့ပြီ့း ဖျော်ဖြေမည့်နေ့သို့ ရောက်ရှိခဲ့ပါသည်။

စတိတ်ရှိုးစင်ကြီး၏ အောက်ဖက်တွင် အုန်းတုံးများခံလျက် အပေါ်အမိုးအား အုန်းလက်များမိုးကာထားပြီး မီးချောင်းများထိန်ထိန်လင်းလျက်၊ နောက်ဖက်တွင် ချာချာလည်နေသည့် ရောင်စုံမီးအ၀ိုင်းကြီးဖြင့် ကြီးကျယ်ခမ်းနားလွန်းသည့် စတိတ်စင်ကြီးသည်ကျမအား များစွာရင်ခုန်စိတ်လှုပ်ရှားစေခဲ့ပါသည်။ နောက်တစ်ခုမှာ နှစ်ယောက်တည်း သီချင်းဆိုခြင်းအားဖြင့်ကျမကို လူတွေပိုပြီး အာရုံစိုက်ခံရခြင်းကိုလည်း အင်မတန်ပျော်ရွှင်ခဲ့ပါသည်။

တစ်ဖွဲ့ပြီးတစ်ဖွဲ့ ဖြေဖျော်ပြီးနောက် ကျမတို့အလှည့်သို့ရောက်လာခဲ့ပါသည်။ အဖေသိမည်ဆိုးသည့်အတွက် ကျမ နာမည်ကို ထည့်ပြီး မခေါ်ခိုင်းခဲ့ပါ။ မခိုင် နာမည် ခေါ်လိုက်သည်နှင့် တပြိုင်နက် ၀တုတ်ခါးပျောက် မင်းသမီးလေး မခိုင်နဲ့ အာဗြဲစိန်ကျမတို့နှစ်ယောက် မြူးကြွသွက်လက်စွာ စင်ပေါ်သို့ လှမ်းသွားခဲ့ပါသည်။

တီးလုံးလေး စလိုက်တာနဲ့ ကျမလည်း လေ့ကျင့်ထားသည့်အတိုင်း ဟန်ပန်အပြည့်ဖြင့် သီချင်းအား စပြီးဆိုပါတော့သည်။ မခိုင်လည်း စည်းဝါးအလိုက် ကွေးနေအောင်ကပါတော့သည်။ ကျမ သီချင်းဆိုလို့ တစ်ဝက်ခန့်အရောက်တွင် စင်ထောင့်မှ အရပ်မြင့်သည့် အဖေ့ကို တုတ်တစ်ချောင်းဖြင့် ဘွားကနဲတွေ့လိုက်ရပါသည်။ ကျမ စင်အောက်ရောက်ရင် အရိုက်ခံထိတော့မည်။

အဖေစိတ်ဆိုးပြီးရိုက်လျင်အရမ်းကြောက်စရာကောင်းပါသည်။ မည်သူမှ ၀င်ပြီးမဆွဲရဲပါ။ သူလက်ညောင်းသည်အထိ ရိုက်တက်ပါသည်။ သူမောသွားမှ အမေက ပေါက်ပြဲသွားသည့် ဒဏ်ရာကို ဆေးထည့်ပေးရဲပါသည်။ ခုကိစ္စက ပိုဆိုးပါသည်။ ပွဲခင်းထဲတွင် အရိုက်ခံထိမည်။ လူအားလုံးဝိုင်းကြည့်မည်။ သီချင်းဆိုအပြီး အောက်ရောက်တာနဲ့အရိုက်ခံရမည်ကို တွေးကာ ကျမဆိုနေသည့် သီချင်းအား မရပ် တတ်တော့ပါ။ ဂျာအေးသူ့အမေရိုက်သလိုဖြစ်နေပါသည်။ တီးနေသည့်လူများကလည်း ကျမအဆိုမရပ်သည့်အတွက် တီးတာမရပ်ပါ။ ကသည့်အမကြီးသည် မောနေပြီဖြစ်သည့်အတွက် ကျမအား ရပ်ရန်အချက်ပြနေပြီ…ကျမ မရပ်တတ်တော့ပါ။ ကျမ တကိုယ်လုံးလည်း အဖေ့ကိုကြောက်စိတ်ဖြင့် တုန်ရင်နေပြီး သီချင်းကိုလည်း မျက်လုံးမှိတ်ပြီး အော်ဆိုနေပါသည်။ ပရိတ်သတ်ထဲမှ အော်သံ တီးဝိုင်းရပ်သွားသံကြောင့် ကျမ မျက်လုံးဖွင့်ကြည့်ချိန်တွင် ကျမဘေးတွင် ခွေခွေလေးလဲနေသည့် အကမင်းသမီးလေး မခိုင်…စင်ပေါ်မှ လှေခါးအတိုင်းမဆင်းပဲ ကျမ လွှားကနဲခုန်ချကာ ရွာလမ်းအတိုင်းမပြန်ပဲ နောက်ဖေးဘက် လယ်ကွင်းတွေကို ဖြတ်ပြီး အိမ်ကို သုတ်ခြေတင်ပြီးပြေးပါသည်။ ဖိနပ်မပါသည့်အတွက် ပတ်ကြားအက်များနဲ့ခဲများထိရှမှုကြောင့် ကျမခြေထောက်တွေလည်း ပေါက်ပြဲနေပါသည်။ အိမ်နောက်ဘက် လယ်တောထဲသွားသည့်လမ်းမှ ၀င်လာပြီး အိမ်ပေါ်မတက်ရဲသည့်အတွက် စပါးကျီထဲဝင်ကာ အဖေတို့ပြောနေသည့် စကားများကို ကြားနေရပါသည်။

မူးလဲသွားသည့် မခိုင်အတွက် အမေဆေးဖိုးပေးနေသည်ကိုလည်း ကြားရပါသည်။ အဖေမှ အမေ့ကို ကြိမ်းမောင်း နေသံကိုလည်းကြားရပါသည်။ ကျမ အသက်ကိုပင် ပြင်းပြင်းမရှုမရဲပါ။ ကျမပျောက်သွားသည့်အတွက် အမေ့ရဲ့ငိုသံပါကြီးနဲ့ကျမကို ရှာပေးဖို့ပြောနေသည့်အသံတွေကိုလည်း ကြားနေရပါသည်။ ကျမ အိမ်ပေါ် သို့တက်သွားချင်ပေမဲ့ အဖေ့ရဲ့ဒေါသကိုကြောက်သည့်အတွက် အသံပင်မပေးရဲခဲ့ပါ။ ကျမအား စိတ်ပူပြီး ငိုနေသည့် အမေ့ကိုလည်း ကျမ စပါးကျီထဲတွင် ရှိနေသည့်အကြောင်းပြောပြချင်သည့်စိတ်ဖြင့် ကျမမျက်ရည်တွေ ကျနေမိပါသည်။

ကံကောင်းစွာဖြင့် အိမ်တွင်မွေးထားသည့်ခွေးကလေး ဖိုးလုံးရဲ့ဟောင်သံကြောင့် အမေသည် နောက်ဖေးသို့ပြေးလာကာကြည့်ပါသည်။ ထိုနောက် စပါးကျီဝတွင် ကြောက်ဒူးတုန်ပြီး မျက်ရည်များပြည့်နေသည့် ကျမကိုတွေ့သွားပြီး ဖတ်ကာငိုပါတော့သည်။ အမေ့ငိုသံကြောင့် အဖေသည် နောက်ဖေးသို့လိုက်လာကာကြည့်ပြီး ဘာမှ မပြောပဲ အိမ်ပေါ်ပြန်တက်သွားပါသည်။

မိုးလင်းတော့အဖေက ကျမအား ဆူပူကြိမ်းမောင်းခြင်းမရှိပဲ ပြောပြသည်မှာ…နောက်ကို အဖေမသိပဲ ဘာမှမလုပ်ရန်နှင့် တကယ်လို့ မခိုင် အမောဆို့ပြီး သေသွားပါက ကျမ သည် အိမ်မှာမနေရ၊ ကျောင်းမတက်ရတော့ပဲ ကလေးထောင်ထဲရောက်သွားမည်ဖြစ်ကြောင်း ပြောပြပါသည်။ ကျမလည်း အဖေ့စကားကို ခေါင်းငြိမ့်လျက်…နောက်ကို ဘယ်သောအခါမှ အဖေမသိပဲ၊ အဖေ့ခွင့်ပြုချက်မရပဲ ဘာမှ မလုပ်တော့ပါဟု ဆုံးဖြတ်လိုက်ပါသည်။ ထိုနှစ်မှစပြီး နောက်ပိုင်းတွင် သင်္ကြန်တွင်းများသည် ကျမနဲ့ အစိမ်းသက်သက်ဖြစ်နေပြီး၊ အိမ်တွင်းမှာ မိဘကိုကူညီခြင်း၊ အဘိုးအဘွား များနှင့် ဘုန်းကြီးကျောင်း များသို့လိုက်ကာ ဥပုသ်စောင့်ခြင်းနှင့် နှစ်ဆန်းတစ်ရက်နေ့တွင် လယ်ကွင်းထဲမှ ရေခန်းငါးလွှတ်ခြင်းများဖြင့်သာ သင်္ကြန်တွင်းတိုင်းကို ကုန်ဆုံးစေခဲ့ပါတော့သည်။ အဖြစ်အပျက်သည် ဆယ်စုနှစ်တော်တော်လေးကျော်လွန်နေပြီဖြစ်သော်လည်း သင်္ကြန်တေးသံများကြားတိုင်း ထိုအဖြစ်အပျက်လေးသည် မျက်လုံးထဲတွင် လောလောလက်လက်ဖြစ်ပျက် ထားသကဲ့သို့ .......။

ချိုခ

အကျင့်

“အမ၊ ထမင်းဖိုးလေးပေးပါဦး။ သမီးဗိုက်ဆာနေလို့ပါ“ ကျနော့်ရဲ့ ဘေးလွယ်အိတ်ကို လာဆွဲပြီး ထမင်းဖိုးတောင်းနေသည့် ကောင်မလေးကို ကြည့်ပြီး တော်တော်လေးစိတ်မကောင်းဖြစ်သွားမိ၏။ အသားဖြူဖြူ မျက်နှာဝိုင်းဝိုင်းလေးပေါ်တွင် ဂျီးများပေကျံကာ သူမရဲ့လက်သည်းတွေကြားထဲတွင်လည်း မဲမဲတူးတူးလေး။ သူမရဲ့အသက်သည် ၁၀ နှစ်ဝန်းကျင်လောက်ရှိမည်ထင်သည်။ “ညီမလေး ထမင်းမစားရသေးဘူးလား“      “မစားရသေးဘူး အမ“ “လာ ညီမလေး အမ ထမင်းလိုက်ကျွေးမယ်။ လိုက်ခဲ့နော်“ ကျနော်လည်း ထမင်းဆိုင်တစ်ဆိုင်ကို သူ့ကို ခေါ်သွားပြီး သူစားချင်သည့်ဟင်းများကို မှာယူပြီး ကျွေးလိုက်၏။ သူ အားပါးတရစားနေသည်မှာ တကယ့်ကို ပီတိဖြစ်စရာပင်။ “ညီမလေး ကဘယ်မှာနေတာလဲ“      “ဒဂုံမှာနေတာ အမ“ “ညီမလေးမှာ အမေရှိလား“      “ရှိတယ် အမ“ “ညီမလေးအမေက ဘာလုပ်လဲ“      “ဘာမှ မလုပ်ဘူး  အမ“ “ဟင် ဒါဆို ဘာနဲ့စားလဲ။ ဘာမှ မလုပ်ဘဲနဲ့“      “သမီး တောင်းလို့ရတဲ့ ပိုက်ဆံတွေကို အမေ့ကို အကုန်ပြန်ပေးတယ် အမ။ သမီးပြန်သွားမှ ဆိုင်မှာ ၀ယ်စားတယ်။ ထမင်းစားပြီးတော့ ဗွီဒီယို သွားကြည့်တယ်။ မနက်မိုးလင်းရင် သမီးကို ကားပေါ်လိုက်တင်ပေးတယ်“ “ ဟင် ဒါဆို ညီမလေးအမေက သမီးကို တောင်းခိုင်းပြီး သူကျတော့ ဘာမှ မလုပ်ဘဲထိုင်စားတာပေါ့လေ ဟုတ်လား“      “ဟုတ်တယ်အမ“ “ညီမလေးရဲ့ တောင်းစားတာ မကောင်းဘူး........... သူတောင်းစားလို့အပြောခံရတာလောက် ရှက်စရာကောင်းတာမရှိဘူး။ ခုငယ်သေးလို့ ညီမလေးက သိမှာမဟုတ်ဘူး............ ဟော့ဟိုက ကလေးမလေးကို ကြည့်စမ်း။ ညီမလေးနဲ့ ရွယ်တူလောက်နော်။ သူစံပယ်ပန်းလေးတွေ ရောင်းနေတယ် တွေ့လား...........သူ့ကို သူတောင်းစားလို့ခေါ်ကြည့်ရင် သူအရမ်းစိတ်ဆိုးမှာ“ ကျနော် သူ့ကို ပြောပြတော့ သူ့မျက်နှာလေးသည် ပိုပြီး ညှိုးနွမ်းသွား၏။ကျနော်လည်း သူမရဲ့ရှေ့တွင်ပင် စံပယ်ပန်းရောင်းသည့် ကောင်မလေးကို ခေါ်ပြီး စံပယ်ပန်းဝယ်လိုက်၏။ ပြီးနောက် စံပယ်ပန်းသည်လေးအား
“ ညီမလေး ကျောင်းတက်လား“      “တက်တယ် မမ........... သမီးဒီစံပယ်ပန်းတွေကုန်သွားရင် အိမ်ပြန်ရေချိုးပြီး ကျောင်းသွားတယ် မမ“ ကျနော်လည်း သူမလေးအားပြုံးပြပြီး စံပယ်ပန်းဖိုးပေးကာ ပိုသည့်ငွေကို ပြန်မအန်းခိုင်းတော့ပါ။ ဒါကို စံပယ်ပန်းရောင်းသည့် ကောင်မလေးက လက်မခံပါ ပိုသည့်ငွေမယူသည့်အတွက် စံပယ်ပန်းတွေ ထက်ပေးသွားခဲ့တယ်။ တောင်းစားသည့် ကောင်မလေးကို ကျမလက်တွေ့ပြလိုက်ပြီး “ညီမလေး စံပယ်ပန်းရောင်းမလား အမကူညီမယ်.......... မနက်မိုးလင်းတိုင်း ညီမလေးဒီနေရာကနေစောင့်ပြီးနေနော်.......... မမတို့ဘေးခြံမှာ စံပယ်ပန်းတွေဝယ်လာခဲ့ပေးမယ်..... ညီမလေး မမကို စံပယ်ပန်းဖိုး ပေးစရာမလိုဘူးနော်“      “ဟုတ်ကဲ့ ရောင်းမယ် အမ“ “စံပယ်ပန်းရောင်းလို့ရတဲ့ပိုက်ဆံကို ညီမလေး အမေကို ပြန်ပေးနော်“ အဲဒီနေ့က သူ့ကို ကျနော် အိမ်သို့ခေါ်ကာ ရေချိုးပြီး သူမတစ်ကိုယ်လုံးကို သန့်ရှင်းရေးလုပ်ပေးပြီး ကျနော်ငယ်ငယ်က၀တ်သည့် အ၀တ်အစားတွေပေး၊ ထိုနေ့အတွက် သူ့ အမေကို ပြန်ပေးဖို့အတွက် ပိုက်ဆံအနည်းငယ်ပေးလိုက်ကာ သူပြန်မည့် ဒဂုံမြို့သစ်ကားပေါ်လိုက် ပို့ပေးခဲ့၏။ နောက်နေ့တွင် ဘေးကပ်လျက်ခြံမှ အန်တီကြီးထံမှ စံပယ်ပန်းကုံးများဝယ်ကာ မနေ့က တွေ့သည့်ကောင်မလေးအတွက် ကျမ ပြင်ဆင်ပြီး သူ့ကို စောင့်နေလိုက်၏။ သိပ်မကြာလိုက်ပါ။ သူသည် သနပ်ခါးဖွေးဖွေးလေးလိမ်းကျံကာ ရောက်ရှိလာခဲ့သည်။မနေ့က ကျနော်စတွေ့ကာစလို ညစ်ပေမနေတော့ပေ။ သူ့လက်ထဲကို စံပယ်ပန်းကုံးများထည့်က ကျနော်ရပ်ကြည့်နေလိုက်သည်။ သိပ်မကြာခင်မှာဘဲ သူ့လက်ထဲမှ စံပယ်ပန်းကုံးများ ကုန်သွား၏။သူ့ပိုက်ဆံကို ရေကြည့်လိုက်တော့ ၁၃၀၀ ကျပ်တိတိ ရှိသည်။ သူ့မျက်နှာတွင်လည်း အပြုံးလန်းလန်းလေးဖြင့်။ ကျနော်လည်း သူ့ကို တောင်းမစားဖို့ တတွတ်တွက် နားဝင်အောင်ပြောရ၏။ ကျနော် သူ့ကို ထိုကဲ့သို့စောင့်ကြည့်ပြီးတစ်ပတ်လောက်အကြာတွင် ကျနော့်ရဲ့ ကျောင်းကိစ္စဖြင့်အလုပ်ရှုပ်သည့်အတွက် စောင့်မကြည့်ဖြစ်တော့ပါ။ တစ်နေ့ကျောင်းက အပြန် ကျနော်စီးလာသည့် ကားသည် မီးပွိုင့်တွင် မိနေသည့်အတွက် အပြင်ဘက်သို့ငေးအကြည့်တွင် ကျနော်ဒေါသထွက်ကာ တော်တော်လေး ပေါက်ကွဲသွားရသည်။

အကြောင်းမှာ မီးပွိုင့်တွင် လက်ကျန်စံပယ်ပန်းသုံးလေးကုံးကို ကိုင်ကာ ပိုက်ဆံလိုက်တောင်းနေသည့် ပေပေတူးတူး သူ့မျက်နှာကို မြင်လိုက်ရသည့်အတွက်ဖြစ်သည်။

ချိုခ

အိမ်ထောင်ရှင်မ တစ်ယောက်၏ ဖွင့်ဟ၀န်ခံချက်

 “အလုပ်ပိတ်ရက်မို့ အခန်းထဲတွင် အေးအေးဆေးဆေး သီချင်းနားထောင်ရင်း ...အမေရိကားမှ အဖေရဲ့ပုံတူကို ရေးဖို့ out line ကောက်လိုက်မိသည်။

“ကလင်...ကလင်”
out line ကောက်လို့ လက်စမသတ်ခင် ဖုန်းမြည်သံက ထွက်လာသည်။ နံပါတ်ကို ကြည့်လိုက်တော့ ကျနော့်သူငယ်ချင်း အရင်းခေါက်ခေါက်ရဲ့ နံပါတ်။

“မီးမီး ... ပြော”
“နင်အခု အိမ်မှာပဲလား ... ဟားဟား မိုက်တယ်ကွာ ...Firehouse နဲ့ ငြိမ်ပြီး ရေးနေတယ်ပေါ့လေ ... ဟုတ်လား”

“ဟဟ ... ဒါပေါ့ မနာလိုမရှိနဲ့ သယ်ရင်း”
“ငါအခု လွတ်လပ်ရေးရနေတယ်ဟ ... သုံးနှစ်ကျော်မှာ ပထမဆုံးရတဲ့ လွတ်လပ်ရေးပဲ”

“ အနွေးရော ရှိလား” သူ့ သမီးလေးကို ကျနော် မေးမိတော့
“မောင် အနွေးကိုခေါ်ပြီး အပြင်သွားတယ်။ အဲဒါကြောင့် ငါပျော်နေတာပေါ့ဟ ... နင်ဘာစားမလဲ ငါလည်း စုတ်တံမကိုင်တာ ကြာပြီ။ တစ်ကားလောက်တော့ ပြန်သမ ကြည့်ချင်တယ်”
“ အိုကေ ဘာမှ ၀ယ်မလာနဲ့ ... ငါ ဖက်ထုပ်ပေါင်းလုပ်ထားတာ ရှိတယ်”

ကျနော် ဖုန်းချလိုက်တော့ သက်ပြင်းဖွဖွချမိတယ်..ဒီနေ့တော့ အဖေ့ပုံ တစ်ဝက်ပင် အပြီးသတ်တော့မည်မဟုတ်ပေ။
တံခါးခေါက်သံကြောင့် အခန်းတံခါးကို ချက်ခြင်းဖွင့်ပေးလိုက်တော့ ... ကြည်လင်ဝင်းပပြီး အပျော်လွန်နေသည့် မျက်နှာကြီးဖြင့် မီးမီး ၀င်လာပြီးကျနော် အသင့်ချထားသည့် ဖက်ထုပ်ပေါင်းတွေကို တစ်ခုပြီး တစ်ခု ပါးစပ်ထဲသို့ ထည့်ကာ ကျနော့်အား မနာလိုသည့် မျက်ဝန်းများဖြင့် မလွတ်တမ်းကြည့်နေခြင်းကို မသိချင်ယောင် ဆောင်ပြီး out line ဆက်ကောက်နေတော့ ကျနော့်လက်ထဲမှ ခဲတံ ကိုဆွဲလုပြီး

“ငါ့ရင့်ထဲမှာ နင့်ကို ပြောချင်တာတွေ ပြည့်နေတယ်...နင့်ခဲတံကြီး ချထားစမ်းပါဟယ်”

ကျနော် ပြုံးပြီး ခေါင်းငြိမ့်ပြလိုက်ပြီး ဖက်ထုပ်ပေါင်းတွေ ထပ်ထည့်ပေးပြီး၊ လက်ဖက်ပါ သုတ်လိုက်သည်။ တော်သေးသည်။ ဆေးတွေ မညှစ်ရသေးလို့။ ဆေးတွေက ညှစ်ပြီးရင် အလဟဿ ဖြစ်ကုန်ဦးမည်။


“ နင့်ဘ၀က မိုက်တယ်ဟာ ... ဘာအပူအပင်မှ မရှိဘူး ...
စားချင်တာ ထလုပ်စားမယ် ...
စာအုပ်ဖတ်ချင်ရင် ဖတ်မယ်...
ပန်းချီရေးချင် ကောက်ရေးလိုက်မယ် ...
သွားစရာရှိရင် အခန်းသော့ပိတ်ပြီး သွားမယ် ...တကယ့်ကို သုခဘုံနော်"
“ ဟင် ဘယ်လိုဖြစ်ရပြန်တာ တုန်း ... အေးချမ်းအောင် နေလို့ပါဟာ ... လူတိုင်းမှာ ကိုယ့်အပူနဲ့ကိုယ်တော့ ရှိကြတာချည်းဘဲ...အပူနည်းတာနဲ့ များတာပဲ ကွာတာပါဟ” ဟု ကျနော် ပြောမိသည်။

“ ငါလည်း ချစ်သူနဲ့နေရရင် ပျော်စရာကောင်းမယ် ... ဘာမှ မလိုအပ်တော့ဘူး။ အရာရာပြည့်စုံမယ် ဒီလိုပဲတွေးခဲ့တာပဲ ... ဒါတောင် မောင်က သူများတွေလို အသောက်အစားမရှိ၊ ရှုပ်ပွေတာလည်း မရှိဘူး ... သူများတွေလို သောက်စားဖောက်ပြန်နေတာဆိုရင် ငါ ကိုယ့်ငါ အဆုံးစီရင်တာ ကြာပြီ... ”

သူမက ကျနော် ဖျော်ပေးထားသည့် ကော်ဖီကို တစ်ငုံသောက်ပြီး ဆက်ပြောပြန်သည်။

“ မိုးလင်းတာ နဲ့ အနွေးမနိုးခင် ငါ့မှာ အနွေးနဲ့ မောင် စားဖို့ ထပြီး စီစဉ်ရတယ် ... အဲလိုစီစဉ်ချက်ပြုတ်နေတုန်း ... အနွေးက နိုးလာတာနဲ့ မားမား ...ဆိုပြီး ငါ့ဆီပြေးလာ...
သူတို့စားဖို့ စီစဉ်ရတာ တစ်ဘက် ... အနွေးကို အပေါ့အပါး တည်ရတာက တစ်ဘက်၊
သူအပေါ့အပါး သွားပြီးရင်လည်း ကိစ္စက မပြီးသေးဘူး ... ကိုယ်လက်သန့်စင်ပေး ပြီး သူ့ကို အရင်နံနက်စာ ခွံရသေးတယ်နော်။
သူဗိုက်ပြည့်သွားတော့ မောင့်အတွက်စားဖို့အဆင့်သင့်ြ
ပင်ထာရသေးတယ်။ အဲဒါပြီးပြီလားဆိုတော့မပြီးဘူး။ မောင်မနိုးခင် အနွေးက ဂျီကျရင် မောင်နိုးမှာစိုးလို့ ငါ့မှာ သူ့ကို မနိုင်မနင်းကြီး ချီပြီး ရှေ့နောက် ဟိုလျှောက်ဒီလျှောက်၊

ဗိုက်က စာလို့အသံမြည်နေတာတောင် မစားနိုင်သေးဘူး။
နောက်သူ့အဖေ နိုးတော့မှ သူ့အဖေကို နံနက်စာ စားရင်း အနွေးကို ကြည့်ခိုင်းထားပြီး၊ နေ့လည်စာအတွက် ဈေးကို ပြေးလွှား၊ ဈေးက ပြန်လာမှ နံနက်စာ ကမန်းကတမ်း ပါးစပ်ထဲအတင်းသွင်း၊ သူ့အဖေ သင်တန်းမသွားခင် ငါ့မှာ သူကလေးကြည့်ထားတုန်း
နံနက်စာကို အပြေးအလွှားချက်ပြုတ်၊ လျှော်စရာရှိတဲ့ အ၀တ်အစားတွေကို တစ်ခါတည်းစိမ်စရာရှိတာ စိမ်ထား၊ ချက်လို့ပြီးတော့ အ၀တ်တွေ ချေးနူးလောက်ပြီလည်း ဆိုရော၊ အ၀တ်လျှော်စက်ထဲထည့်၊ တစ်အိမ်လုံး သန့်ရှင်းရေးပြေးလုပ်လိုက်ရသေးတယ်...”

သူပြောတာ နားထောင်ရင်း သူတော့မသိ ကျနော် ရေတစ်ခွက် မော့ချပြီး ... သူ့ကိုလည်း ရေတစ်ခွက် ကမ်းပေးလိုက်မိသည်။ ရေတစ်ငုံသောက်ပြီး သူမ စကားဆက်ပြန်သည်။

“တစ်အိမ်လုံး အိမ်သန့်ရှင်းရေးလဲ ပြီးရော အ၀တ်လျှော်စက်ထဲက အ၀တ်တွေ ထုတ်လှမ်း၊ ရေချိုးခန်းထဲ ကမန်းကတန်းဝင်ပြီး၊ သနပ်ခါးတောင် မလူးအားဘူး၊ အင်္ကျီနဲ့ ဘောင်းဘီတစ်ထည် ကပျာကယာ ကောက်ဝတ်ပြီး၊ မောင့်ဆီက အနွေးကို ခေါ်လိုက်တယ်။ သူကတော့ စာမေးပွဲအတွက် သင်တန်းသွားပြီ၊ ငါ့ကိစ္စတွေက မပြီးသေးဘူး။ အနွေးကို နေ့လည်စာကျွေးဖို့ ချော့ပြီး အောက်ကို ခဏချထားပြီး သူစားဖို့လုပ်ရသေးတယ်။ ငါ အနွေးအတွက် နေ့လည်စာပြင်လို့ သူ့အောက်ခဏလေးချထားမိတာတောင်၊ ပလပ်ပေါက်ကိုင်လို့ ထမင်းပန်းကန် ခဏချ၊ သူ့ဆီပြေးသွား၊ ရိုက်ပုတ်အော်ဟစ် ငါ့မှာ ဘီလူးမကြီးကို ဖြစ်လို့။ သူများမိခင်တွေလို ဖြစ်ချစ်ရာဖြစ် ပစ်မထားတတ်တော့လည်းဟယ် ... အိမ်ထောင် စကျ ကတည်းက ငါ့မှာလေ ကျွန်မကြီး လုံးလုံးကိုဖြစ်တော့တာပဲ။ သူစားသောက်ပြီး အိပ်ချင်လာတော့လည်း ဂျီကျသေးတယ်။ ငါပါ လိုက်ဝင်ပြီး သူနဲ့အတူတူ အိပ်ရတယ်။ သူအိပ်ပျော်သွားမှ ထမင်းကို ကမန်းကတန်းစား၊ မီးပူတိုက်စရာရှိတာတွေ တိုက်။ မီးပူတိုက်ပြီးလို့ သူ အိပ်ပျော်နေတုန်း စာအုပ်လေးဖတ်မလား ကောက်ကိုင်ရုံရှိသေးတယ်။ မားမားဆိုပြီး နိုးလာတော့၊ ငါ့မှာ သူနဲ့အတူတူဆော့ရ။ အစားလည်း ကောင်းကောင်းမစားရ၊ အိပ်လည်းကောင်းကောင်းမအိပ်ရ၊ ဒါတောင် မောင်က ပိုက်ဆံကို အလုံအလောက်ရှာပေးထားလို့၊ ပိုက်ဆံကိစ္စပါ ပူပင်နေရမယ်ဆိုရင် ... ငါ့ကိုယ်ငါ အဆုံးစီရင်တာ ကြာလှပြီ"

သူ့စကားပင်မဆုံးသေးပါ။ သူ့ယောက်ျားထံမှ ဖုန်းက ၀င်လာသည်။ သူတို့အိမ်ပြန်ရောက်နေပြီ။ အနွေးက မားမားကိုမတွေ့လို့ ငိုနေတာ လုံးဝချော့လို့မရဘူးဆိုသည့်အတွက် ... လက်ကျန်ကော်ဖီကိုကောက်မော့ပြီး ကမန်းကတန်းပြေးသွားသည့် သူ့အား ကျနော်ငေးကြည့်ရင်း ကျန်ခဲ့သည်။

ဒါတောင် သူပြောသွားတာ တစ်နေ့တာအဖြစ်အပျက် အကုန်မဟုတ်သေးပါ။
သုံးနှစ်လုံးလုံးအဖြစ်အပျက်တွေဆိုရင်ဖြင့် ကျနော်လုံးဝ ဆက်မတွေးရဲတော့ပေ။ အဖေ့ပုံတူကိုလည်း ဆက်မရေးဖြစ်တော့ပါ။ အတွေးတွေတစ်လှေကြီးနဲ့ ကျနော်အခန်းထဲမှာ ငြိမ်သက်စွာကျန်ခဲ့သည်။

ချိုခ

Wednesday, September 21, 2011

အချစ်စစ်စစ်



“ကို ကလည်း ငယ့်ကိုမစောင့်ဘဲ တစ်ယောက်တည်းစားနေတယ်”
နောက်ဘက်မှ လက်သီးဖွဖွဖြင့် ထုခံလိုက်ရပြီး စကားသံချိုချိုနွဲ့နွဲ့ကြောင့် စားလက်စ ရှမ်းခေါက်ဆွဲအား ပါးစပ်မှ ပြန်မထွက်အောင် ပါးစပ်ကို ပိတ်လျက် နောက်သို့လှည့်ကြည့်မိလိုက်ရာ အသားဖြူဖြူသွယ်လျလျကိုယ်ဟန်လေးချစ်စဖွယ် မိန်းကလေးတစ်ယောက်ကို တွေ့ရသည်။ ကျမ ရဲ့အကြည့် စူးစူးနဲ့မျက်လုံးတွေကြောင့် သူမ ပါးစပ်အဟောင်းသားဖြင့်

“ဆောရီးနော် ငယ် လူမှားသွားလို့ပါ”

ကျမ ခေါင်းတစ်ချက် ငြိမ့်ပြလိုက်ပြီး စားလက်စကို ရပ်ကာ ကောင်တာတွင် ငွေရှင်းပြီး ထွက်ခဲ့လိုက်သည်။ တံခါးဝတွင် လူတစ်ယောက်နဲ့ တိုက်မိသည့်အတွက် “ဆောရီး” နှုတ်မှ အော်တိုထွက်သွားပြီး တိုက်မိသည့်လူကို ကြည့်မိတော့… သူ့ရဲ့အကြည့်စူးစူးဖြင့် ကြုံရသည်။
“ဘုရားသခင်” ဟု ကျမ ရင်တွင်းမှ ရေရွတ်မိသည်။ ထိုသူ၏ ဆံပင်ညိုဖျော့ဖျော့အရောင်များသည် ကျမကဲ့သို့ ပခုံးသာသာ ရှေ့နောက်တစ်ညီတည်း၊ ၀တ်ထားသည့် စပို့ရှပ် အရောင်ကလည်း ကြက်သွေးရောင်၊ ဘောင်းဘီကလည်း ကျမ ၀တ်ထားသည့် ကာကီရောင် လုံးဝတစ်ထပ်တည်း။ ကွာခြားတာဆိုလို့ သူ့အသားသည် ကျမ့ထက် အနည်းငယ်ပိုဖြူနေတာပဲရှိသည်။ ကျမမျက်နှာကို တစ်ဘက်သို့လွဲပြီး ရှောင်ထွက်လိုက်မိသည်။ တက္ကစီတစ်စီးကို တားပြီး ကျမနေထိုင်သည့် သင်္ဃန်းကျွန်းရွာလေးသို့ မောင်းခိုင်းလိုက်မိသည်။


ကျနော် ငယ်နှင့်ချိန်းထားသည့် “ရှမ်းရွာ” ဆိုင်သို့ နောက်ကျမှ ရောက်လာခဲ့ပြီး ဆိုင်ထဲတွင် စိတ်ကောက်ပြီး စောင့်နေမည့် ငယ့်ထံသာအာရုံက ရောက်နေသည့်အတွက် ဆိုင်ထဲမှ ထွက်လာသည့်လူနဲ့ ၀င်တိုက်မိသွားသည်။ “ဆောရီး” ဟူသော ခပ်ရှရှ အသံကြောင့် တိုက်မိသူ၏ မျက်နှာကို ကြည့်မိတော့ ကျနော့် ရင်ထဲတွင် ဘုရားသခင်ကို တမိသွားသည်။ သူမ ရဲ့ ဆံပင်၊ အင်္ကျီအရောင်၊ ဘောင်းဘီ ကျနော်နဲ့တစ်ထပ်တည်း။ ကွာခြားတာဆိုလို့ သူမအသားက အ၀ါရောင်ဖြစ်ပြီး ကျနော့်အသားက အဖြူရောင် ဖြစ်နေတာလောက်ပင်ဖြစ်သည်။ ကျနော် ခဏ ကြက်သေသေခိုက် သူမက အရင်ရှောင်တိမ်းကာ ထွက်ခွာသွားသည်။ ကျနော့် နှုတ်ဖျားမှ တောင်းပန်စကားတစ်ခွန်းမှ ထွက်ကျမသွားခြင်းအတွက် ကျနော့်ကို ကျနော် အပြစ်တင်မိသွားသည်။

“ကို ကလည်းနောက်ကျလိုက်တာ ခုနက ငယ် ကိုယ်နဲ့ မိန်းကလေးတစ်ယောက်ကို မှားပြီး ကျောကို ထုမိသွားတယ် သိလား… အဲမိန်းကလေးက ကိုယ်နဲ့တော်တော်တူတယ် ယောက်ျာလေးပုံစံလေး…နောက်ကျောကကြည့်ရင် လုံးဝကိုယ့်ပုံသဏ္ဍာန်” ငယ့်စကားတွေကို ကျနော် မကြားတစ်ချက် ကြားတစ်ချက်… ကျနော်ကိုယ်တိုင်တောင် ကြက်သေသေသွားသေးတာ ငယ် လူမှားတာမဆန်းပါ။ အဲဒီနေ့က ကျနော် အရမ်းကြိုက်သည့် “ရှမ်းရွာ” မှ ရှမ်းခေါက်ဆွဲသည် အရသာမဲ့လို့နေခဲ့၏။

မနေ့က ဆရာဝန်နဲ့တွေ့ဖို့ချိန်းထားသည်အား မိန်းကလေးတစ်ယောက်ရဲ့မှားယွင်းစွာနှုတ်ဆက်မှု့၊ ကျမနဲ့ပုံသဏ္ဍာန်တူသည့် လူနဲ့မတော်တစ်ဆ တွေ့ဆုံမှု့တို့ကြောင့် မတွေ့ဖြစ်ခဲ့သည့်အတွက် ဒီနေ့ထပ်မံထွက်လာခဲ့ရ၏။ မေ့မေ့ကို ကုသပေးခဲ့သည့်ဆရာဝန်ကြီးပင်ဖြစ်ပါသည်။ မေမေသည်လည်း ကင်ဆာရောဂါဖြင့်ပင်ဆုံးသွားခဲ့ပြီး သူမရဲ့ရောဂါအမွေကို ကျမကိုပါ ပေးခဲ့ပါသည်။ ကျမတွင် မေမေနှင့်တူတာဆိုလို့ ရောဂါရှိတာ တစ်ခုပင်ဖြစ်ပါသည်။ ကျန်သည့် အရာအားလုံးသည် အပါး ဖြင့်တူပါသည်။
အရပ်ရှည်တာ၊ မျက်ခုံးထူပြီးမျက်အိမ်ကျယ်တာ၊ နေထိုင် စားသောက်ပုံကအစ အပါးနှင့်ထပ်တူဖြစ်ပါသည်။
ကျမရောက်သွားသည့်အချိန်တွင် ဆရာဝန်ကြီးအခန်းထဲတွင် လူရှင်းနေပါသည်။ ဆရာဝန်ကြီးနဲ့ သူ့ရဲ့လက်ထောက်ဆရာဝန် နှစ်ယောက်တည်းသာရှိပါသည်။

“သမီးရေ နောက်လ အန်ကယ်နယ်ပြောင်းရမယ်… သမီးအတွက် အန်ကယ် ဒေါက်တာမိုးမြင့် နဲ့လွှဲခဲ့မယ်နော်…လိုအပ်တာတွေတော့ အန်ကယ်ဟိုကနေ ညွှန်ကြားပေးမှာပါ”

သူမ ပြုံးကာ ခေါင်းငြိမ့်ပြလိုက်သည်။ တစ်ပတ်စာအတွက် လိုအပ်သည့်ဆေးဝါးများကို ညွှန်ကြားကာပေးပြီးနောက် ဆရာဝန်ကြီးအား နှုတ်ဆက်ကာထွက်လာခဲ့သည်။ အချိန်နည်းနည်း ရသည့်အတွက် ဒဂုံစင်တာသို့ဝင်ကာ လိုအပ်တာလေးတွေဝယ်ဖို့စိတ်ကူးရလာသည့်အတွက် ၀င်ဖြစ်သွားသည်။ ခေါင်းစည်းကွင်းလေးတွေရောင်းသည့် ကောင်တာရှေ့တွင် သူမ နှစ်သက်သည့်ခေါင်းစည်းကွင်းလေးအား လက်ရွယ်လိုက်စဉ် သူမကဲ့သို့ ထိုခေါင်းစည်းကွင်းလေးကို လာကိုင်သည့် လက်နဲ့အမှတ်တမဲ့ ဆုံသွားခဲ့သည်။ သူမ မော့ကြည့်လိုက်တော့… ဘုရားသခင် ကိုပုံတူ… ဒီနေ့တော့ သူမနှင့် အ၀တ်အစားတူမနေခဲ့ပါ။ သူကစတင်ပြီး ပြောလာသည်မှာ

“ ခင်ဗျားပဲ ယူလိုက်ပါ”

ကျမ တကိုယ်လုံးပူနွေသွားလျက်ဖြင့် လျင်မြန်စွာခေါင်းကိုသွက်သွက် ငြိမ့်ပြလိုက်ပြီး ငွေရှင်းကာထိုနေရာမှ ထွက်ခွာလာခဲ့သည်။ ကျမရင်ဘတ်ရဲ့ဆန္ဒအရ ခပ်လှမ်းလှမ်းမှနေပြီး သူ့အားလိုက်လံကြည့်မိခဲ့ရသည်။ ထို့နောက် ဆိုင်ရှေ့တွင် ခေတ္တရပ်နေပြီး ကျမအား သူဖြင့်မှားယွင်းစွာနှုတ်ဆက်သည့်သည့် အမျိုးသမီးလေးဖြင့် ထွက်လာနေသည်ကို တွေ့ရသည်။ ကျမ သူတို့နောက်မှ တိတ်တဆိတ်လိုက်လာခဲ့မိသည်။
ကျမ အငှားကားတားတိုင်း ကျမရှေ့တွင်အမြဲလိုလိုရှိနေတက်သည့်  ဦးလေးကြီးသည်လည်း ကျမ ညွှန်ကြားသည့်အတိုင်း သူတို့ကားနောက်မှ လိုက်ပေးခဲ့သည်။ လက်ကိုင်ဖုန်းရောင်းသည့်ဆိုင်လေးထဲသို့ဝင်သွားတာကိုတွေ့ရသည်။ ထို့နောက်နှစ်ယောက်သားဆိုင်ထဲမှ ထွက်လာပြီး ကောင်မလေးအားကားပေါ်တင်ပေးကာ ထိုသူ ဆိုင်ထဲသို့ပြန်ဝင်သွားသည်။ ဒီလောက်ဆိုလုံလောက်ပါပြီ။ ဒီဆိုင်လေးသည် သူ၏ ဆိုင်လေးပင်ဖြစ်လိမ့်မည်။ အဘယ်ကြောင့်ဆိုသော် ထိုဆိုင်လေး၏ ကောင်တာတွင် ပုံတူ ၀င်ထိုင်နေသည်ကို တွေ့ရသည့်အတွက်ကြောင့်ပင်ဖြစ်ပါသည်။ လိပ်စာကိုမှတ်သားကာ အိမ်သို့ပြန်ခဲ့သည်။ ထိုနေ့မှ စပြီး ကျမ ထိုလိပ်စာလေးသို့ သူနဲ့ကျမ အတူရွေးမိသည့်ခေါင်းစည်းကွင်းလေးအားစတင်ပေးပို့ခြင်းဖြင့် တစ်ပတ်တစ်ကြိမ်ကျ ခေါင်းစည်းကွင်းလေးတွေ ပို့ပေးဖြစ်ခဲ့ပါသည်။ ပေးပို့သည့်လိပ်စာနေရာလေးတွင် ကျမစာကျက်ဖို့အတွက် အပါးဝယ်ပေးထားည့် မြို့ထဲအခန်းလေးရဲ့ လိပ်စာကို တပ်လိုက်ပါသည်။

ကျနော့်ဆီကိုတစ်ပတ်တစ်ခါ ရောက်လာသည့် ခေါင်းစည်းကွင်းလေးများသည် ကျနော့်ကို တစ်ကြိမ်တစ်ခါမှ မခံစားဖူးသည့် နူးညံ့ သည့်ခံစားချက်တစ်စုံတစ်ရာကိုပေးစွမ်းနိုင်ခဲ့ပါသည်။ ပထမဆုံး ကျနော့်ဆီရောက်လာသည့် ခေါင်းစည်းကွင်းလေးသည် ဒဂုံစင်တာတွင် ကျနော်နှင့်လိုက်ဖတ်မည်ထင်သည့် အနက်ရောင် ကွင်းလေးအား လက်ရွယ်လိုက်စဉ် မိန်းကလေးတစ်ယောက်နှင့်အကြိုက်တူသည့်အတွက် လက်လျော့လိုက်သည့် ခေါင်းစည်းကွင်းလေးပင်ဖြစ်ပါသည်။ စာအိတ်ပေါ်က နာမည်နေရာတွင်
သို့
    ပုံတူ
     -----------------
     -----------------
                                       မှ
                                           ခရမ်းပြာ
                                           --------------
ဟု တပ်ထားပါသည်။ ကျနော် သူမကို အလွန်အမင်းသိချင်ပါသည်။ ပို့သည့်နေရာမှ လူမနေသည့် အခန်းတစ်ခန်းလိပ်စာဖြစ်သည့်အတွက် သူမ မည်သူဆိုတာ စုံစမ်းဖို့အင်မတန်ခက်ခဲလှသည်။ ထို့ကြောင့် သူမကို စုံစမ်းသည့်အလုပ်ကို ကျနော်လက်လျော့လိုက်ပါသည်။ ခေါင်းစည်းကွင်းလေးတွေပို့သည့် ကောင်မလေးအကြောင်း ငယ့်ကိုပြောပြတော့ ငယ်က

“ရှုးကြောင်ကြောင် အမျိုးသမီးပဲဖြစ်မှာပေါ့ ကို တဲ့”

ကျနော် ငယ့်ကို ဘာတစ်ခုမှ ပြန်မပြောဖြစ်ပါ။ ငယ်နှင့်ကျနော်သည် ငယ်ငယ်ကတည်းက အိမ်နီးချင်းဖြစ်ပါသည်။ ငယ်သည် ကျနော့်ထက် သုံးနှစ်ခန့်ငယ်ပြီး ငယ်ငယ်ကတည်းက ယောက်ျားလေးအပေါင်းအသင်းဆိုလို့ ကျနော်တစ်ယောက်တည်းသာရှိခဲ့ပြီး ကြီးလာတော့ လူကြီးချင်းသဘောတူသည့်ကျနော်နှင့်ပင် တွဲဖြစ်ပါသည်။ လူကြီးတွေက လက်ထပ်ဖို့တိုက်တွန်းပင်မဲ့ အကြောင်းပြချက် မခိုင်လုံစွာဖြင့် ကျနော် အမြဲငြင်းဆိုခဲ့ပါသည်။ ငယ်သည်လည်း ကျနော့်စိတ်တိုင်းကျ လူကြီးတွေကို နားချပေးရှာပါသည်။  ခေါင်းစည်းကွင်း ကိစ္စတွင်မတော့ သူမ ကျနော့်ကို ပြင်းပြင်းထန်ထန်ကန့်ကွက်ပါသည်။ အမြဲလက်တွေ့ဆန်သည့် ကျနော့်ကို ဒီ ဘာမဟုတ်သည့် ခေါင်းစည်းကွင်းများကြောင့် ခေါင်းစားမခံဖို့နှင့် ခေါင်းစည်းကွင်းလေးများအား စွန့်ပြစ်ဖို့ ကျနော့်အားတောင်းဆိုခဲ့ပါသည်။ ကျနော်ငယ့်ကို ဘာမှမပြောတော့ပါ။ သူမ ပို့ပေးသည့် ခေါင်းစည်းကွင်းလေးများကိုတော့  နေ့တိုင်းသုံးဖြစ်ပါသည်။



ဒီနေ့မနက်စောစောထကာ ကျနော်လိုချင်သည့် ပုံစံမျိုးခြံလေး မင်္ဂလာဒုံဘက်တွင်သွားကြည့်မည်ဟု မေမေကိုပြောကာ ကျနော် ထွက်လာခဲ့ပါသည်။ ခြံလေးသည် တစ်ဧက ကျယ်ဝန်းပြီး ခြံထောင့်နေရာတွင် တိုက်ပုပုလေးတစ်လုံးရှိပါသည်။ ခြံရှင်သည် ကျနော်နှင့် သူငယ်ချင်းကို စည်းကြိုကာ၊ အဖွားလည်း အသက်အရွယ်အရ ဒီခြံလေးအားရောင်းချပြီး လှူဒါန်းကာ ရိပ်သာတွင် တရားအားထုတ်ဖို့ အချိန်ရောက်ပြီဖြစ်သည့်အတွက် ရောင်းရခြင်းဖြစ်ကြောင်းပြောပြပါသည်။ ကျနော်လည်း အဖွားပြောသည့် ဈေးနှုန်းအား သဘောတူကာ စာချုပ်စာတမ်းများပြင်ဆင်ပြီး နောက်တနေ့မနက်ပိုင်းတွင် ကျေးရွာရုံးရှိလူကြီးများရှေ့တွင် လက်မှတ်ထိုးကာ လွှဲပြောင်းယူလိုက်ပါသည်။ ခြံရှင်အဖွားအား ဒီခြံလေးတွင် အချိန်မရွေးလာရောက် နေထိုင်နိုင်ကြောင်း ပြောပြီး၊ ရိပ်သာမပြောင်းမချင်း နေထိုင်နိုင်ကြောင်းပြောခဲ့ပါသည်။ ခြံရှင်အဖွားသည် သူနှင့်ကပ်လျက်ခြံတွင် မိန်းကလေးတစ်ယောက်တည်းသစ်ပင် ပန်းပင်များစိုက်ပျိုးလျက် နေထိုင်သည့်အကြောင်း ပြောပြတော့ ကျနော်စိတ်ဝင်စားမှုမရှိခဲ့ပါ။ ထိုအကြောင်းအရာအား ကျနော်စိတ်ဝင်စားမှုမရှိသည့်အတွက် အဖွားရိပ်သာပြောင်းမည့်နေ့ ဖုန်းဆက်ရန်နှင့်အားလုံးကျနော် လိုက်ပြီးကူညီ ပေးမည်ဟုပြောကာ ကျနော့်လိပ်စာကတ်အားပေးခဲ့ကာ အိမ်သို့ ပြန်ခဲ့ပါသည်။

အိမ်သို့ပြန်ရောက်ရောက်ချင်း မေမေက ကျနော့်အား ဆီးကြိုလျက် စကားပြောဖို့ စာဖတ်ခန်းထဲသို့ခေါ်ခဲ့၏။

“သား  မေမေ မင်းကိုပြောစရာရှိတယ်”  ဟု စကားစလျက် မေမေသည် သူ့ပြောချင်သည့် အကြောင်းအရာကို စတင်ပါသည်။

“ ငယ် နဲ့လက်ထပ်ဖို့ကို ဘာကြောင့်ဒီလောက်အချိန်ဆွဲနေတာလဲ သား… ငယ်ခင်ဗျာ သားကို ချစ်လွန်းလို့ ဘာမှ မပြောရှာတာ…သူလည်းအရွယ်ရောက်ပြီ…မိန်းကလေးဆိုတာက ယောက်ျားလေးလိုမဟုတ်ဘူးသား … ပြီးတော့ သားနဲ့တစ်နေ့လက်ထပ်ရမှာပဲလေ…သားလည်းမငယ်တော့ဘူး…ခုလောက်အချိန်ဆွဲနေဖို့မလိုတော့ဘူးလို့ မေမေထင်တယ်”

မေမေသည် သူမပြောချင်သည့် စကားလုံးများကို တတွတ်တွတ်ပြောချသွားပါသည်။

“မေမေ ပြောတာမှန်ပါတယ် မေမေ သားလည်း မိန်းမယူမယ်ဆိုရင် ငယ့်ကိုပဲယူဖြစ်မှာပါ…ဒါပေမဲ့ သားလွှတ်လွှတ်လပ်လပ်နေချင်သေးတယ် သားခေါင်းထဲမှ အိမ်ထောင်ပြုဖို့ ခုချိန်ထိ မစဉ်းစားရသေးဘူးမေမေ…အဆင်သင့်လည်းမဖြစ်သေးဘူး…”

မေမေသည် သက်ပြင်းဖွဖွချပြီး ခေါင်းရမ်းနေပါသည်။ တစ်လက်စတည်း ကျနော် ခြံဝန်းလေး ၀ယ်ဖြစ်သွားသည့်အကြောင်း မေမေကို ပြောပြလိုက်ပါသည်။ ထိုခြံလေးအကြောင်း ငယ့်ကို အသိမပေးဖို့လည်းပြောလိုက်မိပါသည်။ အဘယ်ကြောင့်ဆိုသော် ထိုခြံလေးတွင် ကျနော်တစ်ယောက်တည်း အေးအေးဆေးဆေးလေးနေချင်ပါသည်။ ကျနော်လက်မထပ်ချင်သည့် အကြောင်းအရာအား မည်သူတစ်ဦးတစ်ယောက်ကိုမှ ရင်မဖွင့်ချင်ပါ။ ကျနော်ပြောပြခဲ့လျင်လည်း ငယ်သည် လက်ခံမည့်သူမဟုတ်ပါ။ ဘယ်သောအခါမှလည်း ထိုအကြောင်းအရာအား ပြောပြလိမ့်မည်မဟုတ်ပါ။

ညနေပိုင်းတွင် ခြံရှင်အဖွားမှ မနက်ဖန်တွင် ရိပ်သာသို့ပြောင်းမည့်အကြောင့် ကျနော့်အားဖုန်းဆက်ပါသည်။ မနက်ဖန် အဖွားကို ရိပ်သာပို့ဖို့အတွက် အိပ်ယာစောစောဝင်ဖြစ်သည်။ အိပ်ယာဘေးတွင် ခရမ်းပြာဆိုသည့် ကောင်မလေးပို့ထားသည့်ခေါင်းစည်းကွင်းလေးမျာကို ကြည့်ပြီး ကျနော်ပြုံးမိသွားသည်။ နှုတ်ဖျားမှလည်း

“မင်းဘယ်သူလဲ ကောင်မလေးရယ်”

မနက်မိုးလင်းတော့ စောစောထကာ မင်္ဂလာဒုံမြို့နယ်ထဲတွင်ရှိသည့် ကျနော်ဝယ်ထားသည့် ခြံလေးထဲသို့ရောက်တော့ အဖွားက အားလုံးအဆင်သင့်ဖြစ်နေပြီးဖြစ်သည်။ ကျနော်အဖွားကို ရိပ်သာပို့ပေးပြီး လိုအပ်တာရှိသည်ဖြစ်ဖြစ်၊ တစ်ခုခုခိုင်းစရာရှိသည်ဖြစ်လျှင်ဖြစ်ဖြစ် ကျနော့်အား သားတစ်ယောက်လို သဘောထားပြီး အချိန်မရွေးခေါ်ဖို့ပြောတော့ အဖွားက သာဓု ခေါ်ပြီး စုတွေပေးပါသည်။ ထိုနေ့က ခြံကလေးထဲသို့ ပြန်လာပြီး သန့်ရှင်းရေးလုပ်ကာ ကျနော်အတွက် လိုအပ်သည့်ပစ္စည်းတွေကို စာရင်းလုပ်ပြီး ပတ်ဝန်းကျင်ကို လေ့လာမိသည်။ အဖွားပြောပြသည့် ကောင်မလေးတစ်ယောက်တည်းနေသည့် ခြံဝန်းသည် ကျနော့်ခြံကဲ့သို့ တစ်ဧက နီးပါးကျယ်ဝန်းပြီး၊ ဈေးတွင်ရောင်းသည့် ပန်းမျိုးစုံကို စနစ်တစ်ကျစိုက်ပျိုးထားပါသည်။ သူမ စိုက်ပျိုးထားသည်မှာ စနစ်ကျလှသည်။ ခြံထောင့်တွင်လည်း သီးပင်စားပင်များမှာ အဆင်သင့်ခူးစားရုံပင်။ ခြံထဲတွင် လူအရိပ်အယောင်မျှ ပင်မတွေ့ရပေ။ ကျနော့်ခြံလေးနဲ့ သူမခြံကို ကူးဖို့အတွက် လူတစ်ယောက်ဝင်စာ တံခါးလေးတစ်ချပ်တော့ရှိသည်။ ဟိုဘက်ဒီဘက်အလွယ်တကူသွားလာနိုင်သည်။ ထိုတံခါးလေးမှ ကျနော်အလွယ်တကူသွားလိုက်ပြီး ပျဉ်ထောင်အိမ်လေးရှေ့တွင်ရပ်ကာ အသံပေးလိုက်သည်။ တုံ့ပြန်သံလုံးဝမကြားရပေ။ အိမ်တံခါးကတော့ ဖွင့်လျက်ရှိနေသည်။ ကျနော်အသံပေးကာ အိမ်ပေါ်သို့လှမ်းတက်လိုက်မိသည်။ ဖွင့်နေသည့် အခန်းတံခါးဝကို အပြင်မှ ခေါင်းဝင်ကြည့်လိုက်တော့ ကျနော် မျက်လုံးပြူးသွားရသည်။ ကြမ်းပြင်ပေါ်တွင် သွေးစတစ်ချို့ဖြင့် မိန်းကလေးတစ်ယောက်။ ပြန့်ကျဲနေသည့် ခေါင်းစည်းကွင်းများ။ သွေးစွန်းနေသည့် စာအိတ်ဖြူဖြူလေးပေါ်တွင်

သို့
    ကိုပုံတူ
     -----------------
     -----------------
                                       မှ
                                           ခရမ်းပြာ
                                           --------------
ကျနော် မျက်လုံးတွေ ပြာဝေသွားပြီး သူမကို ပွေ့ထူကာ ဖုန်းနံပါတ်တစ်ခုကို နှိပ်လိုက်မိသည်။ ကျနော်သူမကို ပွေ့ယူပြီး အိမ်ရှေ့ကိုရောက်တော့ တက္ကစီတစ်စင်းအဆင့်သင့်တွေ့ရဖြင့် ထိုကားပေါ်သို့ပြင်တင်ကာ မောင်းခိုင်းလိုက်သည်။ အဖိုးအိုသည် ဆေးခန်းကြီးတစ်ခုသို့မောင်းသွားကာ သွက်လပ်စွာ လှုပ်ရှားပြီး သူမအား ဆေးရုံအခန်းတစ်ခု ပြင်ဆင်ပြီးဖြစ်သွားသည်။ လာကြည့်သည့် ဆရာဝန်ကြီးသည် ကျနော်ပြနေကျ ဆရာဝန်ကြီးပင်ဖြစ်သည်။

“မောင်မိုးမြင့်က ခရမ်းပြာနဲ့သိနေတာလား” ဟုပြုံးပြီးမေးပါသည်။ ကျနော် ဘာတစ်ခုမှ ပြန်မဖြေလိုက်ပါ။
“ခရမ်းက ခေါင်းမာတယ်…အန်ကယ်သူ့ကို ဆေးရုံမှာနေခိုင်းတာ ဘယ်လိုမှ ပြောမရဘူး…ဆေးရုံမှာ အချိန်ပြည့်နေရင်တောင် သူ့အတွက် အချိန်က သိပ်မကျန်တော့ဘူး…ပြောမရလို့ ဒီတိုင်းပဲကြည့်နေလိုက်တာ” ဟု ဆရာဝန်ကြီးက ပြောပါသည်။

“သူက ဘာရောဂါလည်း ဒေါက်တာ” ကျနော် စိတ်လှုပ်ရှားစွာမေးလိုက်တော့
“သွေးကင်ဆာ သူအမေ လည်းဒီရောဂါနဲ့ပဲလေ အရမ်းသနားစရာကောင်းတယ်… သူ့အမေဆုံးတော့ သူ့အဖေက မြန်မာပြည်မှာမရှိဘူး… သူ့အဖေကို အကြောင်းကြားလို့ရောက်လာတယ် … ကားအက်စီးဒင့်ကြောင့် မြန်မာပြည်ကို ပြန်ရောက်ရောက်ချင်းပဲ ဆုံးသွားတယ် ”
“တကယ်ကို ကံမကောင်းရှာတဲ့ ကလေးမလေးပါ” ဆရာဝန်ကြီးရဲ့ပြောပြချက်ကြောင့် ကျနော့်ဦးခေါင်းတစ်ခုလုံး ပေါက်ကွဲထွက်သွားမတက် နင့်နင့်သီးသီး ခံစားလိုက်ရတယ်။ ကျနော်သူမကို စသိတာ ခေါင်းစည်းကွင်းနဲ့စာအိတ်လေး… ဒီနေ့မှ နှစ်ဆယ်ရက်မြောက်ပဲရှိသေးတယ် ကောင်မလေးရယ် …
“ မောင်မိုးမြင့်ခေါင်းကရော အခြေအနေဘယ်လိုလဲ”
“ခုတစ်လောတော့ ကောင်းပါတယ် ဒေါက်တာ” ဆရာဝန်ကြီး ညှိုးနွမ်းစွာထွက်ခွာသွားသည့်နောက်… အခန်းဝတွင် ကားမောင်းသည့် ဦးလေးကိုတွေ့ရသည်။ လက်ထဲတွင် စာအုပ်တစ်အုပ်ကိုင်လျက်ဖြင့်…
“ကားပေါ်မှာ ကျကျန်ခဲ့တာ… ခရမ်းပြာ စာအုပ်ဖြစ်မယ်” ဟုဆိုကာ ကျနော့်ကို ကမ်းသည့်အတွက် အသာလှမ်းယူလိုက်သည်။

ပထမ စာမျက်နှာကို ဖွင့်လိုက်မိသည်။

ကျမရဲ့ စိတ်လှုပ်ရှားဖွယ် ဘ၀စာမျက်နှာအစ
………………………………………………………
မထင်မှတ်ဘဲ ချောမောလှပသည့် မိန်းကလေးတစ်ယောက်ရဲ့ မှားယွင်းစွာ နှုတ်ဆက်မှုကြောင့် … ကျမရင်ထဲက တိုးတိတ်စွာခေါ်မိသည့် … ပုံတူ နဲ့စတင်တွေ့ဆုံရတယ်။ ကျမခန္ဓာကိုယ်တစ်ခုလုံး လေထဲမှ လွှင့်မျောသွားသလိုခံစားရတယ်။ ဒီလိုခံစားမှု့ဟာ ကျမ ဘ၀ရဲ့ပထမဆုံးအတွေ့အကြုံတစ်ခုပါပဲ။ ကျမ နှုတ်ခမ်းတစ်စုံဟာ အလိုလိုချိုမြသွားတယ်လို့ ခံစားရတယ်။
ပါးပါးကို သတိရလိုက်တာ … ( ရိုင်းရိုင်း … စိတ်ခံစားချက်ကို ဘယ်တော့မှ မြိုသိပ်မထားနဲ့ … စိတ်ထဲမှာရှိသမျှ နှုတ်ကနေ အကုန်ဖွင့်ဟပစ်လိုက် ) ပါးပါး ရဲ့စကားသံတွေ ကြားယောင်နေမိတယ်။
***ကျမ ရှင့်ကို အရမ်းသဘောကျတယ် ပုံတူ***
………………………………………………………..
ဒီနေ့မဖြစ်မနေ ဆေးခန်းသွားရမယ် … မနေ့က ပျက်ကွက်မှု့ကြောင့်ပေါ့ J
ရှင့်ဆံပင်တွေက ကျမဆံပင်နဲ့ တူတူ ပခုံးသာသာဆိုတော့ ခေါင်းစည်းကွင်းလေးတွေ ၀ယ်မယ် J
…………………………………………………………
ဆေးခန်းက ပြန်တော့ ဒဂုံစင်တာမှာ ပုံတူ နဲ့ဆုံတယ် J
ပုံတူ နဲ့ကျမ အကြိုက်ချင်းလည်းတူနေပြန်ပါပြီ J
အစိမ်းရင့်ရင့် ခေါင်းစည်းကွင်းလေးကို တူတူ ကိုင်မိသွားတယ် J
သူ့လက်က နောက်ကိုဆုပ်ပြီး ကျမ ယူဖို့ပြောတော့ ကျမ ဆုံးဖြတ်လိုက်တယ် သူ့ကိုပေးဖို့ပေါ့ J
ပုံတူတို့ကားလေးနောက်ကနေ လိုက်ကြည့်မိသွားတယ် J
ပုံတူရဲ့ဆိုင်လိပ်စာလေးကို သိလိုက်ရပြီ ခေါင်းစည်းကွင်းလေးပို့လိုက်တယ် J
အဲဒီနေ့က ကျမအတွက် ပျော်ရွှင်စရာနေ့လေးပေါ့ J J J
……………………………………………………………

ဒီနေ့ ကျမသူ့ကိုပို့ဖို့အတွက် စာအိတ်မှာလိပ်စာတပ်လိုက်တယ် L
ကျမ ခေါင်းတွေမထူချင်လောက်အောင် လေးလံလာတယ် L
ကျမ နှာခေါင်းကနေ သွေးစက်တစ်ချို့ စာအုပ်ဖြူဖြူလေးပေါ် စွန်းထင်းကုန်ပါပြီ L
ကျမ***********

ကျနော် အခန်းထဲကို ပြန်ဝင်လိုက်တယ်… သူမ မလှုပ်မယှက် … မျက်နှာတစ်ပြင်လုံး ဖြူလွှလွှ သွေးရောင်ပါးပါးပင် မတွေ့ရ…
ကျနော် အသာပွေ့ထူလိုက်မိတယ်… သူမ နှုတ်ခမ်း နှစ်လွှာပြုံးနေတာကို တွေ့လိုက်ရတယ် … ပြီးတော့ ငြိမ်သက်သွားတယ်…
 လူတစ်ယောက်ရဲ့ပွေ့ယူခြင်းကို ခံစားလိုက်ရတယ်…ကျမအရမ်းပျော်တယ် … ကျမကိုပွေ့ယူလိုက်သည့်လူက
ကျမ ရဲ့ပုံတူဖြစ်နေလို့ပေါ့…
ကောင်မလေးရေ … မင်းဘယ်သူဆိုတာကို သိတဲ့အချိန်ဟာ… မင်းငါ့ကို စွန့်ခွာသွားတဲ့နေ့ပဲနော်…
ကျနော်လည်း မင်းနောက်ကို မကြာခင် လိုက်လာခဲ့မှာပါ ကောင်မလေးရယ်…


ချိုခ





တစ်ခုသော ခရစ်စမတ်ည

ဒီဇင်ဘာ နှစ်ဆယ့်ငါးရက်နေ့ည… ခေါင်းတစ်ခုလုံးကိုက်ခဲနေသည့်အတွက် နေ့ခင်းဘက်က ရေးထားသည့် အခရိုင်းလစ်ပန်းချီကားသည်လည်း တစ်ပိုင်းတစ်စ၊ စုတ်တံများသည်လည်း မညီမညာပြန့်ကျဲလျက်၊ မှန်ချပ်ပေါ်မှ တင်ထားသည့် ဆေးများသည်လည်း ခြောက်သွေ့စပြုနေပြီ… နေ့လည်က အာထူး ပို့ထားသည့် ၀ိုင်ပုလင်းခွံနဲ့ ဖန်ခွက်ကလည်း လဲပြိုလျက်… ရှိနေသည်။

ပွယောင်းယောင်းဆံနွယ်များကို လက်နဲ့သပ်တင်လိုက်ပြီး ၀ရံတာသို့ထွက်ရပ်လိုက်တော့… ကျနော့် တစ်ကိုယ်လုံးကျင်ခနဲ့ဖြစ်သွားပြီး အခန်းတွင်းသို့ ပြန်လှည့်ဖြစ်ခဲ့သည်။ ဂွမ်းကပ်ပါးပါးတစ်ထည်ကို ခင်းလိုက်ပြီး...ထိုပေါ်တွင် လှဲချလိုက်ကာကိုယ်ကို လိမ့်လိုက်တော့ ကျနော့်တစ်ကိုယ်လုံး ဂွမ်းကပ်စောင်က ပတ်လျက်သားဖြစ်သွားပြီး မျက်လုံးများက ချက်ခြင်းပိတ်သွားခဲ့တယ်။

“အကို ဒီနေ့ဖိုးမူ” ကို အိမ်ခေါ်သွားမယ်။ အပါးရဲ့ ညီမက ကျနော်ကို အိမ်ခေါ်မည်ဆိုသောကြောင့် အပါးရဲ့ ခွင့်ပြုချက်ကို မျှော်လင့်တကြီးစောင့်နေမိ၏။
“ခေါ်သွားပြီး ဘယ်နေ့ပြန်ပို့မှာလဲ အယ်တို”
“ မနက်ဖန်ညနေ သိမ်းပြီးရင် စောထူး ကိုပြန်ပို့ခိုင်းလိုက်မယ်”
ခရစ်စမက်နေ့ဆိုနှစ်တိုင်း လာခေါ်နေကြ အပါးရဲ့ညီမသည် ဒီနှစ်လည်း ကျနော့်ကိုလာခေါ်ခြင်းဖြစ်သည်။

“ဒီနှစ်ဖိုးမူက တစ်ယောက်တည်းမဟုတ်ဘူး အယ်တိုရ…..သူ့ရဲ့ မိညိုလေးပါ ပါမှာ…သူဘယ်သွားသွား မိညိုလိုက်နေကြ”
တီတီ အယ်တို က ဖိုးမူနားတွင် ထိုင်နေသည့် မိညိုလေးကို ကြည့်ကာ ခေါင်းငြိမ့်ပြလိုက်သည်။ တီတီ အယ်တို တို့ရွာနဲ့ ကျနော်တို့ရွာသည် မိနစ်သုံးဆယ် လမ်းလျှောက်ရသည်။ မိုးတွင်းဆိုရင်တော့ လှေဖြင့်သွားနိုင်ပြီး နွေဘက်ဆိုရင် ခြေလျင်မှ လွဲပြီး တခြား သွားစရာမရှိပါ။ ကားလမ်းမရှိ၊ စက်ဘီးပင်စီးလို့မရသည့် တောရွာလေးဖြစ်သည်။

တီတီအယ်တိုတို့အိမ်တွင် ရန်ကုန်မှာရောက်လာသည့် မျက်မမြင်တီးဝိုင်းသမားများ၊ သင်းအုပ်ဆရာများနှင့် ဖိတ်ထားသည့်ဧည့်သည်များဖြင့် ပြည့်ကြပ်နေသည်။ ကျနော်နဲ့ ရွယ်တူဖြစ်သည့် မူ့မူ့ဆေး ဖြင့် ထားခဲ့ပြီး ခရစ်စမတ်ည အစီအစဉ်များအတွက် စားစရာများ ပြင်ဆင်နေသည်။ မိညိုလေးနဲ့ကျနော်အားကြည့်လျှက် မူ့မူ့ဆေးသည် ကျနော်တို့နဲ့ဝေးဝေးတွင်ရပ်နေ၏။“မိညိုက လိမ္မာပါတယ် မကိုက်တက်ဘူး” လာကိုင်ကြည့်ပါ့လား။ သူမ နောက်သို့ဆုတ်သွားပြီး ခပ်ဝေးဝေးသို့ရှောက်ထွက်သွားသည်။

ကျနော်လည်း မိညိုလေးနဲ့အတူ ချောင်းစပ်မှ ဓနိတောလေးတွင် ထိုင်ကာ ဘုရားကျောင်းထဲသို့ ၀င်ထွက်သွားလာနေသည့် အပါးဆွေမျိုးတွေကို ငေးကြည့်မိသွားသည်။ နှစ်စဉ် နှစ်တိုင်း ခရစ်စမက်ဆိုရင် ကျနော်အလွန်ပျော်ပါသည်။ အပါး ညီမတွေ တူတွေနဲ့အတူ ဘုရားကျောင်းဝန်းကျင်မှာရှိသည့် မာလကာခြံထဲမှ အူနီသီးများကိုခူးယူစား၊ ချောင်းကမ်းဘေးရှိ ဓနိတော့မှ ဓနိသီးများကို ခွဲစားကာ ပျော်ရွှင်ခဲ့ရသည်။ ဒီနှစ်တော့ အပါးအမျိုးတွေသည် မိညိုလေးကြောင့် ကျနော့်နားသို့ မည်သူမှ မကပ်ပါ။ ညက မှောင်စပြုလာတော့ ရန်ကုန်မှ လာရောက်သည့် မျက်မမြင်တီးဝိုင်းမှာလည်း စတင်တီးခတ်နေပြီ။

တီတီအယ်တိုက ကျနော့်အား လာခေါ်တော့ ကျနော် ခေါင်းရမ်းပြလိုက်ပြီး မိညိုလေးအားပွေ့ဖတ်ထားလိုက်မိသည်။ မိညိုသည် ကျနော့်ပါးလေးအား လျှာဖြင့်လျှက်ပြီး ပြုံးပြပါသည်။ ခဏနေတော့ တီတီအယ်တို မှ ခုံဝိုင်းလေးတစ်ခုပေါ်တွင် စားစရာအပြည့်ဖြင့် ကျနော်နဲ့မိညိုအား ပြင်ဆင်ပေးပါသည်။ စားပြီးသည့်နောက် မိညို သည့် ကျနော့် ဘောင်းဘီအနားစလေးအား နှုတ်သီးဖြင့်ဆွဲကာ ကျနော်တို့ ရွာဘက်ပြန်ဖို့ ဦးတည်နေသည်။ တီတီအယ်တိုကို ပြောရင်တော့ ခွင့်ပြုမည်မဟုတ်ပါ။

ဧည့်သည်များနှင့်အလုပ်ရှုပ်နေသည့်က တစ်ကြောင်း၊ ည ဆယ့်တစ်နာရီ ရှိပီဖြစ်သည့်အတွက်က တစ်ကြောင်း ထို့ကြောင့် မိညိုနဲ့ကျနော် ရွာသို့ ပြန်ခဲ့သည့်။ မိညိုသည် ရှေ့မှ ပြေးလိုက်၊ ကျနော့်ဆီ ပြန်လာလိုက် စောင့်ခေါ်လိုက်ဖြင့် မိနစ်သုံးဆယ် ခရီးသည် တစ်နာရီကြာသွားသည်။

ခရစ်စမက်ညဖြစ်သည့်အတွက် ကျနော့်တစ်ကိုယ်လုံး ရွှဲရွှဲစိုနေပါသည်။ မိညိုလည်း ထိုနည်းအတိုင်းပင်ဖြစ်ပါသည်။ ကျနော်တို့ ရွာကိုရောက်တော့ ရွာလမ်းအတိုင်းမ၀င်ဘဲ၊ ကျနော်တို့အိမ်နောက်ဘက် နွားတင်းကုပ်မှ ၀င်လာခဲ့သည်။ ကျနော့်အိမ်သည် မီးအလင်းရောင်ပျောက်နေသည့်အတွက် လူကြီးတွေအားလုံး အိပ်မောကြနေပီဆိုတာ သိရပြီးနောက် နောက်ဖေး နွားတင်းကုပ်ဘေးရှိ ကောက်ရိုးပုံတွင် လှိုဏ်ဂူလေးလုပ်ပြီး ၀င်ကွေးလိုက်သည်။ မိညိုလည်း ကျနော့်ခြေရင်း မေးတင်ပြီး အိပ်မောကျလျက်။

နံနက်လေးနာရီ ခွဲလောက် ကျနော်နိုးတော့ မိညိုလေးကလည်း လှုပ်လှုပ်ရှားရှား အဆင်သင့် ကျနော့်ကို စောင့်လို့။ ကျနော်က ခြေဗလာနဲ့လယ်ကွင်းတစ်ပတ်ပြေးတော့ မိညိုလေးက ကျနော်နဲ့ထပ်ကြပ်မကွာ။ တစ်နေရာရောက်တော့ အသံတစ်ခုကြောင့်ကျနော် နောက်ဆုတ်မိတယ်။ မိညိုလေးက ကျနော့်ကို ကာကွယ်ဖို့ ကျနော့်ရှေ့ကနေ ကာပြီး တ၀ုတ် ၀ုတ်ထိုးဟောင်တယ်။

ကျနော် ကြက်သေသေသွားတဲ့ တစ်ခဏမှာပဲ မိညိုလေး လဲကျသွားခဲ့တယ်။ မိညိုလေး လည်ပင်းတွင် အစွယ်ရာလေး နှစ်ပေါက် သွေးစို့နေခဲ့ပါတယ်။ ကျနော့် ခြေဖ၀ါးမှာ ရိုးပြတ်တွေကို မီးရှို့ထားတဲ့ ပြာမှုန်တွေနဲ့ နှင်းတွေ၊ မိညိုကိုယ်လုံးမှာလဲ ရိုးပြတ်ပြာတွေနဲ့…  မိညိုလေးကို ပွေ့ဖတ်ပြီး ကျနော် ငိုနေခဲ့တာ ဘယ်လောက်ကြာနေခဲ့ပြီလဲ..!!

မျက်ရည်စတွေနဲ့ ကျနော့် မျက်လုံး အစုံကို ပိတ်အချ.... နားထဲတိုးဝင်လာသည့် ဖုန်းမြည်သံတစ်ခုကြောင့် ပိတ်ထားတဲ့ မျက်လုံးနှစ်ဖတ်ကို အားယူဖွင့်လိုက်တော့ ကျနော့် လက်အစုံထဲမှာ ဘယ်အရာမှ ရှိမနေခဲ့..။

“မိညိုလေးရေ....” ဆိုတဲ့ အက်ကွဲကွဲ ကျနော့် အသံကို ကိုယ်တိုင်သတိထားမိချိန်မှာပဲ။ ကျနော်.......!!!!!

ပြန်မမက်ချင်တော့တဲ့ အတိတ်ရဲ့အိမ်မက်တစ်ခုက ခုချိန်ထိ ကျနော့်ကို တိုးတိတ်တိတ် ခြောက်လှန့်လို့နေဆဲပေါ့..။

ချိုခ

Monday, September 19, 2011

လူပျိုကြီးတစ်ယောက်ရဲ့ ဖွင့်ဟ၀န်ခံချက်

ကျနော်အလုပ်လုပ်သည့် ကုမ္ပဏီသည် လူငါးယောက်အချိုးကျ ရှယ်ယာများဖြင့်စုပေါင်းကာ ဖွဲ့စည်းထားခြင်းဖြစ်သည်။
သုံးယောက်မှာ အိမ်ထောင်သည်များဖြစ်ပြီး ကျန်နှစ်ယောက်မှာ လူပျိုလူလွတ် များဖြစ်ကြသည်။ လူပျို နှစ်ယောက်ထဲမှ တစ်ယောက်သည် နှစ်ဆယ့်ကိုးနှစ်ဖြစ်ပြီး ကျန်လူပျိုတစ်ယောက်မှာ အသက်ငါးဆယ့်တစ်နှစ်ခန့်ရှိသည့် လူပျိုကြီးဖြစ်ပါသည်။

လူပျိုကြီးရဲ့နာမည်မှာ ဦးအောင်သိန်း ဖြစ်ပြီး ၀န်ထမ်းများအားလုံးက သူ့ကိုလေးလေးသိန်းဟုခေါ်ကြသည်။ သူ့၏ပုံသဏ္ဍာန်မှာ အမြဲတမ်းသေသပ်၊ သန့်ရှင်းပြီး ရုံးသို့လာတိုင်း ထမင်းချိုင့်အကြီးကြီး တစ်ချိုင့်အမြဲပါလာတတ်ပြီး၊ ၀န်ထမ်းများထမင်းစားချိန်တွင် သူချက်ထားသည့် လက်ရာများကို တစ်နေ့တစ်မျိုးမရိုးနိုင်အောင် ကျွေးသည့်အတွက် ရုံးမှ ၀န်ထမ်းများအားလုံး သူ့ကိုချစ်ခင်ကြသည်။

ကျနော့်အတွက် လေးလေးသိန်းသည် အထူးအဆန်းသဖွယ်ဖြစ်နေပါသည်။ ရုပ်ရည်ချောမောခန့်ညား၊ ငွေကြေးကလည်းပြည့်စုံ၊ ပညာရေးတွင်လည်း B.Com CPA တစ်ယောက်ဖြစ်ပြီး စိတ်သဘောထား အလွန်ကောင်းသည့် လေးလေးသိန်း ဘာကြောင့် လူပျိုကြီးဖြစ်နေရလဲ ကျနော်အလွန်အမင်း သိချင်နေပါသည်။ ထိုရုံးတွင် အလုပ်လုပ်သည့် လူအားလုံးထဲတွင် ကျနော်သည် နောက်အကျဆုံးဖြစ်သည့်အတွက် လေးလေးသိန်းအား မေးမြန်းဖို့ တော်တော် အောင့်အီးထားရပါသည်။

ကျနော် လေးလေးသိန်းအား မေးမြန်းဖို့အခွင့်အရေးတစ်ခု ရရှိလာပါသည်။ ကုမ္ပဏီလက်ကမ်းကြော်ငြာအတွက် ကျနော့်အား သူလိုချင်သည့် ဒီဇိုင်းတစ်ခုလုပ်ပေးဖို့အတွက် ကျနော့်အခန်းတွင်းသို့ရောက်ရှိ
လာပါသည်။ ပြုံးချိုစွာဝင်လာသည့် သူ့အား ကျနော်လည်း အပြုံးဖြင့်ဆီးကြိုကာ၊ သူလိုချင်သည့် ပုံစံအား ပုံကြမ်းလေးရေးပြလိုက်တော့ သဘောကျကာ ကျနော့်အား ဒီပုံစံလေးဘဲ လုပ်ပေးပါဟုပြောပါသည်။ ထို့နောက် ကျနော့်ရဲ့ ပုံကြမ်းလေးနဲ့ ပတ်သက်ပြီး စကားစရင်းဖြင့် စကားများအပြန်အလှန်ပြောဆိုဖြစ်တော့ ကျနော် သိချင်နေသည့် အကြောင်းအရာလေးအား စကားစဖြစ်သွားခဲ့သည်။

“လေးလေးက ရုပ်ရည်လဲချောတယ်၊ ဥစ္စာပစ္စည်းလည်းပြည့်စုံတယ်၊ ပညာကလည်းတတ်တယ် ဘာဖြစ်လို့လူပျိုကြီးလုပ်တာလဲ !!!”

ဟု ကျနော် စကားစလိုက်တော့ ကျနော့်အား မျက်လုံးပြူးကြည့်တော့ ကျနော် နည်းနည်းရှိန်သွားပြီး မမေးသင့်သည့် စကားကို မေးလိုက်မိပြီဟု နောင်တရမိပါသည်။ ကျနော် နောင်တ မကြာမြင့်လိုက်ပါ...လေးလေးသိန်းထံမှ အသံထွက်လာပါသည်။

“ကျုပ်အသက် အခု ငါးဆယ့်တစ်နှစ်...လွတ်လပ်လိုက်တာမှ ပြောမနေပါနဲ့အေ...သွားချင်ရာသွား...နောက်ကြောင်းလှည့်ကြည့်စရာ
မလိုဘူး”
“နေပါဦး ညည်းကို ကျုပ်မေးပါရစေ...ယောက်ျားတစ်ယောက် မိန်းမတစ်ယောက်ကို ဘာအတွက်ယူတာလဲ” ဟု ကျနော့်ကို မေးခွန်းပြန်ထုတ်လာပါသည်။ ကျနော်လည်း ကျနော် သိသလောက် ပြောရပါတော့သည်။

” အိမ်မှုကိစ္စလုပ်ဖို့၊ ချက်ပြုတ်၊ လျော်ဖွပ်ဖို့၊ နေမကောင်းဖြစ်သည့်အခါ ပြုစုဖို့၊ လေးလေးသိန်းရဲ့ ရင်သွေးလေးတွေ မွေးပေးဖို့ ...ဒါတွေအတွက် လိုအပ်တာပေါ့ လေးလေးရဲ့” ဟု ပြန်ဖြေမိပါသည်။

“အံမယ် ညည်းက ဒါတွေဘဲ သိတာလေ...ကျုပ်မေးမယ်နော် ညည်းကို”
“ဟုတ်မေးလို့ရပါတယ်”
”ကျုပ်နေ့တိုင်း ရုံးကိုလာတာ ... ထမင်းဆိုင်က ဘယ်တုန်းက ၀ယ်စားဖူးလဲ ... ကျုပ်ချက်တာတွေ ညည်းတို့လည်းစားနေတာဘဲ ... အရသာမရှိတဲ့ဟင်း ပါဖူးလား”
“ဟင့်အင်း” ကျနော် ခေါင်းခါပြမိတော့ နောက်တစ်ခွန်းထပ်မေးလာပါသည်။
“ကျုပ်ပုံစံ ညစ်ညစ်ပတ်ပတ် ဘယ်နှစ်ခါတွေ့ဖူးလဲ ... အိမ်ထောင်သည် တစ်ယောက်နဲ့ယှဉ်ရင်တောင် ကျုပ်အ၀တ်တွေက ပိုပြီး ကျော့ကော့နေတယ်.. မဟုတ်ဘူးလား”
“အင်း” ကျနော်ခေါင်း ညိမ့်မိပြန်တယ်။
“ကျုပ် ပုံစံကို ကြည့်တာနဲ့ ကျုပ်အိမ်မှာ ဘယ်လောက်သန့်ရှင်းသပ်ရပ်တယ်ဆို
တာ ညည်းသိတယ်မဟုတ်လား”
“ဟုတ်” ကျနော် ခေါင်းငြိမ့်မိပြန်တယ်။

“ ညည်းပြောတဲ့ ကျုပ်ရင်သွေးမွေးပေးဖို့ဆိုတာတော့ ... ကျုပ်က ကလေးတော့ချစ်ပါတယ်...ကြာရှည်သည်းမခံနိုင်ဘူး...မြင်ရင် ခဏတော့ချစ်လိုက်မယ်အေ ... ကလေးငိုသံဆို လုံးဝကို နားမခံနိုင်ဘူး...ကလေးတစ်ယောက်ကြီးအောင် ပြုစုဖို့ လွယ်တာမဟုတ်ဘူး။ ...မိန်းမတစ်ယောက်ရဲ့တာဝန်၊ ကလေးတစ်ယောက်ရဲ့တာဝန်ဆိုတာ ဘယ်လောက်ကြီးလဲဆိုတာ ညည်းနားလည်လို့လား ... သူများ သားသမီးကို ယူပြီးသွားရင် ပြည့်စုံအောင်ထားနိုင်ဖို့လိုလာပြီ ... ကျုပ်ကပြည့်စုံအောင် ထားတယ်ဘဲထား ... ဒါနဲ့မပြီးဘူး ... သူလိုချင်တာမှန်သမျှ ဖြည့်ဆည်းပေးနိုင်ဦးမှ ...ပြီးရင် ကျုပ်လွတ်လွတ်လပ်လပ်နေတဲ့အခါ အနားမှာလာပြီး ကျုပ်စိတ်မ၀င်စားသည့် သူတို့နဲ့ပတ်သက်သည့် အကြောင်းအရာတွေလာပြောမယ် ... နားမထောင်ပြန်ရင် ... စိတ်ကောက် ရန်လုပ်မယ်...ကျုပ်စိတ်ကြိုက် ကိုယ်ပိုင်အချိန်ဆိုတာ ရှိလာမှာမဟုတ်ပါဘူးအေ”

“ဟုတ်တယ်နော်” ကျနော့်နှုတ်မှ ထောက်ခံမိသွားတယ်။ ထို့နောက် ဆက်ပြောပြန်သေးသည်။

” ကျုပ်သူတစ်ပါးပြုစုရလောက်အောင် နေမကောင်း မဖြစ်သေးဘူး ...ခေါင်းကိုက်တာ၊ ရာသီဥတုကြောင့်ဖျားတာ ဒီလောက်လေးဘဲဖြစ်ဖူးသေးတယ် ... အသက်ကြီးလာလို့ဖြစ်လာပြီထားပါအေ ... လူ့သက်တမ်း ခြောက်ဆယ် သက်မှတ်လိုက်ပြီ ဆိုပါစို့ ... ကျုပ်အခု ငါးဆယ့်တစ်နှစ် ... ငါးဆယ့်ငါး နှစ်ထိတော့ ကျန်းကျန်းမာမာနေနိုင်မယ်လို့ ထင်တယ်အေ ... ဒီကြားထဲ တစ်ခုခု ဖြစ်တယ်ပေါ့ ... ဝေဒနာခံစားရ ... နာ့စ်ငှားမယ် ... အိပ်ယာထဲလဲနေသည့်အချိန် အထီးကျန်တယ်ဘဲထား ... အလွန်ဆုံး ငါးနှစ်ပေါ့ ... သေမှာ သေချာတယ် ... ငါးဆယ့်ငါးနှစ်ကို ကျုပ်စိတ်ကြိုက် လွတ်လွတ်လပ်လပ်နေမယ် ... ကျန်တဲ့ငါးနှစ်ဘဲ အထီးကျန်ခံမယ် ... မိန်းမယူမယ်ဆိုရင် အသက် နှစ်ဆယ့်ငါးမှာ ယူမယ်ထားပါအေ ... နှစ်ဆယ့်ငါးနှစ်လုံး မိန်းမနဲ့ ကလေးဒုက္ခတွေခံရမယ် ... သေခါနီး ငါးနှစ် အထီးမကျန်ဘူးဆိုတော့ ... လူပျိုကြီးအဖြစ် ငါးဆယ့်ငါးနှစ်လုံး ပျော်ပျော်ရွှင်ရွှင်ဖြတ်သန်းမယ် ... ဒါကျုပ်ခံယူချက်ပါအေ” ဟုဆိုတာ ကျနော့်စားပွဲမှ ထွက်သွားခဲ့သည်။
လေးလေးသိန်းရဲ့နောက်ကျောကို ကြည်ပြီး ကျနော် ပါးစပ်အဟောင်းသားဖြင့် ကျန်ခဲ့ရသည်။


ချိုခ

Sunday, September 18, 2011

“အဖြူရောင်ရင်ဘက်တစ်ခုရဲ့ ချစ်ခြင်း’’


“ကလင်.........ကလင်’’ဖုန်းမြည်သံကြောင့် ဒေါက်တာနေညို ဖုန်းခွက်ကို ကိုင်ကာ ထူးလိုက်သည်။
“ဟယ်လို”
“ငါ မနက်က ပြန်ရောက်တယ်ကွ.......ညနေ မင်းအိမ်မှာ
နှစ်ယောက်တည်းပဲ...........၀ိုင်းမယ်ကွာ အိုကေ”
“ဟား ဟား...........တော်သေးတာပေါ့ကွာ...........ဒီည ဂျူတီမရှိလို့”
“အိုကေ မင်းဘာမှ မ၀ယ်နဲ့..............ငါယူလာတာတွေနဲ့ ၀ိုင်းမယ်”
ဒေါက်တာနေညိုသည် ဖုန်းကို ပိတ်ပြီး မတွေ့ရတာ အတော်ကြာနေပြီဖြစ်သည့်၊ ခုဆိုရင်
second mate ဖြစ်နေပြီး၊ သူငယ်ချင်းအားလုံးထဲတွင် လူပျို၊ လူလွတ်ဆိုလို့ သူနဲ့
နေညိုသာ ကျန်တော့သည်။ ကျန်သည့် သူငယ်ချင်းများအားလုံးသည် သားသမီး၊ ဇနီးတို့ဖြင့်
အားလပ်ချိန်မရှိ၊ အပျော်အပါးလှည့်မကြည့်အားဘဲ မိုးလင်းမိုးချုပ် နားချိန်ကို
မရှိပေ။ ခုလို တစ်နှစ်လုံးနေမှ တစ်ကြိမ်ပင်တွေ့ရခဲသည့်
သူငယ်ချင်းများနှင့်ဆုံဖို့ ဖုန်းဆက်လျှင်လည်း သူတို့ရဲ့သားကိစ္စ၊ သမီးကိစ္စတွေနှင့်ပင်
ဝိုင်းသည့်အဖွဲ့ထဲသူတို့ကိုပယ်ဖျက်လိုက်ရသောကြောင့် ဒီတစ်ကြိမ်တွင်မတော့
မည်သူ့ကိုမှ ဖုန်းမဆက်တော့ပေ။
ညနေ ၆ နာရီ ခွဲလောက်တွင် ဘဲလ်မြည်သံကြောင့် ဒေါက်တာ နေညို မှန်ဘီလူးမှ ကြည့်မိတော့ ကောင်းမြတ် ကိုတွေ့သည့်အတွက် တံခါးဖွင့်လိုက်ကာ ကောင်းမြတ် လက်ထဲမှာ အထုပ်များကို လှမ်းယူလိုက်ကာ
“မင်းကွာ ....ဒီလောက်အများကြီး သောက်မှာက 2 ယောက်တည်း”
“အဟဲ.....................” စပ်ဖြဲဖြဲရုပ်နဲ့ရယ်နေသည့်ကောင်းမြတ်ကို လက်သီးနဲ့လှမ်းထိုးပြီး စားစရာများကို ထမင်းစားပွဲပေါ် တင်လိုက်၏။
“ခဏလေးကွာ ဆေးရုံကခုမှပြန်ရောက်တာကွ၊ ရေချိုးလိုက်ဦးမယ်” ဟုပြောကာ
ရေချိုးခန်းဘက်သို့ဝင်ကာ ရေချိုးလိုက်သည်။
ပြီးနောက် နှစ်ယောက်သား စားပွဲတွင် စားစရာများကို ပန်းကန်တွေနဲ့လှယ်ထည့်၊
ရေခဲတုံးတွေထည့်၊ ဖန်ခွက်များထုတ်ယူကာ.........စတင်ကြ၏။ ကောင်းမြတ်ကလည်း သင်္ဘောပေါ်မှ
အတွေ့အကြုံမျိုးစုံ ကို ပြောရင်း....သောက်နေ၏။ ဒေါက်တာနေညိုတွင်မူ ပြောစရာ
အကြောင်းအရာသိပ်မရှိပေ။ ဒေါက်တာနေညိုဘ၀သည် ရိုးရှင်းလွန်းလှသည်။ တစ်ဦးတည်းသော
သားတစ်ယောက်ဖြစ်ပြီး........ဖခင်ဖြစ်သူမှာသဘောင်္ကပ္ပတိန်တစ်ယောက်ဖြစ်ပြီး၊
မိခင်ဖြစ်သူမှာ ကျောင်းဆရာမ တစ်ယောက်ဖြစ်၏။ သူ 10 တန်းနှစ်တွင် မိခင်ဖြစ်သူမှာ
သွေးကင်ဆာဖြင့်ဆုံးပါးသွားပြီး ဖခင်ဖြစ်သူသည် သင်္ဘောပေါ်တွင် ရောက်နေခဲ့၏။
ဖခင်ဖြစ်သူပြန်ရောက်လာသည့်နေ့တွင်
မိခင်အားသဂြိုလ်ခဲ့ပြီး.....မိခင်စိတ်ဖြင့်ပင် သူ့ဖခင်သည် ဒီမှာမနေလိုသည့်အတွက်
နိုင်ငံခြားသို့ပြန်လည်ထွက်ခွာပြီး သူ့အတွက် လိုအပ်သည့် ငွေမျာကို
ပို့ပေးခဲ့သည်။ ယခုအချိန်ထိ ပြန်မလာဘဲ နိုင်ငံတကာလှည့်ကာ နေထိုင်နေ၏။အထီးကျန်လွန်းသည့် ဘ၀ကိုတွေးကာ တစ်ခွက်ပြီး တစ်ခွက်……
ကောင်းမြတ်ပြောသည့် အကြောင်းအရာများသည် နေညို ခေါင်းထဲ ၀င်တစ်ချက်
မ၀င်တစ်ချက်.........ညဥ့်နက်လာသည့်အတွက် သူလည်း
မူးနေပြီ..........ကောင်းမြတ်ရဲ့စကားသံတွေကိုပင် လုံးဝမကြားတော့ပေ။
*****************
နံနက်မိုးလင်းတော့ ခေါင်းထဲတွင်နောက်ကျိနေ၏။ အိပ်ယာမှ ထလိုက်သည့်အခါ......သူ့အခန်းထဲတွင်
ဖြူဝင်းပြီး ချောမောလှပသည့် မိန်းကလေးတစ်ယောက်အ၀တ်အစားလဲနေသည်ကိုတွေ့ရသည့်အတွက် သူမျက်လုံးပြူးသွားပြီး ကိုယ့်ကိုယ်ကို ပြန်ကြည့်မိသည်။ မိန်းကလေးသည် ချိုမြသောအပြုံးဖြင့် သူ့အား
လက်ပြကာထွက်ခွာသွားသည်။ သူဘာမှ မမှတ်မိပေ။ ကောင်းမြတ်ကို ဖုန်းခေါ်ကြည့်တော့အိမ်တွင် မရှိပေ။
အိပ်ယာထစ ကိုက်ခဲနေသော ဦးခေါင်းသည်လည်း.......ဘယ်ကဘယ်လိုပျောက်သွားသည်မသိ။
ဖုန်းနံပါတ် တစ်ခုကို ချက်ခြင်းနှိပ်မိသွားသည်။
“မောနင်း.............ကိုညို” သူမရဲ့ နှုတ်ဆက်သံသည် ကျနော့်နားထဲ
ဗုံးတစ်လုံးလိုပေါက်ကွဲထွက်သွားသကဲ့သို့ ကျနော်ပြန်ထူးဖို့ဆွံ့အသွားခဲ့သည်။
“ကိုညို..........ဆက်ပြီး ပြန်လည်းမထူးဘူး......နေမကောင်းဘူးလား”
“မယ်ခင်.............ငါ့နင်နဲ့ ခဏလောက်တွေ့ချင်တယ်........နင့်အိမ်အောက်က
ဆိုင်ကို ခဏ ဆင်းခဲ့ဟာ”
“အာ....ရုံးသွားဖို့ ဒီမှာ ဘာမှ အဆင်သင့်မဖြစ်သေး......ဟင်းအိုးတန်းလန်းကြီး
ကိုညိုရ”
“ခုလာမှာ မဟုတ်ဘူး..........ရေးချိုးပြီးမှ ထွက်လာမှာ...........ငါ့ကို
အချိန်နည်းနည်းလေးပေးပါဟာ”
“အိုကေ..........ကိုညို ....... အောက်ရောက်ရင် ဖုန်းခေါ်လိုက်နော်”
ရေချိုးခန်းထဲဝင်ကာ ရေကို အဝ
စိမ်ချိုးလိုက်ပေမဲ့...........စိတ်ရှုပ်ထွေးမှု တွေက ပျောက်မသွားခဲ့ပေ။
နေညိုသည် မိခင်ဆုံးကတည်းက
..........ဖခင်လည်းအနားမှာမရှိသည့်အတွက်....အထီးကျန်နေခဲ့သည်။
နေညို.........ယခု ဖုန်းဆက်ခေါ်သည့် မယ်ခင် ဆိုသူနဲ့ ဆုံတွေ့ပုံမှာ
မိုးရွာသောနေ့တစ်နေ့......စမ်းချောင်းမြို့နယ်၊
ဘားဂရာလမ်းမပေါ်တွင်.........တောင်းစားနေသည့် အဖိုးကြီးတစ်ဦးအား
မနိုင်မနင်းဖြင့် တွဲထူကာ တံစက်မြိတ် ရှိရာ ခေါ်ဆောင်နေသည့် သူမအား........ကူညီကာ
တွဲပို့ခဲ့ခြင်းဖြင့် စခဲ့သည်။ ညစ်ပေနေသည့် အဖိုးအိုအား တွဲထူလိုက်သည့်
ကျနော့်အား မျက်လုံးပြူးပြူးလေးဖြင့် ကြည့်ကာ နှုတ်မှ တိုးညင်းသောအသံဖြင့်
“ကျေးဇူး” တဲ့
အသားဝင်းဝင်း မျက်လုံးနက်နက်တောက်တောက်လေးဖြင့် မယ်ခင်၏ မျက်ဝန်းများသည်
ကျနော့်အား နွေးထွေးမှု တွေပေးခဲ့သည်။ နောက်တစ်ကြိမ်ထပ်ဆုံခြင်းမှာလည်း ......
ထိုအဖိုးအိုကြောင့်ပင်ဖြစ်ပါသည်။  ကျောင်းသွားဖို့အတွက် လမ်းလျှောက်လာစဉ်
ထိုအဖိုးအိုအား မုန့်များပေးကာ အဖိုးအို၏ ဒဏ်ရာအားဆေးထည့်ပေးနေသည့် မယ်ခင် အား ထပ်မံတွေ့ရသည့်အတွက် ခဏတာ ငေးကြည့်မိသွားခိုက် သူမ လှည့်အကြည့်ဖြင့်ဆုံကာ.........
“ဟင်.........မနေ့က အကိုကြီးပါလား........မနေ့ကတည်းက ကျေးဇူးတင်နေတာ”
“အဘိုးက........ရေမြောင်းပေါက်ထဲ ခြေထောက်ချော်ကျတာ.......လမ်းသွားလမ်းလာတွေက
အဘိုးရဲ့ ပေပေကျံကျံပုံစံကြောင့် တစ်ယောက်မှ မထူပေးဘူး..........ခင်က
တစ်ယောက်တည်းထူရတာဆိုတော့ အဖိုး ထပ်ပြီးဒဏ်ရာ ရမှာစိုးတာ.........အကိုကြီး
ကူညီပေးလို့တော်သေးတယ်”
ကျနော်ပြုံးပြပြီး“မင်းနာမည်က.....ခင် လား.........မင်းလို
လူမျိုးလည်းရှားတယ်ကွ.........ဒီလိုလမ်းဘေးတောင်းစားသည့်လူတွေ တွေ့ရင် ရှောင်သွားတာများတယ်.....ငါ့နာမည်က
နေညို။ နောက်တွေ့ခေါ်ပေါ့ကွာ ..........ခုတော့ ကျောင်းသွားတော့မယ်”
ခေါင်းလေးငြိမ့်ပြကာ ကျနော့်အားငေးကြည့်ကျန်ခဲ့သည့် သူမရဲ့မျက်နှာလေးသည် ကျနော့်ရင်ထဲ နွေးထွေးခဲ့၏။
သူမရဲ့ကြင်နာတတ်သည့် မျက်ဝန်းတစ်စုံကြောင့် သူမကို
ကျနော်ခင်ခဲ့တယ်။တစ်နေ့သူမအလုပ်မှ အပြန်နှင့်ဆုံခဲ့သည်။
“မယ်ခင်…..ရုံးဆင်းတာလား“
“ဟုတ်------ကိုညို………ဒီနေ့နောက်ကျတယ်…..ခင်လုပ်နေတဲ့ ဒီဇိုင်းကို မနက်ဖန်အပြီးအပ်ရမှာမို့လက်စသက်နေတာနဲ့နောက်ကျသွားတာ“
“ကိုညိုရော…..ဘယ်သွားမလို့လဲ…..ဒီလမ်းထဲမှာနေတာလား“
“ဟုတ်တယ် မယ်ခင်………City Mark ကိုသွားမလို့’’
“ခင်လည်း အိမ်မှာလိုတာတွေ တစ်လက်စတည်းဝင်ဝယ်မလားလို့……….အတော်ဘဲ“
သူမနဲ့အေးအေးဆေးဆေး စကားပြောချင်နေတာနဲ့အတော်ပင်ဖြစ်သွားသည်။
“မယ်ခင်က ဘယ်မှာနေတာလဲ“
“လမ်းမတော်မှာ ကိုညို“
“မိသားစုနဲ့လား“
“မဟုတ်ဘူးကိုညို…………ခင်တစ်ယောက်တည်းနေတာ“
“ဟင်……..ဒါဆို မိဘတွေကရော“
“နယ်မှာ…မြစ်ဝကျွန်းပေါ်က ရွာလေးတစ်ရွာမှာကိုညို……..အဖေက လယ်သမား…..လယ်တွေအများကြီးပိုင်တာတော့မဟုတ်ဘူးနော်…..၀မ်းစာရရုံလောက်လေးဘဲ“ ဟုပြောကာ သူမ တစ်ယောက်တည်း ပြုံးနေ၏။
“ညည်းက ဘာတွေပြုံးတာလဲ……..ကျုပ်လိုက်လုမှာစိုးလို့လား“
“အာ……..မဟုတ်ပါဘူး………သူဌေးထင်နေမှာစိုးလို့……….ဟီးးးးးးးးးး“
ကျနော်တို့နှစ်ယောက် လမ်းလျှောက်လာရင်း ဆိုက်ကားဂိတ်နားတွင် ရန်ဖြစ်နေသည်ကိုတွေ့ရသည်။ လူသုံးယောက်က တစ်ယောက်တည်းကို ၀ိုင်းထိုးနေကြခြင်းဖြစ်သည်။ မယ်ခင်သည် သူ့လက်ထဲမှာ ခြင်းနှင့် အိတ် ကို ကျနော့်ကို ပေးပြီး ရန်ဖြစ်နေသည့် လူတွေကြားပြေးဝင်သွားပြီး………တစ်ယောက်တည်းဘက်မှာ ကာလိုက်သည်။ ကျနော် မျက်လုံးပြူးကျယ်သွားသည်။ အကြောင်းမှာ သုံးယောက်ထဲမှ တစ်ယောက်သည် အုတ်ခဲဖြင့် ထုဖို့ရွယ်လိုက်ရာ မယ်ခင့် ခေါင်းတည့်တည့်……….ကျနော်လည်း လက်ထဲမှာ ရှိသည့် ပစ္စည်းတွေကို ပစ်ချခဲ့ပြီး အုတ်ခဲကိုင်ထားသည့်လူအား ပြေးတွန်းလိုက်သည်။ အဖြစ်အပျက်သည် မြန်ဆန်လွန်းသည်။ မယ်ခင်လည်း မျက်လုံးအ၀ိုင်းသားဖြင့်……..သူ့နောက်က လူကိုဘဲ ကာကွယ်ရမလို…….ကျနော့်ဘေးကို ပြေးကာရမလိုဖြစ်နေသည်။ထိုအချိန်တွင်……..လူသုံးယောက်မှာ ကြက်သေသေကာ
“ခင်ဗျားတို့နဲ့ဘာဆိုင်လို့ …… ၀င်ပါတာလဲ“ မယ်ခင့် နှုတ်ဖျားမှ
“သုံးယောက်နဲ့ တစ်ယောက်တည်းမို့လို့“ ဟု တိုးဖွဖွထွက်လာသည်။ကျန်သုံးယောက်မှာ လူတွေဝိုင်းအုံလာပြီး သူတို့အတွက်အန္တရာယ်ဖြစ်မည်ကို ကြိုသိသည့်အနေဖြင့် မကျေမနပ်ကြည့်ကာ ဆိုက်ကားကိုယ်စီဖြင့် ထွက်ခွာသွားသည်။ မယ်ခင့် အလုပ်ကမပြီးသေးပေ။
“ကိုညို ခင့်အိတ်ရော ဘယ်မှာလဲ………..ခင့်အိတ်ပေးပါ” ဒီတော့မှ ကျနော် သတိဝင်လာကာ……..ပစ်ချခဲ့သည့်နေရာမှ ခင့်ပစ္စည်းများကို ကောက်ထားသည့် လူရဲ့လက်ထဲမှ လှမ်းယူပြီး ခင့်ကို ပေးလိုက်သည်။ ခင်သည် သူမအိတ်ကို လျင်မြန်စွာဖွင့်လျက်…အထိုးခံရသည့်လူရဲ့ ဒဏ်ရာတွေကို အရက်ပျံဖြင့်စွတ်ပြီး ဆေးထည့်ပေးပြီး ဒဏ်ရာစပ်မည်ဆိုးသည့်အတွက် ပါးစပ်မှလည်း မှုတ်ပေးနေသေးသည်။
“မနက်ဖန်လောက်ဆို ကောင်းသွားမှာပါ“ ဟုပြောပြီး လက်တစ်ဘက်ကို ဆုပ်ကိုင်ကာ အားပေးလိုက်သည်။
“ကိုညို…..ခင် City Mark ကို မ၀င်တော့ဘူး” ဟုဆိုကာ ကျနော့်လက်ထဲမှ သူမ ခြင်းလေးကိုလှမ်းယူလိုက်သည်။ ပြီးနောက် ပါးစပ်မှ ညဉ်းညူသံလေးဖြင့်……..“ဘာလို့ တစ်ယောက်နဲ့တစ်ယောက် ဒီလို မတရားတွေ လုပ်နေတာလဲမသိဘူးနော်“ တဲ့။ သူမကို ကျနော် ငေးကြည့်ပြီး ကျန်ခဲ့တယ်။ ကျနော်လည်း “ City Mark’’ကို မသွားဖြစ်ဘဲ အိမ်သို့ ပြန်ခဲ့တယ်။
သူမနဲ့တွေ့ဖန်များလာလေ လူတွေအပေါ်နွေးထွေမှုတွေပေးသည့် သူမရဲ့ ပင်ကိုယ်စရိုက်လေးကို ခင်တွယ်လေဖြစ်လာခဲ့သည်။ ပန်းချီကျောင်းတက်သည့်သူမကြောင့်ပဲ ကျနော်လည်း ပန်းချီတွေကို
စိတ်ဝင်စားလာခဲ့တယ်။ ကျောင်းပိတ်ရက် ပြပွဲတွေရှိလျှင်လည်း သူမနဲ့အတူတူ
လိုက်ကြည့်ပြီး ဆွေးနွေးခဲ့တယ်။ သူမသည် အဝေးသင်တက္ကသိုလ်တွင် Physic မေဂျာဖြင့် ကျောင်းတက်နေပြီး....နိုင်ငံခြားကုမ္ပဏီတစ်ခုတွင်အလုပ်လုပ်ရင်း
ညနေပိုင်းတွင် ပန်းချီသင်တန်းတစ်ခုတက်နေသည့် အချိန်ပိုမရှိသည့်
ကောင်မလေးဖြစ်သည်။ပြီးတော့ သူမရသည့် ၀င်ငွေဖြင့် တစ်လတစ်ခါ မိဘမဲ့ဂေဟာနဲ့၊
ဆင်းရဲချို့တဲ့သူများကို လှူသေးသည်။ တစ်ခါတစ်ရံ သူမ လိုချင်သည့်
ပစ္စည်းတစ်ခုကိုလည်း ၅ ခါလောက်ကြည့်ပြီးမှ မယူသည့်အခါလည်း ရှိသည်။အဲဒီအခါ
ကျနော်က သူမကို မေးမိသည်။
“ညည်း ၅ ကြိမ်လောက်ကြည့်ပြီးပီ.....ကြိုက်ရဲ့သားနဲ့ဘာဖြစ်လို့မယူတာလဲ”
“အာ.......ကိုညိုကလည်း ခင်စဉ်းစားမိတယ်............ခင်က ဒီပစ္စည်းကို
ယူချင်တာဘဲရှိတယ်..........တကယ်မလိုအပ်ဘူး..........ဒီပစ္စည်းမ၀ယ်ရလို့လဲ
ခင်ဘာမှ မဖြစ်ဘူး...............ဒီပစ္စည်းဝယ်မည့်ပိုက်ဆံကို
........မရှိတဲ့လူတွေပေးလိုက်မယ်.......သူတို့အတွက်
လိုအပ်တယ်လေ..........သူတို့ကိုပေးလိုက်ရတဲ့ပီတိနဲ့ ဒီပစ္စည်းကို ရလို့
ပျော်ရွှင်တဲ့စိတ် လုံးဝ မလဲနိုင်ပါ” ဟု စပ်ဖြဲဖြဲလေးတုန့်ပြန်တတ်သည်။
သူမနဲ့ခင်မင် သိကျွမ်းခွင့်ရပြီး သူမသည် ကျနော့်အတွက် တစ်ခါတစ်ရံ အမေတစ်ယောက်၊ တစ်ခါတစ်ရံ သူငယ်ချင်းကောင်းတစ်ယောက်၊တစ်ခါတစ်ရံ မောင်ငယ်လေးတစ်ယောက်လို တတွတတွတ် ဆုံးမတတ်ပြီး နွေးထွေးမှု တွေပေးတတ်သေးသည်။ သူမနှင့်ပတ်သက်သည့် ထိုအကြောင်းအရာများကို ပါးပါးဖုန်းဆက်သည့်အခါ ပြောပြဖြစ်တော့ ပါးပါး က၀မ်းသာပြီး…“အေး…ဒီတစ်ခေါက်ပြန်လာရင်………မင်းပြောသည့် မယ်ခင်အိမ်ကို သွားလည်မယ်…ခုကတည်းက တစ်ခါတည်းပြောထားလိုက်” ဟု ၀မ်းသာအားရသောအသံဖြင့် ပါးပါးက တုန့်ပြန်ခဲ့တယ်။ ကျနော့်လည်း မယ်ခင့်ကို ပြောပြတော့ မယ်ခင်သည် ပြုံးကာ
“ကိုညိုပါးပါးကို ခင်လည်းတွေ့ချင်တယ်”ဟုဆိုခဲ့သည်။
သိပ်မကြာပါ။ ပါးပါး ပြန်လာပြီး မယ်ခင့် ကိုပင် အကြောင်းမကြားဘဲ သူ့အိမ်သို့သွားခဲ့သည်။ တံခါးလေးဖွင့်ကာ မျက်လုံးအ၀ိုင်းသားဖြင့် မြင်မြင်ချင်းပင် “ကိုညို့ပါးပါး“ ဟုဆိုကာ နေရာပေးလျက် ခဏ စောင့်ခိုင်းပြီး အနောက်ဘက်သို့ ၀င်သွားသည်။ ခဏ နေတော့ “လက်ထဲတွင် အငွေ့တစ်ထောင်းထောင်းဗန်းလေးဖြင့်ထွက်လာပြီး……
“ရှမ်းခေါက်ဆွဲချက်စားတာ ပါးပါး အရသာတော့ မကောင်းဘူး“ဟု ပြုံးကာပြောတော့
“သားကြွားနေတဲ့ မယ်ခင့်လက်ရာစားရချည်သေးရဲ့” ဟုပြောလိုက်သည်။ ခုမှ စတွေ့ပြီး ကျနော်မိတ်ဆက်ပေးစရာမလိုဘဲ ရင်းနှီးနေသည်မှာ သူတို့နှစ်ယောက်ကဘဲ သားအဖ ပုံစံပေါက်နေသည်။ အဲဒီနေ့က နေ့လည်စာကိုလည်း မြန်မာစာနဲ့ဝေးနေသည့် ပါးပါးအား မယ်ခင်က သီးစုံချဉ်ရည်ဟင်း၊ ၀တ်သားအစပ်ချက်၊ ငါးပိရည်၊ တို့စရာစုံစုံလင်လင် တို့ဖြင့် ကျွေးရာ ပါးပါးမှာ ခေါင်းမဖော်တမ်းစားခဲ့သည်။ အိမ်ရောက်တော့ ပါးပါး က ကျနော့်အား
“ငါ့သား နေညို အရွေးတော်လိုက်တာ…….ရုပ်လေးကလည်း ချစ်စရာလေး.အချက်အပြုတ်ကလည်း ကောင်း၊ ရိုးသားအေးချမ်းပြီး ပွင့်ပွင့်လင်းလင်းလေး……နောက်တစ်ခါ ပါးပါး ပြန်မလာတော့ဘူး….မယ်ခင့်လက်မင်းကို အပ်ခဲ့မယ်“ ဟုဆိုနေသည့်အတွက် ပါးပါး အားကျနော်ပြုံးပြလိုက်မိတယ်။
“အဲလောက် အ လည်း ဒီတစ်သက်မိန်းမယူမနေနဲ့တော့ နေညိုရ……..မိန်းကလေးကတော့ စမလားကွ” ကျနော် ပါးပါးကို ဘာတစ်ခုမှ ထပ် မပြောတော့ပါ၊ မယ်ခင်ရဲ့ ကျနော့်အပေါ်ရိုးသားဖြူစင်မှုကို သိနေသည့်အတွက်ပင်ဖြစ်သည်။ မယ်ခင်သည် လူတိုင်းနဲ့လိုက်လျောညီထွေဆက်ဆံတတ်သည်။ ပေါင်းရခက်ပြီး စကားနည်းသည့် ပါးပါးလိုလူကိုပင် ချက်ချင်းရင်းနှီးသွားသည့် မှော်အတတ်လေးလဲရှိနေပြန်သေးသည်။
ထိုကြောင့်လည်း သူမကို ပိုပြီး ခင်မင်မိတယ်။
သူမနှင့်အမြဲတမ်း ဖုန်းပြောဖြစ်သည်။
ဖုန်းပြောဖြစ်တိုင်း........စာမေးပွဲနီးပြီလား၊ စာတွေရနေပြီလား။ ဒီနေ့ဘာစားလဲ။
အပြင်စာတွေမစားနဲ့နော် ကိုညို။ စားချင်တာရှိရင် ခင်ပို့ပေးမယ်။ စနေ၊ တနင်္ဂနွေ
ရုံးအားရက်မှနော်။သူမ စကားတွေက တကယ့်ကို နွေးထွေးစေခဲ့သည်။
သူမနဲ့ခင်မင်ခွင့်ရသည်မှာ ကျနော့်အတွက် အမေအသက်ပြန်ရှင်လာသကဲ့သို့ခံစားရသည်။
နောက်ပိုင်း ကျနော် ဆရာဝန်ဖြစ်စ..နယ်တွင်
တာဝန်ထမ်းဆောင်ဖို့သွားရမည်ဆိုတော့.....သူမသည် ကျနော့်အား တတွတ်တွတ် မှာခဲ့သည်။
“ကိုညို......အရက်တွေမသောက်နဲ့နော်.......အမှားဆိုတာ..........လုပ်ပြီးမှ
နောက်တရလို့မရဘူး အလုပ်ကိုပဲ အာရုံစိုက်.........မရှိဆင်းရဲသားတွေကို
ပိုက်ဆံမပေးဘူးဆိုပြီး........မကုပဲမနေနဲ့.......သူတို့ကိုပိုပြီး
ဂရုစိုက်ရမယ်နော်” မိခင်တစ်ယောက်ကဲ့သို့ မှာနေသည်မှာ အမျိုးစုံပင်။ ကျနော်သူ့ကို
စကားတစ်ခွန်းမေးဖူးတယ်။
“မယ်ခင်...........ညဉ်း ရုပ်လေးကလည်း သူများတွေလို ပြင်ဆင်ခြယ်သစရာမလိုဘဲ
ချောပါတယ်”
“ကောင်လေးတွေလည်း ကြိုက်ပါတယ်........ညဉ်းက ဘာလို့ချစ်သူမရှိရတာလဲ”သူမ ဟက်ဟက်ပက်ပက်
ရယ်မောကာ ကျနော့်ကျောပြင်ကို လက်သီးဖြင့် ထိုးပြီး
“ခင် ပြောရင် ကြီးကျယ်တယ်ပြောဦးမည်............ခင် ခုလိုနေတော့ လူတိုင်းကို
ကူညီလို့ရတယ်လေ........ခင်သာ ချစ်သူရှိကြည့်ပါ့လား............သူက
ဒီလိုအလုပ်တွေဘယ်လုပ်ခွင့်ပေးမလဲ..........သူ့တစ်ယောက်ပဲ
ကြင်နာရမှာ.....ကျန်တဲ့လူတွေကိုကြင်နာလို့ မရတော့ဘူးလေ...........”
“ဒီတိုင်းဘဲကောင်းပါတယ်ကိုညိုရာ.........လွတ်လပ်တယ်။
ကိုညို သိတဲ့အတိုင်းလေ............ခင့်မှာ ကိုယ်ပိုင် စည်းမျဉ်း၊
စည်းကမ်းရှိတယ်......အဲဒါကြောင့် ခင့်အိမ်ကလည်း ခင့်ကို တစ်ယောက်တည်း
နေခွင့်ပြုတာပေါ့” ကျနော်ဘာမှ မပြောတော့ပါ။ သူမ ပြောတာလည်း
ဟုတ်တယ်လေ.......သူမမှာသာ ချစ်သူရှိကြည့်ပါ့လား......ကျနော်နဲ့ခုလို
စကားပြောခွင့်တောင် ရတော့မည် မဟုတ်ပေ။ မယ်ခင် ပြောသလိုဘဲ ဒီအတိုင်းလေးဘဲ
ကျေနပ်ပါတယ် ခင်....................ကျနော်လည်း နယ်မှာ တာဝန်ကုန်လို့
ရန်ကုန်ကို ပြန်ရောက်ပြီး သူမနဲ့ အရင်လိုပဲ ပိတ်ရက်လေးတွေမှာ
ပန်းချီပြခန်းတွေကြည့်.........သူမ ဆရာလုပ်သမျှ ခေါင်းညိမ့်ရင်း
ဖြတ်သန်းခဲ့တယ်။ အပေါင်းအသင်းများပြန်လာလို့ အရက်သောက်မည်ဆိုရင်တော့ သူမကို
ကျနော်မပြောပါ။ ပြောရင် ကန့်ကွက်မည်မှာသေချာသည်။
ဒီတစ်ကြိမ်လည်း သူမကို မပြောမိသည့်အတွက်ပင်............
************************************************************
သူမနေထိုင်သည့် တိုက်အောက်သို့ရောက်တော့ ဖုန်းခေါ်လိုက်တယ်ဆိုရင်ပဲ
“လာပြီ ကိုညိုရေ........တစ်ခါတည်းရုံးသွားဖို့ပါအဆင်သင့် ကိုညိုနဲ့စကားပြောပြီးတာနဲ့
ရုံးတန်းသွားမှာ........ခု ဆင်းလာနေပြီ” ကျနော် ထောင့်ကျကျ စားပွဲမှာထိုင်ပြီးစောင့်နေလိုက်တယ်။
မကြာပါဘူး........စပို့ရှပ် အဖြူရောင်၊ ဂျင်းဘောင်းဘီအပြာရောင်လေးနဲ့ လက်ထဲတွင်
ထမင်းချိုင့်ခြင်းလေးဆွဲကာ ရောက်လာ၏။
“ဒီနေ့မှ ဘယ်လိုဖြစ်တာလဲ ကိုညိုရဲ့” မေးလည်းမေး မျက်စောင်းလည်းရွယ်လိုက်သည်။
ကြည်စင်နေသည့်သူမ မျက်နှာကို မကြည့်ဘဲ..............
“ညက ငါနဲ့ကောင်းမြတ် သောက်ဖြစ်တယ်”
“ဟင်......ကိုကောင်းမြတ် ပြန်ရောက်နေပြီလား”
“ဟုတ်တယ်.........မနေ့က မနက်ပိုင်းကပဲ”
ရောက်ပြီး.......ညပိုင်းသောက်ဖြစ်သွားတာ.......ငါ့အခန်းမှာဘဲ”
“အဲဒါ.......သောက်ပြီးမှ ခင့်ကို ဘာလို့လာပြောနေတာလဲ.......မသောက်ခင်က ပြောရင်
တားမယ်မှန်းသိတယ်.........ဟုတ်”
ကျနော် ခေါင်းငြိမ့်ပြလိုက်ပြီး“ မယ်ခင် နင်ညနေ ပန်းချီသန်းတန်းသွားမှာလား”
“သွားမှာပေါ့ကိုညိုရဲ့..........ခင်ဘယ်တုန်းက သင်တန်းလစ်ဖူးလို့လဲ”
“ညနေမှဘဲ သင်တန်းကိုလာတော့မယ်ဟာ”
“ဟင်...........ခုတစ်ခါတည်းပြောလေ....ခင် အချိန်ရပါသေးတယ်”
“ညနေမှပြောတော့မယ်.........မယ်ခင်” ဖွဖွလေးပြုံးကာ ခေါင်းငြိမ့်ပြလိုက်သည့်
သူမကို နှုတ်ဆက်ကာ ကျနော်ထွက်လာခဲ့တယ်။ ကျနော် ဒူးတွေလည်း
မခိုင်တော့ပေ.......ခေါင်းတွေရှုပ်ထွေးကာ ဘာတစ်ခုမှ
စိတ်မ၀င်စား...........ဒီနေ့ဘာလုပ်လုပ်
အမှားမှားအယွင်းယွင်းတော့ဖြစ်တော့မယ်ဆိုတာ သိနေပြီ.....ဆေးရုံကိုလည်း
မသွားမဖြစ်သွားရဦးမည်။ဆေးရုံရောက်သည့်အခါ ကျနော့်အခန်းဝသို့ရောက်လျှင်
ဓါတ်ခွဲခန်းမှ ကျနော်နဲ့ရင်းနှီးသည့် သူနာပြုဆရာမလေးက
ကျနော့်အားပြုံးပြကာဒေါက်တာရေ........မနေ့က
သွေးလျှူဖို့သွေးစစ်တဲ့ကောင်လေး..ရုပ်လေးသန့်သန့်လေးနဲ့.......သူ့သွေးအခြေအနေမကောင်းလို့ဒေါက်တာ”
ကျနော့်အမှားနဲ့ကျနော် မျက်ခုံးပင့်တက်သွားကာ
“ဘာဖြစ်လို့လဲ ဆရာမ”
“HIV POSITIVE တဲ့ မယုံလို့ထပ်စစ်ကြည့်တာ ဒီအဖြေဘဲ ထပ်ထွက်နေတယ်ဒေါက်တာ”ကျနော်
ခေါင်းအသာညိမ့်ပြကာ အခန်းထဲဝင်ခဲ့တယ်။ အဲဒီနေ့က
ကျနော်စိတ်နဲ့ကိုယ်မကပ်ခဲ့ဘူး၊ ညနေပိုင်း မယ်ခင်
ရဲ့ပန်းချီသင်တန်းသွားဖို့ကိုပဲ အာရုံထဲမှာရှိနေခဲ့တယ်။ ညနေဆေးရုံမှ အပြန်
အိမ်သို့မ၀င်ဘဲ မယ်ခင် ရဲ့ပန်းချီသင်တန်းသို့တန်းသွားလိုက်မိတယ်။
ကျောင်းသားတော်တော်များများ အောက်ဒိုးသွားနေကြပြီး
ကျနော်လာမည်ပြောထားသည့်အတွက်အခန်းထဲတွင် သူနဲ့၊ ကရင်၊မွန်၊တရုတ်လူမျိုးစပ်သည့် ကောင်လေး ( 2 ) ယောက်သာရှိပြီး၊ စားပွဲပေါ်မှပန်းခြောက်တွေထိုးထားသည့် ပန်းအိုးတစ်လုံးပုံကို ရေဆေးဖြင့် ရေးနေကြသည်။ ကျနော်လည်း မယ်ခင့်ဘေးမှာထိုင်ကာ ကြည့်နေမိတယ်။ သူမသည် ဆွဲလက်စ ပန်းချီကားကို လက်စသက်ပြီး
ကျနော့်ဘက် သို့လှည်ကာပြုံးပြသည်။ကျနော် ဘေးကပ်လျှက်ခုံမှ
မွန်တရုတ်လေးအား လှမ်းကြည့်ပြီး သူမ ၀ရံတာသို့ထွက်လာခဲ့တယ်။
“မယ်ခင်........ညည်းအပြစ်တင်လည်း ကျုပ်ခံရမှာဘဲ.......ညက
သောက်ဖြစ်တယ်........ငါလည်း
နည်းနည်းလွန်သွားပြီး......ဘာမှကိုမသိတော့ဘူး............မိုးလင်းတော့
မိန်းကလေးတစ်ယောက် ငါ့အခန်းထဲမှာ” သူမသည် ပါးစပ်ဟလျက်သားဖြင့် ကျနော့်လက်ကို
လှမ်းပြီးဆုပ်ကိုင်လိုက်တယ်။
ကျနော် နောက်သို့ အသာရုတ်လိုက်ကာ“ငါဒီနေ့ တစ်နေ့လုံး အလုပ်ထဲမှာ
အာရုံမရှိဘူး..........တစ္ဆေတစ်ကောင်လိုဘဲ.........ညည်းနဲ့ပဲ စကားပြောချင်နေတာ”
သူမ မျက်ဝန်းမှ မျက်ရည်တွေပြည့်လျှံလာတာတွေ့ရတယ်။ ဒေါသလုံးဝမတွေ့ရပေ။
ကျနော်လည်း သူမကို အသာငေးကြည့်နေမိတယ်......ဆူပူလိမ့်မည်လို့ထင်ထားတာ....သူမနှုတ်မှ
မည်သည့်စကားလုံးမှ ထွက်မလာပေ။ ၀ရံတာသို့ ကရင်၊မွန်၊တရုတ်စပ်ကောင်လေးလည်း ထွက်လိုက်လာသည်။
“ခင် ဘာဖြစ်လို့လဲ နေမကောင်းဘူးလား” ဟု မျက်နှာပျက်ကာ မျက်လုံးများနီရဲနေသည့် ခင့်ရဲ့နဖူးသို့ လက်ရွယ်လိုက်စဉ် သူမသည် ကောင်လေးရဲ့လက်ကို ပုတ်ထုတ်လိုက်ပြီး........“ပါးစပ်ကမေး...လက်မပါနဲ့” ဟု ဒေါသဖြင့် တုန့်ပြန်လိုက်သည်။ ကျနော်သိသည့် သူမသည် တစ်ခါမှ ယခုလို မရိုင်းပါ။ သူမ ဘာကို
ဒေါသထွက်နေသည်မသိ။ ကောင်လေးလည်း ရှက်သွားပြီး ကျောပိုးအိတ်ကိုလွယ်ပြီး၊ “ငါပြန်နှင့်တော့မယ် ”ဟုဆိုကာ ထွက်သွားသည်။
“ကိုညို ......ခင်ပြန်တော့မယ်”ကျနော် ဘာမှ မပြောမိ သူမကို ငေးကြည့်နေမိတယ်။ ထွက်သွားပြီးမှ သူမ
ပြန်လှည့်လာသည်။
“အဲအမျိုးသမီး နေတဲ့နေရာသိလားကိုညို”
“မသိဘူး.........မယ်ခင်........ကောင်းမြတ် သိမယ်ထင်တယ်..........ငါ သူ့ဖုန်းကို
ခေါ်တာ ဖုန်းမကိုင်ဘူး၊ သူ့အိမ်ကိုခေါ်တော့လည်း အိမ်မှာမရှိဘူးဒဲ့”
“ကိုကောင်းမြတ်ကို ရအောင်ဆက်သွယ်ပါကိုညို........ကိုကောင်းမြတ်နဲ့ဆက်သွယ်လို့ရရင် ခင့်ကို
ဖုန်းခေါ်ပါ ကိုညို” ဟုပြောကာ ကျနော်ကို ကျောခိုင်း ထွက်ခွာသွား၏။ ကောင်းမြတ်သည် သူ့အားအပြစ်တင်မည်စိုးသည့်အတွက် ကျနော့်ကို တစ်ပတ်လောက်နေမှ ဆက်သွယ်လာခဲ့သည်။ ကောင်းမြတ်ကို အိမ်လာဖို့ခေါ်ပြီး ခင့်ကိုပါ ဖုန်းခေါ်လိုက်သည်။ ခင်သည် သူ့အရာရှိကိုပြောပြီး ချက်ခြင်းထွက်လာမည်ဟုပြောပြီး ဖုန်းပိတ်လိုက်သည်။
ကိုကောင်မြတ်ကိုတွေ့တော့
“ ကိုမြတ်……..ကိုညိုအခန်းမှာ ထားခဲ့သည့် အမျိုးသမီးနဲ့ ခင်တွေ့ချင်တယ်“
“ခဏလေး ငါဆက်သွယ်ကြည့်မယ်” ဟုဆိုကာ ကောင်းမြတ် ဖုန်းခေါ်နေ၏။ မည်သူမည်ဝါ ဆိုတာ နာမည်မသိသည့်အတွက် လူကိုယ်တိုင် ညနေပိုင်း သွားရောက်ကြည့်မှ သိမည်ဟုဆိုခဲ့သည်။ ညနေပိုင်း ခင်နဲ့ချိန်းကာ သူမတို့စုရပ်နေရာသို့ သွားရောက်ခဲ့တယ်။ သူမကိုတော့မတွေ့ရပါ။မနေ့ကတော့မူဆယ်ဘက်မှာ အလုပ်လုပ်မယ်ဆိုပြီး ထွက်သွားသည့် မိန်းကလေး နှစ်ယောက်ရှိသည်ဟုဘဲသိလိုက်ရသည်။ သူမတို့ပြန်ရောက်လျှင် ဆက်သွယ်ပေးဖို့ ခင့်ဖုန်းနံပါတ်ကိုပေးခဲ့၏။
ကျနော် ထိုနေ့က စပြီး အိပ်မပျော်ခဲ့ဘူး၊ ကျနော်ပုံစံသည် တဖြည်းဖြည်းပိန်လာပြီး
ညှင်းသိုးသိုးဖြစ်လာတယ်။ ကျနော့်ပုံစံကိုကြည့်ပြီး ခင်က “ ကိုညို ကစိတ်ကောင်းရှိတာ ဘာမှမဖြစ်နိုင်ပါဘူး…..အိပ်ပျော်အောင်အိပ်နော်……မအိပ်ခင် အသက်ရှုလေ့ကျင့်ခန်းလုပ်နော်…….အိပ်ယာပေါ်ရောက်မှ မအိပ်ပျော်ဘူးဆိုရင်….တစ်၊ နှစ်၊ သုံးလေး ကိုရွတ် အဲဒါမှမဟုတ်ရင်လည်း …..မယ်ခင်……….မင်ခယ် ဆိုပြီးရွတ် အိပ်ပျော်သွားလိမ့်မယ်“ ဟု ရွှတ်နောက်နောက်လေး အားပေးစကားပြော၏။ အဲဒီနောက်ပိုင်းကစပြီး ခင်နဲ့ကျနော်ပိုမို ရင်းနှီးလာခဲ့၏။ အရင်ကဆို ခင်နဲ့စကားပြောတိုင်း စိတ်ထဲက နဲနဲရှိန်နေတက်သည်။ခင်တွင် သူများတွေနဲ့မတူသည့် ပါဝါတစ်ခုရှိတာတော့သေချာသည်။ ခင်သည် လူချစ်လူခင် အင်မတန်ပေါသည်။ ခင်လမ်းသွားလို့ မည်သည့်ယောက်ျားလေးကမှ မနောက်ရဲပေ။ အဲဒီအဖြစ်အပျက်နောက်ပိုင်း ခင်သည် စကားပြောတိုင်း ကျနော့်လက်တစ်ဘက်ကို နွေးထွေးစွာဆုပ်ကိုင်ပြီး ပြောသည့်အလေ့အကျင့်လေးရှိလာခဲ့သည်။ ကျနော့်မျက်နှာ အရမ်းညှိုးနေလျှင် သူ့ပခုံးလေးကို ပုတ်ပြပြီး ခေါင်းတင်ခွင့်ပေးခဲ့သည်။ ခင်က စပြီး မနက်တိုင်းဖုန်းဆက်ခဲ့သည်။ ဖုန်းပြောတိုင်း အမြဲအားပေးစကားတွေပြောပြီး၊ အရင်ကထက် ကျနော့်အပေါ်ပိုမိုနွေးထွေးလာခဲ့တယ်။
တနင်္ဂနွေနေ့တိုင်း ဆင်းရဲချို့တဲ့သည့်နေရာတွေမှာ သူမနဲ့အတူ
စားစရာတွေသွားဝေရသည်။ သူမရဲ့ အားပေးမှု နွေးထွေးမှု တွေကြောင့် ကျနော်
ပြန်လည်လန်းဆန်းတက်ကြွလာခဲ့ပြီး၊ အလုပ်ကိုလည်း ပုံမှန်ပြန်လုပ်နိုင်ခဲ့တယ်။
တစ်နှစ်ခွဲလောက်ကြာတော့ ကျနော် သွေးစစ်ကြည့်ဖို့ စိတ်ကူးမိတာနဲ့ သွေးကို
ဖောက်ယူကာ ဓါတ်ခွဲခန်းဆရာမလေးအား သူငယ်ချင်းတစ်ယောက်ရဲ့
သွေးအား စစ်ဆေးပေးရန် ပေးလိုက်တယ်။
နောက်နေ့တွင် ဆရာမလေး မျက်နှာမကောင်းဘဲ
“ဒေါက်တာ သူငယ်ချင်းက ဘာအလုပ်လုပ်တာလဲ”
“သင်္ဘောသားပါ ဆရာမ……..အဖြေရပြီလားဆရာမ”
“ဒေါက်တာ့သူငယ်ချင်းအတွက် စိတ်မကောင်းပါဘူး ကျမ နှစ်ခါ ပြန်စစ်တာ အဖြေတူနေတယ်ဒေါက်တာ…အခြားနေရာမှာ ထပ်စစ်ကြည့်ခိုင်းရင် ပိုပြီးသေချာလိမ့်မယ်ထင်တယ်” ဆရာမလေးသည် စိတ်မကောင်းသည့်မျက်နှာဖြင့် သွေးစစ်ဆေးသည့် စာရွက်ကို ဒေါက်တာ နေညိုအားကမ်းပေးလိုက်ပြီး ထွက်ခွာသွားသည်။ ကျနော်ခင့်ကို ဖုန်းခေါ်လိုက်ပြီး ညနေ သင်တန်းမသွားဖို့ပြောလိုက်မိတယ်။
“ကိုညိုကလည်း သင်တန်းမသွားလို့မဖြစ်ဘူးလေ…..ကိုညိုပဲ သင်တန်းကို လာလိုက်နော်“ ကျနော်ဘာမှ ထပ်မပြောပဲ သင်တန်းကိုသာ သွားဖို့ဆုံးဖြတ်လိုက်တယ်။
ဒီတစ်ခါတော့ သင်တန်းသားတွေစုံနေသည်။ ကျနော်ရောက်နေသည်ကို ခင်လည်း သိပုံမရပါ။ ကျနော်လည်း ကားပေါ်တွင်သာ သင်တန်းပြီးချိန်ကို စောင့်နေလိုက်၏။ သင်တန်းပြီတော့ သူမ ကျနော်ဆီတန်းတန်းမတ်မတ်လျှောက်လာသည်ကို တွေ့ရသည်။ ဒီနေ့လည်း သူမ အဖြူရောင် စပို့ရှပ်နဲ့ ဂျင်းအနက်ရောင်ဘောင်းဘီလေးဝတ်ထားသည်။ သူမသည် အမြဲတမ်းအဖြူရောင်အင်္ကျီကိုသာ ၀တ်ဆင်တတ်သည်။ တစ်ခါတစ်ရံကျနော်ကစနောက်ပြီး“ညည်း အဖြူရောင် ဘောင်းဘီပါ ၀တ်ပါ့လား“ဟုဆိုလျှင် “ ကိုညိုကတော့ ပေါက်တက်ကရ ပြောတော့မယ်“ ဟုဆိုကာ အကျယ်ကြီး အော်ရယ်တတ်ပြန်သေးသည်။
သူမ အနားရောက်လာတော့ အတွေးစကို ဖြတ်ပြီး………..“မယ်ခင်…….လင်းသစ်မှာ ခဏ သွားထိုင်ရအောင်“ဟုဆိုတော့ သူမ ခေါင်းတစ်ချက်ညိမ့်ပြသည်။ လင်းသစ်သို့လမ်းလျှောက်ပြီး သွားခဲ့သည်။ သူမ ပဲနို့တစ်ခွက်မှာပြီး ကျနော့်ကို လှမ်းကြည့်တော့ “ မစားတော့ပါဘူးဟာ…………..ငါ နင့်ကိုပြောစရာရှိတယ်……အရင်သောက်လိုက်နော်“သူမ ကျနော့်စကားကို နာခံကာ ပဲနို့ခွက်ကို တစ်ခါတည်း ကုန်အောင်မော့ချလိုက်ပြီး ပြောလေဆိုသည့် အကြည့်ဖြင့် ကြည့်လာခဲ့တယ်။
“ငါဒီနေ့ သွေးစစ်တာ အဖြေရပြီ မယ်ခင်“ စိတ်လှုပ်ရှားနေသည့် ဟန်လေးဖြင့် သူမ မျက်တောင်မခတ် နားထောင်နေခဲ့တယ်။
“positive“ မယ်ခင်…………
သူမ လှုပ်လှုပ်ရှားရှားဖြစ်သွားပြီး……..“မနောက်နဲ့နော် ကိုညို…..ဒါနောက်စရာစကားမဟုတ်ဘူး“
“နောက်နေတာ မဟုတ်ဘူး……..မယ်ခင် ဒီမှာ သွေးစစ်ထားသည့် စာရွက်“ သူမ 5 မိနစ်ခန့် ငြိမ်သက်သွားပြီး ကျနော် ခေါ်လိုက်မှ အသိဝင်လာကာ
“ကိုညို……..ဘာဆက်လုပ်မလဲဟင်“ ကျနော် သက်ပြင်းဖွဖွချပြီး
“ထူးဆန်းတယ်နော် မယ်ခင်…….ငါလေ မားမားက ကျောင်းဆရာမ ဖြစ်နေလို့လားမသိဘူး……….တစ်ခါမှ မဟုတ်တာ မလုပ်ဖူးဘူး……..မားမားဆုံးပြီးတော့ ပါးပါးနဲ့…..နိုင်ငံခြားမှာပဲ လှည်လည်နေတော့လည်း …….. ငါတစ်ယောက်တည်း……အထီးကျန်ကျန်နဲ့ စာတွေပဲ လေ့လာခဲ့တယ်…..နောက်ပိုင်း နင်နဲ့ခင်မင်ခွင့်ရပြီး…..ငါ့အကြောင်းကို အစအဆုံးနင်သိပါတယ်ဟာ“ ကျနော့်စကားကြောင့် သူမ မျက်ဝန်းမှ မျက်ရည်များကျလာသောကြောင့် တစ်ရှုးလှမ်းပေးလိုက်သည်။
“ခု ဆရာဝန်ဖြစ်ပြီးနောက်ပိုင်း………..ကျောင်းတုန်းက အပေါင်းအသင်းတွေနဲ့တွေ့ရင်…..အရက်တော့သောက်တာပေါ့ဟာ……..မိန်းကလေး ကိစ္စသူတို့ခေါ်တိုင်း ငါငြင်းဆိုခဲ့တယ်………..ခုလည်း ငါလုံးဝ မထင်ထားဘူး…….ငါကိုယ်တိုင်လုံးဝမသိလိုက်ပဲ……..ဒီလိုတွေဖြစ်သွားတယ်…….“
“တော်ပါတော့ ကိုညိုရယ် ဆက်မပြောနဲ့တော့နော်……..ခင့်ကို ဘာအကြောင်းပဲရှိရှိ အချိန်မရွေးဖုန်းဆက်ခေါ်နော်…….ကိုညို ဒီအကြောင်းကို ဘယ်သူ့ကိုမှ မပြောပါနဲ့…….စိတ်ဓါတ်လည်းမကျနဲ့……..အစားအသောက်အနေအထိုင်နဲ့ လိုအပ်တဲ့ဆေးတွေ အမြဲသုံးရင်……..လူကောင်းတစ်ယောက်လို သက်တမ်းစေ့နေနိုင်တယ်………ခင်တို့ရုံးမှာ ဆရာဝန်အမကြီးတစ်ယောက်ရှိတယ်……ကလေးနှစ်ယောက်နဲ့……ကလေးတွေမှာတော့ ဒီရောဂါမရှိဘူး………သူ့ယောက်ျားဆီကနေ ကူးတာ…………လူကောင်းတစ်ယောက်ပဲ…….အလုပ်တောင်လုပ်နိုင်သေးတယ်…….ပျော်ပျော်ရွှင်ရွှင်နဲ့ဖြတ်သန်းနေတာ…………ကိုညိုလည်း အဲလိုနေရမယ်နော်…..အပြင်စာလုံးဝမစားနဲ့…………“ သူမသည် ကျနော့်အား ပြောနေသည်မှာ ကျနော့်လက်ရှိအခြေအနေကို မေ့ပြီး ပြုံးမိသွားတော့ သူမရှက်သွားကာ မျက်စောင်းရွယ်သည်။
“အေးပါဟာ ………မနက်က သိသိချင်းတော့ ငါလည်း လုံးဝမရပ်တည်နိုင်ဘူးဖြစ်သွားတယ်……….မယ်ခင့်စကားကြောင့် အားရှိသွားပြီ“ ပြန်ကြစို့မယ်ခင်…..ငါ့ကို စိတ်ပူပြီး အိမ်ရောက်ရင် ငိုမနေနဲ့ဦးနော်“ သူမ ခေါင်းမငြိမ့်ပါ……..ဆက်လက်ငိုပွဲဆင်မည့်ပုံပင်။
ကျနော်လည်း သူမရဲ့အားပေးစကား……သူမပို့ပေးသည့် အစားအသောက်နဲ့ ဂရုစိုက်မှု တွေကြောင့်…….လူကောင်းတစ်ယောက်လိုပင် ရပ်တည်နိုင်ခဲ့တယ်။အလုပ်ထဲမှာတော့ လူနာတွေကို ကိုင်တွယ်တိုင်း လက်အိတ်အသုံးပြုပြီး၊ ပိုမိုဂရုစိုက်ရသည်။ စိတ်ကောင်းရှိသည့် မယ်ခင်သည်လည်း……သူမကူညီဖူးသည့် ပြင်သစ်လင်မယားရဲ့ကျေးဇူးကြောင့် ပန်းချီပညာလေ့လာရင် အခွင့်အရေးရရှိခဲ့သည်။ သူမ သွားခါနီးတော့ ကျနော်.တော်တော်လေးချောက်ခြားသွားခဲ့သည်။ ကျနော့်ဘေးမှာ အားပေးဖော်မရှိတော့ဖူးဆိုသည့်အသိဖြင့်။သူမ သွားဖို့နီးလာတော့ ကျနော်လည်း အလုပ်မှ နှုတ်ထွက်လိုက်သည်……ဆင်းရဲနွမ်းပါးသည့် ရပ်ကွက်လေးတွင် ဆေးခန်းလေးဖွင့်ဖို့သူမတိုက်တွန်းသည့်အတွက် ဖွင့်ဖြစ်သွားသည်။ငွေကြေးမတတ်နိုင်သည့် လူနာတွေကို အခမဲ့ကုသပေးခဲ့သည်။သူမ မသွားခင်………ကျနော့်ဆေးခန်းလေးသို့လာရောက်ကာ ဘယ်လိုနေရမယ်၊ ဘယ်လိုစားရမယ် တို့အား အမေတစ်ယောက်ကဲ့သို့ တတွတ်တွတ်မှာသည်မှာ ကျနော် လုံးဝ မခံစားနိုင်ပေ။ သူမကတော့ တော်တော်လေး တက်ကြွနေသည်…သူမ ၀ါသနာပါသည့် ပညာကို ထိုပညာတွေစုဝေးရာ နိုင်ငံမှာ သင်ယူရမည်ဖြစ်သောကြောင့်ဖြစ်လိမ့်မည်။ သူမ သွားမည့်နေ့က လေဆိပ်သို့ ကျနော်လိုက်ပို့ပေးဖြစ်သည်။ ထိုနေ့တွင်လည်း ဂျင်းဘောင်ဘီအပြာရောင် စပိုစ့်ရှပ်အဖြူလေးနှင့် သူမပုံစံလေးသည် နိုင်ငံခြားသွားမည့်ပုံနဲ့မတူ…ရိုးရိုးရုံးသွားနေကျပုံစံလေးပင်။ လေဆိပ်ထဲမ၀င်ခင်…………သူမ မှာစရာရှိတာတွေမှာပြီး………..ခြေဖျားလေး ထောက်ကာ ကျနော့်နဖူးပြင်လား သူမရဲ့ နှုတ်ခမ်းလေးဖြင့် နမ်းရှိုက်ပြီး ပျောက်ကွယ်သွားခဲ့တယ်။
မနက်တိုင်း……..သူမဆီမှ မေးလ်တစ်စောင်ရရှိပြီး……အစားအသောက်ကို ရေးပြီးပို့တတ်သည်။ နေကောင်းလားအမြဲမေးသည်။ သူမ မေလ်းကို ဖတ်ရသည့်အခါတိုင်း သူမ အနားမှာလာပြောနေသလို ခံစားရတယ်။ ကျေးဇူးတင်ပါတယ် မယ်ခင်……..အမေတစ်ယောက်လို၊ သူငယ်ချင်းတစ်ယောက်လို၊ အမတစ်ယောက်လို အားပေးတက်တဲ့နင့်ရဲ့နွေးထွေးမှု့တွေကြောင့် …….ငါ့ကိုယ်ငါ ရောဂါသည်တစ်ယောက်လို့တောင် မထင်တော့ပါဘူး။
မယ်ခင့်ဆီ ကျနော် မေလ်းတစ်စောင်ရေးလိုက်မိတယ်……………….

သို့
ချစ်လှစွာသောမယ်ခင်
ငါ့အတွက် စိတ်မပူနဲ့တော့နော်………….ခုဆိုရင် ငါလည်း တော်တော်လေးနေသားကျပြီး HIV ရှိတဲ့လူတစ်ယောက်လို့တောင် ငါ့ကိုယ်ငါမထင်တော့ဘူး။ အရာအားလုံးဟာ နင့်ရဲ့နွေးထွေးမှု တွေကြောင့်ပါ မယ်ခင်။ ခုဆိုရင် ငါ့ရဲ့ဆေးခန်းလေးလည်း တော်တော်အောင်မြင်နေပြီး ထပ်ချဲ့ထားတယ်။ နင်ထွက်သွားတုန်းက ပုံစံမဟုတ်တော့ဘူးမယ်ခင်။ တက်နိုင်တဲ့လူတွေဆီက ငွေကြေးယူပြီး မတတ်နိုင်သည့် လူတွေကို အခမဲ့ကုသပေးလို့ ရေရှည်ရပ်တည်နိုင်ပါပြီ။ နင်ပို့ပေးတဲ့ ငွေတွေကိုလည်း အိုးမင်းမစွမ်းလူနာတွေကို လှူဖြစ်တယ်။ မယ်ခင်က စိတ်ကောင်းရှိပြီး နွေးထွေးမှု တွေပေးသည့်အတွက်…..ဘယ်နေရာ ရောက်ရောက်လူကောင်းတွေနဲ့ပဲတွေ့မယ်ဆိုတာ ငါယုံကြည်တယ်……..နင့်ကြောင့် ငါသိလိုက်တာတစ်ခုရှိတယ်မယ်ခင်…….လူသားတွေအမှန်တကယ်လိုအပ်တာ ငွေမဟုတ်ဘူး…….နွေးထွေးကြင်နာမှု လက်တစ်စုံဆိုတာကိုပေါ့………….
ငါချစ်တဲ့ ငါ့ကိုနွေးထွေးမှု တွေပေးတဲ့မယ်ခင်
မယ်ခင်ဖြစ်ချင်သည့် လူသားတိုင်းအပေါ်နွေးထွေးမှုတွေ ……… မယ်ခင့်စိတ်တိုင်းကျ ပေးနိုင်ပါစေ။


ချစ်တဲ့
နေညို
 စာလေးရေးပြီးတော့ send ကို ကလစ်လုပ်လိုက်၏။


ချိုခ Dec 4-2010